#Local_News
Published_4 August 2022
လစဉ်(၁)ရက်နေ့မှ (၇)ရက်(ရုံးဖွင့်ရက်)အထိနှင့် အပတ်စဉ်ကြာသပတေးနေ့(ရုံးဖွင့်ရက်)တိုင်းသက်ဆိုင်ရာ မြို့နယ်အသီးသီးကသတ်မှတ်ထားသည့် ကာကွယ်ဆေးထိုးစု ရပ်များတွင် ပုံမှန်ကာကွယ် ဆေးထိုးခြင်းများဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်၊၊
အသက်(၁)နှစ်အောက်ကလေးများနှင့် ပုံမှန်ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် အသက်(၂)နှစ်အောက်ကလေးငယ်များကို သတ်မှတ်ထားသည့် ရက်များအတိုင်း လစဉ်၊ အပတ်စဉ်ပုံမှန်ထိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုယ်ဝန်ဆောင်များကို လိုအပ်သည့်ကာကွယ်ဆေးများ ထိုးပေးမည်ဖြစ်ကြောင်း သိရသည်၊၊
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဇူလိုင်လအတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်တွင် အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ပုံမှန်ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၂)နှစ်အောက်ကလေးငယ်များအား သက်ဆိုင်ရာဆေးရုံနှင့်ဆေးထိုးစုရပ်များအလိုက် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်၊၊
ဒီ့အပြင် ကချင်ပြည်နယ်၊ မိုးညှင်း၊ ဗန်းမော်၊ ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့နယ်များတို့ တွင် အသက် (၁) နှစ်အောက် ကလေးငယ်များနှင့် ပုံမှန်ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက် (၂) နှစ်အောက် ကလေးငယ်များအား သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ ဆေးရုံအခြေပြုနှင့် သတ်မှတ်ထားသော ကာကွယ်ဆေးထိုးစုရပ်များတွင် ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
Published 4 August 2022
ရုရှားရဲ့ Mir ငွေပေးချေကတ်တွေကို မြန်မာနိုင်ငံမှာ အသုံးပြုဖို့ နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးနှင့် စီးပွားရေးကော်မရှင်က ဆွေးနွေးကြဖို့ရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ရဲ့ စကားကို ကိုးကားပြီး TASS သတင်းဌာနက ရေးသားလိုက်ပါတယ်။ အဆိုပါကော်မရှင်အစည်းအဝေးကို ဒီနှစ် ဒုတိယနှစ်ဝက်အတွင်းမှာ ကျင်းပမှာဖြစ်တယ်လို့ ဆာဂေး လက်ဗရောက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။
“ Mir ငွေပေးချေကတ်တွေအသုံးပြုဖို့ကိစ္စ အစီအစဉ်ထဲပါဝင်ပါတယ်” လို့ လက်ဗရော့က ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံက အမျိုးသား ဘဏ္ဍာရေး ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့ (ဗဟိုဘဏ်) နှင့် ကျွန်တော်တို့ ဆက်သွယ်ချိတ်ဆက်ပြီးပါပြီ။ ငွေပေးချေတာတွေအတွက် ရုရှးဘဏ်ရဲစနစ်ကို အသုံးပြုဖို့ ဆောင်ရွက်ရန်ကိစ္စတွေကို နှစ်နိုင်ငံ ဗဟိုဘဏ်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေလည်း အဲဒီအထဲ ပါဝင်ပါတယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။
