#Local_News
Published_ 3 Mar 2022
ရုရှား-ယူကရိန်းအရေးကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးဟာ တစ်ပေပါကို အမေရိကန် ဒေါ်လာ ၁၁၀ ကျော် အထိစံချိန်တင်မြင့်တက်လာသလို ပြည်တွင်းစက်သုံးဆီဈေးလည်း ဒီကနေ့မတ်လ ၃ ရက် ရန်ကုန်မြို့မှာ တစ်လီတာကို ၁,၉၀၀ ကျော်အထိ ခုန်တက်သွားပါတယ်။
မနေ့က မတ်လ ၂ ရက် ရန်ကုန်မြို့မှာ အောက်တိန်း ၉၅ တစ်လီတာကို ၁,၈၃၅ ကျပ်ဝန်းကျင်သာရှိနေရာမှ ဒီကနေ့မတ်လ ၃ ရက်မှာ ၁,၉၆၅ ကျပ် ဝန်းကျင်အထိ မြင့်တက်သွားပါတယ်။
ရန်ကုန်မြို့မှာ မနေ့က အောက်တိန်း ၉၂ တစ်လီတာကို ၁,၇၈၀ ကျပ်ဝန်းကျင်ကနေ ဒီကနေ့မှာ ၁,၉၁၀ ကျပ်ဝန်းကျင်၊ ရိုးရိုးဒီဇယ်တစ်လီတာကို မနေ့က ၁,၇၆၅ ကျပ် ဝန်းကျင်ကနေ ဒီကနေ့မှာ ၁,၉၂၅ ကျပ်ဝန်းကျင်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို မနေ့က ၁,၇၇၅ ကျပ်ဝန်းကျင်ကနေ ဒီကနေ့မှာ ၁,၉၃၅ ကျပ်ဝန်းကျင်အထိ အသီးသီးမြင့်တက်သွားပါတယ်။
အခြားသောနယ်မြို့တွေမှာတော့ စက်သုံးဆီဈေးနှုန်းတွေဟာ တစ်လီတာကို ကျပ် ၂,၀၀၀ ကျော်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ မတ်လ ၃ ရက်မှာ ကမ္ဘာ့ရေနံစိမ်းတစ်ပေပါကို ဒေါ်လာ ၁၁၀ ကျော်အထိမြင့်တက်နေပြီး ကမ္ဘာ့ဈေးကွက်မှာ စံချိန်တင်အမြင့်ဆုံးရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ရုရှား-ယူကရိန်းအခြေအနေကြောင့် ပြည်တွင်းမှာသာမက အိမ်နီးချင်းနိုင်ငံများနဲ့ အခြားနိုင်ငံတွေမှာလည်း စက်သုံးဆီဈေးအပြင် ကုန်ဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်နေပါတယ်။
ymg_mnn
#Yangon_Media_Group
#LocalNews
Published - 3 March 2022
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်ချယ်ရီထက်အတွက် ထွက်ဆိုကြမည့်သက်သေများ ယနေ့ မတ်လ ၃ ရက်တွင်လည်း မလာရောက်ကြသည့်အတွက် စစ်ဆေးမှုမပြုလုပ်ခဲ့ရကြောင်း ယင်း၏ ရှေ့နေက YMG ကို ပြောသည်။
"ချယ်ရီထက်ဘက်က သက်သေထွက်မယ့်သူတွေ ဒီနေ့လည်းမလာကြဘူး။ဒါကြောင့် နောက်တစ်ပတ်ကို ချိန်းဆိုလိုက်ပါတယ်။ဘာကြောင့်မလာကြတယ်ဆိုတာတော့ မသိဘူး" ဟု ရှေ့နေက ဆိုသည်။
လက်ရှိတွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်သုံးနှစ်ချမှတ်ခံထားရသော ချယ်ရီထက်ဘက်က သက်သေထွက်ဆိုရန် လူလေးဦး စာရင်းပေးထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်ရုံးချိန်းတွင် ချယ်ရီထက်က မိမိအနေဖြင့် ပြစ်မှုမြောက်စေသည့်ကိစ္စများ မလုပ်ခဲ့ကြောင်း သူ့ကိုစွဲဆိုထားသော ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နှင့် ပတ်သက်၍ တရားခွင်တွင် ပြောဆိုခဲ့သည်။
ချယ်ရီထက်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်က ပုဒ်မ ၅၀၅ (က) အမှုအတွက် အပြစ်ရှိကြောင်း စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဇွန်လအတွင်း NLD ပါတီ၏ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာက တောတွင်းစခန်းချနေပုံ ၊ လက်နက်ကိုင်ဆောင်ထားသည့်မှတ်တမ်းဓာတ်ပုံများ၊ NUG ၏ သတင်းထုတ်ပြန်ချက်များ ၊ပြည်ပသတင်းဌာနများ၏ သတင်းရုပ်သံဖိုင်များ စသည်တို့ကို အပြန်အလှန်ပေးပို့ခဲ့ကြသည်ဆိုကာ ရဲတပ်ဖွဲ့က ချယ်ရီထက်ကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 3 Mar 2022
