#World_Health
Published 17 September 2023
နေ့ခင်းပိုင်းတွေမှာ အားအင်မရှိသလို ဖြစ်နေပြီး ညဘက်ကျမှ မျက်လုံးကျယ်နေတတ်တာဟာ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ချေနဲ့ ဆက်စပ်နေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံ ဖြစ်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ညဘက် စောစောမအိပ်တတ်တဲ့သူတွေဟာ ပုံမှန်အိပ်ချိန်နိုးချိန် ရှိသူတွေထက် ဆီးချိုရောဂါဖြစ်နိုင်ချေ ၁၉ ရာခိုင်နှုန်းပိုများကြောင်း Annals of Internal Medicine ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒီလိုလူတွေဟာ ၈ နှစ်တာကာလအတွင်း ဆီးချိုရောဂါဖြစ်နိုင်ချေ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ဘရစ်ဂမ်အမျိုးသမီးဆေးရုံနဲ့ ဟားဗတ်ဆေးတက္ကသိုလ်တို့မှ စာတမ်းပြုစုသူ ဆီနာကီဘာနာဆီက ပြောပြသွားပါတယ်။
လူတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ နေ့ညအချိန်မှန်လည်ပတ်နေတဲ့ ဇီဝဖြစ်စဥ်သံပတ်ရှိပြီး အိပ်စက်ခြင်းကို ဖြစ်စေတဲ့ မယ်လာတိုနင်ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။
မနက်ခင်းထွက်တဲ့ နေနဲ့အပြိုင် စောစီးစွာ အိပ်ရာထသူတွေကတော့ မနက်ခင်းပိုင်းမှာ နိုးကြားနေမှာ ဖြစ်ပါတယ်။
ညဘက် နောက်ကျမှ အိပ်သူတွေကတော့ မယ်လာတိုနင်က နောက်ပိုင်းမှထွက်ရှိကာ နေ့ခင်းပိုင်းမှာ နိုးနိုးကြားကြားမရှိဘဲ ညကျမှ အားအင်ထွက်လာတာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ထဲက နေ့ညလည်ပတ်မှုစနစ်အတိုင်း ဆဲလ်တွေဟာ ဆာလောင်ခြင်း၊ အူလမ်းကြောင်းလှုပ်ရှားခြင်း၊ လေ့ကျင့်ခန်းလုပ်နိုင်စွမ်း၊ ကိုယ်ခံအားစနစ်တို့ လှုပ်ရှားတာ ဖြစ်ပါတယ်။
ဒီလည်ပတ်စနစ်ကို အိပ်စက်ခြင်းကနေ နှောင့်ယှက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဗြောင်းဆန်ကုန်ပြီး ဟော်မုန်းထွက်ရှိမှု ပြောင်းလဲခြင်း၊ ကိုယ်အပူချိန် ထိန်းညှိမှုယိုယွင်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါတွေကနေ ဆီးချိုရောဂါ သာမက နှလုံးသွေးကြောရောဂါများနဲ့ အခြားနာတာရှည်ရောဂါများပါ ဖြစ်နိုင်ချေ များလာစေမှာ ဖြစ်ပါတယ်။
ဒီလေ့လာချက်ကို သူနာပြုပေါင်း ၆ သောင်းနီးပါးကို ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။
အံ့အားသင့်စွာပဲ ညပိုင်းအလုပ်လုပ်ရပြီး ညဘက်နောက်ကျမှ အိပ်ရတဲ့သူတွေမှာ ဒီလိုမျိုး ဆီးချိုရောဂါ ဖြစ်နိုင်ချေများတာမျိုးနဲ့ ဆက်စပ်မနေကြောင်း တွေ့ရှိခဲ့ပါတယ်။
#World_Health #ဆီးချိုရောဂါဖြစ်နိုင်
Source: India Today
ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်တပ်မှ ကျန်ခဲ့တဲ့ ပေါက်ကွဲရေးပစ္စည်း အစအနတွေဟာ ဗီယက်နမ်လူမျိုးတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ရာစုနှစ်ဝက်ကျော်နီးပါး ကြာမြင့်တဲ့အထိ ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။
