#World_Heatlh
Published_ 16 May 2023
အိပ်ရင်ဟောက်တတ်သူတွေနဲ့ သူတို့နဲ့အတူနေသူတွေဟာ ဦးနှောက်ကျန်းမာရေး ပိုမိုဆိုးရွားစေနိုင်ကာ အယ်လ်ဇိုင်းမားရောဂါနဲ့ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေပိုများကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အိပ်နေစဉ်အသက်ရှူကြပ်တာကြောင့် ကျယ်လောင်တဲ့ဟောက်သံထွက်ပေါ်လာကာ ရောဂါအခြေအနေများနဲ့ ဆက်စပ်နေနိုင်ကြောင်း မင်နီဆိုတာ မိုင်ယိုဆေးခန်းမှ ပြောကြားလိုက်ပါတယ်။
နှစ်ခြိုက်စွာအိပ်စက်မှု ၁၀ ရာခိုင်နှုန်းလျော့ကျသွားတိုင်း ဦးနှောက်ကိုပြောင်းလဲစေပြီး ဦးနှောက်အဖြူသားနေရာက ၂.၃ နှစ်အိုမင်းလာပါတယ်။
နှစ်ခြိုက်စွာအိပ်ပျော်မှု လျော့နည်းလာရင် ဖယ်ရှားရမယ့်အညစ်အကြေးများ စုပြုံလာကာ အယ်လ်ဇိုင်းမားဖြစ်နိုင်ချေမြင့်မားလာကြောင်း အထောက်အထားတွေ့ရှိထားပါတယ်။
လိုအပ်ချက်အတိုင်းမဆောင်ရွက်နိုင်တဲ့ နျူရွန်တွေက သေဆုံးသွားကာ ဦးနှောက်ကျုံ့သွားစေနိုင်ပါတယ်။
ပျမ်းမျှအသက် ၇၃ နှစ်ရှိပြီး အိပ်နေစဉ်အသက်ရှူကြပ်တတ်တဲ့ လူ ၁၄၀ ကိုလေ့လာခဲ့ကာ ဦးနှောက်ဓာတ်မှန်ရိုက်ပြီး အိပ်စက်စမ်းသပ်ခန်းမှာ ညလုံးပေါက်အိပ်စက်စေခဲ့ပါတယ်။
ပါဝင်စမ်းသပ်သူတွေထဲမှာ လေ့လာမှုစတင်ချိန်မှာ သိမြင်မှုဆိုင်ရာပြဿနာမရှိခဲ့ကြသလို ပြီးဆုံးချိန်မှာလည်း မှတ်ဉာဏ်ဆိုင်ရာပြဿနာများ မရှိခဲ့ပါဘူး။
အနည်းငယ်မျှ အသက်ရှူကြပ်သူ ၃၄ ရာခိုင်နှုန်း၊ အတန်အသင့်အသက်ရှူကြပ်သူ ၃၂ ရာခိုင်နှုန်း၊ ပြင်းပြင်းထန်ထန်အသက်ရှူကြပ်သူ ၃၄ ရာခိုင်နှုန်း အသီးသီးရှိခဲ့ပါတယ်။
လက္ခဏာတွေထဲကတစ်ခုကတော့ ဦးနှောက်ဓာတ်မှန်မှာ မြင်နိုင်တဲ့ ဒဏ်ရာငယ်လေးများဖြစ်ပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ သွေးတိုးမထိန်းနိုင်တာနဲ့အမျှ ပိုပြီးအဖြစ်များလာပါတယ်။
ဒီလက္ခဏာတွေကို ကုသရန်မဖြစ်နိုင်တာကြောင့် မဖြစ်ပွားအောင် ပိုဆိုးမလာအောင် ကာကွယ်ရန်နည်းလမ်းများ ရှာဖွေရန်လိုအပ်ကြောင်း မိုင်ယိုဆေးခန်းမှ ဒေါက်တာ'ဒီယေဂိုကာဗယ်လ်ဟို'က ပြောပြခဲ့ပါတယ်။
အိပ်ရေးမဝတဲ့အသက်ရှူကျပ်ခြင်းပြဿနာဟာ ကျန်းမာရေးပြဿနာကြီးဖြစ်ပြီး အန္တရာယ်လျော့ပါးစေတဲ့ ကုသမှုများ အကြံဉာဏ်များပေးနိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ လူအများစုက ဒီပြဿနာရှိနေတာကို မသိရှိကြပါဘူး။
အိပ်စက်ခြင်းအဆင့် ၅ ဆင့်မှာ အိပ်ချိန်တဝက်လောက်က အပေါ်ယံအိပ်စက်ခြင်းသာဖြစ်ပြီး ထိုအချိန်မှာ ဆူညံသံတွေ ဟောက်သံတွေကြောင့် နိုးလာတတ်ပါတယ်။
လေ့လာချက်များအရ လူ ၂၀.၂ ရာခိုင်နှုန်းဟာ အိပ်နေစဉ်အသက်ရှူကျပ်တတ်ပြီး ၃.၅ ရာခိုင်နှုန်းကသာ ကုသမှုခံယူနေကြကြောင်း ပြင်သစ်တက္ကသိုလ်တစ်ခုမှ ဆိုထားပါတယ်။
