'ပြည်တွင်းမှာကနဂိုကထဲကဝဥစားတာကနည်းတယ်၊ ပြည်ပကလောလောဆယ်မကောင်းသေးဘူး၊ နယ်စပ်လမ်းကြောင်းကလည်းပိတ်ထားတာလေနော် 'မြန်မာနိုင်ငံဝဥစိုက်ပျိုးတင်ပို့ရောင်းချသူများ အသင်းဥက္ကဌဦးကျော်သူ
#Local_News
Published_ 08 November 2023
#ဝဥခြောက် #ရှမ်းမြောက်တိုက်ပွဲ
#YMG/NN #Yangon_Times
#Local_News
Published-8 November 2023
ယခုအပတ်သုံးရက်တာအတွင်း ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ကန်ဒေါ်လာ ၂၀အထိ ကျဆင်းနေပြီး ရန်ကုန်အခေါက်ရွှေပြင်ပပေါက်ဈေးမှာလည်း တစ်ကျပ်သားကို ကျပ်သုံးသောင်းဝန်းကျင်ခန့်ကျဆင်းလာကြောင်း ရန်ကုန်ရွှေဈေးကွက်ထဲက သိရသည်။
ထိုသို့ကျဆင်းရာတွင် နိုဝင်ဘာ ၆ ရက်က ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ကန်ဒေါ်လာ ၁၉၈၅ ဒေါ်လာရှိခဲ့ရာမှ ယနေ့တွင် ကန်ဒေါ်လာ ၁၉၆၅ ဒေါ်လာအထိ ကျဆင်းလာခြင်းဖြစ်သည်။ ရန်ကုန်အခေါက်ရွှေပြင်ပပေါက်ဈေးနှုန်းမှာမူ သုံးရက်တာအတွင်း တစ်ကျပ်သားလျှင် ကျပ်သုံးသောင်းဝန်းကျင်အထိ ကျဆင်းနေခြင်းဖြစ်ပြီး ယနေ့တွင် ၃,၄၇၂,၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ အခေါက်ရွှေရည်ညွှန်းဈေးနှုန်းမှာ တစ်ကျပ်သားကို ၃,၁၀၄,၀၀၀ ကျပ် မှ ၃,၀၇၂,၇၀၀ ကျပ်အထိ ကျဆင်းလာခဲ့သည်။
အဆိုပါကဲ့သို့ ကမ္ဘာ့ရွှေဈေးနှုန်းအတက်အကျ အလိုက်မြန်မာ့ရွှေ ဈေးအတက်အကျ ဖြစ်နေသော်လည်း ပြည်တွင်းဈေးကွက်ထဲမှာမူ အရောင်းအဝယ်အေးနေပြီးကမ္ဘာ့ရွှေဈေးကျဆင်းနေခြင်းကြောင့် ပြည်တွင်းဈေးပါ လိုက်ပါကျဆင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်က ရန်ကုန်မီဒီယာဂရုကိုပြောသည်။
ရန်ကုန်ဈေးကွက်အတွင်းသို့ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းစသည့်ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လက်ဝတ်ရတနာအထည်ပျက်ကုန်ကြမ်းများ ဝင်ရောက်လေ့ရှိပြီး ရွှေလုပ်ကွက်များမှကုန်ကြမ်းများလည်း ဝင်ရောက်လေ့ရှိကြောင်း သိရသည်။
#Local_News #ကမ္ဘာ့ရွှေဈေးတစ်အောင်စ #ကန်ဒေါ်လာ၂၀ #YMG/NN #Yangon_Times
‘ကျိုက်ထီးရိုးမှာတန်ဆောင်တိုင် ရန်ကုန်ကရက်ကန်းအဖွဲ့က မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပဖို့ရှိပါတယ်။ အောက်တိုဘာလအတွင်း ပြည်တွင်းဘုရားဖူး တစ်သိန်းငါးသောင်းကျော်ဝင်ရောက်ခဲ့ပြီး ပြည်ပဘုရားဖူးတစ်သောင်းရှစ်ထောင်ကျော်ဝင်ရောက်ခဲ့တယ်။ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကိုရီးယား၊ သြစတြေးလျ၊ မတ်ဆီကို၊ တရုတ်၊ အမေရိကန်နိုင်ငံတို့မှ ဘုရားဖူးတွေနဲ့ လေ့လာသူတွေလာရောက်ခဲ့တယ်’’ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ဝင်တစ်ဦး
#Local_News
Published_ 08 November 2023
#ကျိုက်ထီးရိုးစေတီတော် #မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ
#tthl #Yangon_Times
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ထိတွေ့မှုတွေကြောင့် လားရှိုးမြို့ရှောင် လမ်းမကြီးပေါ်မှာ ခရီးရှေ့ဆက်မသွားနိုင်ဘဲ မော်တော်ယာဉ်များနဲ့ပြည်သူရာနှင့်ချီ ပိတ်မိနေတယ်လို့လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_ 08 November 2023
