#World_Science
Published 8 May 2023
သန္ဓေသားတစ်ဦးရဲ့ ရှားပါးအခြေအနေတစ်ရပ်ကို ကုသရန်အတွက် ဗိုက်ထဲမှမမွေးရသေးတဲ့ကလေးကို ဆရာဝန်တွေက ဦးနှောက်ခွဲစိတ်မှုပြုလုပ်ခဲ့ရကာ ဆေးသိပ္ပံပညာအတွက် အပြောင်းအလဲတစ်ခုဖြစ်လာပါတယ်။
ဦးနှောက်ထဲကသွေးကြောများပုံမှန်မဟုတ်တဲ့ ရှားပါးအခြေအနေ (VOGM)ကို ကုသရန် သန္ဓေသားကို ခွဲစိတ်ခဲ့တာဖြစ်ပါတယ်။
ဒီအခြေအနေဟာ ဦးနှောက်ထဲရှိ သွေးလွှတ်ကြောများက သွေးကြောမျှင်များနဲ့ချိတ်ဆက်ရမယ့်အစား သွေးပြန်ကြောများကိုတိုက်ရိုက်ချိတ်ဆက်နေကာ သွေးစီးဆင်းမှုကိုနှောင့်နှေးစေတာဖြစ်ကြောင်း ဘော့စ်တွန်ကလေးဆေးရုံက ပြောကြားခဲ့ပါတယ်။
ကလေးမမွေးရသေးခင် သားအိမ်ထဲမှာ အာထရာဆောင်းအကူအညီဖြင့် ခွဲစိတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ခွဲစိတ်မှုအပြီးမှာ မွေးဖွားပြီးဖြစ်လာနိုင်တဲ့အခြေအနေဆိုးတွေကို အပြီးတိုင်ကုသနိုင်ခဲ့တယ်လို့ Stroke ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ရောဂါအခြေအနေဟာ နှလုံးနဲ့အဆုတ်ဆီကို သွေးတွေတဟုန်ထိုးတိုးဝင်စေပြီး ခန္ဓာကိုယ်အနှံ့သွေးရရှိစေရန် ပိုမိုကြာရှည်စွာလုပ်ဆောင်ရပါတယ်။
အချို့သောမွေးကင်းစကလေးတွေမှာ နှလုံးကြောင့် အခြားနေရာများမှာ သွေးပိတ်ဆို့ခြင်းဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါ့အပြင် နှလုံးကနေအဆုတ်သို့သွားတဲ့ သွေးလွှတ်ကြောမှာ သွေးပေါင်ချိန် ဆောင့်တက်လာနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးဖြစ်တဲ့ ကလေး ၅၀ -၆၀ ရာခိုင်နှုန်းလောက်က ချက်ချင်းနေမကောင်းဖြစ်လာပြီး သေဆုံးနိုင်ချေ ၄၀ ရာခိုင်နှုန်းရှိတယ်လို့ ဘော့စ်တွန်ကလေးဆေးရုံမှ ဒေါက်တာ'ဒါရင်အော်ဘက်ခ်'က CNN ကိုပြောပြခဲ့ပါတယ်။
ကလေးက အခုဆိုရင် အလွန်အခြေအနေကောင်းမွန်နေပြီး ဇီဝကမ္မအချက်အလက်တွေအားလုံး သာမန်ဖြစ်နေပါပြီလို့ ကလေးအမေဖြစ်သူ 'ကင်ညက်တာကိုးလ်မန်း'က ပြောပြခဲ့ပါတယ်။
သန္ဓေသားသက်တမ်း ရက်သတ္တပတ် ၃၀ အကြာမှာ အာထရာဆောင်းဖြင့် ဒီအခြေအနေကိုတွေ့ရှိခဲ့ပြီး VOGM တွေ့ရှိပြီးနောက် ကလေးမှာနှလုံးကြီးနေတယ်လို့ ဆရာဝန်များက ပြောပြခဲ့ပါတယ်။
ကိုယ်ဝန်သက်တမ်း ၃၄ ပတ်မြောက်မှာ ခွဲစိတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ခွဲစိတ်ပြီးနောက် ကလေးမွေးဖွားလာကာ အသက် ၃ ပတ်ရှိပြီဖြစ်တဲ့ကလေးဟာ နှလုံးသွေးကြောဆိုင်ရာ အထောက်အပံ့များ မလိုအပ်တော့ပါဘူး။