Source: Daily Mail
#World_Heatlh #အိပ်နေစဉ်ဟောက်တတ်ခြင်း #အယ်လ်ဇိုင်းမားရောဂါနှင့်လေဖြတ်ခြင်းအန္တရာယ်
#YMG #Yangon_Media_Group
#World_Heatlh
Published_ 16 May 2023
အိန္ဒိယမှာ နာတာရှည်ဆီးချိုရောဂါခံစားနေရသူ သန်းနဲ့ချီရှိနေပြီး ဆီးချိုရောဂါပထမအမျိုးအစားက ကိုယ်ခံအားတုန့်ပြန်မှုဖြစ်ကြောင့် ဖြစ်ပွားတာဖြစ်ကာ ဆီးချိုဒုတိယအမျိုးအစားကတော့ နေထိုင်စားသောက်မှုပုံစံအမျိုးမျိုးကြောင့် ဖြစ်ပွားတတ်ပါတယ်။
ပန်ကရိယမှ အင်ဆူလင်လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း၊ အင်ဆူလင်ကို ကောင်းစွာအသုံးမပြုနိုင်ခြင်းတို့ကြောင့် သွေးထဲရှိသကြားဓာတ်ပမာဏ အလွန်မြင့်မားလာကာ ရောဂါဖြစ်ပွားရပါတယ်။
ရောဂါအများစုမှာ ဆီးချိုသမားတွေက အချိုဓာတ်စားသုံးမှုလျှော့ချရန်နဲ့ သွေးတွင်းသကြားဓာတ် ဆောင့်မတက်စေနိုင်တဲ့ အစားအစာတွေ စားသုံးဖို့လိုပါတယ်။
ဆီးချိုရှိနေရင် သစ်သီးဝလံအများစုကို မစားသုံးသင့်ပါဘူး။
နွေရာသီမှာ သရက်သီးတွေ ပေါပေါများများသီးနေပေမယ့် လူအများစုကတော့ သရက်သီးဟာ အချိုဓာတ်ပါဝင်မှုများတယ်ဆိုပြီး ဆီးချိုသမားတွေ မစားသင့်ဘူးလို့ ယူဆထားကြပါတယ်။
ဒါပေမဲ့ သရက်သီးကို တော်သင့်ရုံစားပေးခြင်းက ခန္ဓာကိုယ်အတွက် အကျိုးရှိစေတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
သရက်သီးကိုအနည်းငယ်စားပေးခြင်းဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ အပိုလိုဆေးခန်းမှ ဆီးချိုဆရာဝန်ဒေါက်တာ'ပူလဲလာဆရီကာခရစ်ရှ်နာ'က ပြောပြခဲ့ပါတယ်။
သရက်သီးမှာ သကြားပါဝင်မှုမြင့်မားပေမယ့် ကာဗိုဟိုက်ဒရိတ်အနည်းငယ်သာပါဝင်တယ်လို့ ပြောပြသွားပါတယ်။
သရက်သီးမှာ ဗိုက်တာမင်-အီး၊ ကေ၊ ဘီတို့ အများအပြားပါဝင်ကာ ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်၊ ကြေးနီအပါအဝင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။
ဇီဝဖြစ်စဉ်နဲ့ပတ်သက်တဲ့ ရောဂါတွေကိုကုသရာမှာလည်း အရေးပါတဲ့ကဏ္ဍကပါဝင်နေပါတယ်။
နေ့စဉ် သရက်သီးတစ်လုံးစားပေးခြင်းဖြင့် ဆီးချိုအပြင် ကိုလက်စ်ထရောလ်များခြင်းကိုလည်း ကာကွယ်နိုင်မှာဖြစ်ကြောင်း ပြောပြပါတယ်။
ဒါပေမဲ့အများအပြားစားသုံးရင်တော့ သွေးတွင်းသကြားဓာတ် မညီမျှခြင်းဖြစ်စေကာ ဖျော်ရည်အနေနဲ့ မသောက်သုံးသင့်ကြောင်း အကြံပေးသွားပါတယ်။
သရက်သီးအစိမ်းကို ဒိန်ချဉ် ထမင်းတို့ဖြင့် စားသုံးခြင်းက ခန္ဓာကိုယ်ထဲက သကြားဓာတ်ကို လျှော့ချရမှာ အထောက်အကူဖြစ်စေပါတယ်။
ဆီးချိုသမားတွေစားသုံးနိုင်တဲ့ အခြားနွေရာသီအသီးများကတော့ မာလကာသီး၊ သင်္ဘောသီး၊ ကီဝီသီး၊ သစ်တော်သီး၊ သခွားမွှေးသီးတို့ဖြစ်ပါတယ်။
Source: India Today.