#လားရှိုးမြို့ရှောင်လမ်းမကြီး
#YMG/LW #Yangon_Times
#Local_News
Published 8 November 2023
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းမပေါ် ရွာမမှတ်တိုင်နှင့်ဆရာတော်ကြီး မှတ်တိုင်ကြားတွင် ကျောင်းအကြိုပို့ယာဉ်နှင့် ဆိုင်ကယ်မတော်တဆတိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းသူနှင့်ဆိုင်ကယ်ပေါ်တွင် စီးနင်းလာသည့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ထံက သိရသည်။
နိုဝင်ဘာ ၈ ရက် နံနက် ၇နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် ယာဉ်မောင်းနှင့် ပါလာသည့် ခရီးသည်တို့ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး တိုက်မိသည့် ကျောင်းကားလဲ အနည်းငယ်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
''ကျောင်းကားက လမ်းသွယ်ထဲက ထွက်လာတာ ဆိုင်ကယ်ကတော့ လမ်းမကြီးအတိုင်းမောင်းလာတာကနေ တိုက်မိတာဆိုင်ကယ်က ကယ်ရီဆွဲတဲ့ ဆိုင်ကယ်ဆိုင်ကယ်မောင်းတဲ့သူရယ် နောက်ကပါလာတဲ့ ခရီးသည်ရယ် ထိခိုက်ဒဏ်ရာရတယ်၊ ကျောင်းကားကတော့ အနည်းငယ် ပျက်စီးသွားတယ်၊ ကားပေါ်မှာတော့ ကလေးတွေမပါဘူး''ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို တွဲလက်လူမှုကူညီရေးအဖွဲ့မြေပြင်ရှေးဦးပြုစုခြင်းများ လုပ်ဆောင်ပေးပြီး အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ကျောင်းကားနှင့်ဆိုင်ကယ်တိုက်မိ #အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိ #YMG/LW #Yangon_Times
#Local_News
Published_ 08 November 2023
တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားပူးပေါင်းဆောင်ရွက်မှုအဖြစ် ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း (၃)ခုဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းများအတွက် ‘လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်ချုပ်’ဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း (၃) ခုသည် မြန်မာနိုင်ငံ မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင်တည်ရှိပြီး စုစုပေါင်းစက်တပ်အင်အားမှာ ၉၀ မဂ္ဂါဝပ်ဖြစ်ကာ အဆိုပါဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက်ပေးမည်ဖြစ်သည်ဟုဆိုသည်။
တရုတ်ကုမ္ပဏီဖြစ်သည့် POWERCHINA Resources Ltd နှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ပူးပေါင်း ဆောင်ရွက်သည့် ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၃) ခုအတွက် လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် တရုတ်နိုင်ငံမှ Myanmar Kyeeonkyeewa Solar Power.Co.,Ltd /Myanmar Kindar Solar Power.Co.,Ltd/ Myanmar Satoketayar Solar Power.Co.,Ltdတို့အကြား ကြီးအုံကြီးဝ(၃၀ မဂ္ဂါဝပ်)၊ ကင်းတား(၃၀မဂ္ဂါဝပ်)နှင့် စေတုတ္ထရာ(၃၀မဂ္ဂါဝပ်) နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း (၃)ခုအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရေးသဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။
