ကူမင်း၊ စက်တင်ဘာ ၆ (ဆင်ဟွာ) - တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းတွင် ကျင်းပလျက်ရှိသော ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာတောင်ပိုင်းနိုင်ငံများ မီဒီယာနှင့် တွေးခေါ်ပညာရှင်များ ဖိုရမ် (Global South Media and Think Tank Forum) တွင် ဆင်ဟွာသတင်းအေဂျင်စီမှ ဦးစီးဦးရွက်ပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းနိုင်ငံများ ပူးပေါင်း ဆက်သွယ်ရေး မိတ်ဖက်ကွန်ရက်ကို စက်တင်ဘာလ ၆ ရက် စနေနေ့၌ စတင်တည်ထောင် ဖွင့်လှစ် လိုက်သည်။
ပထမအသုတ် ပူးပေါင်းဆောင်ရွက်သော မိတ်ဖက်များတွင် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းနိုင်ငံများမှ နိုင်ငံနှင့် ဒေသ ၉၅ ခုရှိ မီဒီယာလုပ်ငန်း၊ တွေးခေါ်ပညာရှင်များနှင့် အခြားအဖွဲ့အစည်းပေါင်း ၁၀၀၀ ကျော် ပါဝင်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ဆင်ဟွာက ပထမဆုံးအကြိမ် အဆိုပြုခဲ့သည့် အဆိုပါ ကွန်ရက်သည် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းနိုင်ငံများ မီဒီယာနှင့် တွေးခေါ်ပညာရှင်များ ဖိုရမ်နှင့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းနိုင်ငံများ မီဒီယာသတင်းကွန်ရက် ဟူသည့် ပလက်ဖောင်းနှစ်ခုပေါ်တွင် အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားရန် မျှော်မှန်းထားသည်။
အဆိုပါ ကွန်ရက်သည် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အစည်းအဝေးများ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ အထူးသင်တန်းများ၊ ဓာတ်ပုံပြပွဲများနှင့် အခြားလှုပ်ရှားမှုများကို ဆက်တိုက်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ဤကွန်ရက်ကို ပူးပေါင်းဖန်တီးမှုစီမံကိန်းများ စတင်ခြင်း၊ တွေးခေါ်ပညာရှင် အစီရင်ခံစာများ၊ အထူးကဏ္ဍများ၊ပဏာမခြေလှမ်းများနှင့် သဘောတူညီချက်များ ထုတ်ပြန်ခြင်းတို့အပြင်၊ စုပေါင်းဆက် သွယ်ရေးစွမ်းအား မြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းနိုင်ငံများ၏ အသံကို မြှင့်တင်ရန်အတွက် ပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း အဆိုပါပွဲ၏ စီစဉ်သူများက ပြောသည်။
စနေနေ့တွင် စတင်ဖွင့်လှစ်ခဲ့သော ဖိုရမ်ကို ဆင်ဟွာသတင်းအေဂျင်စီ၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရတို့က ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။
Source: Xinhua