Published_ 7 September 2023
တရုတ်နိုင်ငံက Apple ကုမ္ပဏီထုတ် iPhone တွေနဲ့ အခြားနိုင်ငံခြားအမှတ်တံဆိပ်ဖုန်းများကို လုပ်ငန်းခွင်မှာ အသုံးမပြုရန်နဲ့ ရုံးခန်းသို့ ယူဆောင်မလာရန် ဗဟိုအစိုးရလုပ်ငန်းများမှ အရာရှိများကို အမိန့်ပေးလိုက်ကြောင်း ထိုကိစ္စနဲ့ နီးစပ်သူတွေထံမှ ပြောကြားချက်ကို ဝေါလ်စထရိဂျာနယ်က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
ဒီအမိန့်တွေကို အထက်လူကြီးတွေက မကြာသေးမီရက်များအတွင်း သက်ဆိုင်ရာဝန်ထမ်းများထံ ပေးခဲ့တာဖြစ်ပြီး ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် အမိန့်ချမှတ်ထားလဲဆိုတာ သေချာမသိရသေးပါဘူး။
အခုလို တားမြစ်မိန့်ဟာ လာမယ့်ရက်သတ္တပတ် Apple ပြပွဲကြီးတစ်ခု မပြုလုပ်ခင်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တရုတ်-အမေရိကန် တင်းမာမှုမြင့်မားနေတဲ့အတွက် တရုတ်နိုင်ငံမှာ လည်ပတ်နေတဲ့ နိုင်ငံခြားကုမ္ပဏီများမှာလည်း စိုးရိမ်နေကြရပါတယ်။
တရုတ်က နိုင်ငံခြားနည်းပညာများအပေါ် မှီခိုမှုကို လျှော့ချရန် ကြိုးစားနေရာ ဆယ်စုနှစ်တစ်ခုကျော် ကြာပြီဖြစ်ပြီး ဘဏ်လိုမျိုး ပြည်တွင်းလုပ်ငန်းတွေမှာ ပြည်တွင်းထုတ်ဆော့ဖ်ဝဲကို ပြောင်းလဲအသုံးပြုရန်နဲ့ ပြည်တွင်းထုတ် ဆားကစ်ပြားထုတ်လုပ်မှုတို့ကို မြှင့်တင်ဆောင်ရွက်ရန် တောင်းဆိုထားပါတယ်။
တရုတ်က သူတို့ရဲ့ ဒေတာလုံခြုံရေး စိုးရိမ်မှုပြဿနာ ကြီးထွားလာတဲ့အတွက် နိုင်ငံခြားဈေးကွက်နဲ့ နည်းပညာများအပေါ် မှီခိုအားထားမှုကို လျှော့ချကာ ပြည်တွင်း၌ပင် လည်ပတ်ဖွံ့ဖြိုးရေးပုံစံကို ခေါင်းဆောင်များက ၂၀၂၀ မှာ ချပြခဲ့ပါတယ်။
နည်းပညာပိုင်းမှာ ကိုယ်တိုင်အားထားနိုင်ရန် နိုင်ငံပိုင်လုပ်ငန်းစုကြီးများ အဓိကပါဝင်အားစိုက်ထုတ်ပေးဖို့ မေလက တိုက်တွန်းခဲ့ပါတယ်။
ဆားကစ်ပြားစက်မှုလုပ်ငန်း ဆက်လက်ယှဥ်ပြိုင်နေနိုင်ရန် တရုတ်အတွက် လိုအပ်တဲ့ပစ္စည်းများ ရယူသုံးစွဲခွင့်ကို အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများက ပိတ်ဆို့လိုက်တဲ့အတွက် တရုတ်-အမေရိကန် တင်းမာမှုမြင့်တက်နေပြီး တရုတ်ဘက်ကလည်း အမေရိကန်မှ အထင်ကရလုပ်ငန်းများဖြစ်တဲ့ လေယာဥ်ထုတ်လုပ်ရေး ဘိုးအင်းကုမ္ပဏီ၊ ဆားကစ်ပြားကုမ္ပဏီ မိုက်ခရွန်တက်ခ်နော်လော်ဂျီတို့လို လုပ်ငန်းများမှ တင်ပို့မှုများကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။
