၁၅ အောက်တိုဘာ ၂၀၂၄

မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီအစိုးရ သက်တမ်းကာလမှာ ထိန်းသိမ်းရမယ့် ပြည်တွင်းရေး လျှို့ဝှက်ချက်တွေ အလွယ်တကူပေါက်ကြားစေခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန် ပြောကြားလိုက်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း(၉)နှစ်မြောက် နှစ်ပတ်လည်နေ့သို့   ပေးပို့သည့် ဗီဒီယိုမိန့်ခွန်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြော   ကြားခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီအစိုးရ သက်တမ်းကာလမှာ တစ်ခါတုန်းက မြန်မာ့ သမိုင်းထဲက လို တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားမှုလွန်ကဲခြင်းတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေဆုံးရှုံးခဲ့ရသလို မဖြစ်မနေထိန်းသိမ်းရမယ့် ပြည်တွင်းရေးလျှို့ဝှက်ချက်တွေကိုလည်း အလွယ်တကူပေါက်ကြားစေခဲ့ ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးက မည်သည့်အစိုးရဆိုပြီး အတိအကျပြောမသွားသော်လည်း ဒုတိယအကြိမ် ဒီမိုကရေစီ အစိုးရ သက်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရပါတီအဖြစ် နိုင်ငံရေးအာဏာရယူခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခွင့်ရခဲ့ကြတဲ့ အစိုးရအာဏာပိုင်တွေကအစ ဒီမိုကရေစီကျင့်စဉ်ကိုလွဲမှားစွာကျင့်သုံးခဲ့ကြတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက အပြစ်တင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်းအဲဒီအချိန်က အစိုးရရဲ့ မဲမသမာမှုလုပ်ရပ်များဟာ အလွန်အကျည်းတန်စွာ မြန်မာ့သမိုင်းစဉ်မှာ အမည်းစက်ကြီး   အဖြစ် ကျန်ရစ်ခဲ့တာအားလုံးသိပြီးဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။

ရှေ့လုပ်ငန်းစဉ် (၅)ရပ်ရဲ့ နောက်ဆုံးအချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို‌ အောင်မြင်စွာ ကျင်းပပေးနိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောဆိုပါတယ်။ ရွေးကောက်ပွဲမှာ ပါတီစုံ ပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုလိုက်ပြီး နယ်မြေဒေသအလိုက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေရောက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော့်အနေနှင့်ရွေးကောက်ပွဲ ကာလများမှာ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများကိုတွက်ဆပြီး လုံခြုံရေး    ကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်သလို သက်ဆိုင်ရာ EAO များကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက လက်ရှိလုံခြုံရေးအခြေအနေနှင့်ဆက်စပ်ပြီး ပြောကြားပါတယ်။ လာမည့် ၂၀၂၅ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ဗိုလ်ချုပ်မှူးကြီးက ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူပြီးဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲဆိုင်ရာ အကြိုလုပ်ငန်းစဉ်ကဏ္ဍများမှာ EAO များရော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကပါလုံခြုံရေးအသိ၊ လုံခြုံရေးအမြင်များထားရှိပြီး ကိုယ်စီကိုယ်စီတစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့နဲ့ နိုင်ငံ့သားကောင်းစိတ်ဓာတ်တို့ကို ပြသကြဖို့ လည်း ဗိုလ်ချုပ်မှူး    ကြီးက မိန့်ခွန်းမှာ တိုက်တွန်းပြောဆိုသွားပါတယ်။

#ymg/knl