#LocalNews
Published - 9 May 2022
ရှမ်းမြောက်ဒေသ၊ ကျောက်မဲမြို့အနီးရှိ ယခင်တိုက်ပွဲဖြစ်ပွားရာနေရာများမှ မြေမြှုပ်မိုင်းများကို ဖော်ထုတ်ရှင်းလင်းပေးဖို့ ဒေသခံများက လိုလားလျက်ရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 9 May 2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များအား ယခုမေလ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တက္ကသိုလ်/ဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များ၏ လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ပေးရေးနှင့် ထောက်ပံ့ငွေချီးမြှင့်ခြင်း အခမ်းအနားကို ဒီကနေ့ မေလ ၉ ရက်၊ နံနက်(၁၁)နာရီ အချိန်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက "တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် နေပြည်တော်ကောင်စီအနေဖြင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို တင်ပြပေးစေလိုပါတယ်။ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ဆရာ/ဆရာမများ အောင်မြင်စွာ သင်ကြားပို့ချနိုင်ရေးတိုအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပေါင်းစပ်ဆောင်ရွက်ပေးစေလိုပါတယ်" လို့ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် တက္ကသိုလ်များဖွင့်လှစ်ချိန်တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများရှိပါကလည်း ထိုးနှံပေးသွားမှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြောပါတယ်။
ယနေ့ အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တက္ကသိုလ်/ ဒီဂရီကောလိပ်များအား တစ်ကျောင်းလျှင် ငွေကျပ်ငါးသိန်းနှုန်းကို သက်ဆိုင်ရာ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များထံ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ - နေပြည်တော် ကောင်စီ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 9 May 2022
မိုးရာသီမှာ ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံတွေ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေဖို့အတွက်ကြိုတင်ကာကွယ်ရေးတွေအနေနဲ့ ရေစီးလမ်းကြောင်းတွေပြန်လည်ဖော်ထုတ်တာ၊ တည့်မတ်တာတွေဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန(ပုဂံဌာနခွဲ)မှသိရပါတယ်၊၊
ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံတွေ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေဖို့နဲ့ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မိုးရာသီမတိုင်မီ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ဖို့ မူလရေလမ်းကို အခြေခံပြီး ညောင်လက်ဖက်ကန်မှ အာနန္ဒာဘုရားအနီးမှတစ်ဆင့် ပုဂံမြိုရိုးအရှေ့ဘက် ကျူံးအထိ ရေစီးဆင်းဖို့ လမ်းကြောင်းတွေ၊ အနော်ရထာလမ်းပေါ်မှာ ရေကျော်(၂)နေရာ ပြုလုပ်မယ့်နေရာတွေနဲ့ မနူ၊ မရွဲကန်တွေမှ ပုဂံမြို့ရိုးတောင်ဘက် ကျုံးအတွင်းထိ ရေစီးဆင်းဖို့လမ်းကြောင်းများ ပြန်လည်ဖော်ထုတ်နိုင်ဖို့နဲ့ ရေလမ်းကြောင်းတွေ ပြန်လည်တည့်မတ်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်၊၊