တရုတ်မှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ရတာဟာ ဒဏ်ကြေးဆောင်ရတာတွေ၊ ဝင်ရောက်စီးနင်းမှုတွေ၊ အခြားလုပ်ရပ်များကြောင့် စီးပွားရေးလုပ်ကိုင်ရတာ အလွန်အန္တရာယ်များလာတယ်လို့ အမေရိကန်ကုမ္ပဏီတွေက တိုင်ကြားလာကြကြောင်း အမေရိကန်စီးပွားကူးသန်းဝန်ကြီး ဂျီနာရေမွန်ဒိုက ပြီးခဲ့တဲ့ရက်သတ္တပတ် တရုတ်ကို လာရောက်လည်ပတ်စဥ် ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တရုတ်စမတ်ဖုန်းထုတ်လုပ်ရေး ဟွာဝေးကုမ္ပဏီ၊ တစ်တော့တို့ကို ပိတ်ပင်လိုက်သလိုမျိုး တရုတ်ကလည်း အလားတူပိတ်ပင်မှုမျိုး ချမှတ်လိုက်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ Apple အတွက် ဈေးကွက်အကြီးမားဆုံးတွေထဲက တစ်နေရာဖြစ်ပြီး ထိုကနေ ဝင်ငွေ ၅ ပုံ ၁ ပုံခန့်နီးပါး ရရှိထားပါတယ်။
Source: NDTV
#World_News
#YMG #Yangon_Times
Published_ 7 September 2023
နှလုံးသွေးကြောရောဂါက ကမ္ဘာပေါ်မှာ အဓိကသေဆုံးရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
အစားအစာနဲ့ နှလုံးရောဂါများကြား ဆက်စပ်မှုကို အများအပြားတွေ့ရှိထားသလို လတ်တလော လေ့လာချက်အရ အဓိကအစားအစာကြီး ၆ မျိုးကို နေ့စဥ်စားသုံးခြင်းဖြင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေ လျှော့ချနိုင်ပုံကို တွေ့ရှိထားပါတယ်။
ဒါဟာ နိုင်ငံပေါင်း ၈၀ မှ စမ်းသပ်ပါဝင်သူ ၂၄၀,၀၀၀ ကျော်ထံမှ အချက်အလက်များရယူထားပြီး စားသောက်ခြင်း အလေ့အထတွေကို စစ်တမ်းကောက်ယူခဲ့ကြပါတယ်။
ထိုအစားအစာတွေဟာ ကမ္ဘာတဝှမ်းမှာ နှလုံးသွေးကြောရောဂါများနဲ့ အသက်အန္တရာယ်များကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
(၁) အသီးအနှံများ
အသီးအနှံတွေက ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ အစာအိမ်နဲ့ အစာချေစနစ် ကောင်းမွန်စေခြင်း၊ အမျှင်ဓာတ်ပေးစွမ်းကာ အူထဲရှိ ကိုလက်စ်ထရောလ်များ လျှော့ချပေးခြင်းတို့ ပြုလုပ်ပေးပါတယ်။
(၂) ဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်တွေမှာ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ကလိုရိုက်ဒ်တို့ ပါဝင်ပြီး နှလုံးခုန်ခြင်းကို ထောက်ပံ့ပေးကာ သွေးပေါင်ချိန်ကို လျှော့ချပေးပါတယ်။
(၃) ပဲအမျိုးမျိုး
ပဲတွေက သက်သက်လွတ်သမားတွေအတွက် ပရိုတိန်းရရှိကာ အဓိကရင်းမြစ်ဖြစ်ပြီး ကြွက်သားများ၊ အင်္ဂါများ၊ ဆဲလ်များ ကျန်းမာသန်စွမ်းအောင် ကူညီပေးပါတယ်။
(၄) ငါး
ငါးနဲ့ ပင်လယ်စာတွေမှာ ပရိုတိန်း၊ ဗိုက်တာမင်၊ သတ္တုဓာတ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီများပါဝင်ကာ အိုမီဂါ-၃ဖက်တီးအက်ဆစ်က သွေးကြောများရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို ထောက်ပံ့ပေးပါတယ်။
(၅) အခွံမာသီးများ
အခွံမာသီးတွေမှာ နှလုံးအတွက် အကျိုးပြုတဲ့ အဆီများပါဝင်ပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးကာ နှလုံးရောဂါများ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
(၆) နို့ထွက်ပစ္စည်းများ
နို့ထွက်ပစ္စည်းများကို သင့်တင့်စွာ စားသုံးပါက နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။
Source: India Today.
