#Local_News
Published_18 July 2022
ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားသည့် ဦးမောင်ဝိတ်အလှူငွေပေးအပ်ခဲ့သည့် အမှုနှစ်မှု စွဲချက်တင်သင့် မတင်သင့် ယခုလ ၂၅ ရက်တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
"ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့ အမှု ၃ နဲ့ ၄ ကို ဒီနေ့စစ်ဆေးတယ်။ အဂတိက စစ်ဆေးရေးမှူး ဦးမောင်မောင်မြင့်ကို စစ်တာပါ ၊ ဦးရဲထက်တို့နဲ့ တစ်ဖွဲ့တည်းပေါ့။ ဒေါ်လာကိစ္စပဲ၊ ဦးမောင်မောင်မြင့်ကို စစ်ဆေးပြီးတော့ စွဲချက်တင်သင့် မတင်သင့်နှုတ်နဲ့ လျှောက်လဲချက်ပြောကြတယ်။ စွဲချက်မတင်သင့်ဘူးပေါ့။ လာမယ့် ၂၅ ရက်နေ့မှာ စွဲချက်အမိန့်ချမယ်။ စွဲချက်တင်မယ်၊ မတင်ဘူးပေါ့။ သက်သေတွေကတော့ ရှိသေးတယ်"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ အမှုကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်က တရားလွှတ်တော်သို့ ချေဖျက်ခွင့်တင်ထားခြင်းလည်း ဖြစ်ပြီး ချေဖျက်ခွင့် ရမည် မရမည်ကို မသိရသေးပေ။
ဦးမောင်ဝိတ်နှင့် ပတ်သက်သည့်အမှုများမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်ကြခြင်းဖြစ်ပြီး အမှု အမှတ် ၃ မှာ ဦးမောင်ဝိတ်က ဒေါ်လာ နှစ်သိန်းခွဲ လှူသည်ဆိုသည့်အမှု ဖြစ်ပြီး အမှုအမှတ် ၄ မှာ ဒေါ်လာ ၃ သိန်း လှူသည်ဆိုသည့် အမှုများ ဖြစ်ကြကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 18 Juky 2022
ရုပ်ရှင်မင်းသမီး ဂျနီဖာလိုပက်ဇ်က သူမနှင့် ဘင် အက်ဖလက်တို့ လက်ထပ်လိုက်ကြပြီလို့ တနင်္ဂနွေနေ့က အတည်ပြုပြောဆိုပါတယ်။ လိုပက်ဇ်က သူတို့လက်ထပ်တဲ့နေ့က ပျော်ရွှင်စရာသတင်းနှင့် ဓာတ်ပုံတွေကို ဂျေလို သတင်းလွှာနှင့်ဖြန့်ချိပေးခဲ့ပါတယ်။
“ ကျွန်မတို့လုပ်ဆောင်ခဲ့ပြီးပြီ” လို့ ပို့စ်ကို ခေါင်းစဉ်တပ်ထားပါတယ်။ ပို့စ်မှာ သူမဟာ ခင်ပွန်းသစ် အက်ဖလက်နှင့်အတူ ဗီဂက်စ်လက်ထပ်ပွဲက ပုံတွေကို တွဲတင်ထားပါတယ်။ သူမဟာ ပုခုံးလျော ဝတ်ရုံ၊ ဇာအင်္ကျီလက်နှင့် အက်ဖလက်ကလည်း အဖြူရောင် tuxedo နှင့် ဘိုတိုင်အနက်ရောင်နှင့်ဖြစ်ပြီး သူမရဲ့ပါးပြင်ကို မွှေးမွေးပေးခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံး လက်ထပ်လက်စွပ်တွေ ဝတ်ဆင်ထားကြပါတယ်?
“ကျွန်မတို့လုပ်ဆောင်ခဲ့ပြီ။ အချစ်ဟာ လှပတယ်။ အချစ်ဟာ ကြင်နာတယ်။ ပြီးတော့ အချစ်ဟာ စိတ်ရှည်တယ်။ နှစ်နှစ်ဆယ်တိတိစိတ်ရှည်တယ်” လို့ လိုပက်ဇ်ကရေးသားထားပါတယ်။
“ဒီပွဲလေးဟာ ကျွန်မတိုလုပ်ချင်တဲ့အတိုင်းကွက်တိပဲ။ မနေ့ညကကျွန်မတို့ ဗီဂက်စ်ကို လေယာဉ်နှင့်သွားတယ်။ စုံတွဲလေးတွဲနှင့်အတူ လက်ထပ်လိုင်စင်အတွက် တန်းစီတယ်။ ကျွန်မတို့နောက်မှာ အမျိုးသားနှစ်ဦးက လက်ချင်းတွဲထားကြတယ်။ ကျွန်မတို့ရှေ့မှာ သူတို့ရဲ့သမီးကလေး (၂)နှစ်ပြည့်မွေးနေ့မှာ ဗစ်တိုဗီလီကနေ သုံးနာရီကြာ ကားမောင်းလာခဲ့ရတဲ့ ငယ်ရွယ်တဲ့ စုံတွဲတစ်တွဲရှိတယ်” လို့ သူမကပြောပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၀၄ခုနှစ် ဇန်နဝါရီမှာ ပထမစေ့စပ်ပွဲပျက်ပြီးနောက် မနှစ်ကပြန်တွဲခဲ့ကြပါတယ်။ ဒီနှစ်ဧပြီလမှာတော့ အသက် ၄၉နှစ်အရွယ် အက်ဖလက်က အသက်၅၂နှစ်ရှိပြီဖြစ်တဲ့ လိုပက်ဇ်ကို ထပ်ပြီး လက်ထပ်ဖို့ကမ်းလှမ်းခဲ့ပါတာဖြစ်ပါတယ်။
#Source_Yahoo
#Jennifer_Lopez_marries_Ben_ Affleck
#Celebrities_wedding



#Local_News
Published - 18 July 2022
(၁)နှစ်ကျော်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း (၇) ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ(CSO) ရဲ့ သုံးလပတ်စာရင်းအင်းစာစောင်တွင် ဖော်ပြထားသည်။