အဆိုပါကိစ္စအတွက် အစည်းအဝေးနှစ်ကြိမ်ကျင်းပပြီးပြီလို့လည်း လက်ဗရော့က အတည်ပြုပါတယ်။
“ နှစ်နိုင်ငံအစိုးရအတွင်း ကော်မရှင်အစည်းအဝေးကနေ ဒီလုပ်ငန်းစဉ်တွေကို လုံလောက်တဲ့ အချက်အလက်တွေရယ် ပြီးတော့ ပိုပြီးကျယ်ပြန်တဲ့အသေးစိတ်ကိစ္စတွေကို သူတို့နှင့်ဆွေးနွေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ သူကပြောပါတယ်။
Source: TASS
#World_Politics
Published 4 August 2022
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ 'နန်စီပယ်လိုစီ' ထိုင်ဝမ်သမ္မတ'ဆိုင်အင်ဝမ်'နဲ့တွေ့ဆုံဖို့ ထိုင်ပေကို မရောက်ခင်ကတည်းက အိမ်ဖြူတော်က ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မပတ်သက်မိစေရန် သတိထားဆောင်ရွက်ခဲ့ကာ 'ပယ်လိုစီ'က သူ့သဘောနဲ့သူ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အခိုင်အမာဆိုလိုက်ပါတယ်။
နောက်ကွယ်မှာတော့ တရုတ်နဲ့ဆက်ဆံရေး ပြန်လည်တည်ဆောက်နေချိန်မှာ 'ပယ်လိုစီ'က သူ့ရဲ့ဘဝအောင်မြင်မှု မှတ်ကျောက်တွင်ခံရဖို့အတွက် ခရီးစဉ်ကိုအသုံးချဖို့ကြံရွယ်နေတဲ့အပေါ် သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့အုပ်ချုပ်ရေးအဖွဲ့က ဒေါသထွက်နေကြပါတယ်။
နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိများက ပထဝီဝင်နိုင်ငံရေး အန္တရာယ်ဖြစ်လာနိုင်တာတွေနဲ့ ပတ်သက်ပြီး 'ပယ်လိုစီ'ကိုရှင်းပြကာ ခရီးစဉ်ကိုအချိန်ဆွဲနိုင်ဖို ကြိုးစားခဲ့ကြပါသေးတယ်။
'ပယ်လိုစီ'က စိတ်မယိုင်မှန်းသိလာတော့ အုပ်ချုပ်ရေးအဖွဲ့က တရုတ်နဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ အဆက်အသွယ်မပြတ်ရှိစေဖို့ သေချာအောင် ပြုလုပ်ခဲ့ကြပါတယ်။
ထိုကိစ္စတွေထဲမှာ အမေရိကန်အရာရှိများနဲ့ ဝါရှင်တန် တရုတ်သံရုံးမှအရာရှိများ တွေ့ဆုံဆွေးနွေးတာလည်း ပါဝင်ခဲ့ပါတယ်။
'ပယ်လိုစီ'ကို တားမရခဲ့ရင် ဆောင်ရွက်သင့်တာတွေကို စီစဉ်ခဲ့ပြီး တရုတ်ရဲ့တုံ့ပြန်နိုင်ချေတွေအတွက် ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။
မျက်မှောက်ခေတ် ဩဇာအရှိဆုံး လွှတ်တော်ဥက္ကဌတစ်ဦးလည်းဖြစ်ပြီး ဘယ်သူ့ကိုမှဂရုမစိုက်တတ်တဲ့'ပယ်လိုစီ'ကြောင့် အမေရိကန်အုပ်ချုပ်ရေးအဖွဲ မသက်မသာ ဖြစ်နေရပါတယ်။