အာရုံကြောစစ်ဆေးမှုများလည်း ပုံမှန်ဖြစ်နေကာ MRI မှာလည်း အခြေအနေတိုးတက်ကြောင်း တွေ့ရှိခဲ့ပါတယ်။
#Source: India Today #World_Science #ဦးနှောက်ခွဲစိတ်မှုပြုလုပ်
#YMG #YMG #Yangon_Media_Group
#World_Health
Published 7 May 2023
မကြာသေးမီဆယ်စုနှစ်များအတွင်း အမျိုးသားတွေရဲ့ မျိုးပွားစွမ်းရည်သိသိသာသာ လျော့ကျသွားပြီး ကြိုတင်ကာကွယ်ရန်အရေးကြီးကြောင်း သုတေသနအသစ်တွေ တွေ့ရှိလာပါတယ်။
စုံတွဲတစ်တွဲက မိသားစုစတင်ထူထောင်ရန် ကြိုးပမ်းချိန်မှာ မျိုးပွားခြင်းပြဿနာက အမျိုးသမီးနဲ့ဆိုင်တယ်လို့ပဲ အယူမှားတတ်ကြပါတယ်။
ဒါပေမဲ့ ဒီပြဿနာတွေရဲ့တဝက်လောက်က အမျိုးသားတွေကြောင့်ဖြစ်ကြောင်း ဟန်ဂေရီဘူဒါပက်စ် ဆမ်မယ်ဝစ္စတက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာဒေါက်တာ'ဇော့ကိုပါ'က ပြောပြလိုက်ပါတယ်။
ကိုပါနဲ့သူ့အဖွဲ့က သုတ်ပိုးကျန်းမာရေးအပေါ်သက်ရောက်စေတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး Reproductive Biology and Endocrinology ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အမျိုးသားတစ်ဦးရဲ့ သုတ်ပိုးအရည်အသွေးကို အထိခိုက်စေဆုံးအချက်က နေထိုင်စားသောက်မှုပုံစံနဲ့ ကျန်းမာရေးအခြေအနေတို့ဖြစ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အဓိကအကြောင်းအရာတွေကတော့ ဆေးလိပ်သောက်ခြင်း၊ ဆီးချို၊ ဝှေးစေ့အကျိတ်တို့ဖြစ်ကာ ကပ္ပါယ်အိတ်အတွင်း သွေးကြောများကြီးမားရှုပ်ထွေးလာကာ သုတ်ပိုးထုတ်လုပ်ခြင်းကို ထိခိုက်စေပါတယ်။
ဆေးလိပ်သောက်သူတွေဟာ DNA ပြတ်ထွက်ခြင်းဖြစ်စဉ် ၉.၁၉ ရာခိုင်နှုန်းပိုများပါတယ်။
သွေးကြောထုံးသူတွေက ၁၃.၆၂ ရာခိုင်နှုန်း၊ အကျိတ်တွေက ၁၁.၃ ရာခိုင်နှုန်း အသီးသီးပိုများစေပါတယ်။
ယာဉ်ထိန်းရဲများကိုလေ့လာရာမှာ လေထုညစ်ညမ်းခြင်း ဒါမှမဟုတ် အန္တရာယ်ရှိဓာတုပစ္စည်းများနဲ့ ထိတွေ့မိခြင်းကြောင့် DNA ပြတ်ထွက်ခြင်း ၉.၆၈ ရာခိုင်နှုန်းပိုများကြောင်း ဆက်စပ်တွေ့ရှိခဲ့ပါတယ်။
DNA ပြတ်ထွက်ခြင်းဖြစ်စဉ်ဟာ ၂၅ ရာခိုင်နှုန်းအောက်ရောက်ရင် သာမန်လို့သတ်မှတ်ပြီး ဒီထက်များရင်တော့ မျိုးအောင်နိုင်ခြေလျော့နည်းလာပါတယ်။