#World_Health
#YMG #Yangon_Times
Published 7 September 2023
မရေရာ မသေချာတဲ့အလုပ်တွေမှာ လုပ်ကိုင်နေရခြင်းက စောစီးစွာ အသက်ဆုံးပါးနိုင်ချေ မြင့်မားတယ်လို့ Science Daily မှာ လေ့လာချက်အသစ်ကို ဖော်ပြထားပါတယ်။
ထိုလေ့လာချက်ကို ဆွီဒင်မှ ကူညီထောက်ပံ့ကာ မရေရာပြီး ဘေးကင်းမှုမရှိတဲ့ အလုပ်လုပ်ရခြင်းက အသက်အန္တရာယ်အပေါ် သက်ရောက်မှုများကို လေ့လာခဲ့ကြပါတယ်။
ထိုအလုပ်တွေထဲမှာ ရေတိုကာလအလုပ်မျိုး၊ လစာနည်းပါးတဲ့အလုပ်မျိုး၊ ဘေးအန္တရာယ်ရှိတဲ့ အလုပ်မျိုး၊ ရပိုင်ခွင့်မရှိတဲ့ အလုပ်မျိုးတွေ ပါဝင်ပါတယ်။
ဒီလိုအလုပ်တွေက ကြိုတင်တွက်ဆလို့ မရသလို ဘေးကင်းလုံခြုံမှုလည်း မပေးနိုင်ပါဘူး၊
ဒီလေ့လာချက်က မရေရာမသေချာတဲ့ အလုပ်ကနေ တည်တံ့ခိုင်မာတဲ့ အလုပ်ကို ပြောင်းလဲခြင်းက အသက်ဆုံးပါးနိုင်ချေ လျှော့ချနိုင်တာကို ပြသနေတဲ့ ပထမဆုံးလေ့လာချက် ဖြစ်ကြောင်း ကယ်ရိုလင်စကာတက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ သီယိုဘိုဒင်က ဖော်ပြထားပါတယ်။
သုတေသီတွေက ၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဆွီဒင်မှ အသက် ၂၀ နှစ်မှ ၅၅ နှစ်ကြားရှိ ဝန်ထမ်း ၂ သိန်းခွဲကို လေ့လာခဲ့ကြပါတယ်။
မသေချာ မရေရာတဲ့အလုပ်ကနေ ခိုင်မာသေချာတဲ့ အလုပ်ကို ကူးပြောင်းလာတဲ့သူတွေရော၊ မတည်မြဲနိုင်တဲ့ အလုပ်မျိုးမှာပဲ ဆက်လက်လုပ်ကိုင်နေသူတွေရော ပါဝင်ခဲ့ပါတယ်။
မရေရာတဲ့အလုပ်ကနေ သေချာရေရာတဲ့ အလုပ်ကို ပြောင်းသွားသူတွေဟာ မပြောင်းတဲ့သူတွေထက် စောစီးစွာ အသက်ဆုံးပါးနိုင်ချေ ၂၀ ရာခိုင်နှုန်း လျော့နည်းနေပါတယ်။