တရုတ်နိုင်ငံက အမေရိကန်သံအမတ်'နီကိုလတ်စ်ဘန်းစ်'ကို ဒီခရီးစဉ်နဲ့ပတ်သက်ပြီး တရားဝင်ကန့်ကွက်စာထုတ်ပြန်ဖို့ ဆင့်ခေါ်ရာမှာ အမေရိကန်အုပ်ချုပ်ရေးအဖွဲ့က တင်းမာမှုတွေဖြစ်လာမှာ မလိုလားကြောင်း၊ တရုတ်နဲ့ ဆက်ဆံရေးမပြတ် ဆက်သွယ်သွားဖို့ရည်ရွယ်ထားကြောင်း နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရသူက ဖော်ပြခဲ့ပါတယ်။
ပထမဆုံးအမျိုးသမီးလွှတ်တော်ဥက္ကဌဖြစ်လာခဲ့တဲ့ 'ပယ်လိုစီ'က မကြာခင်မှာ ရာထူးမှအနားယူဖို့ စီစဉ်နေချိန်မှာ ဒီခရီးစဉ်ထွက်လာခဲ့တာဖြစ်ပါတယ်။
အသက် ၈၂ နှစ်ရှိ'ပယ်လိုစီ'ဟာ ခရီးစဉ်နဲ့ပတ်သက်ပြီး သူ့အဖွဲ့ဝင်တွေရဲ့ဆုံးဖြတ်ချက်ကို တန်ဖိုးထားပေမယ့် သူ့အဖွဲ့ထဲမှသတင်းပေါက်ကြားပြီး အုပ်ချုပ်ရေးအဖွဲ့က ခရီးစဉ်ပျက်အောင်ကြိုးစားလာမှာကိုတော့ စိတ်ပျက်နေခဲ့ပါတယ်။
'ပယ်လိုစီ'နဲ့အတူလိုက်ပါခဲ့တဲ့ ဥပဒေရေးရာ အမတ်တွေတောင် ခရီးစဉ်အကြောင်းသေချာ မသိရှိခဲ့ရသလို ထိုင်ဝမ်ကိုဝင်မယ့်အကြောင်းကိုလည်း မသိခဲ့ကြပါဘူး။
အစက ခရီးစဉ်ကို ဧပြီလမှာသွားဖို့စီစဉ်ခဲ့ပေမယ့် 'ပယ်လိုစီ' ကိုဗစ်-၁၉ရောဂါ ကူးစက်ခဲ့တာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။
လွှတ်တော်အဖွဲ့နဲ့ အိမ်ဖြူတော်ရဲ့ဆက်ဆံရေးက စိုးရိမ်စရာအခြေအနေ ဖြစ်လာပြီး အမေရိကန်စစ်တပ်က 'ပယ်လိုစီ'ရဲ့ခရီးစဉ်ကို ဆန့်ကျင်ကြောင်း 'ဘိုင်ဒန်'က ဇူလိုင်လတုန်းက သတင်းထောက်တွေကိုပြောကြားခဲ့ရာမှာတော့ ပိုပြီးတင်းမာခဲ့ရပါတယ်။
ထိုင်ဝမ်သို့ 'ပယ်လိုစီ'မရောက်ခင်မှာ အကယ်၍တကယ်သာရောက်လာခဲ့ရင် တရုတ်အနေနဲ့ အထိမခံပုံစံမျိုး မပြုလုပ်ဖို့နဲ့ ဒီကိစ္စကိုအကြောင်းပြပြီး တင်းမာမှုမြင့်တက်မလာဖို့ အမေရိကန်က သတိပေးခဲ့ပါတယ်။
အင်္ဂါနေ့ ရောက်လာချိန်မှာတော့ ထိုင်ဝမ်ကျွန်းအနီးနားမှာ တရုတ်က စစ်ရေးပြမှုတွေ ပြုလုပ်ခဲ့ရာ အမေရိကန်က ထပ်မံသတိပေးခဲ့ပြီး တရုတ်တို့ဘယ်လိုပဲ တုံ့ပြန်သည်ဖြစ်စေ အမေရိကန်ကလည်း ထိန်းချုပ်စီမံနိုင်ဖို့ အသင့်ပြင်ထားကြောင်း အသိပေးခဲ့ပါတယ်။
ထိုင်ဝမ်သို့ရောက်ပြီး ၂၄ နာရီမပြည့်ခင်မှာပဲ 'ပယ်လိုစီ'က လူ့အခွင့်အရေးနဲ့ စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး တရုတ်ရဲ့ခြိမ်းခြောက်မှုကို ခံနေရတဲ့ထိုင်ဝမ်အတွက် ထောက်ခံအားပေးနေကြောင်း ပြောကြားခဲ့ပါတယ်။
Source: Bloomberg
#Yangon_Media_Group
#Local_News
Published _ 4 August 2022
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊အမှတ် (၄)ရပ်ကွက် နွဲနောရပ်၊ စွန်တောင်းဘုရားလမ်းသွယ်တွင် (ယနေ့)နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းနေနာရေးကူညီမှုအသင်းတို့ထံမှ သိရသည်။
ယင်းမီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကျိုင်းတုံခရိုင်၊ မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။