ဒီပြဿနာတွေကို နေထိုင်စားသောက်မှုပုံစံ၊ ဆေးဘက်ဆိုင်ရာအကူအညီများဖြင့် လျှော့ချနိုင်ပါတယ်။
နေထိုင်စားသောက်မှုပုံစံဆိုးရွားတာရဲ့ သက်ရောက်မှုက အချိန်ကြာလာတာနဲ့အမျှ စုပြုံလာပြီး ပိုမိုထိခိုက်စေပါတယ်။
ကလေးလိုချင်တဲ့လူတွေက မျိုးပွားခြင်းပြဿနာရှိနေတာကို အလွန်နောက်ကျမှ သိတတ်ကြပါတယ်။
မျိုးပွားပြဿနာခံစားရသူအများစုဟာ အလုပ်ကြာရှည်လုပ်ကိုင်ရခြင်း၊ အနားယူချိန်နည်းပါးခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကို အကြောင်းပြကြသလို လူအများစုက ဆေးလိပ်သောက်၊ အရက်သောက်၊ ကျန်းမာရေးနဲ့မလျော်ညီစွာ နေထိုင်တတ်ကြပါတယ်လို့ ဟောင်ကောင်မှ ဆီးလမ်းကြောင်းဆရာဝန်'အန်ဒရူယစ်'က ပြောပြခဲ့ပါတယ်။
အမျိုးသားများအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်ပြီး DNA ထိခိုက်ခြင်းကိုလျှော့ချနိုင်ရင် ရေရှည်မှာကလေးရဖို့ ထိရောက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။
Source: South China Morning Post #World_Health ##မျိုးမအောင်ခြင်းပြဿနာ
#YMG #Yangon_Media_Group
#Asia_Politics
Published 6 May 2023
ယခုနောက်ပိုင်း ဂျပန်ရဲ့စစ်ရေးလှုပ်ရှားမှုများဟာ နိုင်ငံရဲ့ငြိမ်းချမ်းသောဖွံဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ဂျပန်နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးက တိုကျိုရှိ တရုတ်ဗဟိုရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
#Asia_Politics #ဂျပန်နိုင်ငံ #အခြေခံဥပဒေ #ဂျပန်နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦး
#YMG #Yangon_Media_Group
#Daily_News
Published_ 6 May 2023
၁။ ရွှေဈေးသိန်း ၃၀ အထက်ဈေးဖြင့် ရောင်းချပါက အရေးယူမယ်လို့ သတိပေးထားသော်လည်း ပြင်ပရွှေဈေး သိန်း ၃၀ အထက်သို့မြင့်တက်
၂။ ယခုလ(၅)ရက်တာအတွင်း ကိုဗစ်ပိုးတွေ့သူ(၇၈၃)ဦးရှိ၊ ကာကွယ်ဆေးထပ်ထိုးရန်နှင့် Mask တပ်ရန်လိုဟု
၃။ ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားဖြင့် မြန်မာမှရွှေ(၂)ဆု၊ ငွေ(၁)ဆု၊ ကြေး(၄)ဆု၊စုစုပေါင်း(၇)ဆုရရှိထား