#World_Heatlh #ဆီးချိုရောဂါရှင် #သရက်သီးစားသုံးသင့်သလား
#YMG #Yangon_Media_Group
#World_Entertainment
Published_ 15 May 2023
နီတန်းဒိုးကုမ္ပဏီက ထွက်ရှိဖိုနှစ်အတော်ကြာစောင့်ခဲ့ရတဲ့ နှစ်ပေါင်း ၄၀ ကြာဂိမ်းဇာတ်လမ်းတွဲ 'ဇယ်လ်ဒါ'ကို ထွက်ရှိလိုက်ပြီဖြစ်ရာ တစ်ကမ္ဘာလုံးကပရိသတ်တွေအတွက်တော့ ၆ နှစ်လောက်စောင့်ဆိုင်းလိုက်ရပါတယ်။
#World_Entertainment #နီတန်းဒိုး #ဇယ်လ်ဒါဂိမ်းစီးရီးအသစ်
#YMG #Yangon_Media_Group
#Daily_News
Published_ 15 May 2023
၁။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံစူဠာမဏိဘုရား ရေဝပ်၍ ရေစုပ်ထုတ်ခြင်းများဆောင်ရွက်ပေးနေ
၂။ စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၂၀ သတ်မှတ် အရင်အပတ်ထက် ဈေးကျ
၃။ စက်သုံးဆီဈေးနှုန်း အကျဘက် ဆက်လက်တည်ရှိနေ
၄။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် နီတန်းဒိုး၏ ဇယ်လ်ဒါဂိမ်းစီးရီးအသစ် နောက်ဆုံးမှာထွက်ရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#ASEAN_Politics
Published_ 15 May 2023
ထိုင်းနိုင်ငံမှ အတိုက်အခံပါတီများဟာ ရွေးကောက်ပွဲအကြိုမဲကောက်ခံမှုတွေမှာ စောစီးစွာဦးဆောင်ထားနိုင်ပြီး ဆယ်စုနှစ်တစ်ခုနီးပါး အာဏာရထားတဲ့ ထိုင်းစစ်တပ်နဲ့ဆက်စပ်နေတဲ့ ကွန်ဆာဗေးတစ်ပါတီတွေအပေါ် အသာရနေပါတယ်။
တနင်္ဂနွေနေ့ကရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ ရရှိခဲ့ပြီး မဲဆန္ဒနယ်နေရာ ၄၀၀ ကိုတိုက်ရိုက်ရွေးကောက်နိုင်ခဲ့ကာ ကျန်နေရာများကတော့ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ခွဲဝေခဲ့ပါတယ်။
၂၀၂၀ ကဖွဲ့စည်းခဲ့တဲ့ Move Forward Party (MFP)ပါတီက မဲဆန္ဒနယ် ၁၁၅ နေရာရရှိရန်နီးစပ်နေပြီး ဘီလျံနာရှီနာဝပ်ထရာမိသားစုနဲ့ ဆက်စပ်နေတဲ့ 'ဖူထိုင်း'အတိုက်အခံပါတီကတော့ မဲဆန္ဒနယ် ၁၁၂ နေရာအနိုင်ရနိုင်ပါတယ်။
ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာရဲ့ ထိုင်းညီညွတ်ရေးအမျိုးသားပါတီကတော့ ၂၅ နေရာရနိုင်တယ်လို့ မျှော်မှန်းထားပါတယ်။
စစ်တမ်းများအရ နောက်ပိုင်းမှာတိုးတက်လာတဲ့ MFP ပါတီက ပထမအကြိမ်မဲဆန္ဒပေးသူ ၃.၃ သန်းအပါအဝင် လူငယ်များအပေါ်အခြေခံထားတာဖြစ်ပြီး ယင်းရဲ့လစ်ဘရယ်လမ်းစဉ်ကို အများအပြားထောက်ခံလာကြပါတယ်။
အဆိုပါလမ်းစဉ်ထဲမှာ လက်ဝါးကြီးအုပ်စိုးခြင်းကို ဖျက်ဆီးခြင်း၊ နိုင်ငံရေးအပေါ် စစ်တပ်ရဲ့အခန်းကဏ္ဍကို ယုတ်လျော့စေခြင်း၊ သဘောထားကွဲလွဲမှုများကို ဆန့်ကျင်ကန့်ကွက်တဲ့ တော်ဝင်မျိုးနွယ်စော်ကားမှုဆိုင်ရာ ဥပဒေများကိုပြင်ဆင်ခြင်းတို့ ပါဝင်ပါတယ်။