ထိုသို့ ငြှိမ်းသတ်မှုကြောင့် နံနက် ၂ နာရီ ၂၀ မိနစ် ၌မီးငြှိမ်းသွားခဲ့ပြီး စစ်ဆေးမှုများပြုလုပ်စဉ် အသက် ၃၅နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးအား သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းကို ဆရာဝန်များ စစ်ဆေးချက်ရယူရန် ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်အား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများမှ လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 4 August 2022
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်လာသည့် ကလေးငယ်များအပါအဝင် မြန်မာလုပ်သား ၄၂ ဦးကို ဩဂုတ်လ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ကန်ချနဘူရီခရိုင်အာဏာပိုင်များက ကြိုတင်သတင်းများအရ မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ကန်ချနဘူရီဒေသသတင်းဌာနတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများအနက် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၇ ဦးပါဝင်ပြီး မိဘများနှင့်အတူလိုက်ပါလာသည့် ကလေးငယ်များလည်းပါ၀င်သည်။ ဒါ့အပြင် ယင်းမြန်မာလုပ်သားများကို ခေါ်လာသည့် လမ်းပြနှစ်ဦးကိုလည်း ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများဟာ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင်ဒေသများမှဖြစ်ပြီး ဘန်ကောက်မြို့၊ ရနောင်းခရိုင်၊ စမွတ်ဆာခွန်နှင့် ကန်ချနဘူရီခရိုင်မှာ အလုပ်လာလုပ်တာဖြစ်ကြောင်းသိရသည်။
အလုပ်ရရှိရန် ပွဲစားခအနေနှင့် ဘတ်တစ်သောင်းခွဲမှ သုံးသောင်းခွဲအထိ နေရာအကွာအဝေးပေါ်မူတည်ပြီး ပေးခဲ့ရကြောင်း ဖမ်းမိသူအချို့က ထွက်ဆိုပြောကြားချက်အရ သိရသည်။
ယင်းနောက် ဖမ်းဆီးခံရသူများကို အရေးယူရန် သက်ဆိုင်ရာရဲစခန်းမှာ ထိန်းသိမ်းထားရှိကြောင်း ကန်ချနဘူရီဒေသသတင်းဌာနတွင် ဖော်ပြထားကြောင်း သိရသည်။

ymg/NN
#Yangon_Media_Group
#World_Discovery
Published 4 August 2022
ဘဟားမားရေပြင်အောက်မှာ နှစ်ပေါင်း ၃၅၀ ကျော်ကြာအောင် ဖုံးကွယ်နစ်မြုပ်နေခဲ့တဲ့ ၁၇ ရာစု ကသင်္ဘောပျက်ကြီးဆီမှ ရတနာပစ္စည်းများကို ရေငုပ်သမားများရှာဖွေတွေ့ရှိခဲ့ပါတယ်။
Nuestra Señora de las Maravillas စပိန်နှစ်ထပ်သင်္ဘောဟာ ၁၆၅၆ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့က ဘဟားမားမြောက်ပိုင်း လစ်တဲလ်ဘဟားမားကမ်းအနီးမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
ရတနာပစ္စည်းအများအပြားကို ၁၆၅၆ ခုနှစ်မှ ၁၉၉၀ အစောပိုင်းအတွင်း သိမ်းဆည်းခဲ့ပေမယ့် ခေတ်မီနည်းပညာတွေနဲ့ လေ့လာခဲ့ရာမှာတော့ သင်္ဘာပေါ်မှာ ရှာမတွေ့ခဲ့ကြတဲ့ ရတနာပစ္စည်းတွေ ရှိနေပါတယ်။