အဲဒီ့ဆောင်ရွက်မှုတွေကို ပုဂံဌာနခွဲမှ တာဝန်ခံညွှန်ကြားရေးမှူး၊ ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ ဒုတိယညွှန်ကြားရေးမှူနဲ့ သုတေသနဌာနစုတို့မှ လက်ထောက်ညွှန်ကြားရေးမှူးတွေ၊ လက် ထောက်အင်ဂျင်နီယာများ၊ ဦးစီးအရာရှိနဲ့ ဝန်ထမ်းတွေက ကွင်းဆင်းကြည့်ရူစစ်ဆေးပြီး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#DailyNews
Published - 9 May 2022
၁။ ကျောက်မဲမြို့အနီးရှိ တိုက်ပွဲဖြစ်ပွားရာနေရာများမှ မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးဖို့ ဒေသခံများလိုလား။
၂။ သဘာဝတရားရိပ်သာတွင် တစ်လကို လူဦးရေ(၁၅၀)လောက် တိုးနေ၊စားဖို့ဆန်များ လိုအပ်ဟုဆို။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပူပြင်းလှတဲ့အိန္ဒိယရာသီဥတုမှာ ငှက်သတ္တဝါများအသက်ရှင်ရန်ခက်ခဲလျက်ရှိ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published 09 May 2022
အမေရိကန်သမ္မတကတော်'ဂျေလ်ဘိုင်ဒန်'က ယူကရိန်းပြည်သူတွေကို အားပေးထောက်ခံတဲ့အနေနဲ့ ရုရှားတို့ကျူးကျော်တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ယူကရိန်းနိုင်ငံသို့ တနင်္ဂနွေနေ့က မမျှော်လင့်ဘဲ သွားရောက်လည်ပတ်ခဲ့ပါတယ်။
ယူကရိန်းစစ်ဘေးရှောင်များ ယာယီခိုလှုရာ ကျောင်းတစ်ကျောင်းကို သွားရောက်ခဲ့ပြီး ယူကရိန်းသမ္မတကတော်'အိုလီနာဇယ်လန်စကာ'နဲ့ တွေ့ဆုံခဲ့ပါတယ်။
"ဒီလိုကြမ်းတမ်းရက်စက်တဲ့ စစ်ပွဲကြီးကို ရပ်တန့်သွားရမှာဖြစ်ပြီး အမေရိကန်တို့က ယူကရိန်းပြည်သူတွေဘက်က ရပ်တည်ထောက်ခံကြောင်း သက်သေပြဖို့လိုအပ်တယ်ထင်ပါတယ်" ဆိုတဲ့ 'ဘိုင်ဒန်'ရဲ့ပြောကြားချက်ကို ဝါရှင်တန်ပိုစ်သတင်းထောက်က အခြားမီဒီယာများထံ ဝေမျှတင်ဆက်ပေးခဲ့ပါတယ်။
အဆိုပါစာသင်ကျောင်းမှာ စစ်ဘေးရှောင်ယူကရိန်းနိုင်ငံသား ၁၆၃ ဦးခိုလှုံ့လျက်ရှိပြီး ကလေးငယ် ၄၇ ဦးပါဝင်နေပါတယ်။
'ဂျေလ်ဘိုင်ဒန်'ဟာ ယူကရိန်းအိမ်နီးချင်းဆလိုဗေးကီးယားနိုင်ငံကို ခရီးထွက်လာတာဖြစ်ပြီး ရုရှားတိုစတင်ကျူးကျော်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ်အများရှေ့ထွက်ပြလာတာဖြစ်ပါတယ်။
'ဘိုင်ဒန်'က 'ဇယ်လန်စကာ'ကို ပန်းစည်းပေးအပ်ခဲ့ပြီး သမ္မတကတော်နှစ်ယောက် ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပါတယ်။
စစ်မြေပြင်နိုင်ငံကိုလာရောက်လည်ပတ်တာဟာ ရဲရင့်တဲ့လုပ်ရပ်ဖြစ်တယ်လို့ 'ဘိုင်ဒန်'ကို 'ဇယ်လန်စကာ'က မှတ်ချက်ပြုလိုက်ပါတယ်။
"စစ်ပွဲဖြစ်ပွားရာနိုင်ငံ ပစ်ခတ်တိုက်ခိုက်မှုတွေနေ့စဉ်ဖြစ်ပွားနေတဲ့နိုင်ငံကို အမေရိကန်သမ္မတကတော်လာရတာ ဘယ်လောက်အထိအန္တရာယ်များလဲဆိုတာ ကျွန်မတို့နားလည်ပါတယ်၊ ဒီနေ့တင်ပဲ လေကြောင်းအန္တရာယ်ဉဩသံကြားလိုက်ရပါသေးတယ်၊ အမေရိကန်တွေရဲ့ထောက်ခံမှုနဲ့ သမ္မတရဲ့ဦးဆောင်လှုပ်ရှားမှုကိုလည်း ကျွန်မတို့သိရှိသဘောပေါက်ထားပါတယ်၊ ကျွန်မတို့အလေးအနက်ထားတဲ့ အမေများနေ့မှာ လာရောက်လည်ပတ်တာဟာ ဘယ်လောက်အထိအရေးပါလဲဆိုတာ သိရှိခံစားရပါတယ်" လို့ စကားပြန်မှ တစ်ဆင့်ပြောကြားသွားပါတယ်။
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'ဟာ ရုရှားအပေါ်စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရာမှာ ဦးဆောင်လှုပ်ရှားနေသူဖြစ်ပြီး ရုရှားသမ္မတ'ပူတင်'ကို စစ်ပွဲရပ်တန့်ဖို့ တွန်းအားပေးနေပါတယ်။