၂၀၂၁ အာဏာအလွှအပြောင်းနောက်ပိုင်း ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့်ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ ဒသမ ၆၁ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂၀၂၂ မီနီဘတ်ဂျတ်ကုန်ဆုံးခဲ့သည့် မတ်လတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၉ ဒသမ ၅၇ ရာခိုင်နှုန်းအထိ ဆက်တိုက်မြင့်တက်လာခဲ့ ကြောင်း ဖော်ပြထားသည်။
ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းမြင့်တက်လာခြင်းသည် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ပြီး ကျပ်ငွေတန်ဖိုးဆက်တက်ကျဆင်းလာချိန် နိုင်ငံခြားငွေ အလုံ အလောက်မရှိခြင်းသည်လည်း ငွေကြေးဖောင်းပွမှုကို မြင့်တက်စေနိုင်ကြောင်း သုံးသပ်ထားသည်။
ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာမှုကြောင့် စားအုန်းဆီ၊ စက်သုံးဆီ၊ ဆေးဝါးကဲ့သို့ နိုင်ငံခြားငွေအများအပြားသုံးစွဲပြီး တင်သွင်းရသည့် ကုန်ပစ္စည်းများကို ဈေးကြီးပေးဝယ်ခဲ့ရပြီး လက်ရှိတွင် ပြည်ပတင်သွင်းမှုအပေါ် မှီခိုနေရသည့် စားအုန်းဆီတစ်ပိဿာ ကျပ် ၈၀၀၀ အထိ မြင့်တက်လာနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် နှစ်အလိုက် ငွေကြေးဖောင်းပွမှု ကြည့်ပါက ၂၀၂၁-၂၀၂၂ ဒုတိယသုံးလပတ်တွင် ၁၅ ဒသမ ၀၆ ရာခိုင်နှုန်းကို ရောက်ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သုံးလပတ်တွင် ဖြစ်ပေါ်ခဲ့သည့် ၁ ဒသမ ၆၃ ရာခိုင်နှုန်းဖြင့် နှိင်းယှဉ်ပါက အဆမတန် မြင့်တက်လာကြောင်း ဖော်ပြထားသည်။
ymg/sth
#Yangon_Media_Group
Published 18 July 2022
ဆားဘီးယားမှ ဘင်္ဂလားဒေ့ရှ်သို့ပေးပို့တဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ သယ်ဆောင်လာတဲ့ ယူကရိန်း ကုန်တင်လေယာဉ် တစ်စီး စနေနေ့က ဂရိနိုင်ငံမြောက်ပိုင်းမှာ ပျက်ကျခဲ့ရာ လေယာဉ်အမှုထမ်း(၈)ဦးစလုံး သေဆုံးသွားခဲ့တယ်လို့ ဂရိနှင့် ဆားဘီးယား အာဏာပိုင်တွေက တနင်္ဂနွေနေ့က ထုတ်ဖော်ပြောကြားပါတယ်။
ဒေသစံတော်ချိန် ညသန်းခေါင်ခန့်မှာ လေယာဉ်ဟာ ပြောင်းဖူးခင်းထဲ ပျက်ကျပေါက်ကွဲမှုမဖြစ်ခင် မီးလျှံအလုံးကြီးနှင့်အတူ ငိုက်ဆင်းကျလာတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စောစောပိုင်းမှာတော့ လေယာဉ်မှူးက အင်ဂျင်ချို့ဃွင်းနေနှင့် အရေးပေါ်ဆင်းသက်ဖို့ သတင်းပေးပို့ခဲ့ပါသေးတယ်။
အခင်းဖြစ်ပွားရနေရာကို ဒရုန်းနှင့်ရိုက်ကူထားသော ပုံတွေမှာ ကွင်းတလျောက် အဲဒီကုန်တင်လေယာဉ် Antonov An-12 ရဲ့ အပျက်အစီးအစိတ်အပိုင်းတွေ ပြန့်ကျဲကျနေပြီး မီးတစ်ငွေ့ငွေ့လောင်ကျွမ်းနေတာတွေ့ရပါတယ်။
အဆိုပါလေယာဉ်ကို စီမံလုပ်ဆောင်တဲ့ ယူကရိန်းအခြေစိုက်တဲ့ မာရီဒီယန်လေကြောင်းလိုင်းက ပျက်ကျမှုကြောင့် အမှုထမ်း(၈)ဦးစလုံး သေဆုံးခဲ့တာကို အတည်ပြုပါတယ်။ အားလုံးဟာ ယူကရိန်းနိုင်ငံသားတွေဖြစ်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဂရိအာဏာပိုင်တွေဟာ အခုထက်ထိ အလောင်းတစ်လောင်းပဲပြန်ရပါသေးတယ်လို့ မြို့ပြကာကွယ်ရေးဌာနရဲ့ ပြောရေးဆိုခွင့် ရသူတစ်ဦးက ပြောပါတယ်။ ကနဦး ဒရုန်းဖြင့် စစ်ဆေးမှုများအရ အဲဒီနေရာတစ်ဝိုက်မှာ အလောင်း(၆)လောင်း တည်ရှိတဲ့နေရာတွေ သိရှိခဲ့ပြီးဖြစ်တယ်လို့ ဒေသဆိုင်ရာ မြို့တော်ဝန်တစ်ဦးကလည်းပြောပါတယ်။
လေယာဉ်ဟာ ဆားဘီးယားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်လုပ်တဲ့ မော်တာစိန်ပြောင်း တွေနှင့်အမြောက်ဆံတွေအပါအဝင် ပစ္စည်းတွေ စုစုပေါင်း တန်ချိန် ၁၁.၅တန်ကို သယ်ဆောင်သွားတာဖြစ်တယ်လို့ ဆားဘီးယားကာကွယ်ရေးဝန်ကြီး နီဘိုချာ စတီဖန်နိုဗစ်က ပြောပါတယ်။ဒီခဲယမ်းမီးကျောက်တွေကို ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဝန်ကြီးဌာနက ဝယ်ယူတာလို့လည်း သူကဖြည့်စွက်ပြောပါတယ်။
#Source_Reuters
#Ukrainian_cargo_plane_crash
#Plane_carrying_munitions_from_Serbia_to_Bangladesh_Crash
#Aviation_accidents




#Local_News
Published _ 18 July 2022