၄။ ဂျပန်နိုင်ငံ၏ လတ်တလောစစ်ရေးမြှင့်တင်မှု အခြေခံဥပဒေကိုချိုးဖောက်ဟု ဂျပန်နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဝေဖန် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Health
Published 7 May 2023
လေထုညစ်ညမ်းမှုသိသိသာသာမြင့်မားတဲ့ မြို့ကြီးတွေမှာ ပန်းနာရင်ကြပ်ခံစားရသူအရေအတွက် ရာခိုင်နှုန်းများကြောင်း မက်ကာဘီ KSM သုတေသနနဲ့ဖန်တီးမှုစင်တာက ဆိုပါတယ်။
ရင်ကြပ်ရောဂါက ကလေးတွေရော လူကြီးတွေမှာပါ ဖြစ်ပွားနိုင်ပြီး ကလေးတွေမှာ အဖြစ်အများဆုံးနာတာရှည်ရောဂါ ဖြစ်ပါတယ်။
အစ္စရေးလ် ဟိုင်ဖာအရှေ့ဘက်မှာ ရင်ကြပ်လူနာအများဆုံးရှိပြီး မက်ကာဘီမှ လူ ၁၅ ရာခိုင်နှုန်းမှာ တွေ့ရှိရပါတယ်။
သတ္တု၊ ဓာတု၊ အမိုးနီးယား၊ ဆာလ်ဖိတ်၊ နိုက်ထရိတ်တို့မှ အမှုန်များဟာ အလွန်သေးငယ်ပြီး အသက်ရှူလမ်းကြောင်းထဲ နက်ရှိုင်းစွာဝင်ရောက်သွားပါတယ်။
လေထုညစ်ညမ်းမှုမြင့်မားတဲ့ အခြားမြို့တွေမှာ ရင်ကြပ်ရှိသူ ၁၁ ရာခိုင်နှုန်းခန့်ရှိနေပါတယ်။
စက်မှုမြို့ဟိုင်ဖာမှာ ညစ်ညမ်းလေတွေက အရှေ့ဘက်သို့ တိုက်ခတ်သွားကာ အိမ်နီးချင်းနိုင်ငံတွေထံ သက်ရောက်စေပါတယ်။
၂၀၁၈ ခုနှစ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဟိုင်ဖာမှာ ရင်ကြပ်ကြောင့် ဆေးရုံတက်ရတဲ့ကလေးအရေအတွက်ဟာ အခြားလူများထက် ၂ ဆကျော်ပိုများနေပါတယ်။
ဂျေရုဆလမ်နဲ့ ဂိုလန်ဟိုက်စ်တို့လို လေထုညစ်ညမ်းမှုနည်းတဲ့ မြို့တွေမှာတော့ ရင်ကြပ်ဝေဒနာသည်နည်းပါးပါတယ်။
လေထုညစ်ညမ်းမှုဟာ ပန်းနာရင်ကြပ်ဖြစ်စေတဲ့ တစ်ခုတည်းသောအကြောင်းအရင်း မဟုတ်ဘဲ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံ၊ ပတ်ဝန်းကျင်သက်ရောက်မှုတို့ကလည်း ရင်ကြပ်ရောဂါမှာ ပါဝင်ပတ်သက်နေကြောင်း မက်ကာဘီKSM အကြီးအကဲ ဒေါက်တာ'တယ်လ်ပါတာလွန်'က ရှင်းပြခဲ့ပါတယ်။
"လေထုအရည်အသွေးနဲ့ ရာသီဥတုပြောင်းလဲမှုတို့က လူတွေအားလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကမ္ဘာတဝှမ်း ကျန်းမာရေးမြှင့်တင်မှုဗျူဟာများရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။
ရင်ကြပ်ထဖောက်တဲ့အခါ အသက်ရှူလမ်းကြောင်းကျဉ်းသွားပြီး အချွဲပိုမိုထလာပါတယ်။
ဒီအခြေအနေတွေက လေထုညစ်ညမ်းတဲ့အခါ ပိုမိုဆိုးရွားစေပါတယ်။
WHO ထုတ်ပြန်ချက်အရ ၂၀၁၉ မှာ ရင်ကြပ်ရောဂါကြောင့် လူပေါင်း ၂၆၂ သန်းခံစားရပြီး ၄၅၅,၀၀၀ သေဆုံးထားပါတယ်။
