#World_News
Published 17 October 2024


▪️ ကမ္ဘာပေါ်ရှိ မိန်းကလေးငယ် ၈ ဦးမှာ ၁ ဦးနှုန်း၊ တစ်နည်းအားဖြင့် ယနေ့အသက်ရှင်နေသေးတဲ့ အမျိုးသမီးပေါင်း သန်း ၃၇၀ ကျော်ဟာ အသက် ၁၈ နှစ်မပြည့်ခင် မုဒိမ်းကျင့်ခံရခြင်း ဒါမှမဟုတ် လိင်ပိုင်းစော်ကားခံရခြင်း ကြုံတွေ့ဖူးတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာဌာနက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြထားပါတယ်။

 

▪️ အွန်လိုင်းနဲ့ အပြောအဆိုပိုင်းဆိုင်ရာလိုမျိုး မထိတွေ့ရတဲ့ လိင်ပိုင်းအကြမ်းဖက်မှုတွေကိုပါ ထည့်တွက်ရင် လူပေါင်းသန်း ၆၅၀ ဒါမှမဟုတ် ၅ ဦးလျှင် ၁ ဦးနှုန်းအထိ မြင့်တက်သွားကြောင်း UNICEF ယူနီဆက်ဖ်က ဖော်ပြထားပါတယ်။

 

▪️ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ်တွေ အများဆုံး ထိခိုက်ခံရသလို ယောကျ်ားလေး သန်း ၂၄၀ မှ ၃၁၀ ဒါမှမဟုတ် ၁၁ ဦးလျှင် ၁ ဦးနှုန်းဟာလည်း ကလေးဘဝမှာ လိင်ပိုင်းစော်ကားမှုခံရတယ်လို့ ဆိုပါတယ်။

 

▪️ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုအတိုင်းအတာက အလွန်များပြားလွန်းတယ်လို့ UNICEF က ဖော်ပြပါတယ်။

 

▪️ ကလေးသူငယ်များနဲ့ ပတ်သက်တဲ့ ဥပဒေတွေ မြှင့်တင်ပြဌာန်းပြီး ကူညီပေးခြင်း အပါအဝင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ကြဖို့ အရေးတကြီးလိုအပ်ကြောင်း ချပြသွားပါတယ်။

 

▪️ ဆာဟာရတောင်ပိုင်း အာဖရိကဒေသတွေမှာ မိန်းကလေး ၇၉ သန်း ဒါမှမဟုတ် ၂၂ ရာခိုင်နှုန်းလောက် အများဆုံးခံစားနေရပြီး အရှေ့တောင်အာရှနဲ့ အရှေ့အာရှတို့မှာ ၇၅ သန်းရှိနေပါတယ်။

 

▪️ အာရှတောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ၇၃ သန်း၊ ဥရောပနဲ့ မြောက်အမေရိကမှာ ၆၈ သန်း၊ လက်တင်အမေရိကနဲ့ ကာရစ်ဘီယန်မှာ ၄၅ သန်း၊ မြောက်အာဖရိကနဲ့ အာရှအနောက်ပိုင်းမှာ ၂၉ သန်း ရှိမယ်လို့ ယူနီဆက်ဖ်က ခန့်မှန်းထားပါတယ်။

 

▪️ ဒီလိုကျူးလွန်မှုကြောင့် ကလေးတစ်ယောက်ဟာ ဘေးကင်းစိတ်ချရမယ်လို့ ယုံကြည်သင့်တဲ့နေရာမှာတင်ပဲ စိတ်ဒဏ်ရာဖြစ်ရတယ်လို့ ယူနီဆက်ဖ် အမှုဆောင်ညွှန်ကြားရေးမှူး ကက်သရင်းရပ်ဆဲလ်က ဆိုပါတယ်။

 

▪️ ကလေးသူငယ် လိင်ပိုင်းစော်ကားခံရတာဟာ အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်ကြားမှာ အများဆုံးဖြစ်ပြီး လိင်မှုရောဂါများ၊ စိတ်ကျန်းမာရေးပြဿနာများ ခံစားရနိုင်ခြေ များပါတယ်။

 

▪️ ယူနီဆက်ဖ်ရဲ့ ခန့်မှန်းချက်တွေက ၂၀၁၀ မှ ၂၀၂၂ အတွင်း နိုင်ငံဒေသပေါင်း ၁၂၀ ထံကနေ စစ်တမ်းကောက်ယူခဲ့ကြတာ ဖြစ်ပါတယ်။

 

#Source: The Jerusalem Post