ပြီးခဲ့သည့် ရော်ဘာအစေး ခြစ်ရာသီမှ လက်ရှိအချိန်အထိ ပြည်တွင်း၊ပြည်ပ ဈေးကွက်၌ ရော်ဘာဈေးကောင်းရရှိနေခြင်းကြောင့် ယခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစု၌ ရော်ဘာမျိုးကောင်းမျိုးသန့်များ အစားထိုး စိုက်ပျိုးမှုများပြားလာကြောင်း သိရသည်။
ယခုနှစ်များတွင် ရော်ဘာ ဈေးကောင်းလာသောကြောင့် ယခင်က အရည်အသွေးနိမ့်ကျသော ရော်ဘာမျိုးများ၊ ဒေသနှင့် မကိုက်ညီသော ရော်ဘာမျိုးများ စိုက်ပျိုးထားကြသော ခြံများ၌၊ ရော်ဘာမျိုးကောင်း မျိုးသန့်များ အစားထိုး စိုက်ပျိုးလာကြခြင်းဖြစ်ပြီး၊ ကျန်ရှိနေသော ရော်ဘာခြံများတွင်လည်း အရည်အသွေးနှင့် အထွက်နှုန်းကောင်းသော ရော်ဘာမျိုးများ အစားထိုးစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်လာကြကြောင်း သိရသည်။
"ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ရော်ဘာဈေးတွေ တက်လာတော့ ရော်ဘာခြံရှင်တွေက ရော်ဘာမျိုးကောင်း မျိုးသန့်တွေ အစားထိုး စိုက်ပျိုးလာကြပြီး ဒီနှစ်မှာဆိုရင် ရော်ဘာ ခြံငယ်တော်တော်များများ မှာ အစားထိုး စိုက်ပျိုးလာကြတာကို တွေ့ရတယ်။ အဲဒီလို စိုက်ပျိုးတဲ့အခါမှာ အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီတဲ့ ရော်ဘာမျိုးကောင်းမျိုးသန့်တွေ၊ ကိုင်းကူးမျိုးတွေရဖို့ လိုအပ်တယ်"ဟု ဦးခိုင်မြင့်က ပြော သည်။
ယင်းကဲ့သို့ အစားထိုးဆောင်ရွက်ရာတွင် ပြည်ပဝင်ငွေရရှိစေရေး အတွက် အရည်အသွေးကောင်းသော ရော်ဘာမျိုးများကို အစားထိုး စိုက်ပျိုးထုတ်လုပ်နိုင်စေရန် သက်ဆိုင်ရာ အစိုးရဌာနများမှနေ၍ ရော်ဘာခြံလုပ်ငန်းရှင်များ ကို ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရော်ဘာခြံများကို မွန်ပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အများအပြား စိုက်ပျိုးထားကြကြောင်း၊ ယခုနောက်ပိုင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း ရော်ဘာခြံများ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
ယခု တစ်နိုင်ငံလုံး၌ ရော်ဘာစိုက်ပြီးသော ဧကပေါင်းတစ်ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိပြီး လက်ရှိတွင် ရော်ဘာထုတ်လုပ်နိုင်သော ဧကပေါင်း ရှစ်သိန်းခွဲအထိရှိပြီး မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ရော်ဘာတန်ချိန် သုံးသိန်းကျော် ထုတ်လုပ်နိုင်ကာ ပြည်တွင်း၌ ရှစ်ရာခိုင်နှုန်းသာသုံးစွဲ၍ ပြည်ပသို့ အမြောက်အမြား တင်ပို့နေခြင်းကြောင့် ပြည်ပဝင်ငွေ အများအပြား ရှာဖွေပေးနိုင်သော ထုတ်ကုန်တစ်မျိုးဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#WorldPolitics
Published 18 July 2022
ယူကရိန်းလုံခြုံရေး အေဂျင်စီများမှ အရာရှိများက ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ တွေ့ရှိခဲ့ပြီးနောက် ယူကရိန်းပြည်တွင်းအင်အားကြီးလုံခြုံရေး အေဂျင်စီ SBU မှ အကြီးအကဲနဲ့ ပြည်နယ်အစိုးရရှေ့နေချုပ်တို့ကို သမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က တနင်္ဂနွေနေ့မှာ ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။
'ဇယ်လန်စကီ'ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ SBU အကြီးအကဲ' အိုင်ဗန်ဘာကာနော့ဗ်'နဲ့ ရုရှားစစ်ရာဇဝတ်တွေကို တရားစွဲဆိုရာမှာ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့တဲ့ အစိုးရရှေ့နေချုပ်'အီရီနာဗန်နီဒစ်တိုဗာ'တို့ကို ရာထူးမှ ထုတ်ပယ်ကြောင်း သမ္မတဝက်ဘ်ဆိုက်မှာ ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ ရုရှားတို့ကျူးကျော်ပြီးနောက် ယူကရိန်းတစ်နိုင်ငံလုံး စစ်ပွဲကို အာရုံစိုက်လာကြတဲ့ ကာလအတွင်း နိုင်ငံရေးအရဩဇာကြီးမားတဲ့ပုဂ္ဂိုလ်တွေကို ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်ပါတယ်။