'ဂျိုးဘိုင်ဒန်'က ကျူးကျော်စစ် စတင်ဖြစ်ပွားပြီးကတည်းက ယူကရိန်းကို လာရောက်ခြင်းမရှိသေးပေမယ့် အမေရိကန်ထိပ်သီးအရာရှိတွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'၊ ကာကွယ်ရေးဝန်ကြီး'လွိက်အော်စတင်'နဲ့ လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုဆီ'တို့ဟာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်းက ယူကရိန်းမြို့တော်သို လာရောက်လည်ပတ်ခဲ့ပါတယ်။
'ဂျေလ်ဘိုင်ဒန်'ဟာ ယူကရိန်းကိုလာရောက်လည်ပတ်ပြီးနောက် နယ်စပ်ကနေဖြတ်ပြီး ဆလိုဗေးကီးယားကိုပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#LocalNews
Published_9 May 2022
ကရင်အမျိုးသားအစည်းအရုံး (KNU)အနေဖြင့် သက်ဆိုင်သူများ အားလုံးပါဝင် ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့်အတွက် မတက်ရောက်နိုင်ဟုလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-မကဒတ( ABSDF) က ယခု ငြိမ်းချမ်းရေး ကမ်းလှမ်းချက်တွင် အားလုံးပါဝင်သည့် တန်းတူရည်တူဆွေးနွေး အဖြေရှာရန် ပြည့်စုံလုံလောက်သော အခင်းအကျင်းမရှိသည့်အတွက်ကြောင့်ဟုလည်းကောင်း ထုတ်ပြန်ထားကြခြင်း ဖြစ်သည်။
“မိမိတို့နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်လိုလျှင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်လိုသည့် သက်ဆိုင်ပတ်သက်သူများ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးအဖြေရှာသည့် တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်ရပါမည်။ ယခုဖိတ်ကြားမှုသည် ကန့်သတ်ဖိတ်ကြားမှု ပုံစံဖြစ်နေပြီး သက်ဆိုင်ပတ်သက်သူများ အားလုံး ပါဝင်ခြင်းမရှိသည့်အတွက် ဖိတ်ကြားမှုတွင် မျှော်မှန်းထားသကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို မရရှိနိုင်သလို လက်နက်ကိုင်ပဋိပက္ခများလည်း ချုပ်ငြိမ်းနိုင်မည်မဟုတ်ဟု ရှုမြင်သုံးသပ်ပါသည်။ သို့ဖြစ်၍ သက်ဆိုင်သူများ အားလုံးပါဝင်ဆွေးနွေးသည့် အခင်းအကျင်းမဖြစ်သည့်အတွက် တက်ရောက်မည်မဟုတ်ပါ”ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် KIO ၊ KNPP ၊ CNF တို့ကလည်း အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။ ယင်းအထဲတွင် နစက အနေဖြင့် CNF ကို ဖိတ်ကြားထားခြင်းမရှိခဲ့ကြောင်းလည်း ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့က သိရသည်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) က “ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုသည် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် တွေ့ဆုံဆွေးနွေးမှု မဖြစ်သကဲ့သို လက်ရှိဖြစ်နေသည့်နိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းဖော်ထုတ်မှု မဟုတ်သဖြင့် ဤဖိတ်ခေါ်မှုသည် တွေ့ဆုံဆွေးနွေးရန်အတွက် အချိန်ကောင်းမဟုတ်" ဟု ထုတ်ပြန်ဖော်ပြထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO) များအား ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမည်ဖြစ်၍ မေလ ၉ ရက် ယနေ့ နောက်ဆုံးထားစာရင်းပေးစေလိုပါကြောင်း ဧပြီ ၂၂ ရက်က ပြောကြားထားခြင်း ဖြစ်သည်။
ယင်းဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထားကြသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး (ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ- KNU-KNLA-(PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း PPST ၏ တာဝန်ရှိသူက ပြောသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 9 May 2022
အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)”ရဲ့ အရှိန်ကြောင့် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာတွေဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်၊၊
ပြည်တွင်းလေကြောင်းပျံသန်းရေးတွေ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားပါတယ်၊၊
ပြည်သူတွေအနေနဲ့ အခုလိုမိုးကြိုကာလတွေ၊ မုတ်သုန်အဝင်ကာလတွေမှာ မိုးကြိုးအန္တရာယ်၊လေပြင်းအန္တရာယ်၊ ရေကြီးခြင်း အန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် အထူးသတိထားဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းကလည်း ကြိုတင်သတိပေးထားပါတယ်၊၊
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ (Asani)”ရဲ့လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ မိုးသည်းထန်တာ၊ လေပြင်းတိုက်တာတွေဖြစ်ပေါ်နေပြီး သစ်ပင်သစ်ကိုင်းများ ကျိုးကျတွေဖြစ်ပေါ်နေပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 9 May 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သောတပန်ရပ်ကွက်၊ တောင်ရိုးလမ်း(သီတဂူလမ်း)၊ မြစင်္ကြာကျောင်းတိုက်ဝန်းအတွင်းရှိ သစ်ပင်လဲကျပြီး လမ်းပိတ်ဆိုမှု့ဖြစ်စဥ်တစ်ခု ဒီကနေ့မေလ ၉ ရက်၊ နံနက် ၅ နာရီအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သစ်ပင်လဲကျမှု ဖြစ်ပွားရာသို့ စစ်ကိုင်းမြိုနယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သောတပန်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ သုခကာရီလူမှုကူညီရေးအသင်းဝင်များနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ခဲ့ရတယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ယင်းဖြစ်စဥ်ကြောင့် လူနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#LocalNews
Published_9 May 2022
ရခိုင်ပြည်နယ် ကျောက်တော်မဟာမုနိစစ်ဘေးရှောင်စခန်းတွင် ယနေ့ မေလ ၉ ရက် နံနက် တစ်နာရီခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် နေအိမ် ၄၃၂ ရှိသည့်အနက် နေအိမ် ၂၆၀ ကျော် ဆုံးရှုံးသွားကြောင်း သိရသည်။

"လက်ရှိအနေအထားကတော့ နေရာချဖို့ သက်ဆိုင်ရာက စီစဉ်မှာပါ။အခုတော့ စာသင်ကျောင်းနဲ့ ရထားဘူတာရုံအဆောင်မှာ နေကြတယ်။လူတွေတော့ ဘာမှမဖြစ်ဘူး။ဒါပေမယ့် အကူအညီတွေလိုနေပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
ရခိုင် ပြည်နယ်မီးသတ်ဦးစီးဌာနက ယင်းမီးလောင်မှုမှာ နေအိမ်တစ်ခု၏ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ဝါးထရံကို ကူးစက်လောင်ကျွမ်းရာမှာ အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ဆုံးရှုံမှုတန်ဖိုးကို တွက်ချက်နေကြောင်း ထုတ်ပြန်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်ကလည်း မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၆၆၀ ကျော် မီးလောင်ဆုံးမှုဖြစ်ပွားခဲ့သေးသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 9 May 2022
ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးက အသက်(၆၅)နှစ်ပြည့်တဲ့အထိ နှစ်ပေါင်း(၅၆)နှစ်တိတိကြက်ခြေနီပရဟိတတာဝန်တွေကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ မြိုနယ်တပ်ဖွဲမှူး ဦးခင်မောင်ကို ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါတယ်၊၊
ပြည်နယ်နဲ့တိုင်း အသီးသီးက အသက်(၆၅)နှစ်ပြည့်တဲ့အထိ ကြက်ခြေနီတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်သူတွေကို ဂုဏ်ပြုချီးမြှင့်ရာမှာ ရန်ကုန်တိုင်းက မြို့နယ်တပ်ဖွဲမှူး ဦးခင်မောင်လည်း ဂုဏ်ပြုချီးမြှင့်တာခံခဲ့ရတာ ဖြစ်ပါတယ်၊၊
ဂုဏ်ပြုချီးမြှင့်ခံရတဲ့ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်တပ်ဖွဲမှူး ဦးခင်မောင်က "ကျွန်တော်လုပ်ခဲ့တာ(၁၉၆၆)ခုနှစ်က စလုပ်ခဲ့တာ၊၊ စဦးကြက်ခြေနီကနေ(၁၉၇၀)မြို့နယ်တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ရခဲ့တယ်၊၊ ဆင့်ကဲဆင့်ကဲ တပ်ကြပ်၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ ဒုတပ်ရင်းမှူးကနေ မြို့နယ်တပ်စုမှူးအထိ ထပ်ဆင့်တိုးခံရပါတယ်၊၊ ဒီနေ့မှာဆိုရင် အသက်(၆၅)နှစ်ပြည့်တော့ ဂုဏ်ထူး ဆောင် တပ်ဖွဲ့ဝင်အဖြစ် အငြိမ်းစားယူရတာဖြစ်ပါတယ်၊၊ ဝမ်းလည်းဝမ်းသာ၊ ဝမ်းလည်း ဝမ်းနည်းမိပါတယ်၊၊ လုပ်သက်(၄၆)နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊၊ မီးဘေး၊ ရေဘေး၊ လေဘေး အကုန်ထမ်းဆောင်ခဲ့တယ်၊၊ တိုးဝေးသင်္ဘောနစ်တာတို့ ပုဇွန်တောင်ဘူတာမှာ ရထားမိုင်းပေါက်တာတို၊မန္တလေးတိုင်းမှာ မီးလောင်ပြင်မှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်"လို့ YMGကိုပြောပါတယ်၊၊
ရန်ကုန်တိုင်းက မြို့နယ်တပ်ဖွဲမှူး ဦးခင်မောင်နည်းတူပြည်နယ်နဲ့တိုင်းတွေဖြစ်တဲ့ မွန်၊ ကချင်၊ချင်း၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းစတဲ့ ဒေသတွေကဂုဏ်ပြုတပ်ဖွဲ့ဝင်တွေကို vedio conferencing နဲ့ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_9 May 2022
မြန်မာနိုင်ငံသားတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်မှ သေနတ်သမားအား ဖမ်းဆီးမိပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၆ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ကော့လတ်ခရိုင်၊ ပကျွတ်စီရီခန်ပြည်နယ် စိုင်ဗန်းနောင်ခမ်လမ်း -နောင်နွန်လမ်းကြားတွင် အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၅ နှစ်ခန့်အရွယ် မြန်မာနိုင်ငံသားအမျိုးသားတစ်ဦး သေဆုံးခဲ့ကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။
ပစ်ခတ်ခဲ့သော သေနတ်သမားမှာ အသက် ၅၁ နှစ်အရွယ်၊ ပကျွတ်ခီရီခန်ပြည်နယ်၊ ကော့လတ်ခရိုင်ခွဲတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းမှာလုံခြုံရေးသင်တန်းအောင်မြင်ခဲ့ကာ ခရိုင်မှူးခန့်အပ်ထားသည့် ဒေသန္တရအုပ်ချုပ်ရေး တာဝန်ရှိသူဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာတွင် ဝတ်ဆင်ထားသော ဒေသန္တရကျေးရွာလုံခြုံရေး ဝတ်စုံနှင့် ၁၂ လက္မအရှည် သေနတ်နှင့် ကျဉ် ၈ တောင့် ၊ လက်မောင်းတံဆိပ်၊အခြားသော အသုံးဆောင်ပစ္စည်းများဖြင့် လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။
တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦး တင်ဆောင်လာသော ယင်းမော်တော်ယာဉ်က စစ်ဆေးရေးဂိတ်မှ ဖြတ်ကျော်မောင်းနှင်ထွက်ပြေးလာစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#WorldHealth