သေချာခိုင်မြဲတဲ့အလုပ်မှာ ဆက်လုပ်နေသူတွေက ၃၀ ရာခိုင်နှုန်းအထိ လျော့နည်းတာကို တွေ့ရှိခဲ့ပါတယ်။
လူဦးရေအများအပြားကို စမ်းသပ်ထားတာကြောင့် အသက်အရွယ်၊ ရောဂါအခြေအနေများ၊ အခြားပြဿနာရေးရာများကိုလည်း ထည့်သွင်းစဥ်းစားရတယ်လို့ စာတမ်းပြုစုသူ နူရီယာမာတီလာဆန်တန်ဒါက ဖော်ပြထားပါတယ်။
ဒါပေမဲ့ လေ့လာတဲ့နည်းလမ်းများအရ စောစီးစွာ အသက်ဆုံးပါးနိုင်ချေ မြင့်မားတာက ပုဂ္ဂိုလ်ရေးရာ အချက်အလက်များထက် မရေရာ မသေချာတဲ့အလုပ်နဲ့ ပိုပြီးသက်ဆိုင်နေတယ်ဆိုတာ သေချာကြောင်း၊ အလုပ်အကိုင်တွေထဲမှာ မရေရာပြီး လုံခြုံမှုမရှိတဲ့ အလုပ်တွေကိုလျှော့ချနိုင်ရင် အရွယ်မတိုင်ခင် သေဆုံးမှုတွေကိုလည်း လျှော့ချနိုင်မှာဖြစ်ကြောင်း ပြောပြသွားပါတယ်။
ယာယီအလုပ်မျိုးကနေ ခိုင်မာသေချာတဲ့ အလုပ်မျိုးကို ပြောင်းလဲလုပ်ကိုင်လာသူတွေက အသက်အန္တရာယ်ဆုံးရှုံးနိုင်ချေ နည်းပါးသွားကြောင်း ဖင်လန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့မှ လေ့လာချက်တွေမှာလည်း တွေ့ရှိခဲ့ပါတယ်။
ဝင်ငွေမတည်မြဲခြင်းနဲ့ အသက်အန္တရာယ်မြင့်မားမှုတို့ကြား တိုက်ရိုက်ဆက်စပ်မှုကိုလည်း အမေရိကန်တို့က လေ့လာတွေ့ရှိထားပါတယ်။
လုံခြုံမှုမရှိဘဲ ရေရာမှုမရှိတဲ့ အလုပ်တွေမှာ လုပ်ကိုင်ရသူတွေက စီးပွားရေးအာမခံမှု မရှိခြင်း၊ ဘေးအန္တရာယ်ကာကွယ်ရေးအတွက် လုံလောက်တဲ့ ပစ္စည်းကိရိယာများ မရှိခြင်း၊ ရေရှည်စိတ်ဖိစီးမှု ခံစားရခြင်းတို့က စောစီးစွာ အသက်ဆုံးပါးလာဖို့ ဖြစ်လာတာဖြစ်ပါတယ်။
Source: The Jerusalem Post.