အေဂျင်စီအဖွဲ့ဝင်အများအပြားက ရုရှားနဲ့ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရှိပြီးနောက် ထိပ်သီးအရာရှိတွေကို ထုတ်ပယ်ခဲ့ကြောင်း 'ဇယ်လန်စကီ'က တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။
အစိုးရရှေ့နေနဲ့ တရားဥပဒေစိုးမိုးရေးအရာရှိတွေကို နိုင်ငံတော်သစ္စာဖောက်မှု ၆၅၁ မှုဖြင့် အမှုဖွင့်ခဲ့ပြီး 'ဘာကာနော့ဗ်'နဲ့ 'ဗန်နီဒစ်တိုဗာ'တို့ရဲ့အေဂျင်စီများမှ အရာရှိ ၆၀ ကျော်ဟာ ရုရှားတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ယူကရိန်းကိုဆန့်ကျင်ဆောင်ရွက်နေကြတယ်လို့ သမ္မတကပြောပြပါတယ်။
"နိုင်ငံတော်လုံခြုံရေး အခြေခံအုတ်မြစ်အပေါ် ဒီလိုရာဇဝတ်မှုတွေကျူးလွန်ထားတဲ့ သက်ဆိုင်ရာ ခေါင်းဆောင်တွေအပေါ် ပြင်းပြင်းထန်ထန် မေးခွန်းထုတ်သင့်ပါတယ်၊ မေးခွန်းတိုင်းကိုရှင်းပြရမှာပါ" လို့ ပြောကြားခဲ့ပါတယ်။
ရုရှားတပ်တွေက ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး လူပေါင်းထောင်ချီသေဆုံးကာ မြို့အများအပြားပျက်စီးခဲ့တဲ့အပြင် လူသန်းပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ပွဲကာလအစပိုင်းက မြို့တော်ကိဗ်ကို သိမ်းပိုက်ဖို့ကြိုးစားလာတဲ့ ရုရှားတွေကို ယူကရိန်းဘက်က အပြင်းအထန် ခုခံကာကွယ်နိုင်ခဲ့တာနဲ့ယှဉ်ရင် တောင်ပိုင်းက ခါဆန်ဒေသကိုရုရှားတို့ မြန်မြန်ဆန်ဆန်သိမ်းပိုက်နိုင်ခဲ့တဲ့ အခြေအနေက ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကျူးကျော်မှု အစတုန်းက လုံခြုံရေးထိပ်သီးအရာရှိတစ်ဦးကို ထုတ်ပယ်ခဲ့ပြီး အခုဆုံးဖြတ်ချက်က တရားမျှတမှုရှိကြောင်း သက်သေပြလိုက်တာဖြစ်တယ်လို့ 'ဇယ်လန်စကီ'က ဆိုပါတယ်။
"နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပတ်သက်ပြီး သူ့အကြောင်းအစီရင်ခံဖို့ လုံလောက်တဲ့အထောက်အထားတွေ စုဆောင်းထားပါတယ်၊ သူ့ရဲ့ရာဇဝတ်မှုအားလုံးကို မှတ်တမ်းတင်ထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
'ဇယ်လန်စကီ' သမ္မတဖြစ်လာပြီးနောက် ၂၀၁၉ ခုနှစ်မှာ 'ဘာကာနော့ဗ်'ကို SBU ကိုဦးစီးဖို့ ခန့်အပ်ခဲ့ပြီး ထင်ရှားလာတဲ့မျက်နှာသစ်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။
အစိုးရရှေ့နေချုပ်အသစ်နေရာမှာ 'အိုလက်ဆေဆီမိုနန်ကို'ကို ခန့်အပ်ကြောင်း သမ္မတဝက်ဘ်ဆိုက်မှာ ဆက်လက်ဖော်ပြခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#Health_Science
Published 18 July 2022
အစ္စရေးလ်နိုင်ငံမှ ပရော်ဖက်ဆာ'ယော့ရှီဘူဂါနင်မ်'နဲ့ ပရော်ဖက်ဆာ'တွမ်မီကပ္ပလန်'တို့က သန္ဓေသားလောင်းဖြစ်တည်ခြင်းအတွက် အခြေခံအကျဆုံးအသေးစိတ်ပုံစံများကို ဖြစ်ပေါ်စေတဲ့ ဒီအင်န်အေရှိ နေရာပေါင်း ၁၄,၀၀၀ ကို တွေ့ရှိခဲ့ကြပါတယ်။
အသုံးမပြုတော့တဲ့ သန္ဓေလောင်းတွေက အရေပြားဆဲလ်တွေကို အခြားဆဲလ်အမျိုးအစားတွေအဖြစ် ပြောင်းလဲနိုင်ပြီး အရေပြားဆဲလ်တွေမှ သန္ဓေသားလောင်းပင်မစတမ်ဆဲလ်အတုတွေက သဘာဝပင်မစတမ်ဆဲလ်တွေနဲ့ဆင်တူပြီး သန္ဓေသားလောင်း အစောပိုင်းအဆင့်တွေမှာ ဖွံ့ဖြိုးကာ သန္ဓေသားဆဲလ်ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။
ဒါပေမဲ့ အချင်းလိုမျိုး သန္ဓေသားအပြင်ဘက်ကနေရာတွေမှာတော့ သန္ဓေသားလောင်းတစ်ရှူးတွေကို မထုတ်လုပ်နိုင်ပါဘူး။
၂၀၀၆ ခုနှစ်တုန်းက ဂျပန်သိပ္ပံပညာရှင်တွေက သန္ဓေသားလောင်းမျိုးရိုးဗီဇတွေကို အရေပြားဆဲလ်တွေထဲ ထည့်သွင်းခဲ့ပြီး ပင်မစတမ်ဆဲလ်များကဲ့သို့ အလုပ်လုပ်အောင် ပြုပြင်နိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်က 'ဘူဂါနင်မ်'နဲ့သုတေသနအဖွဲ့က အရေပြားဆဲလ်တွေကနေ အချင်းပင်မစတမ်ဆဲလ်တု ထုတ်လုပ်ပုံကို ပထမဆုံးတွေ့ရှိခဲ့ပါတယ်။
HU သုတေသနအဖွဲ့မှ ပါရဂူဘွဲ့ရကျောင်းသားများက အရေပြားဆဲလ်တွေကနေ သန္ဓေသားလောင်း ဒါမှမဟုတ် အချင်းပင်မစတမ်ဆဲလ်တွေအဖြစ်ပြောင်းလဲနိုင်ပုံကို အနီးကပ်လေ့လာခဲ့ကြပါတယ်။
