#World_Health
Published 22 October 2026
■ Aspirin ဆိုတာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေတဲ့အပြင် သွေးဥမွှားလေးတွေ အချင်းချင်းကပ်ပြီး သွေးခဲဖြစ်ပေါ်တာကိုလည်း တားဆီးပေးနိုင်တဲ့ ဆေးတစ်မျိုးပါ။
■ အသက်ကြီးသူတွေမှာ Aspirin ပမာဏနည်းနည်း သောက်သုံးခြင်းဟာ Dementiaဖြစ်နိုင်ခြေကို ၇၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်တယ်လို့ မျိုးဗီဇဆိုင်ရာ သုတေသနအသစ်တစ်ခုက ဖော်ပြထားပါတယ်။
■ ဒါပေမဲ့ ဒီအကျိုးကျေးဇူးကို လူတိုင်းမှာ တွေ့ရှိခဲ့တာ မဟုတ်ပါဘူး။ သွေးဥမွှားအရေအတွက်နဲ့ ဆက်စပ်တဲ့ မျိုးဗီဇလက္ခဏာတစ်မျိုးရှိသူတွေမှာသာ ထင်ရှားတဲ့ ဆက်စပ်မှုကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
■ အရေးကြီးဆုံးကတော့ Aspirin သောက်သုံးသူတွေမှာ ပြင်းထန်တဲ့ သွေးယိုစီးမှုဖြစ်နိုင်ခြေလည်း မြင့်တက်လာခဲ့တာပါ။
■ သုတေသနမှာ ဘာတွေကို လေ့လာခဲ့သလဲ။
■ သုတေသီတွေဟာ ASPREE Trial (Aspirin in Reducing Events in the Elderly) လို့ခေါ်တဲ့ သက်ကြီးရွယ်အိုတွေကို လေ့လာထားတဲ့ စမ်းသပ်မှုက လူပေါင်း ၁၃,၅၀၀ ကျော်ရဲ့ မျိုးဗီဇဆိုင်ရာ အချက်အလက်တွေကို ပြန်လည်ဆန်းစစ်ခဲ့ကြပါတယ်။
■ သုတေသနကို ဦးဆောင်သူ Peter Fransquet ဟာ သြစတြေးလျနိုင်ငံ Monash တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးနဲ့ ကြိုတင်ကာကွယ်ရေးဆေးပညာဌာနက သုတေသီတစ်ဦးဖြစ်ပါတယ်။
■ သူတို့ သိချင်ခဲ့တာက လူတစ်ယောက်ရဲ့ မျိုးဗီဇပုံစံဟာ Aspirin သောက်သုံးခြင်းကြောင့် Dementia ဖြစ်နိုင်ခြေ လျော့နည်းမှုအပေါ် သက်ရောက်မှုရှိ၊ မရှိ ဆိုတာပါ။
■ အရင်က ပြုလုပ်ခဲ့တဲ့ Aspirin စမ်းသပ်မှုတွေမှာ လူအားလုံးကို စုပေါင်းကြည့်တဲ့အခါ Dementia ကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သိသာထင်ရှားတဲ့ အထောက်အထား မတွေ့ခဲ့ကြပါဘူး။
■ ဒါပေမဲ့ ဒီသုတေသနအသစ်မှာတော့ မျိုးဗီဇအုပ်စုတချို့အတွက် ကွဲပြားတဲ့ရလဒ်ကို တွေ့ရှိခဲ့ပါတယ်။
■ ဒီသုတေသနက နောက်ထပ် ဘာတွေကို ဖော်ပြနေသလဲ။
■ သုတေသီတွေက ဒီရလဒ်ဟာ အနာဂတ်မှာ လူတစ်ယောက်ချင်းစီရဲ့ မျိုးဗီဇပုံစံနဲ့ ကျန်းမာရေးအခြေအနေကို အခြေခံပြီး ကာကွယ်ရေးနည်းလမ်းတွေ ရွေးချယ်နိုင်ဖို့ လမ်းဖွင့်ပေးနိုင်တယ်လို့ ယူဆထားပါတယ်။
■ လက်ရှိမှာတော့မျိုးဗီဇအမှတ်တစ်ခုတည်းကို အခြေခံပြီး Aspirin သောက်သင့်၊ မသောက်သင့် ဆုံးဖြတ်ဖို့ မလုံလောက်သေးပါဘူး။
■ ဒီရလဒ်ကို အခြားလူအုပ်စုတွေမှာ ထပ်မံအတည်ပြုဖို့လိုအပ်ပါတယ်။
■ အဲဒီမျိုးဗီဇပုံစံရှိသူတွေအတွက် သီးသန့်ဒီဇိုင်းလုပ်ထားတဲ့ လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
■ Aspirin ရဲ့ အကျိုးကျေးဇူးနဲ့ သွေးယိုစီးမှုအန္တရာယ်ကို လူတစ်ဦးချင်းစီအလိုက် ချိန်ဆဖို့ လိုပါတယ်။
■ ဒီသုတေသနမှာ သွေးဥမွှားအရေအတွက်နဲ့ ဆက်စပ်တဲ့ မျိုးဗီဇအမှတ် မြင့်မားသူတွေထဲမှာ Aspirin သောက်သုံးသူတွေဟာ Placebo သောက်သူတွေထက် Dementia ဖြစ်ပွားမှု နည်းပါးခဲ့ပါတယ်။ နှိုင်းရအန္တရာယ်က ၇၀ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ပေမဲ့ ပြင်းထန်တဲ့ သွေးယိုစီးမှုအန္တရာယ်ကတော့ မြင့်တက်ခဲ့ပါတယ်။
■ အဓိကမှတ်ထားရမှာက Aspirin ဟာ Dementia ကို ကာကွယ်ဖို့ လူတိုင်းပုံမှန်သောက်သင့်တဲ့ဆေးလို့ ဒီသုတေသနက သက်သေမပြနိုင်သေးပါဘူး။
■ Aspirin ကို နှလုံးသွေးကြောရောဂါအတွက် ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နေသူတွေဟာ ကိုယ့်သဘောနဲ့ ဆေးမရပ်သင့်သလို၊ ဒီမင်ရှားကာကွယ်ဖို့အတွက်လည်း ဆရာဝန်နဲ့ မတိုင်ပင်ဘဲ စတင်မသောက်သင့်ပါဘူး။
Source-NDTV