အခမ်းအနား၌ သံအမတ်ကြီး Mr. Chen Hai နှင့် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းတို့ အမှာစကား ပြောကြားရာ တွင် သက်ဆိုင်ရာ နေရောင်ခြည်စွမ်းအင်သုံး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ တိုးတက်မှုရရှိခြင်းကို ချီးကျူးခဲ့ပြီး တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဖော်ဆောင်ကာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ဆောင်မှုပေး၍ မြန်မာပြည်သူများအတွက် ပိုများသည့် အကျိုးစီးပွားများသယ်ဆောင် လာမည့်သဘောထားကို ပြောကြားခဲ့သည်။
သံအမတ်ကြီး Mr. Chen Hai က ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်လည်းတွေ့ဆုံ၍ တတိယအကြိမ် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ် သဘောတူညီချက်ရလဒ်များကို အကောင်အထည် ဖော်ဆောင်ရေး၊ တရုတ်-မြန်မာလျှပ်စစ်ဓာတ်အား အပြန်အလှန် ချိတ်ဆက်မှုဖော်ဆောင်ရေး၊ မြန်မာနိုင်ငံ၏ “လျှပ်စစ်လိုအပ်ချက်”ကိုကူညီပေးဖြေရှင်းပေးရေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှု အတွက် အာမခံချက်ပေးရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စီမံကိန်းကုမ္ပဏီ အထွေထွေမန်နေဂျာ Mr. Jiang Xingcheng တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
#Local_News #တရုတ်-မြန်မာ #နေရောင်ခြည်သုံးဓာတ်အားပေး #tthl #Yangon_Times
#Local_News
Published 8 November 2023
ရာသီဥတုဖြစ်စဉ်များကြောင့် နွေရာသီရေရှားပါးမှု အခြေနေအား လျော့နည်းစေရန်အတွက် ငမိုးရိပ် ရေလှောင်တမံနှင့်ရေကူတမံများတွင် ရေပြည့်သို့လှောင်နိုင်သည့် ပမာဏထက် စုပေါင်း ဧကပေ ၂၀၇၈၉ ပေ ပိုမိုသိုလှောင်ထားကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ငမိုးရိပ်ရေလှောင်တမံ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ရေသိုလှောင်ထားနိုင်ရန်အတွက် ငမိုးရိပ်ရေလှောင်တမံရေပိုလွှဲတွင် Shutter များ ထောင်ပြီး တမံရေပြည့်မှတ်ထက် ရေပိုမိုသိုလှောင်စေရန်ဆောင်ရွက်ထားရှိပြီး အခြားရေကူတမံရှိ ရေပိုလွှဲများကို သဲအိပ်များဖြင့် ပိတ်ပြီး တမံရေပြည့်မှတ်ထက် ပိုပြီးရေသိုလှောင်နိုင်ရန် ဆောင်ရွက် ထားရှိကြောင်း သိရသည်။
''ရေပြည့်မှတ်ထက်ရေပိုလှောင်ထားလို့ ဆည်ရဲ့ခံနိုင်ရေအတွက် စိုးရိမ်စရာမရှိပါဘူး၊ အခုလဲ မိုးကုန်လောက်ပြီထင်လို့ စလှောင်တာပါ၊ နောက်ပိုင်းနဲနဲပါးပါးရွာလဲ ပြဿနာမရှိပါဘူး ခုထားတဲ့(RL-109.0')အမြင့်ထက်ပိုရင် ကျော်ကျသွားမှာပါ၊ ရာသီဥတုဖောက်ပြန်လို့ မိုးအရမ်းများပြီး ရေအရမ်းမြင့်လာရင်လဲ Shutterတွေက သူ့အလိုလိုလဲ သွားမှာပါ''ဟု ငမိုးရိပ်ရေလှောင်တမံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုသိုလှောင်ထားသည့် ရေပမာဏမှာ သောက်သုံးရေ နေ့စဉ် ဂါလံသန်း၁၃၀ နှင့် ရက်ပေါင်း၄၀ခန့် ပေးဝေနိုင်မည်ဖြစ်ကာ စိုက်ပျိုးရေအနေဖြင့် သုံးစွဲမည်ဆိုပါကလည်း နွေစပါး ဧက ၄၀၀၀ခန့် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #ငမိုးရိပ်ရေလှောင်တမံ #ပိုမိုသိုလှောင်ထား #YMG/LW #Yangon_Times