Source: The Jerusalem Post #World_Health #ပန်းနာရင်ကြပ်ခံစားရသူများ
#YMG #Yangon_Media_Group
#World_Military
Published 6 May 2023
ရုရှားဘက်မှ အဓိကကြေးစားတပ်ဖွဲ့ကြီးဟာ ယူကရိန်းအရှေ့ဘက်မြို့ဘက်ခ်မွတ်ကနေ ဆုတ်ခွာမယ့်အကြောင်း သောကြာနေ့က ကြေညာလိုက်ပါတယ်။
ဒါပေမဲ့ လာမယ့်အပတ် ရုရှားမှာ ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့အထိမ်းအမှတ် မပြုလုပ်မီ ဘက်ခ်မွတ်ကိုသိမ်းပိုက်ရန် အဆိုပါတပ်ဖွဲ့က နေရာပြန်လည်အားဖြည့်ဆောင်ရွက်နေတာဖြစ်ကြောင်း ယူကရိန်းဘက်က ပြောကြားလိုက်ပါတယ်။
ဝက်ဂ်နာကြေးစားအဖွဲ့ခေါင်းဆောင် 'ယက်ဗ်ဂျနီပရီဂိုဇင်'က သူ့တပ်သားတွေဟာ လက်နက်ခဲယမ်းပြတ်လပ်နေပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဘက်ခ်မွတ်မှာရှိတဲ့ သူတို့နေရာကို ရုရှားစစ်တပ်က လွှဲပြောင်းရယူပေးဖို့မျှော်မှန်းထားကာ ဒါဟာ ဘက်ခ်မွတ်ကို အပြီးသတ်သိမ်းပိုက်ရန်ကြံနေတဲ့ ရုရှားအတွက် အထိနာစေနိုင်ပါတယ်။
"ကျွန်တော့တပ်သားတွေအနေနဲ့ လက်နက်ခဲယမ်းမရှိဘဲနဲ့ အလဟဿသေဆုံးတာမျိုး အဖြစ်မခံနိုင်ပါဘူး" လို့ ပရီဂိုဇင်က ပြောကြားလိုက်ကာ သမ္မတပူတင်နဲ့ စစ်ဘက်ခေါင်းဆောင်များထံ တပ်ဆုတ်ခွာမယ့်အကြောင်း စာရေးသားလိုက်ပါတယ်။
မေလ ၉ ရက်နေ့မှာ မြို့ကိုသိမ်းပိုက်ဖို့ ဝက်ဂ်နာအဖွဲ့ရည်မှန်းထားတာကို သိလျက်နဲ့ အစိုးရအဖွဲ့က လကနက်ထောက်ပံ့မှုတွေကို အချိန်ဆွဲထားတယ်လို့ ကြေညာခဲ့ပါတယ်။
မနာလိုဖြစ်တာနဲ့ပဲ ရုရှားပြည်သူတွေအတွက် ဘက်ခ်မွတ်အောင်ပွဲ မယူချင်ဘူးဆိုရင်လည်း ယင်းတို့ကိစ္စပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားပိုင် RIA သတင်းဌာနရဲ့ ဖော်ပြချက်အရ ရုရှားကာကွယ်ရေးဝန်ကြီး 'ဆာဂျီရှိုဂူ'က ဝက်ဂ်နာအဖွဲ့လိုအပ်တဲ့ လက်နက်အားလုံးကို သေချာပေါက်ရရှိစေရန် လက်ထောက်ဝန်ကြီးတစ်ဦးကို ညွှန်ကြားထားပါတယ်။
ယူကရိန်းရဲ့ဒွန်ဘတ်စ်ဒေသရှိ မြို့တွေကိုသိမ်းပိုက်ရန်အတွက် ရုရှားက ဘက်ခ်မွတ်မြို့ကို အရေးကြီးနေရာအဖြစ် သတ်မှတ်ထားပေမယ့် အခုထက်ထိ ထိန်းချုပ်ဖို့ဝေးကွာနေဆဲ ဖြစ်ပါတယ်။
ဘက်ခ်မွတ်တိုက်ပွဲဟာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်နေပြီး နှစ်ဖက်စလုံးမှ အကျအဆုံးထောင်ပေါင်းများစွာ ရှိထားပါတယ်။