ထိုထဲမှာ စပိန်သံလွင်အိုးများ၊ တရုတ်ကြွေထည်များ၊ သံပြားများ၊ ရွှေဒင်္ဂါးငွေဒင်္ဂါးပြားများနဲ့ ငွေဓားလက်ကိုင်တစ်ချောင်းတို့ပါဝင်ပါတယ်။
ရွှေဆွဲကြိုး ၃ ကွင်းအပြင် စပိန်ရေကြောင်းကုန်သွယ်ရေးမှာ ထဲထဲဝင်ဝင်ပတ်သက်ခဲ့တဲ့ ဆန်တီယေဂိုအဖွဲ့ဝင်များဝတ်ဆင်ခဲ့တဲ့ ဆွဲသီး ၄ ခုလည်းပါဝင်ပါတယ်။
ထိုရတနာပစ္စည်းတွေကို ဘဟားမားပြတိုက်အသစ်မှာ လာမယ့်သီတင်းပတ်ကစပြီး စတင်ပြသသွားမှာဖြစ်ပါတယ်။
Maravillas သင်္ဘောက ဘဟားမားရေကြောင်းသမိုင်းမှာ အထင်ကရဖြစ်ခဲ့တာပါလို့ လေ့လာရှာဖွေမှုများ ပြုလုပ်ခဲ့တဲ့ အယ်လန်စူးစမ်းရှာဖွေရေးလုပ်ငန်းတည်ထောင်သူ 'ကားလ်အယ်လန်'က ဆိုပါတယ်။
Maravillas ကို ရှာဖွေခွင့်ရဖို့ ဘဟားမားအစိုးရက ခွင့်ပြုခဲ့ပြီး ရေကြောင်းပြတိုက်မှာ ပြသခွင့်ရတဲ့အတွက် ဝမ်းမြောက်မိကြောင်းဆိုပါတယ်။
သင်္ဘောပျက်စဉ်မှာ လူ ၆၅၀ လောက်က ပြုတ်ထွက်လာတဲ့အစအနတွေကို ဖမ်းကိုင်ထားပြီး အဝေးကိုရောက်ရှိကာ နောက်ထပ်မတွေ့ရတော့ပါဘူး။
ရေပြင်ပေါ်နေတဲ့ သင်္ဘောအစိတ်အပိုင်းတွေပေါ်က လူ ၁၅၀ လောက်ကတော့ ငါးမန်းကိုက်ခံရပြီး သေဆုံးကုန်ကြပါတယ်။
စုစုပေါင်းအနေနဲ့ လူ ၄၅ ဦးသာရှင်ကျန်ပြီး ၆၀၀ ခန့်ပျောက်ဆုံးခဲ့ရပါတယ်။
ဘဟားမားရေကြောင်းပြတိုက်ရှိ အယ်လန်တွေ့ရှိထားတဲ့ ရတနာပစ္စည်းတွေကို ဩဂုတ် ၈ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်ပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published_ 4 Aug 2022
တက္ကသိုလ်အားလုံးတွင် သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဌာနကြီးများအနေဖြင့် အနည်းဆုံး သုတေသန ၃ ခု မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးပွဲမှာ ဝန်ကြီးကပြောကြားခဲ့တာ ဖြစ်ပါတယ်။
သုတေသနစက်ပစ္စည်းများကို အတော်အသင့် ဖြည့်ဆည်းပေးပြီး ဖြစ်သဖြင့် လုပ်ဆောင်မည့်သုတေသနစာရင်းကို ခန့်မှန်း သုတေသနအသုံးစရိတ်နှင့်အတူ ဦးစီးဌာနသို့ ဩဂုတ်လကုန် နောက်ဆုံးထား၍ စာရင်း ပေးပို့ကြဖို့လည်း ပြောပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 4 Aug 2022
ဂျပန်နိုင်ငံမှ Honeys က ယန်း ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုအသစ်ကို မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ ပြုလုပ်မည်ဖြစ်ဖြစ်ကြောင်း သိရပါတယ်။