#World_News
Published 08 November 2023
စစ်အေးခေတ်လုံခြုံရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နေတိုး(NATO)အဖွဲ့ဝင် နိုင်ငံတွေဟာ ရုရှားနုတ်ထွက်ပြီး နာရီပိုင်းအကြာ အင်္ဂါနေ့မှာပဲ ယင်းတို့ပါဝင်မှုကို ရပ်ဆိုင်းလိုက်ကာ ဥရောပမှာ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်များနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ထွက်ပေါ်လာပါတယ်။
နေတိုး ၃၁ နိုင်ငံမဟာမိတ်တွေထဲက အများအပြားဟာ ယင်းတို့နယ်စပ်တွေမှာ စစ်အေးခေတ်ပြိုင်ဘက်များ တပ်ဖွဲ့နေရာချထားခြင်းမှ ကာကွယ်ရန် ရည်ရွယ်တဲ့ ဥရောပသမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့များ ငြိမ်းချမ်းရေးသဘောတူညီချက်ထဲမှာ ပါဝင်ထားကြပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပေမယ့် ၂ နှစ်ကြာတဲ့အထိ အတည်မပြုနိုင်သေးတဲ့အချိန် ၁၉၉၀ နိုဝင်ဘာလမှာ သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
မဟာမိတ်နိုင်ငံတွေက ငြိမ်းချမ်းရေး သဘောတူညီချက်အတိုင်း လိုက်နာနေထိုင်နေပြီး ရုရှားက မလိုက်နာတဲ့ အခြေအနေဟာ ရေရှည်တည်တံ့မှာ မဟုတ်တာကြောင့် အဖွဲ့ဝင်နိုင်ငံတွေက အင်္ဂါနေ့မှာ ထိုကဲ့သို့ရပ်ဆိုင်းလိုက်ကြတာ ဖြစ်တယ်လို့ နေတိုးက ပြောကြားလိုက်ပါတယ်။
ထိုနေ့အစောပိုင်းက ရုရှားဟာ သဘောတူညီချက်ကနေ နုတ်ထွက်ဖို့ အစီအစဥ် အပြီးသတ်လုပ်ဆောင်ပြီးပြီလို့ ပြောကြားခဲ့ပါတယ်။
နေတိုးတပ်ဖွဲ့များ ရုရှားနယ်စပ်ဘက်သို့ တိုးချဲ့လာတဲ့အပေါ် ရုရှားက အပြစ်တင်နေခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင် တင်ပြခဲ့တဲ့ မူကြမ်းကို လွှတ်တော်အမတ်များက အတည်ပြုခဲ့ကာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရှုတ်ချလိုက်ကြပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေ ယခုလို ရပ်ဆိုင်းလိုက်တာဟာ ရုရှားနုတ်ထွက်ပြီးနောက် စစ်ဘက်ဆိုင်ရာ နေရာချခြင်းတွေ၊ စစ်ရေးလေ့ကျင့်မှုတွေကို အတားအဆီးမရှိ လုပ်ဆောင်နိုင်မှာဖြစ်ပြီး နေတိုးရဲ့ တားဆီးကာကွယ်ရေး လုပ်ငန်းများ အားကောင်းစေမှာဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ်ဆာလီဗန်က ပြောပြခဲ့ပါတယ်။
ရုရှားရဲ့လုပ်ရပ်တွေက လက်နက်ထိန်းချုပ်ရေးအပေါ် ဆက်လက်ပြီး မထီမဲ့မြင်လုပ်နေတာကို ပေါ်လွင်စေတယ်လို့ ဆိုလိုက်ပါတယ်။
ဂျာမနီနဲ့ မဟာမိတ်တွေကနေ သဘောတူညီချက်ကနေ နုတ်မထွက်ဘဲ ရုရှားဘက်က အခြေခံမူပြောင်းလဲသွားတယ် ဆိုပါက သဘောတူညီချက် အသစ်တစ်ရပ် ပြုလုပ်နိုင်တယ်လို့ ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနက အလေးပေးဖော်ပြလိုက်ပါတယ်။