#World_Health
#YMG #Yangon_Times
ဘာလင်မြို့တွင် ကျင်းပတဲ့ သုံးစွဲသူအီလက်ထရွန်နစ်ပစ္စည်းပြပွဲတွင် စွမ်းအင်ချွေတာရေး အဆင့်မြင့် အိမ်သုံးပစ္စည်းများအား အဓိကထားပြသလာ
ဘာလင်မြို့မှာ ကျင်းပတဲ့ အီလက်ထရွန်နစ်ပစ္စည်းပြပွဲ (IFA)မှာ စွမ်းအင်ချွေတာမှု မြင့်မားတဲ့ အိမ်သုံးစမတ်ပစ္စည်းတွေဟာ လူအများစိတ်ဝင်စားတဲ့ ပစ္စည်းတွေထဲ ပါဝင်လာပါတယ်။
#World_Event
#Published_ 6 September 2023
#YMG #Yangon_Times
Published 6 September 2023
ရုရှားနဲ့ မြောက်ကိုရီးယားတို့ လက်နက်ညှိနှိုင်းရေးကိစ္စက ခရီးပေါက်နေပြီဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက စက်တင်ဘာ ၅ ရက်နေ့က ပြောကြားခဲ့ကာ ယူကရိန်းစစ်ပွဲမှာ ရုရှားတို့အသုံးပြုရန် လက်နက်တွေ ထောက်ပံ့ပါက မြောက်ကိုရီးယားအနေနဲ့ တန်ကြေးပေးဆပ်ရလိမ့်မယ်လို့ ခေါင်းဆောင်ကင်မ်ဂျုံအန်းကို သတိပေးလိုက်ပါတယ်။
ရုရှားကို လက်နက်ထောက်ပံ့ပါက မြောက်ကိုရီးယားရဲ့ အကျိုးဆက် ကောင်းမွန်မှာမဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ ပေးဆပ်ရလိမ့်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ခ်ဆာလီဗန်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ကင်မ်ဂျုံအန်းက ယခုလအတွင်း ရုရှားသို့လာရောက်ကာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံပြီး လက်နက်ထောက်ပံ့ရေးကိစ္စများ ဆွေးနွေးမယ်လို့ အမေရိကန်အရာရှိများမှ ဖော်ပြထားချက်နဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိဘူးလို့ ရုရှားအစိုးရအဖွဲ့က အင်္ဂါနေ့အစောပိုင်းက ပြောကြားလိုက်ပါတယ်။
ကင်မ်ဂျုံအန်းက ခေါင်းဆောင်ပိုင်း လူချင်းတွေ့ပြီး လက်နက်ကိစ္စ ဆက်လက်ဆွေးနွေးရန် မျှော်လင့်နေကြောင်း ဆာလီဗန်က ဆိုပါတယ်။
ရုရှားကို သူတို့ကာကွယ်ရေးအခြေစိုက်စခန်းမှာ ဆက်လက်ဖိအားပေးထားတာကြောင့် ရုရှားဟာ အခုအချိန်မှာ ရသမျှ လက်နက်ခဲယမ်းတွေက ရရှိရန် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ယူကရိန်းပြည်သူတွေကို အသက်သေစေနိုင်တဲ့ လက်နက်တွေ ရုရှားကို မထောက်ပံ့ဘူးလို့ လူအများထံ ကတိပြုထားတာကို မြောက်ကိုရီးယားအနေနဲ့ လိုက်နာပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့လည်း ပြောကြားလိုက်ပါတယ်။
အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန်ဝက်ဆန်က ကင်မ်ဂျုံအန်းနဲ့ ပူတင်တို့ဟာ တွေ့ဆုံရန် စီစဥ်နေတယ်လို့ ပြောကြားလိုက်တဲ့အပြင် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတို့မှ အရာရှိတွေကလည်း ကင်မ်ဂျုံအန်းဟာ ဖြစ်နိုင်ရင် လာမယ့်သီတင်းပတ်အတွင်း ပူတင်နဲ့ တွေ့ဆုံရန် ရုရှားသို့သွားရောက်ဖို့ စီစဥ်နေတယ်ဆိုတဲ့ ပြောကြားချက်ကို နယူးယော့ခ်တိုင်းမ်စ် သတင်းဌာနက ဖော်ပြထားပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားကို ရှောင်ကြဥ်သူတွေ တိုးများလာသဖြင့် မြောက်ကိုရီးယားကို ရုရှားက အရေးပါတဲ့သူအဖြစ် ရှုမြင်နေတယ်လို့ နိုင်ငံရေးသုံးသပ်သူများက ဆိုပါတယ်။
မြောက်ကိုရီးယားဘက်က ကြည့်ရင် ဆိုဗီယက်ပြည်ထောင်စု ကာလတုန်းကလောက် ဆက်ဆံရေးရင်းနှီးနေတော့တာ မဟုတ်ပေမယ့် အခုအချိန် ရုရှားက မိတ်ဖက်လိုအပ်နေတဲ့ အချိန်မှာတော့ အကျိုးခံစားခွင့်တွေ ရယူနေတာဖြစ်ပါတယ်။
Source: CNA
#World_News
#YMG #Yangon_Times
Published_ 6 September 2023
ဆိုရှယ်မီဒီယာတွေပေါ်မှာ ပို့စ်တွေ အများအပြားတင်တာက ပုံမှန်လိုဖြစ်နေကြပေမယ့် အလုပ်ရှင်တွေကတော့ အလုပ်လျှောက်သူတွေရဲ့ အွန်လိုင်းပေါ်က ထိခိုက်နာကျင်မှု အကြောင်းအရာတွေကို ကြည့်ပြီး သဘောကျညှာတာနေမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူများက သတိပေးလိုက်ပါတယ်။
သုတေသနပြုချက်အရ အလုပ်လျှောက်သူတွေအနေနဲ့ အွန်လိုင်းမှာတင်တဲ့ အကြောင်းအရာတွေကို ပိုမိုသတိထားပြီးတင်ရန် တိုက်တွန်းလိုက်ပြီး အနာဂတ်မှာ အလုပ်လုပ်ရမယ့် အလုပ်ရှင်တွေက ဆိုရှယ်မီဒီယာအကောင့်တွေကို အကဲဖြတ်ပြီး စိတ်ကျန်းမာရေး အခြေအနေတွေကို လေ့လာနေနိုင်တယ်လို့ ဆိုပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ အလွန်အကျွံပို့စ်တင်ခြင်းဖြင့် အလုပ်ရှင်တွေဘက်က အလုပ်လျှောက်ထားသူတွေအပေါ် သိမြင်နားလည်မှု၊ စိတ်ခံစားချက် တည်ငြိမ်မှုရှိမရှိ၊ တာဝန်သိတတ်စိတ်ရှိမရှိတို့ကို ထိခိုက်စေနိုင်တယ်လို့ သုတေသီများ တွေ့ရှိခဲ့ပါတယ်။
လူတွေက စိတ်ဒဏ်ရာရရှိမှုကို ပြေလျော့စေချင်တဲ့အနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ စိတ်ခံစားမှုပြဿနာတွေကို ဖော်ပြလေ့ရှိကြကြောင်း မြောက်ကယ်ရိုလိုင်းနားပြည်နယ်တက္ကသိုလ်မှ စိတ်ကျန်းမာရေးပရော်ဖက်ဆာ လိုရီဖော်စတာက ပြောပြသွားပါတယ်။
စိတ်ဒဏ်ရာတွေကို ဖြေဖျောက်နိုင်ဖို့က အလွန်အရေးကြီးပေမယ့် Linkedlnလိုမျိုး ဆိုရှယ်မီဒီယာတွေမှာ စိတ်ခံစားချက်တွေကို ဖော်ပြတာက မမြင်နိုင်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
အသုံးပြုသူပေါင်း သန်း ၉၃၀ ကျော်ရှိတဲ့ Linkedln နဲ့ အလုပ်ခန့်အပ်ဖူးသူ ၄၀၉ ဦးတို့ကို စစ်တမ်းကောက်ယူကြည့်ခဲ့ပါတယ်။