အမြန်ထုတ်လုပ်ဖက်ရှင် Fast-fashion လုပ်ငန်း Honeys သည် လက်လီအရောင်း ဆိုင်ခွဲများ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပြီး ၎င်း၏ ရောင်းကုန် အဝတ်အစားများ၏ ထက်ဝက်ကျော်ကို မြန်မာနိုင်ငံမှ ရယူရန် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံတွင် မေလကုန်တွင် စတိုးဆိုင်ပေါင်း ၈၇၁ ဆိုင် ဖွင့်လှစ်ထားသည့် Honeys အတွက် စျေးနှုန်းချိုသာမှုသည် အဓိက အချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ဂျပန်အ၀တ်အထည်ထုတ်လုပ်သူ Honeys Holdings သည် မြန်မာနိုင်ငံတွင် တတိယမြောက်စက်ရုံကို ယခုလတွင် စတင်ဆောက်လုပ်နေတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့ မင်္ဂလာဒုံစက်မှုဥယျာဉ်တွင် တည်ရှိပြီးဖြစ်သော ၎င်း၏ စက်ရုံဘေးတွင် ဧရိယာ ၁,၆၀၀ စတုရန်းမီတာရှိ စက်ရုံသစ်ကို တည်ဆောက်မှာဖြစ်ပြီး Honeys သည် ၂၀၂၄ ခုနှစ် မေလအထိ ဘဏ္ဍာနှစ် ၂ နှစ်အတွင်း စီမံကိန်းမှာ ယန်း ၁.၅ ဘီလီယံ (ကန်ဒေါ်လာ ၁၁.၃ သန်း) ခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပါတယ်။
အမျိုးသမီးဝတ် အမြန်ထုတ်လုပ် ဖက်ရှင်ဆိုင်ခွဲများလုပ်ငန်း Honeys သည် ၎င်း၏ ပစ္စည်းများတွင် အကြမ်းဖျင်းအားဖြင့် အရှေ့တောင်အာရှမှာ ၉၀% ကို ထုတ်လုပ်လျက်ရှိရာ၌ မြန်မာနိုင်ငံတစ်ခုတည်းမှာ ၄၄% ကို ထုတ်လုပ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရှိ စက်ရုံများတွင် အခြားနေရာများထက် စျေးသက်သာစွာ ထုတ်လုပ်နိုင်တယ်လို ဆိုပါတယ်။
အဆိုပါ စက်ရုံသစ်တွင် လုပ်သား ၁,၅၀၀ ခန့် အလုပ်ခန့်ထားမှာဖြစ်ပြီး တစ်လလျှင် အဝတ်အထည် အရေအတွက် ၁၀၀,၀၀၀ ထုတ်လုပ်မှာ ဖြစ်ပြီး ထုတ်ကုန်အားလုံးကို ဂျပန်နိုင်ငံသို့ တင်ပို့မှာ ဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published -4 August 2022
လက်ရှိနယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့မှုသာ မြင့်တက်နေပြီး သွင်းကုန်ပစ္စည်း တင်သွင်းမှုသည် များစွာလျော့ကျနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
၂၀၂၂ ခုနှစ်၏ ဘဏ္ဍာနှစ် ၄ လနီးပါးကာလအတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၇၆၅ သန်းကျော် ကုန်သွယ်မှုဆောင်ရွက်ထားနိုင်ပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၆၃၉ သန်းကျော်သာ ဆောင်ရွက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ယင်းအပြင် ကုန်သွယ်မှုပိုင်းနှင့် ပတ်သက်သည့် ကုန်စည်သယ်ယူပို့ဆောင်ရမှု များစွာလျော့ကျလာပြီး အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လည်ပတ်မှုသည်လည်း ပိုမိုနှေးကွေးလာကြာင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁၅၃ သန်းကျော် ပိုမိုဆောင်ရွက်ထားနိုင်ပြီး သွင်းကုန်အနေဖြင့်အမေရိကန်ဒေါ်လာ ၃၄၅ သန်းကျော် လျော့ကျဆောင်ရွက်ထားကြောင်း သိရသည်။