ဒါ့အပြင် ရုရှားနုတ်ထွက်ခြင်းအပေါ် ဝေဖန်လိုက်ကာ ရုရှားဟာ ဥရောပလုံခြုံရေးနဲ့ လက်နက်ထိန်းချုပ်ရေး လုပ်ငန်းစဥ်တွေရဲ့ နောက်ထပ်ထောက်တိုင်တစ်ခုကို ချိုးဖျက်လိုက်ပြီလို့ ပြောကြားလိုက်ပါတယ်။
ဥရောပမှာ တပ်ဖွဲ့မှာ ညီတူညီမျှ သတ်မှတ်ထားရှိဖို့ကိစ္စက ရုရှားမပါဝင်ဘဲ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ယူကရိန်းအရေးကြောင့် အမေရိကန်နဲ့ ရုရှားတို့ကြား တင်းမာမှုမြင့်တက်လာကာ နှစ်နိုင်ငံကြား လက်နက်ထိန်းချုပ်ရေး နောက်ဆုံးသဘောတူညီချက်ဖြစ်တဲ့ NEW START အစီအစဥ်မှာ ရုရှားက ဆက်လက်မပါဝင်တော့ပါဘူး။
နှစ်နိုင်ငံစလုံးဟာ ၁၉၈၇ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ တာလတ်ပစ်နျူကလီးယား ရပ်စဲရေးသဘောတူညီချက်ကို ၂၀၁၉ ခုနှစ်မှာ ရုတ်သိမ်းခဲ့ကာ ချိုးဖောက်မှုများရှိခဲ့တယ်လို့ အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။
လက်နက်ထိန်းချုပ်ရေး နောက်ထပ်လမ်းစဥ် ဘေးအန္တရာယ် ကျရောက်လာမှာ စိုးရိမ်နေရကြောင်း၊ ပိုမိုပွင့်လင်းမြင်သာပြီး ဘေးအန္တရာယ်နည်းတဲ့ အစီအစဥ်များ လိုအပ်ကြောင်း၊ လက်နက်အားပြိုင်မှု ဖြစ်မလာစေမယ့် ထိန်းချုပ်မှုများ လိုအပ်ကြောင်း လက်နက်ထိန်းချုပ်ရေးနှင့် နည်းပညာ ညွှန်ကြားရေးမှူး ဝီလျံအယ်လ်ဘာ့က ပြောပြသွားပါတယ်။
ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိန်းသိမ်းရာမှာ ရုရှားဘက်ကကြည့်ရင် အခြေခံလုံခြုံရေးအကျိုးစီးပွားအရ လက်သင့်ခံစရာမရှိဘဲ ယူကရိန်းနဲ့ နေတိုးချဲ့ထွင်လာမှုတို့က ထောက်ပြစရာ ဖြစ်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုလိုက်ပါတယ်။
#World_News #စစ်အေးကာလ လုံခြုံရေး #ရုရှားနုတ်ထွက် #Source: AP News
#Local_News
Published_ 8 November 2023
ရုရှား-မြန်မာ နှစ်နိုင်ငံအကြား နိုင်ငံသုံးငွေကြေးနှင့် ကုန်စည်များ (သို့မဟုတ်) ငွေကြေးပုံစံနှစ်မျိုးဖြင့် အသုံးပြုနိုင်သော ကုန်စည်များ ချိတ်ဆက်၍ ငွေကြေးတန်ဖိုး သတ်မှတ်ခြင်းအတွက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(Ros-Congress Investments Fund) မှ ကိုယ်စားလှယ် အဖွဲ့အား နိုဝင်ဘာ ၇ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ လက်ခံတွေ့ဆုံစဉ်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံအပြန်အလှန် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်ပေးချေမှုများအတွက် နှစ်နိုင်ငံသုံးငွေကြေး အသုံးပြုမှုကို မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးနိုင်ငံများ၏ ကုန်သွယ်မှုအပေါ်မူတည်၍ ကုန်စည်များအစုအဖွဲ့ကို အသုံးပြုပြီး ဒစ်ဂျစ်တယ်ငွေရေးကြေးရေးဆိုင်ရာရရန်ပိုင်ခွင့်တစ်ခု သတ်မှတ်၍ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်သွားနိုင်ရေး နှစ်ဖက်ပူးတွဲ လုပ်ငန်းအဖွဲ့က ဆက်လက်ညှိနှိုင်းဆောင်ရွက်နိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဗဟိုဘဏ်တို့၏ ဦးဆောင်မှုဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်မှ ရွေးချယ်ထားသည့် Evrofinance Mosnarbank နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ရွေးချယ်မည့် နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ်များမှ ဆက်လက်၍ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုကိစ္စရပ်များ ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲသို့ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီကော်မတီ၏ ဒုတိယဥက္ကဋ္ဌနှင့် အထက်လွှတ်တော်အမတ်၊ Evrofinance Mosnarbank ၏ ဥက္ကဋ္ဌ၊ ငွေရေးကြေးရေးဆိုင်ရာနည်းလမ်းများ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့အစည်း၏ သုတေသန အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါတယ်။
#ရုရှား-မြန်မာနှစ်နိုင်ငံ #ငွေကြေးပုံစံနှစ်မျိုး #ymg_mnn #Yangon_Media_Group
#Local_News
Published_ 8 November 2023
မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ကြီးဦးကိုကိုလှိုင်နှင့် သံအမတ်ကြီး H.E. Mr. Chen Hai တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)ဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai အား နိုဝင်ဘာ (၇) ရက်က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့စဉ်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#ymg_mnn #Local_News #မြန်မာ-တရုတ်နှစ်နိုင်ငံ #ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ #Yangon_Media_Group
#World_Health
Published 08 November 2023
အိပ်ရေးပျက်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အထိမခံနိုင်ခြင်း၊ ဦးနှောက်သိရှိမှုစွမ်းရည် ကျဆင်းခြင်းတို့ ဖြစ်နိုင်ပေမယ့် စိတ်အခြေအနေ တိုးတက်ဖို့အတွက် အကူအညီ ဖြစ်နိုင်ဖွယ်ရှိပါတယ်။
အိပ်ရေးပျက်တဲ့အခါ ဒိုပါမင်းပမာဏ မြင့်တက်လာပြီး ဦးနှောက်က ရက်အတော်ကြာအောင် နိုးကြားနေတတ်ကြောင်း အနောက်မြောက်ပိုင်း တက္ကသိုလ်မှ သုတေသီများ ကောက်နုတ်ခဲ့ကြပါတယ်။
သုတေသီတွေက ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေကို အိပ်ရေးပျက်အောင် ပြုလုပ်ပြီးနောက် သူတို့ရဲ့ ပြုမူလှုပ်ရှားပုံနဲ့ ဦးနှောက်လှုပ်ရှားမှုတို့ကို လေ့လာခဲ့ပါတယ်။
ရေရှည်အိပ်ရေးပျက်ခြင်းကို ကောင်းစွာလေ့လာခဲ့ပြီး ဘေးထွက်ဆိုးကျိုးတွေကို မှတ်တမ်းတင်နိုင်ခဲ့ပေမယ့် ခဏတာအိပ်ရေးပျက်တာကိုတော့ သိပ်ပြီး မလေ့လာခဲ့ကြဘူးလို့ ပရော်ဖက်ဆာ ယက်ဗ်ဂျနီယာကိုဇိုရိုဗစ်စကီက ပြောပြသွားပါတယ်။
လုံလောက်စွာ မအိပ်ရတဲ့အခါ ဦးနှောက်က ပြန်လည်ပုံစံဖော်ပြီး စိတ်ဓာတ်ကျခြင်းကို ဆန့်ကျင်တဲ့ အာနိသင်ပေးစွမ်းပါတယ်။
ကြွက်တွေကို ကောင်းစွာအိပ်မရအောင် ပြုလုပ်ပေမယ့် စိတ်ဖိစီးမှု သိသိသာသာ ဖြစ်မလာအောင်လည်း ဂရုစိုက်လုပ်ဆောင်ခဲကြပါတယ်။