ထိုသို့အခြေခံအဆင့်ပြောင်းလဲပုံတွေက အခြားအဆင့်တွေထက် လုံးဝကွဲပြားသွားကြောင်း သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
အရေပြားဆဲလ်က သန္ဓေသားလောင်းပင်မစတမ်ဆဲလ်အဖြစ် ပြောင်းလဲလိုက်တဲ့အခါ ဦးနှောက်၊ နှလုံး၊ အသည်းတို့ဖြစ်ပေါ်စေမယ့် ဒီအင်န်အေအစိတ်အပိုင်းတွေက သူတို့ဘာသာကွဲပြား သိရှိလာပါတယ်။
ထိုဆဲလ်တွေကပဲ အချင်းပင်မစတမ်ဆဲလ်တုအဖြစ် ပြောင်းလဲသွားပြီး ဒီအင်န်အေနေရာတွေမှာ ပြောင်းလဲသွားတဲ့ဆဲလ်တွေက သဘာဝအတိုင်း သားအိမ်ထဲမှာသူ့ဘာသာနေရာယူပြီး သွေးကြောတွေနဲ့ ချိတ်ဆက်သွားပါတယ်။
သိသာချက်ကတော့ ဖြစ်စဉ်နှစ်မျိုးကို ဘေးချင်းယှဉ်ကာ ဒီအင်န်အေနေရာက မီသိုင်းလ်ဓာတုမော်လီကျူးကို လေ့လာခဲ့ကြပါတယ်။
ထိုဒီအင်န်အေနေရာတွေရဲ့ သိသာထင်ရှားချက်ကို နားလည်အောင်ကြိုးစားတဲ့အခါ ဦးနှောက်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်ကစလို အရိုးငြမ်း၊ ပင်မကျောရိုး၊ ချိတ်ဆက်တစ်ရှူးများမှ သန္ဓေသားလောင်းဖြစ်ပေါ်ရာ အင်္ဂါတွေနဲ့ ဆဲလ်များဖြစ်ပေါ်ခြင်းတိုအတွက် အရေးပါနေပါတယ်။
အချင်းဆဲလ်တွေက ရောဂါပိုးကူးစက်နိုင်ပြီး ထိလွယ်ခိုက်လွယ်ဖြစ်နိုင်တာကြောင့် ခန္ဓာကိုယ် သဘာဝကာကွယ်ရေးစနစ်က အချင်းပင်မဆဲလ်တွေ သန္ဓေသားလောင်းဖွံ့ဖြိုးခြင်းမှကာကွယ်ပေးပြီး သန္ဓေသားလောင်းရဲ့အစိတ်အပိုင်းဖြစ်လာပါတယ်။
ဒီလေ့လာမှုက ဆဲလ်ပုံစံပြောင်းလဲနိုင်ပုံနဲ့ ဖြစ်လာမယ့်ဆဲလ်ဆုံးဖြတ်ချက်သဘောတွေကို လေ့လာနိုင်မယ့် စွမ်းအားမြင့်အရာဖြစ်လာနိုင်ပြီး ဆဲလ်တွေကို ပြန်လည်ပုံဖော်နိုင်မယ့် အဓိကအင်္ဂါရပ်တွေကို သိသာထင်ရှားစေပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Health_Tips
Published 18 July 2022
အွန်လိုင်းမှ အလှအပရေးရာ တင်ဆက်သူ'ဘရစ်တနီအယ်လင်း'က အရွယ်တင်နုပျိုနေတဲ့ အသက် ၇၀ နှစ်အရွယ်အဒေါ်ဖြစ်သူရဲ့ အသားရည်ထိန်းသိမ်းခြင်းလျှို့ဝှက်ချက်များကို တစ်တော့မှာ ထုတ်ဖော်ပြသခဲ့ရာ ကြည့်ရှုသူ ၃၇၀,၀၀၀ ကျော်ရှိသွားခဲ့ပါပြီ။
"ရိုးရိုးရှင်းရှင်းလေးနဲ့ အလုပ်ဖြစ်ပါတယ်၊ ပထမဆုံးလျှို့ဝှက်ချက်က ဘယ်တော့မှအသားအရည်ကို ပွတ်မဆွဲဖို့ပါပဲ၊ သားရေဖိနပ်အဟောင်းတွေကို မြင်ယောင်ကြည့်ပါ၊ အသားအရည်ကလည်း အဲဒီသားရေသားလိုပါပဲ" လို့ အဒေါ်ဖြစ်သူက ဗီဒီယိုမှာ ပြောပြခဲ့ပါတယ်။
"ပဝါနဲ့ပဲမျက်နှာသုတ်ပါ၊ မိတ်ကပ်ဖျက်တဲ့နေရာမှာ မိတ်ကပ်ဖျက် တိုဖတ်တွေမသုံးပါနဲ့" လို့ အကြံပေးခဲ့ပါတယ်။
"ဒုတိယတစ်ချက်က ကျွန်မက ညဘက်ကျမှသာ မျက်နှာသစ်ပါတယ်၊ လက်ချောင်းထိပ်လေးတွေနဲ့ ညင်ညင်သာသာသုံးပြီး ရေနဲ့ပက်ဖျန်းပြီးတော့ ပဝါနဲ့ဖွဖွလေးသုတ်လိုက်ပါတယ်၊ မကြာခဏမျက်နှာသစ်နေရင် အသားအရည်မှာရှိတဲ့ သဘာဝအဆီဓာတ်က ခန်းခြောက်သွားတတ်ပြီး မျက်နှာအရေးကြောင်းတွေ ဖြစ်စေတတ်ပါတယ်" လို့ ဆိုပါတယ်။
နောက်ဆုံးလျှို့ဝှက်ချက်တော့ ရက်တီနောပစ္စည်းတွေအသုံးပြုခြင်းပါ။
ရက်တီနောဓာတ်က ကော်လာဂျင်ကိုထုတ်လုပ်ပြီး အရေးကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
"ရက်တီနောအလှကုန်ဖြင့် မျက်လုံး၊ နဖူး၊ ပါးပြင်၊ လည်ပင်း၊ ရင်ဘတ်တို့မှာ တိုလိမ်းပေးပါတယ်၊ ပါးစပ်နဲ့မျက်လုံးတွေမှာ လိုအပ်ရင် ၂ ခါ ၃ ခါလောက် အသုံးပြုပေးပါတယ်" လို့ ပြောပြခဲ့ပါတယ်။
ဖော်လိုဝါတွေက ထိုအမျိုးသမီးကြီးနဲ့ပတ်သက်ပြီး အံ့ဩဖွယ်ကောင်းကြောင်း၊ အကြံဉာဏ်တွေရကြောင်း ပြောကြပြီး အသားအရည်ကို မပွတ်ဆွဲဖို့အရေးကြီးကြောင်း၊ မျက်လုံးအောက်ကအရေပြားက ပါးလွှာတာမို့ မထိသင့်ကြောင်း ဖော်ပြထားကြပါတယ်။
အချို့လူတွေကတော့ ထိုနည်းလမ်းတွေကိုမယုံကြည်ဘဲ အဒေါ်ဖြစ်သူက ဘိုတောက်စ်ထိုးထားတယ်လို့ စွပ်စွဲနေကြပါတယ်။
ဘိုတောက်စ်အားဖြည့်ဆေးတွေကြောင့် ဒီလိုနုပျိုတာဖြစ်ပြီး လျှို့ဝှက်ချက်နည်းလမ်းတွေနဲ့ မဆိုင်ကြောင်း ဝေဖန်ထားပါတယ်။