Source: Reuters #World_Military #လက်နက်ထောက်ပံ့မှုမရ #ဘက်ခ်မွတ်မြို့မှဆုတ်ခွာ
#YMG #Yangon_Media_Group
#World_Health
Published 6 May 2023
အစားအစာဟာ လူတွေရဲ့နှလုံးကျန်းမာရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ပေမယ့် သတင်းမှားများကြောင့် လူမှုကွန်ရက်မီဒီယာတွေမှာ အငြင်းပွားစရာများဖြစ်လာကာ မသင့်လျော်တဲ့အစားအစာတွေကို ဦးတည်လာစေပါတယ်။
DASH စားသောက်ပုံစံဟာ နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ကြောင်း အမေရိကန်နှလုံးအဖွဲ့အစည်းက ဆိုပါတယ်။
မက်ဒီတာရေးနီးယန်း၊ DASH စားသောက်ပုံစံ၊ ငါးစားသုံးခြင်းနဲ့ သက်သက်လွတ်စားသုံးခြင်းတို့ဟာ နှလုံးကျန်းမာရေးနဲ့ကိုက်ညီတယ်လို့ ဖော်ပြထားပါတယ်။
မကြာသေးမီကာလတွေမှာ စားသောက်မှုပုံစံ များပြားလာပြီး လူမှုကွန်ရက်ပေါ်က သတင်းမှားတွေဟာ စိုးရိမ်စရာအခြေအနေရောက်နေတယ်လို့ ကယ်လီဖိုးနီးယား စတန်းဖို့ဒ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ခရစ္စတိုဖာဂါ့ဒ်နာ'က ဖော်ပြခဲ့ပါတယ်။
နှလုံးကျန်းမာရေးအတွက် သင့်လျော်တဲ့ စားစရာနဲ့ စားသောက်ပုံစံ ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
- အသီးအနှံ ဟင်းသီးဟင်းရွက်အမျိုးမျိုး
- သန့်စင်ပြီးအစေ့အဆန်အစား အကြမ်းစားသုံးခြင်း
- သမားရိုးကျဆီထက် အပင်မှရသည့်ဆီများအသုံးပြုခြင်း
- အပင်၊ ပင်လယ်စာတို့မှရသည့် ကျန်းမာရေးပရိုတိန်းများစားသုံးခြင်း
- သကြားနဲ့ဆား အတတ်နိုင်ဆုံးလျှော့ချခြင်း
- အယ်လ်ကိုဟောကန့်သတ်လျှော့ချခြင်း
- အဆင့်ဆင့်ထုပ်ပိုးထားသောစားစရာများ လျှော့ချခြင်း
စားသောက်ပုံစံအမျိုးမျိုးကို ခွဲခြားလေ့လာခဲ့ရာမှာ DASH (သွေးတိုးရပ်တန်ပေးမည့်စားသောက်ပုံစံ)နည်းလမ်းက အကောင်းဆုံးဖြစ်နေပါတယ်။
DASH စားသောက်ပုံစံက ဆား၊ သကြား၊ ဆီ၊ အရက်၊ အဆင့်ဆင့်ထုပ်ပိုးစာများ နည်းပါးစွာပါဝင်ကာ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်၊ ပဲများ မြင့်မားစွာပါဝင်ပါတယ်။
ဒါ့အပြင် ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်တို့ကြွယ်ဝစွာပါဝင်ကာ သွေးပေါင်ချိန်ကိုထိန်းညှိစေပါတယ်။
Source: India Today #World_Health #DASH #နှလုံးကျန်းမာရေး #အသင့်လျော်ဆုံးအစားအစာ #YMG #Yangon_Media_Group
Page 453 of 870