#World_Health
Published 08 October 2026

■ ပျားရည်ဟာ ရိုးရာပွဲတော်စားပွဲတွေမှာ ပါဝင်ခဲ့ရုံတင်မကဘဲ အခုနောက်ပိုင်းနှစ်တွေမှာ ဆေးရုံတွေနဲ့ သုတေသနနယ်ပယ်ထဲမှာပါ စိတ်ဝင်စားမှုတကျော့ပြန် ရရှိလာခဲ့ပါတယ်။ ပျားရည်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အချက်အလက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

■ Rosh Hashanah ပွဲတော်နီးကပ်လာတာနဲ့အမျှ ပျားရည်ဟာ ပန်းသီး၊ သလဲသီးတို့နဲ့အတူ ပွဲတော်စားပွဲပေါ်မှာ ပြန်လည်နေရာယူလာတော့မှာဖြစ်ပါတယ်။

■ ကျွန်တော်တို့ အများစုအတွက် ပျားရည်ဟာ ချိုမြိန်မှု၊ ကြွယ်ဝမှုနဲ့ နှစ်သစ်အတွက် မျှော်လင့်ချက်တွေကို ကိုယ်စားပြုပေမဲ့ ဒီရွှေဝါရောင် အရည်ရဲ့ နောက်ကွယ်မှာတော့ စိတ်ဝင်စားစရာ ဆေးပညာဆိုင်ရာ အကြောင်းအရာတွေ ရှိနေပါတယ်။

■ ရှေးခေတ် ရိုးရာဆေးပညာမှာ သုံးခဲ့ကြတဲ့ ဒီဒြပ်ပစ္စည်းကို အခုအခါ ဓာတ်ခွဲခန်းတွေ၊ ဆေးရုံတွေနဲ့ အနာကုသရေး စခန်းတွေမှာ လေ့လာဆန်းစစ်နေကြပါပြီ။

■ ဒါပေမဲ့ စစချင်းမှာပဲ ရှင်းရှင်းလင်းလင်း သိထားရမှာက ပျားရည်ဟာ အံ့ဖွယ်ဧကရီ ဆေးဝါးတော့ မဟုတ်ပါဘူး။ ရိုးရာသုံးစွဲမှု အားလုံးကို သိပ္ပံနည်းကျ သက်သေပြနိုင်သေးတာ မဟုတ်သလို မီးဖိုချောင်သုံး ပျားရည်ဟာလည်း ဆေးဘက်ဝင် ပျားရည်နဲ့ အတူတူပဲ မဟုတ်ပါဘူး။

■ အချို့ကိစ္စတွေမှာ သက်သာရာရစေတာ ဒါမှမဟုတ် စနစ်တကျ ကုသမှုရဲ့ အစိတ်အပိုင်းအဖြစ် ကူညီပေးနိုင်ပေမဲ့ အချို့ကိစ္စတွေမှာတော့ လွဲမှားစွာ သုံးစွဲမိရင် အန္တရာယ်တောင် ဖြစ်စေနိုင်ပါတယ်။

■ ရှေးခေတ်ရိုးရာကနေ ဆေးဘက်ဝင် အနာကပ်ပတ်တီးအထိ ဒဏ်ရာတွေကို ကုသဖို့ ပျားရည်ကို အသုံးပြုခဲ့ကြတဲ့ သက်သေအထောက်အထားတွေကို ရှေးခေတ်ယဉ်ကျေးမှု အမြောက်အမြားမှာ တွေ့ရပါတယ်။

■ ဆေးပညာက ဘက်တီးရီးယားတွေကို မသိမီ ဒါမှမဟုတ် ပဋိဇီဝဆေးတွေ မတီထွင်ရသေးမီ အချိန်ကတည်းက ပျားရည်သုတ်လိမ်းပြီးရင် အချို့ဒဏ်ရာတွေဟာ ပိုပြီးသန့်ရှင်းသွားကာ ပိုမိုမြန်ဆန်စွာ အနာကျက်သွားတာကို လူတွေသတိပြုမိခဲ့ကြပါတယ်။

■ ဒီနေ့အချိန်မှာတော့ ဒါကို ရှင်းပြနိုင်မယ့် ပျားရည်ရဲ့ ဂုဏ်သတ္တိအချို့ကို သိရှိထားကြပါပြီ။ ပျားရည်မှာ သကြားဓာတ် စူးစိုက်မှု မြင့်မားတာကြောင့် အချို့ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ ခက်ခဲစေတဲ့ Osmotic Pressure (စုတ်ယူအား) ကို ဖြစ်ပေါ်စေပါတယ်။

