#World_Health
Published 17 October 2026

■ The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာချက်တစ်ခုအရ HIV ရောဂါကုသရာမှာ ၈ ပတ်တစ်ကြိမ် ထိုးနှံရတဲ့ ထိုးဆေးတွေက နေ့စဉ်သောက်ဆေးတွေထက် ဗိုင်းရပ်စ်ပိုးကို ပိုမိုထိရောက်စွာ ထိန်းချုပ်နှိမ်နင်းပေးနိုင်တယ်လို့ သိရပါတယ်။

■ အာဖရိကနိုင်ငံ (၄) နိုင်ငံက ဆယ်ကျော်သက် (၄၇၆) ယောက်  ပါဝင်တဲ့ LATA စမ်းသပ်မှုမှာ ထိုးဆေးထိုးတဲ့သူတွေထဲက ၁ ရာခိုင်နှုန်းသာ ဗိုင်းရပ်စ်ပိုး ပြန်တက်လာခဲ့ပြီး နေ့စဉ်သောက်ဆေးသောက်တဲ့သူတွေမှာတော့ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

■ ထိုးဆေးခံယူသူတွေထဲက ၉၄ ရာခိုင်နှုန်းက ပိုမိုလွယ်ကူတဲ့ ဒီကုသမှုစနစ်ကို ပိုနှစ်သက်ကြပါတယ်။ ဒါပေမဲ့ အာဖရိကလို အရင်းအမြစ်နည်းပါးတဲ့နေရာတွေမှာတော့ ကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ မူပိုင်ခွင့်အကန့်အသတ်ရှိခြင်း၊ ရေခဲသေတ္တာ သိုလှောင်မှုလိုအပ်ခြင်းနဲ့ ကျွမ်းကျင်သူနာပြုတွေ လိုအပ်တာစတဲ့ အဓိကအတားအဆီးတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

■ ■ လူငယ်များ ပိုနှစ်သက်ကြသည့် ကုသမှုပုံစံ

■ ထိုးဆေးထိုးတဲ့ ဆယ်ကျော်သက်တွေထဲက ၉၄ ရာခိုင်နှုန်းက နှစ်လတစ်ကြိမ် ကုသမှုခံယူရတာက နေ့စဉ်ဆေးသောက်ရတာထက် အများကြီး ပိုလွယ်ကူတယ်လို့ ပြောဆိုကြပါတယ်။

■ ကျောင်းတွေနဲ့ လူ့အသိုင်းအဝိုင်းမှာ HIV ကုသမှုနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရတာတွေ၊ လှောင်ပြောင်ခံရတာတွေရှိတဲ့အတွက် နေ့စဉ်ဆေးသောက်ရတာ လူငယ်တွေအတွက် အခက်အခဲဖြစ်စေတယ်လို့ သုတေသီတွေကထောက်ပြကြပါတယ်။

■ University College London က ပါမောက္ခ Sarah Pett က ဒီလို နှစ်လတစ်ကြိမ် ထိုးဆေးတွေက လူငယ်တွေကို ပုံမှန်ဘဝနဲ့ ပိုနီးစပ်စွာ နေထိုင်နိုင်ဖို့ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

■ ဒီထိုးဆေးတွေက သာမန်သောက်ဆေးတွေထက် ဈေးပိုကြီးပြီး မူပိုင်ခွင့်တွေ ရှိနေဆဲဖြစ်ကာ ထုတ်လုပ်မှုစရိတ်လည်း မြင့်မားပါတယ်။ ဒါ့အပြင် ဆေးတစ်မျိုးဖြစ်တဲ့ rilpivirine က အအေးခံသိမ်းဆည်းဖို့ လိုအပ်သလို ၈ ပတ်တစ်ကြိမ် ထိုးနှံပေးနိုင်မယ့် ကျွမ်းကျင်နာပြုဝန်ထမ်းတွေလည်း လိုအပ်ပါတယ်။ 

■ လက်ရှိမှာတော့ WHO က အောင်မြင်စွာ ပိုးထိန်းချုပ်နိုင်ပြီး အသည်းရောင် အသားဝါ ဘီပိုး မရှိတဲ့ အရွယ်ရောက်ပြီးသူနဲ့ ဆယ်ကျော်သက်တွေအတွက် ရွေးချယ်စရာတစ်ခုအနေနဲ့ ဒီလိုရေရှည်ခံထိုးဆေးတွေကို အကြံပြုထားပါတယ်။ 

Source- India Today