'အယ်လင်း'က နောက်ပိုင်းမှာ ဖြေရှင်းပြခဲ့ပြီး ဒီဗီဒီယိုကို အပျော်သဘောအနေနဲ့ တင်လိုက်တာဖြစ်ကြောင်း၊ ခွဲစိတ်မှုနဲ့မပတ်သက်တဲ့ အလှအပလျှို့ဝှက်ချက်များဖြစ်ကြောင်း၊ အသားအရည်ကြည်လင်ဖို့ ဘိုတောက်စ်ထိုးခဲ့ကြောင်း၊ ဒါပေမဲ့ လျှို့ဝှက်ချက်တွေကလည်း အသုံးဝင်ကြောင်း ရှင်းပြသွားပါတယ်။
Source: New York Posts
#Yangon_Media_Group
#Local_News
Published_ 18 July 2022
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ကို ၁၇ရက်နေ့နံနက် ၉ နာရီတွင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားတွင် နစက ကောင်စီဝင် Jeng Pheng နော်တောင်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ပြည်သူလူထုအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီး၊ အရည်အသွေး အာနိသင်ပြည့်မီသည့်
အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်များကို သုံးစွဲနိုင်မည်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဘေးအန္တရာယ် ကင်းရှင်းပြီး၊ အရည်အသွေး ပြည့်ဝသော အစားသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါတယ်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို ၂၀၁၃ ခုနှစ် ဩဂုတ် ၁ ရက် တွင် ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ သီးခြားဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး၊ နေပြည်တော် (ရုံးချုပ်)၊ ရန်ကုန်ရုံးခွဲ၊ မန္တလေးရုံးခွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ရုံး (၁၂) ရုံးနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း (၁၃) ခု တို့တွင်တိုးချဲ့ဖွဲ့စည်းခဲ့ကာ ယခုအခါ ခရိုင်အဆင့်ရုံး (၃၃) ခုအထိ တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ကို (၂၀၂၁-၂၀၂၂) (၆) လ ဘဏ္ဍာရေးနှစ်ကာလတွင် ရာနှုန်းပြည့်တည်ဆောက် ပြီးစီးခဲ့ကာ ခေတ်မီဓာတ်ခွဲခန်းများ၊ E-submission စနစ်ဖြင့် လက်ခံဆောင်ရွက်နိုင်ရန် Infrastructure များပါဝင်သည့် ရုံးအဆာက်အဦ၊ အရာထမ်းအမှုထမ်း အိမ်ရာများ၊ Training Centre (၁) လုံးစသည့် အဆောက်အဦ (၇) လုံးပါဝင်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Published 18 July 2022
အမေရိကန်ပြည်ထောင်စု အင်ဒီရာနာဈေးဝယ်စင်တာကြီးတစ်ခုမှာ တနင်္ဂနွေညနေခင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူသုံးဦးအပစ်ခတ်ခံရပြီးသေဆုံးခဲ့ရပါတယ်။ နောက်ထပ်နှစ်ဦးက ဒဏ်ရာရရှိခဲ့တယ်လို့ ရဲကပြောပါတယ်။ ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားတဲ့လူတစ်ဦးဟာ အဲဒီဈေးဝယ်စင်တာကြီးက စားသောက်ဆိုင်တန်းထဲ သေနတ်နှင့်ပစ်ခဲ့တာဖြစ်ပြီး သေနတ်ကိုင်ဆိုင်ထားတဲ့ အရပ်သားတစ်ဦးက သေနတ်သမားကိုသေနတ်နှင့်ပြန်ပစ်ခတ် သတ်ပစ်ခဲ့ပါတယ်။
အမျိုးသားတစ်ဦးဟာ ဂရင်းဝုဒ် ပတ်ခ် မောလ်ထဲ ကိ ရိုင်ဖယ်သေနတ်တစ်လက်နှင့် ကျည်ကပ်တွေများစွာနှင့်အတူ ဝင်ရောက်လာပြီး စားသောက်ဆိုင်တန်းကို သေနတ်နှင့်စပစ်တာဖြစ်တယ်လို့ ဂရင်းဝုဒ်ရဲဌာနမှူး ဂျင်မ်အိုင်ဆွန်က ပြောပါတယ်။
အဲဒီနောက် သေနတ်ပါတဲ့ အရပ်သားတစ်ဦးက အဲဒီသေနတ်သမားကို ပြန်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်၊ အဲဒါကြောင့် သေနတ်သမားအပါအဝင်စုစုပေါင်း(၄)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
သေနတ်ပစ်ခတ်မှုဖြစ်တယ်လို့ သတင်းရရှိချင်း အရာရှိတွေက အဲဒီမောလ်ကို ညနေ ၆နာရီမှာရောက်သွားပါတယ်။ ရဲဟာ စားသောက်ဆိုင်တန်းအနီး သန့်စင်ခန်းထဲမှာ သံသယဖြစ်စရာ ကျောပိုးအိတ်တစ်လုံးကိုတွေ့ရှိသိမ်းဆည်းခဲ့ကြပါတယ်။
“ ဒီနိုင်ငံမှာ ဒီလိုဖြစ်ရပ်မျိုးထပ်ဖြစ်တဲ့အတွက် အတော့်ကို ရွံရှာနေပါပြီ” လို့ အင်ဒီရာနာပိုလစ်ရဲတပ်ဖွဲ့ ဒုရဲချုပ် ခရစ်ဘိုင်လေးက ပြောပါတယ်။
ဂရင်းဝုဒ်ဟာ အင်ဒီရာနာပိုလစ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးမြို့ဖြစ်ပြီး လူဦးရေ ခြောက်သောင်းခန့်ရှိပါတယ်၊