ရှမ်းမြောက်ဒေသတိုက်ပွဲများအပြီးတွင် စစ်ပွဲကာလတုန်းကကျန်ရှိခဲ့သည့် မြေမြှုပ်မိုင်းအန္တရာယ်ကို ဒေသခံများအနေနဲ့ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
အဆိုပါ ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေဒေသအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ RCSS နှင့် SSPP, TNLA တို့အကြား ပြီးခဲ့သည့်နှစ် ဇွန်လဆန်းကစပြီး စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်ခဲ့ကြတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ ပြည်နယ်အတွင်းက နေရာဒေသအချို့မှာ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ တိုက်ပွဲတွေက မရှိသလောက် ပြန်လည်လျော့ကျသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သို့သော်လည်း တိုက်ပွဲအကြွင်းအကျန်ဖြစ်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကိုတော့ ဒေသခံများက ယနေ့အထိ ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်း ၄င်းတို့ကပြောပါတယ်။
"တလောက တိုက်ပွဲအကြီးအကျယ်ဖြစ်တဲ့နေရာတွေပေါ့ ၊ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေဆိုတော့ မိုင်းအန္တရာယ်ရှိတာပေါ့။ ဒေသခံတွေအ နေနဲ့ တောထဲတောင်ထဲသွားရင် အတော်လေးဂရုစိုက်ရမယ့်အနေအထားပါ။ တိုက်ပွဲတွေဖြစ်ထားတဲ့နေရာက သိတဲ့အတိုင်း ပဲလေ၊ ပြောရရင် မြေမြှုပ်မိုင်းက အခု အတော်လေးကြောက်နေရတယ်။"လို့ ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ယခုမတ်လဆန်းပိုင်းအတွင်းမှာလည်း ကျောက်မဲမြို့ ၊ နားခေါ်ရွာရှိ ဒက်ပါခမ်းရေတံခွန်အနီးသို့ ဟင်းစားရှာသွားတဲ့ ဒေသခံပြည်သူနှစ်ဦး မြေမြှုပ်မိုင်းထိမိပေါက်ကွဲမှုကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့တာလည်းဖြစ်ပါတယ်။
"အခုက တိုက်ပွဲတွေက မဖြစ်တော့ဘူးဆိုပေမယ့် မိုင်းအန္တရာယ်ကတော့ ကြောက်နေရတာပါပဲ။ သူတို့အဖွဲတွေက တောင်ပိုင်းကို ရောက်သွားကြပြီလို့လည်းပြောနေကြတယ်။ ကျောက်မဲမြို့တစ်ဝိုက်မှာတော့ တိုက်ပွဲဖြစ်တာတွေကရှားသွားပါပြီ။ ဒါပေမယ့် စောနက ပြောသလို မိုင်းအန္တရာယ်ကရှိနေတယ်။ ဒေသခံတွေအနေနဲ့က အတော်လေးအခက်တွေ့ပါတယ်။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
အဆိုပါရှမ်းမြောက်ဒေသမှာဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲတွေဟာ လက်ရှိကာလမှာအေးသွားသော်လည်း စစ် ဘေးရှောင်ပြည်သူတွေအနေနဲ့က အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ယနေ့အထိ နေရပ်ပြန်နိုင်ခြင်းမျိုးမရှိသေးဘူးလို့ စစ်ဘေး ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNew
Published- 3 March 2022