တရားဝင်မဟုတ်တဲ့ရလဒ်များအရ အတိုက်အခံပါတီတွေဟာ မျှော်မှန်းထားတာထက် ပိုမိုကောင်းမွန်နေပြီး သူတို့ရဲ့အောင်မြင်မှုက ဘုရင်စနစ်နဲ့ စစ်တပ်ရဲ့အစွန်းရောက်ပုံစံများကို ပြုပြင်ပြောင်းလဲချင်နေတဲ့ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနေပါတယ်။
ဘုရင်မဟာဝါဇီရာလောင်ကွန်းအာဏာ အဆုံးသတ်ရေးနဲ့ စစ်တပ်နောက်ခံပြုအုပ်ချုပ်မှုအဆုံးသတ်ရေးအတွက် ၂၀၂၀ ခုနှစ်က လူငယ်အုံကြွမှုဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ရွေးကောက်ပွဲ ကျင်းပတာဖြစ်ပါတယ်။
အတိုက်အခံပါတီတွေ အသာရနေပေမယ့် ဘယ်ပါတီကအုပ်ချုပ်ရမလဲဆိုတာ အာမခံချက်မရှိဘဲ ထိုင်းအစိုးရတပ်မတော်မှရေးဆွဲထားတဲ့ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်အသာရအောင် ဖန်တီးထားတာဖြစ်ပါတယ်။
မဟာမိတ်များ မဖွဲ့စည်းခင်နဲ့ ဝန်ကြီးချုပ်မရွေးချယ်ခင်မှာ နှစ်ဖက်အကြားဆွေးနွေးမှုတွေပြုလုပ်ဦးမယ့် သီတင်းပတ်ဖြစ်လာမယ်လို့ သုံးသပ်သူများက ခန့်မှန်းထားပါတယ်။
ကိုယ်စားလှယ်လောင်း အမည်တင်သွင်းရန် ပါတီတစ်ခုအနေနဲ့ အနည်းဆုံးနေရာ ၂၅ နေရာရှိရန်လိုအပ်ပြီး ဝန်ကြီးချုပ်ဖြစ်လာဖို့အတွက် လွှတ်တော် ၂ ရပ်စလုံးမှ ၃၇၆ မဲရရန်လိုအပ်ပါတယ်။
အစိုးရတပ်မတော်မှ ခန့်အပ်ထားတဲ့ အထက်လွှတ်တော်ကတော့ တပ်မတော်နဲ့ဆက်စပ်နေတဲ့ ပါတီများကို ထောက်ခံမဲပေးနိုင်ချေရှိနေပါတယ်။
စစ်တမ်းကောက်ခံချက်တွေမှာ ပရာယွတ်ရဲ့ပါတီက ရလဒ်မကောင်းပေမယ့် ဝန်ကြီးချုပ်အဖြစ်ပြန်လာနိုင်သလို ၂၀၁၉ ကလည်း အဆိုပါအထက်လွှတ်တော်ကပင် စစ်တပ်နဲ့ဆက်စပ်နေတဲ့ ပါတီများကိုထောက်ခံမဲပေးကာ ပရာယွတ်နေရာရအောင် တညီတညွတ်တည်း ကူညီခဲ့ကြပါတယ်။
ပါတီတစ်ခုစီမှ အနိုင်ရရှိထားတဲ့ အပြီးသတ်နေရာအရေအတွက်ကို ရက်သတ္တပတ်အတော်ကြာတဲ့အထိ ရွေးကောက်ပွဲကော်မရှင်က တရားဝင်အတည်ပြုနိုင်ဖွယ်မရှိပါဘူး။
Source: WION
#ASEAN_Politics #(၂၀၂၃)ထိုင်းနိုင်ငံရွေးကောက်ပွဲ #အတိုက်အခံပါတီများအသာရ
#YMG #Yangon_Media_Group
#World_Health
Published 15 May 2023
YouTube ယူကျုမကြာခဏကြည့်တတ်သူတွေဟာ အထီးကျန်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ခံစားရနိုင်ချေမြင့်မားကြောင်း လေ့လာတွေ့ရှိထားပါတယ်။
သုတေသီများက ယူကျုကြည့်တဲ့အချိန်မှာ စိတ်ကျန်းမာရေးအခြေအနေရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးနောက်ဆက်တွဲတွေကို နားလည်ရန်ရည်ရွယ်ခဲ့ပါတယ်။