Published_ 16 September 2023
#World_History #ဗီယက်နမ်စစ်ပွဲ #ပြည်သူများကိုခြိမ်းခြောက်နေ #အမေရိကန်စစ်တပ်
#Daily_News
Published_ 16 September 2023
၁။ လာမည့်အောက်တိုဘာတွင် မန္တလေးရှိယဉ်ကျေးမှုဇုန်(၂)ခု၌ ဇုန်ဝင်ကြေးတိုးကောက်တော့မည်ဟုဆို
၂။ ရွှေတိဂုံရှိ X-Rayစက်များ စက်ချို့ယွင်းမှုများလာသဖြင့် X-Rayစက်အသစ်(၅)လုံးဝယ်ယူပြီးတပ်ဆင်သွားမည်ဟုဆို
၃။ ပြည်တွင်း ပြည်ပဝယ်လိုအားကြောင့် မြေပဲဈေးထက်ဝက်ခန့်ပိုမြင့်လာ
၄။ ဗီယက်နမ်စစ်ပွဲအတွင်းအမေရိကန်စစ်တပ်မှအသုံးပြုခဲ့သည့်ဗုံးအစအနများ ယနေ့ထက်တိုင်ဗီယက်နမ်ပြည်သူများကိုခြိမ်းခြောက်နေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_News
Published 16 September 2023
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သောကြာနေ့က ရုရှားတိုက်လေယာဥ်စက်ရုံတစ်ခုသို့ သွားရောက်ကာ လျင်မြန်စွာ တိုးတက်နေတဲ့ ရုရှားလေကြာင်း နည်းပညာများကို လေးစားသဘောကျကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး နိုင်ငံ့ပြင်ပမှ ခြိမ်းခြောက်လာနိုင်တဲ့ ရန်များကို အသာရနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ကြောင်း KCNA သတင်းဌာနက စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
အနောက်တိုင်းမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားတဲ့ ရုရှားတိုက်လေယာဥ်စက်ရုံသို့ ကင်မ်ဂျုံအန်းက သောကြာနေ့မှာ သွားရောက်လေ့လာ ကြည့်ရှုခဲ့တာဖြစ်ပြီး ဒီလိုလည်ပတ်ခြင်းက ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်တပ် အင်အားတောင့်တင်းလာမှာနဲ့ မြောက်ကိုရီးယား ဒုံးကျည်စီမံကိန်း အားကောင်းလာမှာကို အမေရိကန်နဲ့ မဟာမိတ်များက စိုးရိမ်နေကြပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းကလည်း ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတပူတင်တို့ဟာ စစ်ရေးစစ်ရာကိစ္စများ၊ ယူကရိန်းစစ်ပွဲအကြောင်းနဲ့ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးတို့အကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ စမ်းသပ်ရေးလေယာဥ်မှူးများနဲ့ တွေ့ဆုံကာ Su-57 လေယာဥ်ပေါ်တက်ပြီး ပဥ္စမမြောက်မျိုးဆက် တိုက်လေယာဥ်ရဲ့ ပျံသန်းမှုစွမ်းရည်နဲ့ နည်းပညာပိုင်း လုပ်ဆောင်ချက်များအကြောင်း အသေးစိတ်ရှင်းပြတာကို နားထောင်ခဲ့ပါတယ်။
စက်ရုံမှထုတ်လုပ်တဲ့ ခရီးသည်တင်လေယာဥ်ကြီးပေါ် တက်ရောက်ကာ ယင်းရဲ့စွမ်းဆောင်ရည်ကို လေ့လာမှတ်သားခဲ့ပြီး Su-35 တိုက်လေယာဥ် စမ်းသပ်ပျံသန်းမှုကို ကြည့်ရှုခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ ရုရှားမှာ စနေနေ့အထိ ဆက်ရှိနေဖွယ်ရှိပြီး ဗလာဒီဗိုစတော့မြို့နဲ့ ရေတပ်စခန်းတစ်ခုကို သွားရောက်လည်ပတ်ဖွယ် ရှိပါတယ်။