၂၅ ရာခိုင်နှုန်းလောက်က Linkedln မှာ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းကို ဖော်ပြနေတဲ့ အကြောင်းအရာတွေ တင်ထားပြီး နောက်ထပ် ၂၅ ရာခိုင်နှုန်းကတော့ မတင်ထားပါဘူး။
နောက်ထပ် ၂၅ ရာခိုင်နှုန်းက စိတ်ကျန်းမာရေးအကြောင်း မကြည့်ဘဲ အသံပိုင်းအင်တာဗျူးကိုသာ နားထောင်ခဲ့ကာ ကျန် ၂၅ ရာခိုင်နှုန်းကတော့ စိတ်ကျန်းမာရေးပြဿနာ ပို့စ်အကြောင်းကြည့်ရှုခဲ့သလို အင်တာဗျူးအကြောင်းကိုလည်း နားထောင်ခဲ့ပါတယ်။
ထိုအခါ စိတ်ကျန်းမာရေးပြဿနာများအကြောင်း ဖော်ပြထားတဲ့သူတွေကို စိတ်ခံစားချက် မတည်ငြိမ်သူ တာဝန်သိစိတ်မရှိသူများအဖြစ် အလုပ်ခန့်အပ်မယ့်သူတွေက ရှုမြင်ခဲ့ကြတာကို မြင်တွေ့ခဲ့ရတယ်လို့ မယ်ရီဒစ်ကောလိပ်မှ စိတ်ကျန်းမာရေး တွဲဖက်ပရော်ဖက်ဆာ ယန်နာမက်ချက်စ်နေးက ရှင်းပြခဲ့ပါတယ်။
ဒီတွေ့ရှိချက်တွေက လူတွေအနေနဲ့ စိတ်ခံစားချက်များအကြောင်းကို ဆိုရှယ်မီဒီယာမှာ မတင်ဖို့ တားမြစ်ချင်တာမဟုတ်ဘဲ အလုပ်ရှင်တွေက ထိုကဲ့သို့ထင်မြင်တတ်တာကို သတိပေးချင်တာဖြစ်တယ်လို့ ပြောပြသွားပါတယ်။
ဒီအတွက် အလုပ်လျှောက်သူတွေရဲ့ အမှားသာဖြစ်တယ်လို့ မဆိုနိုင်ဘဲ စေ့စေ့စပ်စပ်ရှာဖွေတဲ့ အလုပ်ရှင်တွေကိုလည်း ထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါတယ်။
အလုပ်ခန့်မယ့်သူတွေက ဆိုရှယ်မီဒီယာတွေမှာ အလုပ်လျှောက်ထားသူတွေအကြောင်း ရှာကြည့်မယ်ဆိုရင် သူတို့အပေါ် မကောင်းမြင်နိုင်တဲ့စိတ် မသိမသာပေါ်ပေါက်လာပါတယ်လို့ ဖော်စတာက ရှင်းပြသွားပါတယ်။
Source: New York Post.
#World_Jobs
#YMG #Yangon_Times
Published_ 6 September 2023
အသားအရေပေါ်မှာ ပေါ်လာတတ်တဲ့ အရေးကြောင်းအတွန့်တွေဟာ မျက်နှာနဲ့ လည်ပင်းတို့မှာ အဓိက ဖြစ်ပေါ်တတ်ပါတယ်။
အရေးကြောင်းတွေ ဖြစ်ပေါ်ရတာဟာ အသက်အရွယ်၊ မျိုးရိုးဗီဇ၊ မျက်နှာအမူအရာ အကြိမ်ကြိမ်ပြုလုပ်ခြင်း၊ နေရောင်ကြောင့်ပျက်စီးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရေပြားကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
အရေပြားဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး ရှေးရိုးစွဲယုံကြည်ချက်တွေ အယူအဆမှားတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
(၁) အသက်ကြီးလာမှသာ အရေးကြောင်း ပေါ်တတ်တာမဟုတ်ဘဲ အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်ကာ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံ၊ ပုံမှန်အရေပြား ထိန်းသိမ်းစောင့်ရှောက်မှု စတဲ့အချက်အလက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
