#World_Health
Published 09 October 2026

■ ညဘက်မှာ ဖုန်းမကြည့်ဘဲ အိပ်စက်တာ၊ အိပ်ချိန် နှိုးချိန် ပုံမှန်ရှိပြီး နေ့တိုင်း (၈) နာရီ ပြည့်ပြည့်ဝဝ အိပ်စက်တတ်တာမျိုး အလေ့အကျင့်ကောင်းတွေ သင့်မှာရှိနေတယ်ဆိုပါစို့။

■ ဒါဆိုရင် အိပ်စက်မှုဆိုင်ရာ အလေ့အကျင့် အပြည့်အဝ မှန်ကန်နေပြီလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ သင့်ကျန်းမာရေးကို တိတ်တဆိတ် သက်ရောက်မှုပေးနေတဲ့ တခြားအချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သင့်အိပ်ခန်းထဲမှာ အခုပဲရှိနေနိုင်တဲ့အရာ ဖြစ်ပါတယ်။

■ သုတေသနအသစ်တစ်ခုရဲ့ ဖော်ပြချက်အရ မသိသာတဲ့ ညဘက်အလေ့အကျင့်တစ်ခုဟာ သင့်နှလုံးရဲ့ တည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲစေပြီး ပြင်းထန်တဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကို ပိုမြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။

■ အိပ်စက်မှု အလေ့အကျင့် အကောင်းဆုံး ရှိသူတွေတောင် ဒါကို သတိမမူမိဘဲ လွဲချော်တတ်ကြပါတယ်။

■ ■ အဓိက တရားခံက ဘာလဲ? 

■ အဓိက တရားခံကတော့ "အလင်းရောင် ထိတွေ့မှု" ပဲ ဖြစ်ပါတယ်။ အလွန်နည်းပါးတဲ့ အလင်းရောင်ပမာဏလေး ဖြစ်နေရင်တောင်မှ ဒုက္ခပေးနိုင်ပါတယ်။
သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရ အိပ်ခန်းထဲမှာ အလင်းရောင် Lux ပမာဏ (၃) နဲ့ အထက်ရှိတဲ့ ဝန်းကျင်မှာ အိပ်စက်သူတွေဟာ မှောင်မည်းနေတဲ့ အခန်းထဲမှာ အိပ်သူတွေနဲ့ ယှဉ်ရင် နှလုံးကြွက်သားပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။

■ ဒါဟာ မီးအိမ် လင်းထားတာ ဒါမှမဟုတ် ကုတင်ပေါ်မှာ ဖုန်းမျက်နှာပြင် အလင်းရောင်ကို စိုက်ကြည့်နေတာမျိုး တခုတည်းကို ပြောတာ မဟုတ်ပါဘူး။ အလင်းရောင် မှိန်းမှိန်းလေး ဖြစ်နေရင်တောင် မသိမသာ သက်ရောက်မှု ရှိနေနိုင်တာပါ။

■ သဘောတူညီချက်ရအောင် နှိုင်းယှဉ်ပြရရင် 3 Lux ဆိုတာ လရောင် ဒါမှမဟုတ် ပိတ်ထားတဲ့ တံခါးအောက်ခြေကနေ တိုးဝင်လာတဲ့ အလင်းရောင် ပမာဏလောက်ပဲ ရှိပါတယ်။

■ လမ်းဘေးမီးတိုင်တစ်ခုဟာ 15 Lux လောက် ထုတ်လွှတ်ပြီး၊ ရုံးခန်းတစ်ခုဟာ 500 Lux နဲ့ တိမ်ဖုံးနေတဲ့ နေ့ခင်းဘက်ဆိုရင် 1,000 ကနေ 5,000 Lux အထိ ရှိတတ်ပါတယ်။

■ ၂၄ နာရီပတ်လုံး မီးရောင်တွေ လင်းထင်းနေတဲ့ ဒီနေ့ခေတ်ကမ္ဘာမှာ ညဘက် အလင်းရောင် ထိတွေ့မှုကို ရှောင်ရှားဖို့ တကယ်ပဲ ဖြစ်နိုင်ပါ့မလား?

■ ကျွမ်းကျင်သူတွေကတော့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကာကွယ်ရမယ့် နည်းလမ်းကလည်း ထင်ထားတာထက် ပိုပြီး လွယ်ကူပါတယ်။

■ ■ မှိန်ဖျဖျ အလင်းရောင်က နှလုံးကို ဘယ်လို သက်ရောက်မှုရှိသလဲ

■ သုတေသီတွေဟာ အိပ်ခန်းထဲမှာ အလင်းရောင် 3 Lux ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ ပမာဏနဲ့ အိပ်စက်သူတွေကို အမှောင်နီးပါး ရှိတဲ့ အခန်းထဲမှာ အိပ်စက်သူတွေနဲ့ နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။

■ တွေ့ရှိချက်အရ အလင်းရောင် ပိုမိုထိတွေ့ရသူတွေရဲ့ နှလုံးသွေးညှစ်ခန်း (Left Ventricle - နှလုံးရဲ့ အဓိက သွေးညှစ်ပေးရတဲ့ အခန်း) နံရံတွေဟာ ပိုပြီး ထူထဲလာတာကို တွေ့ရပါတယ်။ ဒီလို ထူထဲလာတာကြောင့် အခန်းတွင်း သွေးဖြည့်တင်းနိုင်မှုနဲ့ သွေးကို ထိရောက်စွာ ညှစ်ထုတ်ပေးနိုင်တဲ့ စွမ်းရည်တွေ လျော့ကျသွားရပါတယ်။

■ Left Ventricle ထူထဲလာတဲ့ ဒီရောဂါလက္ခဏာ (Left Ventricle Hypertrophy) ဟာ နှလုံးပျက်စီးခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်း၊ နှလုံးဆီ သွေးရောက်မှု လျော့နည်းခြင်း (Ischemic Heart Disease) နဲ့ နှလုံးရပ်တန့်ခြင်း အပါအဝင် ပြင်းထန်တဲ့ ရောဂါအခြေအနေတွေကို ဦးတည်သွားစေနိုင်ပါတယ်။

■ ဒါ့ပြင် အလင်းရောင်နဲ့ ပိုမိုထိတွေ့ရသူတွေမှာ နှလုံးရဲ့ သွေးညှစ်အားဟာလည်း ထိရောက်မှု မရှိတော့တာကို တွေ့ရပါတယ်။ ဒီတွေ့ရှိချက်တွေကို ပေါင်းစပ်ကြည့်ရင် ညဘက် အလင်းရောင် ထိတွေ့မှုဟာ နှလုံးမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

■ Tulane တက္ကသိုလ်မှ သုတေသနစာတမ်းရှင် Lu Qi က "ဒီလို ပြောင်းလဲမှုတွေဟာ ပုံမှန်အားဖြင့် နှလုံးမှာ နာတာရှည် စိတ်ဖိစီးမှု ဒါ မှမဟုတ် ထိခိုက်ဒဏ်ရာရမှုတွေကြောင့် ဖြစ်ပေါ်လာတာပါ။

■ ဒါဟာ စိတ်ဖိစီးမှုကို ခန္ဓာကိုယ်က တုံ့ပြန်လိုက်လျောညီထွေဖြစ်အောင် ပြုပြင်တာမျိုး ဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ နှလုံးကို အားနည်းသွားစေပြီး နှလုံးပျက်စီးတာအထိ ဖြစ်သွားစေနိုင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

Source - New York Post