ကင်မ်ဂျုံအန်း ခရီးလည်ပတ်စဥ်အတွင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား စစ်ရေးသဘောတူညီချက် တစ်စုံတစ်ရာ လက်မှတ်ရေးထိုးတာမျိုး မရှိဘူးလို့ ရုရှားအစိုးရက ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ရာကျပြီး ဒီအတွက် တန်ဖိုးပေးဆပ်ရလိမ့်မယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်များ ထောက်ပံ့နေတယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် တကယ်တမ်း လက်နက်များ ပေးပို့ခြင်း ရှိမရှိကတော့ သေချာမသိရသေးပါဘူး။
#World_News #ရုရှားတိုက်လေယာဥ် #ရုရှားခရီးစဥ်အတွင်း #ကင်မ်ဂျုံအန်း
Source: CNA
#World_Health
Published 16 September 2023
အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦးက အသက် ၂၀ စာမျှ နုပျိုနေရတဲ့ လျှို့ဝှက်ချက်များကို ထုတ်ဖော်မျှဝေခဲ့ပါတယ်။
ငယ်ရွယ်နုပျိုစေတဲ့ ပုံပေါက်နေစေရန် သူမနေ့စဥ်ပြုလုပ်လေ့ရှိတဲ့ အလေ့အထ ၃ မျိုးကို တစ်တော့ဗီဒီယိုမှာတင်ခဲ့ရာ လိုက်ခ် ၃ သောင်းကျော် ရရှိထားပါတယ်။
ထိုအမျိုးသမီးကြီးရဲ့ တူမဖြစ်သူဟာ သူမရဲ့ @thirtywaves ဆိုတဲ့ တစ်တော့အကောင့်မှာ အဒေါ်ဖြစ်သူကို မိတ်ဆက်ပေးထားပြီး ‘’ဒါကတော့ အသက် ၇၀ အရွယ် အဒေါ်ဖြစ်ပြီးတော့ နုပျိုရခြင်းရဲ့ လျှို့ဝှက်ချက်များကို မျှဝေပေးသွားပါမယ်’’ လို့ ပြောပြသွားပါတယ်။
(၁) ပထမဆုံးအချက်က အရေပြားကို ကုတ်ဖဲ့ ပွတ်ဆွဲခြင်း မပြုလုပ်ဖို့ပါပဲ။
ဒါကို သားရေသားကို ပွတ်လိုက်ရင် အစင်းကြောင်းထင်သွားတာကို ဥပမာပြပြီး ပြောပြခဲ့ပါတယ်။
မျက်နှာအရေပြားကို ညင်သာစွာတို့ပေးဖို့နဲ့ မိတ်ကပ်ဖျက်ဆေးတွေနဲ့ မျက်လုံးနားတဝိုက် မပွတ်ဆွဲဖို့ အကြံပေးခဲ့ပါတယ်။
(၂) နောက်တစ်ချက်ကတော့ မျက်နှာကို တစ်နေ့တစ်ကြိမ်သာ သစ်ဖို့ပါပဲ။
အမျိုးသမီးကြီးက ညဘက်အခါမှာ လက်ချောင်းထိပ်များဖြင့် ညင်သာစွာ အသုံးပြုပြီး သဘက်ဖြင့် ဖွဖွသုတ်ပေးပါတယ်။
ခဏခဏ မျက်နှာသစ်တဲ့အခါ မျက်နှာရှိ သဘာဝအဆီဓာတ်များ လွင့်စင်သွားပြီး အရေးကြောင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။
(၃) နောက်ဆုံးအချက်ကတော့ မျက်နှာအရေပြား ထိန်းသိမ်းမှုအဖြစ် ရက်တီနောလ် လိမ်းပေးတာပါပဲ။
ဆရာဝန် ညွှန်ကြားချက်ဖြင့် ရက်တီနောလ်လိမ်းဆေး အသုံးပြုရန် အကြံပြုခဲ့ပါတယ်။
အမျိုးသမီးကြီးက ထိုဆေးကို နဖူး၊ ပါး၊ လည်ပင်း၊ ရင်ဘတ်၊ နှုတ်ခမ်း၊ မျက်လုံးဘေးသားတွေမှာ လိမ်းပေးပါတယ်။
ဒါ့အပြင် အယ်လ်ကိုဟောကို သင့်တင့်စွာသာ သောက်သုံးရန်နဲ့ အာဟာရညီညွတ်မျှတစွာ စားသုံးရန်လည်း အကြံပြုသွားပါတယ်။
