ဂျကာတာ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) -- အင်ဒိုနီးရှား ရှေ့နေချုပ်ရုံး (AGO) က ပညာရေး  ဝန်ကြီးဟောင်း နာဒီယမ် မာကာရမ်အား နိုင်ငံတော်အတွက် ငွေကြေး ၁.၉ ထရီလီယံ (အမေရိကန်  ဒေါ်လာ သန်း ၁၂၀) အထိ နစ်နာဆုံးရှုံးစေခဲ့သည်ဟု စွပ်စွဲခံထားရသော အကျင့်ပျက်ခြစားမှုအတွက် သံသယရှိသူအဖြစ် ကြာသပတေးနေ့က သတ်မှတ်လိုက်သည်။

အမှုမှာ မာကာရမ်၏ လက်ထက်တွင် မိတ်ဆက်ခဲ့သည့် နိုင်ငံတစ်ဝန်း ဒစ်ဂျစ်တယ်စနစ်ဖော်ဆောင်ရေး အစီအစဉ်၏ အဓိကမူဝါဒဖြစ်သော လက်ပ်တော့များ ဝယ်ယူရေးနှင့် ဆက်စပ်နေသည်။

စုံစမ်းစစ်ဆေးမှုများအတွက် AGO ၏ အထူးပြစ်မှုဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ နူရ်ကာယို ဂျောင်ကွန် မာဒီယိုက ဝန်ကြီးဟောင်းအား သံသယရှိသူအဖြစ် သတ်မှတ်ရန် လုံလောက်သော အထောက်အထားများ ရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်အား ငွေကြေးဆုံးရှုံးမှု ဖြစ်စေခြင်းနှင့် ပြည်သူ့ရန်ပုံငွေကို အလွဲသုံးစားလုပ်မှုတို့အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ၁၉၉၉ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးဥပဒေတို့အရ မာကာရမ်ကို တရားစွဲဆိုထားခြင်းဖြစ်သည်။