ပြည်တွင်းမှာရှိသည့် ကုန်စည်များကို ပင်လယ်ရေ လမ်းကြောင်းမှ အများဆုံးတင်ပို့နေကြောင်းလည်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published -4 August 2022
မလေးရှားနိုင်ငံ Pekan Nanas ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၃ ဦးကို မြန်မာနိုင်ငံပြန်ပို့ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ကွာလာလမ်ပူမြိုရှိ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ကြေညာထားသည်။
သံရုံးပထမအတွင်းဝန်နှင့် တာဝန်ရှိသူများက အဆိုပါ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊အမျိုးသမီး ၁၆ ဦး၊ ကလေး ၄ ဦးကို ယနေ့(သြဂုတ်လ ၃ ရက်)တွင် သွားတွေ့ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသား အထောက်အထားပြည့်စုံသည့်သူများကို မြန်မာနိုင်ငံသို့အမြန်ဆုံး ပြန်ပို့ရန် ဆောင်ရွက်နေကြောင်းသံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများသည် ပြစ်ဒဏ်ကျခံပြီးပါက ထိန်းသိမ်းရေး စခန်းတွေ၌ ထိန်းသိမ်းခံရပြီး အဆိုပါထိန်းသိမ်းရေးစခန်းတွေမှ တဆင့်မြန်မာနိုင်ငံသား အထောက် အထားပြည့်စုံသူများကို မြန်မာ သံရုံးအစီအစဉ်ဖြင့် နေရပ်ပြန်ပို့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် တရားမဝင်လမ်းကြောင်းကနေ သွားရောက်သည့် မြန်မာနိုင်ငံသားများ မလေးရှား-ထိုင်းနယ်စပ်၌ အဖမ်းခံရမှုများလည်း မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _4 August 2022
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီမြို့နယ်ရှိ မောတောင်-စင်ခွန် နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးမှုများပြု လုပ်ခဲ့ပြီးနောက် ဩဂုတ်လ ၂ ရက်နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အပတ်စဉ်တနင်္လာနေ့မှ စနေနေ့ထိ၊ တစ်နေ့လျှင်နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်ထားကြောင်း သိရသည်။
မောတောင်-စင်ခွန်နယ်စပ်ဂိတ်ကို တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်
အတွက် ပြီးခဲတဲ့ ဧပြီလမှစတင်ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါကိုဗစ်စည်းကမ်းများအတိုင်း ကုန်စည်တင်သွင်း ပို့ဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။


ygm/mt
#Yangon _Media_Group
#World_Health
Published 4 August 2022