■ သူ့ရဲ့ အက်စစ်ဓာတ်ကလည်း အတော်လေး လျှော့နည်းပြီး အချို့ပျားရည်အမျိုးအစားတွေဟာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ပမာဏအနည်းငယ်ကို ထုတ်လုပ်ပေးတာ ဒါမဟုတ် ဘက်တီးရီးယားကို တားဆီးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေတတ်ပါတယ်။

■ ဆေးဘက်ဝင် ပျားရည်ကို သင့်တော်တဲ့ ဒဏ်ရာကပ်ပတ်တီးမှာ ထည့်သွင်းသုံးစွဲတဲ့အခါ အနာရဲ့ စိုစွတ်မှုကို ထိန်းသိမ်းပေးခြင်း၊ အနာထွက်ရည်တွေကို စုတ်ယူပေးခြင်းနဲ့ ဆဲလ်သေတွေကို သဘာဝအတိုင်း ရှင်းလင်းပစ်ဖို့ အားပေးပါတယ်။ ဒီအခြေအနေတွေက ကျန်းမာတဲ့ ဆဲလ်တစ်သျှူးအသစ်တွေ ပြန်လည်ဖြစ်ပေါ်စေပြီး အနာကျက်စနစ်ကို အထောက်အကူပြုပါတယ်။

■ ဆေးဘက်ဝင်ပျားရည်ကို ဒဏ်ရာအမျိုးမျိုး ကုသရာမှာ သုံးနေပေမဲ့ အထောက်အထားတွေကတော့ ဒဏ်ရာအမျိုးအစားအားလုံးမှာ ညီမျှမှု မရှိသေးပါဘူး။ လေ့လာမှုတွေအရ အကျိုးကျေးဇူး ရှိနိုင်ခြေရှိကြောင်း ပြသနေပေမဲ့ လူနာအလိုက်၊ ပျားရည်အမျိုးအစားအလိုက်၊ အနာကပ်ပတ်တီးနဲ့ ဒဏ်ရာရဲ့ ဝိသေသလက္ခဏာတွေအလိုက် ကွဲပြားမှုတွေ အများကြီး ရှိနေပါတယ်။

■ ၂၀၂၄ ခုနှစ် လေ့လာဆန်းစစ်မှုတစ်ခုအရ အနာကျက်ချိန် ပိုမြန်လာနိုင်ခြေရှိကြောင်း တွေ့ရှိရပေမယ့် လေ့လာမှုတွေအကြား အလွန်တရာ ကွဲပြားခြားနားမှုရှိတာကြောင့် ရလဒ်တွေကို သတိထားပြီး အဓိပ္ပာယ်ဖော်ရမယ်လို့ အလေးအနက် ဆိုထားပါတယ်။

■ ■ ကင်ဆာလူနာတွေအတွက် အံ့အားသင့်ဖွယ် အသုံးဝင်မှု

■ ပျားရည်ကို စမ်းသပ်နေတဲ့ နောက်ထပ် နယ်ပယ်တစ်ခုကတော့ ဦးခေါင်းနဲ့ လည်ပင်းဧရိယာကို ဓာတ်ရောင်ခြည်ပြ ကုသမှု ခံယူနေရတဲ့ ကင်ဆာလူနာတွေမှာ ဖြစ်တတ်တဲ့ ပါးစပ်အတွင်းလွှာ ရောင်ရမ်းမှု (Oral Mucositis) ဘေးထွက်ဆိုးကျိုးပဲ ဖြစ်ပါတယ်။

■ ဒီရောင်ရမ်းမှုဟာ အနာတွေဖြစ်စေပြီး နာကျင်ခြင်း၊ အစာစားရ ခက်ခဲခြင်းနဲ့ မျိုချရ ခက်ခဲခြင်းတို့ကို ဖြစ်စေပါတယ်။

■ Multinational Association of Supportive Care in Cancer ရဲ့ လေ့လာဆန်းစစ်ချက်နဲ့ လမ်းညွှန်ချက်တွေအရ ဓာတ်ရောင်ခြည် ခံယူနေရတဲ့ အချို့လူနာတွေမှာ ပါးစပ်အတွင်းလွှာ ရောင်ရမ်းမှုကို ကာကွယ်ဖို့ ပျားရည်ကို ပေါင်းစပ်အသုံးပြုနိုင်ကြောင်း ညွှန်ပြထားပါတယ်။

■ ဒီအကြံပြုချက်ဟာ လူနာတိုင်းနဲ့ မကိုက်ညီတာကြောင့် ကုသမှုကို ကင်ဆာ ဆေးအဖွဲ့နဲ့ စနစ်တကျ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

Source - The Jerusalem Post