သိပ္ပံနည်းကျ ပစ္စည်းကိရိယာများကို အသုံးပြုပြီး စိတ်အခြေအနေကို ထိန်းညှိရာမှာ အရေးပါတဲ့ ဒိုပါမင်းနျူရွန်တွေကို လေ့လာခဲ့ကြပါတယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းဖြစ်စဥ်က အန္တရာယ်တစ်ခုခု ကြုံတွေ့မှာစိုးတဲ့အတွက် အိပ်စက်ချင်စိတ် ဖုံးကွယ်ပြီး ဦးနှောက်က စွမ်းဆောင်ရည်မြင့်မားနေစေတဲ့ သဘောမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ စိတ်ဓာတ်ကျခြင်းကို ဖြေရှင်းရာမှာ မအိပ်ဘဲနေတာမျိုးထက် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အားကစားခန်းမသို့ သွားခြင်းတို့ ပြုလုပ်ပေးဖို့ ကျွမ်းကျင်သူများက တိုက်တွန်းထားပါတယ်။
#World_Health #အိပ်ရေးပျက်ခြင်း #ဒိုပါမင်းပမာဏမြင့်တက် #Source: WION
#World_Health
Published 08 November 2023
ရင်သားကင်ဆာရောဂါဟာ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ဝေဒနာဖြစ်ပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်တာကို သိရှိထားဖို့ အရေးကြီးပါတယ်။
အမျိုးသားတွေမှာ ရင်သားကင်ဆာက ဖြစ်နိုင်ခြေနည်းပေမယ့် စောစီးစွာသိရှိပြီး အချိန်မီကုသဖို့ လိုအပ်ပါတယ်။
အမျိုးသမီးတွေနဲ့ယှဥ်ရင် ဖြစ်လေ့မရှိပေမယ့် တစ်နှစ်ကို ၈၃၃ ဦးနှုန်း ဖြစ်ပွားနေပါတယ်။
အမျိုးသားတွေက နို့ရည်ပြွန်၊ ဂလင်း၊ ရင်သားတစ်ရှူးတွေမှာ ကင်ဆာဖြစ်တတ်ပါတယ်။
အမျိုးသားတွေမှာ ရင်သားတစ်ရှူးနည်းပါးခြင်းက အကျိတ်တွေကို စောစီးစွာ မတွေ့ရှိဘဲ နောက်ကျမှ သိရှိတတ်ကြပါတယ်။
ရောဂါလက္ခဏာများ အနေနဲ့ ရင်သားတွေမှာ မနာကျင်တဲ့ အဖုများ၊ ရင်သားကို ဖုံးအုပ်ထားတဲ့ အရေပြားမရွေ့လျားနိုင်ခြင်း၊ နီမြန်းခြင်း၊ အရေခွံကွာခြင်း၊ နို့သီးခေါင်းအထဲဝင်ခြင်းတို့ ဖြစ်တတ်ပါတယ်။
အမျိုးသားများ ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲမှာ အသက်အရွယ်၊ မျိုးရိုးဗီဇ၊ မိသားစုထဲမှာ ရင်သားကင်ဆာဖြစ်ခြင်း၊ ဓာတ်ရောင်ခြည် ဟော်မုန်းကုသဖူးခြင်း၊ မျိုးပွားအင်္ဂါနဲ့ ဆက်စပ်ရောဂါဖြစ်ဖူးခြင်း၊ အသည်းရောဂါ၊ အဝလွန်ခြင်းတို့ ဖြစ်ပါတယ်။
အမျိုးသားများမှာ ရင်သားကင်ဆာ ကုသနိုင်တဲ့ နည်းလမ်းများကတော့..
(၁) ကင်ဆာဖြစ်တဲ့ အစိတ်အပိုင်းကို ခွဲစိတ်ဖယ်ရှားတာက ထိရောက်ပြီး အသုံးများတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
(၂) ဓာတုကုထုံးနည်းလမ်းဖြင့် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်ပါတယ်။
(၃) ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ ကင်ဆာဆဲလ်တွေထဲ မရောက်ရှိအောင် ဟော်မုန်းကုထုံးနည်းလမ်းဖြင့်လည်း ကုသနိုင်ပါတယ်။
(၄) ဓာတ်ရောင်ခြည်ကို အသုံးပြုကာ ခန္ဓာကိုယ်ထဲက ကင်ဆာဖြစ်တဲ့နေရာကို ပစ်မှတ်ထား အသုံးပြုနိုင်သလို အခြားနေရာတွေသို့ ပျံ့နှံ့သွားတဲ့ ကင်ဆာတွေကိုလည်း ကုသနိုင်ပါတယ်။
(၅) နေရာတစ်ခုကို ပစ်မှတ်ထားကုသတဲ့ နည်းလမ်းကတော့ ကင်ဆာပျံ့နှံ့ကြီးထွားခြင်းတို့မှာ ပါဝင်တဲ့ မျိုးဗီဇပစ္စည်းတွေနဲ့ ပရိုတိန်းတွေကို ပစ်မှတ်ထား ကုသတာဖြစ်ပါတယ်။
#World_Health #အမျိုးသားရင်သားကင်ဆာ #ကုသနည်းလမ်းများ
Source: DoctorNDTV
Page 698 of 1705