#World_News
Published 22 October 2026

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့တဲ့ CNN နဲ့ ABC News သတင်းထောက်တွေကို ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

■ အိမ်ဖြူတော်အပြင်ဘက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစကားပြောနေချိန်အတွင်း ဖြစ်ပွားခဲ့တဲ့ အဲဒီအခြေအနေမှာ ထရမ့်ကသတင်းထောက်တွေကို “လူတုံးတွေ”၊ “ဉာဏ်မရှိတဲ့သူတွေ” လို့ ပြောဆိုခဲ့ပါတယ်။

■ ဒီဖြစ်ရပ်ဟာ ရုရှားနိုင်ငံမှာ လေးနှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတစ်ဦး ပြန်လည်လွတ်မြောက်လာပြီး နာရီပိုင်းအကြာမှာဖြစ်ပွားခဲ့တာပါ။

■ အသက် ၇၄ နှစ်အရွယ် မစ်ချီဂန်ပြည်နယ်သား Stephen Hubbard ဟာ ယူကရိန်းဘက်က ကြေးစားစစ်သားအဖြစ် လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရှားနိုင်ငံမှာ အကျဉ်းချခံထားရသူဖြစ်ပါတယ်။

■ CNN သတင်းထောက် Kaitlan Collins က Hubbard ပြန်လည်လွတ်မြောက်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်ကို မေးမြန်းခဲ့ပါတယ်။

■ ထရမ့်က အဲဒီအမေရိကန်နိုင်ငံသား အိမ်ပြန်နိုင်တော့မှာဖြစ်ကြောင်း ပြောခဲ့ပေမယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထိန်းသိမ်းထားမယ်ဆိုရင် အခုလို လွတ်မြောက်လာနိုင်မှာ မဟုတ်ဘူးလို့တုံ့ပြန်ခဲ့ပါတယ်။

■ “ခင်ဗျားတို့သာ အဲဒီပိတ်ဆို့အရေးယူမှုတွေ လုပ်ခဲ့မယ်ဆိုရင် သူ့ကို မေ့ထားလိုက်လို့ရပြီ။ သူဟာ နောက်ထပ် ၂၅ နှစ်လောက် အကျဉ်းထောင်ထဲမှာပဲ နေနေရဦးမှာ” လို့ ထရမ့်က ပြောပါတယ်။

■ ဒါ့အပြင် Collins က ထပ်ဆင့်မေးခွန်းမေးမြန်းခဲ့တဲ့အခါ ထရမ့်က သူမကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်ပြောဆိုခဲ့ပါတယ်။

■ ထရမ့်နဲ့ သတင်းထောက်တွေအကြား အချေအတင်ဖြစ်မှုဟာ အဲဒီမှာတင် မပြီးဆုံးခဲ့ပါဘူး။
နောက်ပိုင်းမှာ ABC News သတင်းထောက်တစ်ဦးက Hubbard ကို ပြန်လွှတ်ပေးနိုင်ဖို့အတွက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးခဲ့တာဟာ မော်စကိုဘက်ကို အလျှော့ပေးလိုက်တာ မဟုတ်ဘူးလားလို့ မေးမြန်းခဲ့ပါတယ်။

■ “ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးပြီး Hubbard ကို ပြန်လွှတ်ပေးခဲ့တာဟာ ရုရှားဘက်ကို အလျှော့ပေးလိုက်တာ မဟုတ်ဘူးလား” လို့ သတင်းထောက်က မေးခဲ့တာပါ။

Source-Wion