ဆဲလ်တွေရဲ့ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို ပြုပြင်ပေးပြီး တစ်ရှူးတွေပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်အောင် ကူညီပေးတဲ့မော်လီကျူးတွေကို ဂျေရုဆလမ် ဟီဘရူးတက္ကသိုလ်က ဓာတ်ခွဲခန်းစမ်းသပ်ချက်အတွင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ထိုမော်လီကျူးအသစ်တွေက ထိခိုက်ထားတဲ့ တစ်ရှူးတွေမှာ ဆဲလ်အသစ်ပြန်လည်ဖြစ်ပေါ်အောင်ပြုလုပ်နိုင်ပြီး အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတို့လို အသက်အရွယ်အရဖြစ်ပေါ်လာတဲ့ ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အပြင် ပျမ်းမျှအသက်ရှင်နေထိုင်နိုင်မှုသက်တမ်းနဲ့ ကျန်းမာရေးကောင်းမွန်လာစေမှာဖြစ်ကြောင်း သုတေသီများကပြောပြခဲ့ပါတယ်။
ကမ္ဘာပေါ်က ဆေးပညာနဲ့နည်းပညာတွေထွန်းကားလာတာဟာ တစ်ကမ္ဘာလုံးရဲ့ပျမ်းမျှသက်တမ်းတိုးမြင့်လာစေပေမယ့် ကျန်းမာရေးမယုတ်လျော့စေဘဲ အသက်ရှည်နေထိုင်နိုင်ဖို့အတွက်တော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
အိုမင်းခြင်းဖြစ်စဉ် ဖြစ်လာရတဲ့အဓိကအကြောင်းအရင်းက ဆဲလ်တွေမှာ စွမ်းအင်တွေထုတ်ပေးတဲ့ မိုက်တိုခွန်ဒရီယာတွေ ယိုယွင်းလာကာ ဆဲလ်တွေရဲ့ထိန်းချုပ်ခြင်းဖြစ်စဉ်တွေ ထိခိုက်လာတာပဲဖြစ်ပါတယ်။
ဒါတွေကို အလွန်သေးငယ်တဲ့ လျှပ်စစ်ဘတ်ထရီတွေကနေ ဆဲလ်လုပ်ဆောင်ချက်တွေကို ပုံမှန်ကူညီပေးနေတာနဲ့ ယှဉ်ကြည့်လို့ရပါတယ်။
ထိုဘတ်ထရီတွေက အမြဲအားကုန်တတ်ပေမယ့် ဆဲလ်တွေက မကောင်းတော့တဲ့ မိုက်တိုခွန်ဒရီယာတွေကို ဖယ်ရှားကာ အသစ်တွေနဲ့အစားထိုးပေးပါတယ်။
ဒါပေမဲ့ထိုဖြစ်စဉ်တွေဟာ အသက်ကြီးလာတာနဲ့အမျှ ပျက်စီးလာပြီး ဆဲလ်ယိုယွင်းပျက်စီးခြင်းနဲ့ တစ်ရှူးလုပ်ဆောင်ချက်များ ပျက်စီးလာပါတယ်။
ထိုကဲ့သို့ ယိုယွင်းလာခြင်းတွေက အသက်ကြီးရင့်လာသူတွေမှာ ရောဂါဝင်လာခြင်းနဲ့ ကြွက်သားဆုံးရှုံးမှုများ ဖြစ်လာစေပါတယ်။
အသက် ၄၀ ကျော်လောက်ကစပြီး ကြွက်သားဆုံးရှုံးလာရာကနေ အသက် ၈၀ ခန့်မှာ ကြွက်သားတဝက်လောက်အထိ ဆုံးရှုံးလာရပါတယ်။
တွေ့ရှိထားတဲ့မော်လီကျူးတွေနဲ့တော့ ထိုဖြစ်စဉ်တွေကို ကာကွယ်ပေးနိုင်ဖွယ်ရှိကြောင်း လေ့လာချက်အရသိရှိရပါတယ်။
"အနာဂတ်မှာ အိုမင်းရင့်ရော်လာပြီး ရောဂါတိုးလာနိုင်တဲ့အခြေအနေတွေကို နှောင့်နှေးအောင်ပြုလုပ်ပြီး လူသားတွေရဲ့အသက်ကို ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါတယ်၊ ဒီအရာတွေကို ပါးစပ်ကနေ အလွယ်တကူသောက်သုံးလို့ရအောင် ပြုလုပ်နိုင်ပါတယ်" လို့ ပရော်ဖက်ဆာ'ဂရော့စ်'နဲ့ 'ဘန်ဆက်ဆွန်'တို့က ဆိုပါတယ်။
"ဘန်ဆက်ဆွန်နဲ့ ဂရော့စ်တို့ရဲ့တွေ့ရှိချက်တွေက အသက်အရွယ်ကြီးလာခြင်းအတွက် အလွန်အဖိုးတန်ပါတယ်၊ အသက်အရွယ်ကြီးလာတိုင်း မလွဲမသွေကြုံရမယ့်ရောဂါများကို အတတ်နိုင်ဆုံးလျှော့ချနိုင်ဖို့ အလွန်နီးစပ်နေပါတယ်" လို့ ဆိုပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 1636 of 1948