#WorldTechnology
Published 4 July 2022

 

အီလွန်မက်စ်ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီရဲ့ Starlink ဂြိုဟ်တုအင်တာနက်ကွန်ရက်ကို ရွေ့လျားနေတဲ့ယာဉ်တွေမှာ အသုံးပြုဖို့အတွက် အမေရိကန်ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်က ကြာသပတေးနေ့မှာ ခွင့်ပြုလိုက်ပါတယ်။

 

ကုမ္ပဏီကသူတို့ရဲ့အင်တာနက်ကွန်ရက်ကို စီးပွားလုပ်ငန်းပိုင်လေကြောင်းလိုင်းများ၊ ကုန်တင်သင်္ဘောကြီးများ၊ ကုန်တင်ထရပ်ကားများမှာပါ ချဲ့ထွင်ဖို့စီစဉ်ထားကြတာ ဖြစ်ပါတယ်။

 

အာကာသဂြိုဟ်တုပတ်လမ်းမှာ အင်တာနက်ရရှိနိုင်တဲ့ ဂြိုဟ်တုများ တပ်ဆင်ပြီး အရှိန်မြှင့် လုပ်ဆောင်လာတဲ့ Starlink ဟာ အင်တာနက်မကောင်းတဲ့ ကျေးလက်နေရာများကစလို့ မော်တော်ယာဉ်များ၊ ကုန်တင်ပို့ဆောင်ရေးနဲ့ လေကြောင်းလိုင်းကဏ္ဍတွေက အသုံးပြုသူတွေအတွက်ပါ အသုံးပြုရအဆင်ပြေအောင် လုပ်ငန်းတိုးချဲ့နေခဲ့တာပါ။

 

"SpaceX ရဲ့ ဂြိုဟ်တုစနစ်အသစ်ကို အသိအမှတ်ပြုလိုက်ခြင်းဖြင့် ခရီးသွားလာနေတုန်းမှာ အင်တာနက်အသုံးပြုချင်သူတွေအတွက် ကျယ်ပြန့်တဲ့ကွန်ရက်ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်" လို့ ဆက်သွယ်ရေးကော်မရှင်က ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

SpaceX က ၂၀၁၉ ခုနှစ်ကတည်းက Starlink ဂြိုဟ်တု ၂,၇၀၀ ခန့်လွှတ်တင်ခဲ့ပြီး သုံးစွဲသူသိန်းဂဏန်းခန့်အထိရှိနေကာ ပစ္စည်းတပ်ဆင်ခြင်းအတွက် ၅၉၉ ဒေါ်လာနဲ့ အင်တာနက်လစဉ်ကြေး ၁၁၀ ဒေါ်လာပေးဆောင်ရပါတယ်။

 

SpaceX ဟာ ကယ်လီဖိုးနီးယား အခြေစိုက်ကုမ္ပဏီဖြစ်ပြီး လတ်တလောလများအတွင်း ဟာဝိုင်အီလေကြောင်းလိုင်း၊ ပုဂ္ဂလိကဂျက်လေယာဉ် JSX တို့နဲ့ လေယာဉ်ခရီးစဉ်အတွင်း ဝိုင်ဖိုင်ရရှိဖို့ကိစ္စတွေအတွက် သဘောတူညီမှုရရှိထားပါတယ်။

 

"ခရီးသည်တွေ အဆင်ပြေနိုင်ဖို့ကို ကျွန်တော်တို့တစိုက်မတ်မတ်ကြိုးစားနေပါတယ်၊ မကြာခင်မှာ လေယာဉ်တွေမှာအင်တာနက်သုံးနိုင်တော့မှာဖြစ်ပြီး ခရီးသည်တွေအတွက် အံ့အားသင့်စရာ အတွေ့အကြုံတွေရရှိစေမှာဖြစ်ပါတယ်" လို Starlink အရောင်းဌာနအကြီးအကဲ'ဂျိုနသန်ဟော့ဖယ်လာ'က ပြောကြားသွားပါတယ်။

 

ဆက်သွယ်ရေးကော်မရှင်ရဲ့ ခွင့်ပြုချက်ဖြင့် SpaceX ဟာ Starlink အင်တာနက်ကို အမေရိကန်စစ်လေယာဉ်တွေနဲ့ ဂျက်လေယာဉ်တွေမှာ စမ်းသပ်နေပါတယ်။

 

ခွင့်ပြုချက်နဲ့အညီ Starlink ကိုအသုံးပြုနိုင်မယ့်ယာဉ်အမျိုးအစားများမှာ လေယာဉ်၊ သင်္ဘော၊ ကုန်တင်ထရပ်ကားကြီးတွေနဲ့ ဇိမ်ခံကားတွေဖြစ်တယ်လို့ SpaceX တည်ထောင်သူ အီလွန်မက်စ်ကဆိုပါတယ်။

 

SpaceX၊ OneWeb၊ 'ဂျက်ဖ်ဘီဇော့စ်'ရဲ့ Kuiper စီမံကိန်းတွေဟာ ဂြိုဟ်တုအင်တာနက်စနစ်မှာ ပြိုင်ဆိုင်မှုပြင်းထန်နေကြပါတယ်။

 

Source: Reuters. Monday
#Yangon_Media_Group