#Source_AP



Published 17 July 2022
တရုတ်က မဟာအင်အားကြီးအဆင့်မြင့်တက်သွားပြီး ရုရှားနှင့် မိတ်ဖက်ပြုလိုက်တာဟာ ရာစုနှစ်များအတွင်း အထင်ကရ အဖြစ်ဆုံး သိသာစွာပြောင်းလဲမှုများထဲက တစ်ခုဖြစ်နေတဲ့အလျောက် အနောက်ရဲ့ကြီးစိုးမှု ဟာ အဆုံးသတ်တလာနေတယ်ဆိုတာကို ယူကရိန်းစစ်ပွဲက ပြသနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ပြောကြားလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း သို့မဟုတ် ဆိုဗီယက်ပြည်ထောင်စုပြိုလဲခြင်းတွေက ကမ္ဘာကြီးမှာ နှိုင်းယှဉ်ရလောက်အောင် အချိုးအကွေ့ တစ်ခု ဖြစ်ခဲ့ပါတယ်။ သို့သော် ဒီတစ်ချိန်မှာတော့ အနောက်ဟာ အပေါ်စီးမှာ မရှိတော့တာ ရှင်းလင်းသေချာနေပြီလို့ သူကဆက်ပြောပါတယ်။
“ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးနှင့်စီးပွားရေး စိုးမိုးထားမှုတွေ အဆုံးသတ်တော့မှာဖြစ်တယ်” လို့ ဘလဲယားက လန်ဒန်မြို့ ဒစ်လေပတ်ခ်မှာပြုလုပ်တဲ့ “ ယူကရိန်းပြီးနောက် အနောက်ခေါင်းဆောင်တွေ အတွက် ယခုသင်ခန်းစာများ” ဆိုတဲ့ ခေါင်းစဉ်နှင့် ဆွေးနွေးပွဲမှာ ဟောပြောပို့ချခဲ့ရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကမ္ဘာကြီးဟာ အနည်းဆုံးတော့ ဝင်ရိုးနှစ်ခုကမ္ဘာ ဖြစ်မယ် ဖြစ်နိုင်တာက ဝင်ရိုးစုံဖြစ်လိမ့်မယ်” လို့ ဘလဲယားကပြောပါတယ်။ ဒီရာစုအတွက် အကြီးမားဆုံး ပထဝီနိုင်ငံရေး အပြောင်းအလဲဟာ ရုရှားကလာမှာမဟုတ်ဘဲ တရုတ်က လာမှာဖြစ်တယ်”လို့ သူကဆက်ပြောပါတယ်။
ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုဟာ လူထောင်ပေါင်းမျာစွာကို သတ်ပစ်ခဲ့ပြီး ကမ္ဘာကြီးက နျူကလီးယားစစ်ပွဲဖြစ်လုနီးအခြေအနေရောက်နေတာကို လူတော်တော်များများ စိုးထိတ်နေကြချိန် ရုရှားနှင့်အနောက်အကြားမှာ ၁၉၆၂ခုနှစ် ကျူးဘားဒုံးကျည်အကျပ်အတည်း နောက်ပိုင်း အပြင်းထန်ဆုံး အကျပ်အတည်းတစ်ခုကို အစပျိုးပေးခဲ့ပါတယ်။
ရုရှားရဲ့စီးပွားရေးကို အရေးယူပိတ်ဆို့မှုတွေနှင့် အထီးကျန်အောင်ကြိုးစားဆောင်ရွက်ခြင်းဖြင့် အနောက်ဟာ စီးပွားရေးစစ်ပွဲကိုကြေညာခဲ့တယ်လို့ သမ္မတ ဗလက်ဒီမာပူတင်က ပြောပါတယ်။ ရုရှားဟာ တရုတ်နှင့် အိန္ဒိယလိုပဲ အင်အားကြီးဖြစ်လာလိမ့်မယ်လို့ ပူတင်ကပြောပါတယ်။
“ကျွန်တော်တို့က အကျိုးအသင့်အကြောင်းသင့်လို့ စဉ်းစားထားတဲ့ အတိုင်း ပြုမူဖို့အတွက် အနောက်ဟာ တရုတ်အပေါ်မှာ မှီခိုလို့မရဘူးဆိုတာကို ယူကရိန်းစစ်ပွဲက ရှင်းရှင်းလင်းလင်သိစေတယ်” လို့ ဘလဲယားကပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပူတင်ကို ဆက်လက်ထောက်ခံနေပြီး အနောက်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဝေဖန်နေပါတယ်။ တရုတ်နှင့်ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက် လို့ သုံးနှုံးတဲ့ ဆက်ဆံရေးကို ခိုင်မြဲအောင်ပြုလုပ်ခဲ့ပါတယ်။
၁၉၇၉ခုနှစ်က တရုတ်ရဲ့ စီးပွားရေးဟာ အီတလီ စီးပွားရေးထက် ငယ်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို ဖွင့်ပေး လိုက်ပြီး ဈေးကွက်ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးတဲ့နောက် ယခုအခါ ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်လာခဲ့တာပါ။
တရုတ်ရဲ့စီးပွားရေးဟာ ဆယ်စုနှစ်တစ်ခုအတွင်း အမေရိကန်ပြည်ထောင်စုကိုကျော်ဖြတ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ တရုတ်ဟာ ၂၁ရာစုရဲ့ နည်းပညာအချို့ဖြစ်တဲ့ ဉာဏ်ရည်တုနည်းပညာ artificial intelligence ၊ regenerative medicine နှင့် conductive polymersတို့လိုနည်းပညာတွေမှ ဦးဆောင်နေတာဖြစ်ပါတယ်။
“ တရုတ်နိုင်ငံဟာ စူပါပါဝါဖြစ်ရောက်လာတာဟာ သဘာဝကျပြီး ခိုင်လုံတယ်။သူက ဆိုဗီယက်ပြည်ထောင်စုမဟုတ်ဘူး” လို့ ဗြိတိန်မှာ ၁၉၉၇ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဘလဲယားကပြောပါတယ်။ တရုတ်ရဲ့ မဟာမိတ်တွေဟာ ရုရှားနှင့် အီရန်ဖြစ်ဖို့များတယ်လို့ သူကပြောပါတယ်။