ယူကျုကနေ အခြားလူတွေရဲ့ဘဝအကြောင်းအရာတွေကို ပုံမှန်ကြည့်ရှုလေ့ရှိတဲ့ အသက် ၂၉ နှစ်အောက်လူတွေဟာ ဆိုးကျိုးအခံစားရဆုံးလူတွေဖြစ်နေပါတယ်။
ဗီဒီယိုဖန်တီးသူတွေက သူတို့ဖော်လိုဝါတွေနဲ့ ဆက်ဆံရေးတည်ဆောက်ပုံကို ဒေါက်တာ'လုခ်ဘယ်ကွန်ဘီ'က စိုးရိမ်မိကြောင်းဖော်ပြလိုက်ပါတယ်။
အွန်လိုင်းကနေ ဆက်ဆံရေးတည်ဆောက်ရာမှာ လူမှုစိုးရိမ်ပူပန်မှုအတွက် ကွက်လပ်ဖြည့်ဆည်းနိုင်သလိုရှိပေမယ့် မျက်နှာချင်းဆိုင်အပြန်အလှန်ပြောဆိုမှုများ မပါဝင်တာကြောင့် ယင်းပြဿနာတွေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ရှင်းပြထားပါတယ်။
နဂိုကတည်းက စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အထီးကျန်ခြင်းတို့ ဖြစ်လွယ်တဲ့လူတွေဟာ ယူကျုကြောင့်ပိုမိုထိခိုက်နိုင်တယ်လို့ သုတေသီများတွေ့ရှိခဲ့တာဖြစ်ပါတယ်။
AI ၊ ဒီဂျစ်တယ်စိတ်ကျန်းမာရေးတိုင်းတာခြင်းများအသုံးပြုခြင်းဖြင့် စိတ်ကျန်းမာရေးလိုအပ်ချက်တွေ မြှင့်တင်ပေးနိုင်မယ့် ဖြေရှင်းချက်ကိုရရှိစေနိုင်တယ်လို့ ဆိုပါတယ်။
ယူကျုအသုံးပြုချိန်ကို လျှော့ချကန့်သတ်ဖို့နဲ့ အခြားလူမှုပေါင်းသင်းရေးတို့ကို ရှာဖွေကျင့်သုံးဖို့ ဒေါက်တာက အကြံပြုထားပါတယ်။
မိဘများအနေဖြင့် သူတို့ရဲ့ကလေးများ ယူကျုကိုကြာမြင့်စွာ မသုံးမိစေဖို့နဲ့ အကျိုးရှိတဲ့ဗီဒီယိုများကိုသာ ကြည့်ရှုမိစေဖို့ စောင့်ကြည့်သင့်ကြောင်းလည်း အကြံပြုထားပါတယ်။
ယူကျုအယ်ဂိုရစ်သမ်တွေကြောင့် သတ်သေခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို တုန့်ပြန်ဖို့မလုံလောက်သေးဘူးလို့လည်း သုတေသီများဆိုကြပါတယ်။
အကြောင်းအရာတွေက မိမိကိုယ်ကိုသတ်သေခြင်းနဲ့ ပတ်သက်တယ်လို့ မတွေ့ရသေးပေမယ့် လက်ရှိအယ်ဂိုရစ်သမ်က စိုးရိမ်စရာဖြစ်နေတယ်လို့ ဖော်ပြနေကြပါတယ်။
ထိခိုက်လွယ်တဲ့ ကလေးငယ်များဆယ်ကျော်သက်များအတွက် AI များမှတဆင့် စောင့်ကြည့်ဆောင်ရွက်နိုင်ရင်တော့ အကျိုးရှိနိုင်တယ်လို့ ဒေါက်တာက ဆိုပါတယ်။
Source: The Jerusalem Post #World_Health #YouTube #စိတ်ဓာတ်ကျခြင်းကိုဖြစ်စေသလား #YMG #Yangon_Media_Group
#World_Health
Published 15 May 2023
အခွံမာသီးတွေဟာ စားသမျှထဲမှာ အာဟာရအရှိဆုံးအရာတွေဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေပါဝင်ကာ နှလုံးအတွက်မရှိမဖြစ်ဖြစ်တဲ့အပြင် မကောင်းတဲ့ကိုလက်စ်ထရောလ်ကိုလျှော့ချပေးပြီး ဆံပင်ဖွံ့ဖြိုးခြင်းနဲ့ အသားအရည်အားဖြည့်ခြင်းတို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။
အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်တာဟာ သံဓာတ်နည်းပါးနေတာကြောင့် ဖြစ်နိုင်ပါတယ်။
အာယုဗေဒဆရာဝန် ဒေါက်တာ'ဒီဆာဘက်ဗ်ဆာဆာဗာလီယာ'က ခန္ဓာကိုယ်ထဲက သံဓာတ်ကိုတိုးများစေကာ တစ်နေ့လုံးအားအင်ရှိစေမယ့် အခွံမာသီးတွေအကြောင်း အင်စတာဂရမ်မှာ ဝေမျှခဲ့ပါတယ်။
- ဗာဒံစေ့
ဗာဒံစေ့မှာ ပရိုတိန်း၊ အမျှင်ဓာတ်၊ ဗိုက်တာမင်-အီး၊ ကယ်လ်စီယမ်၊ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ ရိုင်ဘိုဖလေဗင်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ဗိုက်တာမင်-ဘီတို့ ကြွယ်ဝစွာပါဝင်ပါတယ်။
ကိုလက်စ်ထရောလ်လျှော့ချပေးခြင်း၊ သွေးပေါင်ချိန်ထိန်းညှိပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းသိမ်းကာ မှတ်ဉာဏ်တိုးတက်စေခြင်း၊ ကင်ဆာကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးပါတယ်။
- စွန်ပလွံ
စွန်ပလွံတွေက ဆယ်လီနီယမ်၊ မန်ဂန်နိစ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီစတဲ့ အာဟာရဓာတ်များကြွယ်ဝပါတယ်။
ချက်ချင်းအားဖြည့်ပေးခြင်း၊ အသားအရည်ကောင်းမွန်စေခြင်း၊ အိပ်မပျော်ခြင်းကိုသက်သာစေခြင်း၊ အရိုးအတွက်ကောင်းစေခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
- အစိမ်းဖျော့ရောင်အခွံမာသီး
ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ၊ အမျှင်ဓာတ်၊ ပရိုတိန်း၊ ဗိုက်တာမင်-ဘီ၆၊ သိုင်ယာမင်းတို့ ကြွယ်ဝစွာပါဝင်ပါတယ်။
အိပ်စက်ခြင်း၊ မျက်လုံးကျန်းမာရေး၊ အူလမ်းကြောင်းကျန်းမာရေးတို့အတွက် ကောင်းမွန်စေကာ အူမကြီးကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။
- သစ်ကြားသီး
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝကာ ရောင်ရမ်းခြင်းကိုလျှော့ချပေးပြီး အူလမ်းကြောင်းကျန်းမာရေးနဲ့ မှတ်ဉာဏ်ကိုတိုးတက်စေတဲ့ အိုမီဂါ၃ဖက်တီးအက်ဆစ်များစွာ ပါဝင်ပါတယ်။
အမြဲတမ်းလေ့ကျင့်ခန်းပြုလုပ်ပြီး ကျန်းမာသန်စွမ်းနေတဲ့လူဆိုရင် အခွံမာသီးကြေညက်နေစေဖို့အတွက် နေ့စဉ်လက်တစ်ဆုပ်စာ စားပေးသင့်တယ်လို့ ဖော်ပြထားပါတယ်။
အလွန်အကျွံစားသုံးရင်တော့ အစာမကြေဖြစ်နိုင်ပြီး ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ နှလုံးပြဿနာ၊ ဝမ်းပျက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
Source: India Today #World_Health #သံဓာတ်မြှင့်တင်ပေးနိုင်မည့်အခွံမာသီး(၅)မျိုး
#YMG #Yangon_Media_Group
Page 448 of 870