အဆိုပါ အသက် ၇၀ အမျိုးသမီးကို ကြည့်ပြီး နှစ် ၂၀ စာလောက် ငယ်ရွယ်တယ်ထင်ရကြောင်း ဗီဒီယိုကြည့်ရှုသူတွေက ချီးမွမ်းခဲ့ကြပါတယ်။
#World_Health #လျှို့ဝှက်ချက်(၃)ခု #အသက်(၇၀)အရွယ်အမျိုးသမီး
Source: The Jerusalem Post
#World_Health
Published 16 September 2023
ခဲအဆိပ်သင့်ခြင်းဟာ ကမ္ဘာတဝှမ်းရဲ့ ကျန်းမာရေးအပေါ် ယခင်ထင်ထားတာထက် များစွာပိုမိုသက်ရောက်နေကြောင်း သုတေသနတစ်ခုမှာ တွေ့ရှိထားပါတယ်။
ခဲသတ္တုဟာ တစ်နှစ်ကို လူဦးရေ ၅ သန်းခန့် သေဆုံးစေလျက်ရှိပြီး လေထုညစ်ညမ်းမှုအတွက်လည်း အလားတူ အန္တရာယ်ရှိနေပါတယ်။
ခဲနဲ့ထိတွေ့ရခြင်းက တစ်ကမ္ဘာလုံးမှာ အန္တရာယ်မြင့်မားလာပေမယ့် ခဲသတ္တုပါဝင်တဲ့ ဓာတ်ဆီတွေ မရှိတော့တဲ့နောက် သွေးထဲက ခဲသတ္တုပမာဏ ကျဆင်းလာပါတယ်။
ခဲဆိပ်သင့်ခြင်းကြောင့် ဉာဏ်ရည်ဉာဏ်သွေးအပိုင်း ကျဆင်းလာခြင်းနဲ့ နှလုံးသွေးကြောရောဂါကြောင့် အသက်ဆုံးရှုံးရခြင်းတို့ကို တတ်သလောက်ခန့်မှန်းဖို့ ရည်ရွယ်ခဲ့ကြပါတယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်က လေ့လာချက်များအရ တိုင်းပြည်ရဲ့ သွေးထဲကခဲပမာဏကို ခန့်မှန်းအသုံးပြုခဲ့ကြပါတယ်။
သွေးထဲက ခဲပမာဏကြောင့် IQ ကျဆင်းခြင်းကို အခြေခံကာ တစ်ကမ္ဘာလုံးရှိ အသက် ၅ နှစ်အောက် ကလေးများရဲ့ IQ ဆုံးရှုံးမှုကို တွက်ချက်ခန့်မှန်းခဲ့ကြပါတယ်။
အသက် ၂၅ နှစ်နဲ့အထက် လူတွေမှာ ခဲဆိပ်သင့်ပြီး နှလုံးသွေးကြောရောဂါကြောင့် သေဆုံးမှုများကို သုတေသီများ ခန့်မှန်းခဲ့ကြပါတယ်။
ဒီခန့်မှန်းချက်တွေကို တိုင်းပြည်ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေအတွက် ရည်ရွယ်ကာ တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။
လေ့လာချက်အရ ခဲဆိပ်သင့်ခြင်းကြောင့် အသက် ၅ နှစ်အောက် ကလေးငယ်များမှာ IQ အမှတ်ပေါင်း ၇၆၅ သန်းဆုံးရှုံးခဲ့ပြီး အရွယ်ရောက်ပြီးသူပေါင်း ၅,၅၄၅,၀၀၀ ဦးဟာ နှလုံးသွေးကြောရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။
နွမ်းပါးတဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ IQ ဆုံးရှုံးရခြင်းက ယခင်မှန်းထားတာထက် ၈၀ ရာခိုင်နှုန်းနီးပါး မြင့်မားခဲ့ပြီး နှလုံးသွေးကြောရောဂါကြောင့် သေဆုံးမှုတွေကတော့ ၂၀၁၉ ခုနှစ် ခန့်မှန်းချက်ထက် ၆ ဆ ပိုများနေပါတယ်။
#World_Health #ခဲဆိပ်သင့်ခြင်း #တစ်ကမ္ဘာလုံး၏ကျန်းမာရေး
Source: WION
တရုတ်နိုင်ငံမှ အာတိတ်သမုဒ္ဒရာသို့ ၁၃ ကြိမ်မြောက် သိပ္ပံနည်းကျဆိုင်ရာ စူးစမ်းလေ့လာရေးခရီးစဥ်ဟာ ယခုလမှာ မြောက်ဝင်ရိုးစွန်းသို့ ရောက်ရှိခဲ့ပါပြီ။ ထိုသုတေသနထဲမှာ အဓိကပတ်ဝန်းကျင်ဆိုင်ရာ ဒြပ်စင်များ၊ ဘူမိဗေဒနဲ့ ဘူမိရူပစစ်တမ်းကောက်ယူချက်များလည်း ပါဝင်ပါတယ်။
Published_ 15 September 2023
#Asia_Science #အာတိတ်သမုဒ္ဒရာ #စူးစမ်းလေ့လာရေးခရီးစဥ်
Page 449 of 964