တရုတ်ဟာ စစ်ရေးမှာပါ ကျော်ဖြတ်သွားမှာကို အနောက်ကခွင့်မပြုသင့်ဘူးလို့လည်း သူကပြောပါတယ်။
“ ကျွန်တော်တို့ ကာကွယ်ရေးစရိတ်တွေတိုးမြှင့်သင့်တယ်။ စစ်ရေးအရ သာနေတာကို ဆက်ထိန်းထားသင့်တယ်” လို့ ဘလဲယားကပြောပါတယ်။ အမေရိကန်နှင့်သူ့ရဲ့ မဟာမိတ်တွေဟာ နောက်ဆုံးဖြစ်လာနိုင်ချေ ဘယ်လိုဟာမျိုးမဆို ဒါမှမဟုတ် နယ်ပယ်အားလုံးက ဘယ်လိုပဋိပက္ခမျိုးကိုမဆို လိုအပ်တာတွေဖြည့်ပေးနိုင်တဲ့ လုံလောက်တဲ့ အားသာမှုမျိုး ရှိထားသင့်တယ်” လို့ သူကပြောလိုက်ပါတယ်။
Source: Reuters
Published 17 July 2022
အာရှရဲ့ ပထမဆုံး မီတာ ၃၀၀ ရေနက် ဂျက်ကက်ကြီးတစ်ခုကို တရုတ်အမျိုးသား ကမ်းလွန်ရေနံကော်ပိုရေးရှင်း CNOOCက ပြည်တွင်းမှာ အမှီအခိုကင်းစွာ ဒီဇိုင်းထုတ်တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အဲဒီ ရေနက် ဂျက်ကက်ကို သောကြာနေ့က ယူနစ်တွေအားလုံးကို စမ်းသပ်ခဲ့တယ်လို့ တရုတ်ရဲ့ ထိပ်တန်းကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ အဲဒီကုမ္ပဏီကပြောပါတယ်။
အဆိုပါ ရေနက် ဂျက်ကက်ကြီးကို ဟိုင်းကျီး-၁ လို့အမည်ပေးထားလိုက်ပြီး ကွမ်တုံပြည်နယ် ပုလဲမြစ်ဝှမ်းအဝမှာ တည်ဆောက်ထားတာပါ။ အမြင့်က ၃၄၀.၅ မီတာရှိပြီး အလေးချိန် တန်ချိန်လေးသောင်းရှိပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ကမ်းလွန်ရေနံထုတ်လုပ်ရေးပလက်ဖောင်းမှာ အကြီးဆုံးစံချိန်တင်ခဲ့တာဖြစ်ပါတယ်။
“ ဒီစီမံကိန်းတည်ဆောက်မှုကာလဟာ ၂၈ လကြာမြင့်ခဲ့ပါတယ်။ အဲဒီထဲမှာ တန်ချိန်သုံးသောင်းရှိ ဂျက်ကက်ကြီး တည်ဆောက်တပ်ဆင်မှုလည်းအပါအဝင်ပါ။ ဒီဂျက်ကက်ဟာ ရေအောက်ပိုက်လိုင်းတွေ ၂၅.၆ ကီလိုမီတာသွယ်တန်းထားတဲ့ အဆောက်အအုံရှစ်ခုပါဝင်ပါတယ်။ လူအင်အား တစ်ထောင်ကျော် ဟာ ဒီတည်ဆောက်ရေးလုပ်ငန်းထဲ ပါဝင်ခဲ့ကြပါတယ်” လို့ CNOOC ရှန်ကျင့်ဌာနခွဲရဲ့ ဒုတိယအထွေထွေမန်နေဂျာ ယွမ်ဝေကပြောပါတယ်။
ကမ်းလွန်ရေနံအင်ဂျင်နီယာရင်း စီမံကိန်း ဟိုင်းကျီး-၁ ဟာ ဒီနှစ် ဒုတိယနှစ်ဝက်မှာ လုပ်ငန်းစတင်လည်ပတ်မယ်လို့ မျှော်မှန်း ထားပါတယ်။ တောင်တရုတ်ပင်လယ်မှာရှိတဲ့ လူဖင်း ရေနံတွင်းပလက်ဖောင်းအတွက် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ နေ့စဉ် ရေနံထုတ်လုပ်မှုဟာ အပြည့်အဝလည်ပတ်ချိန်မှာ တန် ၆၅၀၀ အထိရှိလာမယ်လို့သိရပါတယ်။
ဒီစီမံကိန်းရဲ့ ဒီဇိုင်းကို ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေနှင့် လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ထားပါတယ်။ အားပြင်းတဲ့ ရေစီးကြောင်းတွေ၊ကြီးမားတဲ့ သဲလှိုင်းတွေနှင့် ပင်လယ်ကြမ်းခင်းပေါ်က လေဖိအားတွေလို့ ပြဿနာတွေကို ဖြေရှင်းကျော်လွှားပြီး ဆန်းသစ်တီထွင်တဲ့ ဒီဇိုင်းလုပ်ခဲ့ကြရတာဖြစ်ပါတယ်။ဒါဟာ တောင်တရုတ်ပင်လယ်ထဲမှာ အင်မတန်ကြီးမားတဲ့ အဆောက်အအုံတွေကို အတိအကျတည်ဆောက်နေရာချထားရတာပါ။
“ ဟိုင်းကျီး-၁ ပင်လယ်ထဲမှာ စမ်းသပ်မှုတွေလုပ်စဉ် ချာဘာ တိုင်ဖုန်းနှင့်ကြုံခဲ့ကြရပါတယ်။ ဆိုးရွားတဲ့ရာသီဥတုရဲ့ အကျိုးဆက်ကို ထိရောက်စွာကျော်လွှားဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အဖွဲ့သားတွေလုပ်နိုင်ခဲ့ကြပါတယ်။ အဓိကစနစ်ကြီး ၃၇ခုနှင့် ကိရိယာတစ်ခုချင်းစီ ၇၄ ခုကို တပ်ဆင်စစ်ဆေးပြီးစီးဖို့ ရက်ပေါင်း ၅၇ ရက်ယူခဲ့ပါတယ်”လို့ အထွေထွေမန်နေဂျာ ထောင်ဖူဝမ်က ပြောပါတယ်။
ဂျက်ကက်ဒီဇိုင်းပိုင်း အကြီးအကျယ်တိုးတက်မှုရှိပြီး အင်မတန်ကီဲးမားတဲ့ ကမ်းလွန်ပလက်ဖောင်းကြီးတစ်ခုကို မှတ်တမ်းတင် တည်ဆောက်နိုင်ခဲ့တဲ့အတွက် တရုတ်ရဲ့ စွမ်းအင်လုံခြုံရေးအတွက် များစွာ အထောက်အကူဖြစ်စေမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
#Source_CCTV+
#China_ CNOOC
#Biggest_ deepwater_jacket
#တရုတ်စွမ်းအင်
Page 1633 of 1914