Published 09 May 2022
လအနည်းငယ်အတွင်း ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင် သက်သက်လွတ်စားသုံးသင့်ပါတယ်။
သုတေသီများက လေ့လာချက်တစ်ခုပြုလုပ်ခဲ့ရာ အသီးအရွက်ကိုသာ ပြောင်းလဲစားသောက်ခဲ့တဲ့ အဝလွန်သူတွေက ပထမ ၃ လအတွင်း ၂၁ ပေါင်ကျဆင်းခဲ့ကြောင်းတွေ့ရှိရပါတယ်။
ဒီလိုကိုယ်အလေးချိန်ကျရတဲ့ အကြောင်းအရင်းက အဆီအနှစ်များတဲ့ အစားအစာတွေ မစားဖြစ်တာကြောင့်လို့ ယူဆခဲ့ကြပါတယ်။
သက်သက်လွတ်အစားအစာအကြောင်း သိပ္ပံနည်းကျစမ်းသပ်မှု ၁၁ ခုပြုလုပ်ပြီး အဝလွန်သူ သို့မဟုတ် ဆီးချိုရောဂါဒုတိယအမျိုးအစားရှိနေတဲ့သူ အယောက် ၈၀၀ နီးပါးမှာ ကိုယ်အလေးချိန်လျော့ခဲ့တဲ့အကြောင်းကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။
လေ့လာချက်တွေထဲမှာ သက်သက်လွတ်စားသုံးခြင်းနဲ့ အနောက်တိုင်းအစားအစာ စားသုံးခြင်းတို့ကို နှိင်းယှဉ်ခဲ့ကြပြီး အခြားလေ့လာချက်မှာတော့ အလေးချိန်ကျတယ်လို့ ခေတ်စားနေတဲ့ပေါ်ပင်အစားအစာ စားသုံးခြင်းတို့ကို နှိင်းယှဉ်ခဲ့ကြပါတယ်။
အသားတွေ ဆက်လက်စားသုံးသူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ သက်သက်လွတ်စားသုံးသူတွေက ၁၂ ပတ်အတွင်း ၂၁ ပေါင်ကျဆင်းခဲ့ပါတယ်။ ပေါ်ပင်အစားအစာ စားသုံးသူတွေနဲ့နှိုင်းယှဉ်တဲ့အခါ ၉ ပေါင်ကျဆင်းခဲ့ပါတယ်။
ဒါပေမဲ့လည်း သက်သက်လွတ်စားသုံးခြင်းက အခြားအစားအစာတွေထက် သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောဓာတ်တွေမှာ ထူးခြားသက်သာတာမျိုးမဟုတ်ဘဲ အနည်းငယ်သာတိုးတက်တာဖြစ်ကြောင်း မှတ်ချက်ပြုလိုက်ကြပါတယ်။
ကိုပင်ဟေဂင်တက္ကသိုလ်ဆေးရုံမှ ဦးဆောင်စာတမ်းပြုစုသူ'အန်းဒစ်တေတာမန်ဆန်'က "သက်သက်လွတ်သမားတွေ ဝိတ်ကျတာဟာ စားသောက်တဲ့အထဲမှာပါတဲ့ အဆီပမာဏနည်းပါးပြီး ကယ်လိုရီနည်းတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခြားဖြစ်စဉ်အထောက်အထားတွေလည်း လိုအပ်နေပါသေးတယ်" လို့ ပြောပြသွားပါတယ်။
သက်သက်လွတ်စားသုံးခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်နိုင်တယ်လို့လည်း သိထားသင့်ကြောင်း ယူကေမှပညာရှင်များက သတိပေးလိုက်ပါတယ်။
အသားတွေထဲမှာပါတဲ့ ဗိုက်တာမင်ဒီ၊ ဗိုက်တာမင်ဘီ-၁၂၊ အိုင်အိုဒင်းတို့လို အဟာရဓာတ်တွေမရရှိနိုင်တာကို ထည့်တွက်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် အသီးအရွက်အချို့မှာပါတဲ့ သကြားဓာတ်က ဆီးချိုရောဂါရှင်လို လူမျိုးတွေမှာ အန္တရာယ်များနိုင်ပါတယ်။
ရက်ဒင်းတက္ကသိုလ်မှ အဟာရဓာတ်ပညာရှင်ပရော်ဖက်ဆာ'ဂန်တာကုနဲလ်'က သက်သက်လွတ်သီးသန့်စားသုံးခြင်းက ကိုယ်အလေးချိန်ကျစေတယ်ဆိုတာမျိုး လက်တွေ့မသိရှိရသေးကြောင်းသတိပေးလိုက်ပါတယ်။
ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ထည့်မစဉ်းစားဘဲ သက်သက်လွတ်ပြောင်းစားတာမျိုး သတိထားသင့်ကြောင်း အက်စ်တန်တက္ကသိုလ်မှ ဒေါက်တာ'ဒူယန်မယ်လာ'က သတိပေးခဲ့ပါတယ်။
အထူးသဖြင့် ဆီးချိုရောဂါရှိတဲ့သူတွေမှာ သက်သက်လွတ်ပြောင်းစားမယ်ဆိုရင် အစားအစာအကြံပေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးဖို့တိုက်တွန်းထားပါတယ်။
အမေရိကန်မှာ အရွယ်ရောက်ပြီးသူလူဦးရေ ၇၃.၆ ရာခိုင်နှုန်းက အဝလွန်နေကြကြောင်း ခန့်မှန်းရပါတယ်။
Source: DailyMail.
#Yangon_Media_Group
Page 1846 of 1996