(၂) အမျိုးသမီးတွေမှာသာ အရေးကြောင်း ပေါ်တတ်တယ်ဆိုတာ မဟုတ်ဘဲ အမျိုးသားရော အမျိုးသမီးတွေမှာပါ အသက်ကြီးလာတာနဲ့အမျှ အရေးကြောင်း ဖြစ်ပေါ်တတ်ပြီး အမျိုးသမီးတွေကတော့ အလှအပရေးရာ စံနှုန်းများကြောင့် ပိုမိုစိုးရိမ်တတ်ကြတာ ဖြစ်ပါတယ်။
(၃) မျက်မှောင်ကျုံ့ခြင်း နှာခေါင်းရှုံ့ခြင်းတို့ကြောင့်သာ အရေးကြောင်းဖြစ်တယ်ဆိုတာလည်း မဟုတ်မှန်ဘဲ နေရောင်ထိတွေ့ခြင်း ဆေးလိပ်သောက်ခြင်း ကော်လာဂျင်ဆုံးရှုံးခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။
(၄) မျက်နှာလိမ်းခရင်မ်များက အရေးကြောင်းတွေကို လုံးဝဖယ်ရှားနိုင်တယ်ဆိုတာ မဟုတ်မှန်ဘဲ အစိုဓာတ်ထိန်းသိမ်းပေးတဲ့ အလှကုန်ပစ္စည်းတွေက အရေးကြောင်းလေးတွေကို ယာယီသာ ဖုံးအုပ်ပေးနိုင်တာ ဖြစ်ပါတယ်။
(၅) အရေးကြောင်းတွေက တသက်လုံးပြန်မပျောက်တော့ဘူးဆိုတာ အလုံးစုံမှန်ကန်ခြင်းမရှိဘဲ ဘိုတောက်စ်၊ အရေပြားဖြည့်တင်းဆေး၊ လေဆာကုသနည်း၊ ပလတ်စတစ်ခွဲစိတ်ခြင်းများဖြင့် အရေးကြောင်း အနည်းဆုံးကြောင်းဖြစ်အောင် ပြုပြင်နိုင်ပါတယ်။
(၆) မျိုးရိုးလိုက်တယ်ဆိုတာက အရေးကြောင်းပေါ်ပေါက်ရာမှာ အရေးပါပေမယ့် အခြားအချက်အလက်များကလည်း များစွာပါဝင် ပတ်သက်နေပါတယ်။
အရေးကြောင်းတွန့်များ ပေါ်ပေါက်ရတဲ့ အကြောင်းတရားအမှန်တွေကတော့..
(၁) အသက်အရွယ် ရလာတာနဲ့အမျှ အရေပြားက ခြောက်သွေ့လာပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့ကျလာကာ အရေးကြောင်းများ ဖြစ်ပေါ်လာပါတယ်။
(၂) အကာကွယ်မပါဘဲ နေရောင်ခြည်နဲ့ ထိတွေ့တာများတဲ့အခါ ကော်လာဂျင်နဲ့ အီလက်စ်တင်ဆုံးရှုံးပြီး ငယ်ရွယ်စဥ်မှာပင် အရေးကြောင်းများ ဖြစ်ပေါ်လာစေပါတယ်။
(၃) ဆေးလိပ်ကြောင့် အရေပြားကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့ကျလာကာ စောစီးစွာ အရေးကြောင်းပေါ်ပေါက်လာတတ်ပြီး ဆေးလိပ်မသောက်သူများထက် အရေးကြောင်းက ပိုပြီးထင်ရှားတတ်ပါတယ်။
(၄) မျက်နှာမှာ ရေဓာတ်ထိန်းသိမ်းခြင်း၊ ပုံမှန်ထိန်းသိမ်း စောင့်ရှောက်ခြင်းတို့ မပြုလုပ်ပါက အရေးကြောင်းပေါ်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။
(၅) မျက်နှာကို ခေါင်းအုံးပေါ်ဖိပြီး အိပ်စက်ခြင်းဖြင့် အချိန်ကြာလာတာနဲ့အမျှ အရေးကြောင်း ဖြစ်ပေါ်လာတတ်ပါတယ်။
(၆) စိတ်ဖိစီးမှုကြောင့် ကော်တီဆောလ်ဟော်မုန်း ထွက်ရှိကာ အရေပြားရှိ ကော်လာဂျင်ကို ဖြိုခွဲတဲ့အတွက် အရေးကြောင်းပိုမို ဖြစ်ပေါ်စေတတ်ပါတယ်။
Source: DoctorNDTV.
#World_Health
#YMG #Yangon_Times
Page 455 of 963