မလေးရှားနိုင်ငံ Berjaya Land Bhd's (Bland) ကော်ပိုရေးရှင်းအနေဖြင့် မြန်မာနိုင်ငံရန်ကုန်မြို့တွင် အိမ်ရာနှင့် ရောနှောဖွံ့ဖြိုးရေးစီမံကိန်းသဘောတူညီချက်(Concession Agreement - CA) ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အဆိုပါကော်ပိုရေးရှင်းက ထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်ပသတင်းဌာနများတွင် ရေးသားထားကြသည်။
Berjaya Land Berhad (BLand) က ရန်ကုန်တိုင်းဒေသကြီးအတွင်း ၎င်း၏ ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်သော လုပ်ငန်းခွဲ BDS Smart City Co., Ltd. အနေဖြင့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၇၈၀ ကျော် ရင်းနှီးမြှုပ်နှံမည့် အိမ်ရာနှင့် ဘက်စုံသုံးစီမံကိန်းအတွက်သဘောတူညီချက်ကို ရပ်စဲရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့(YRG)ထံ မတ်လ ၁ ရက်က စာပေးပို့အသိပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် ရပ်ဆိုင်းနှုတ်ထွက်သော်လည်း အစုရှယ်ယာရှင်များ၏ အစုရှယ်ယာများအပေါ် သက်ရောက်မှုမရှိကြောင်းလည်း developer က ပြောကြားထားကြောင်းသိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အမေရိကန်ဒေါ်လာ ၇၈၀ ကျော်တန်ဖိုးရှိ စီမံကိန်းတည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် BDS Smart City Co., Ltd တို့အကြား Concession Agreement လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းစီမံကိန်းကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရွှေလီလမ်းနှင့် မြနန္ဒာလမ်းထောင့်ရှိ မြေဧရိယာ(၁၈၃)ဧက ခန့်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ BDS Smart City Project ကိုအပိုင်း(၁၂)ခုဖြင့် ခွဲခြားထားပြီး Affordable Housing, High End residential, Shop Lots, Shop House, School, Hospital, Community Centre များနှင့် Mix development project အဖြစ် တည်ဆောက်သွားရန်၊ Project တစ်ခုလုံး၏ Gross Development Value (GDV) မှာ အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၇၂ သန်းရင်းနှီးမြှုပ်နှံရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။
Project ကာလမှာ ၆ နှစ်မှ ၁၀ နှစ်အထိ ကြာမြင့်မည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအတွက် Affordable Housing ကို Net Floor Area (NFA) (၂၄၂,၇၉၉ ဒသမ ၅၂) စတုရန်းမီတာနှင့် ညီမျှသော အိမ်ခန်းယူနစ်ပေါင်း (၃,၈၄၈)ယူနစ်၊ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ (၁၈၂)သန်းကျော်ကို ဆောက်လုပ်ပေးရန်လည်း သဘောတူခဲ့ကြသည်။
ymg/mt
photo-YRG
#Yangon_Media_Group
#LocalNews
Published - 3 Mar 2022
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကြီးကို(မတ်လ ၂ ရက်) နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘီအေဘွဲ့ရပုဂ္ဂိုလ်( ၂၂၁)ဦးကို အခမ်းအနားချိန် ၁ နာရီအတွင်း ပြီးစီးအောင်မြင်စွာဖြင့် ဘွဲ့များကို ချီးမြှင့်အပ်နှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားကို ခေတ်အခြေအနေအရ အကြပ်အတည်းကာလမှာ အခမ်းအနားကို ကျဉ်းနိုင်သမျှကျဉ်းအောင် တိတ်ဆိတ်ငြိမ်သက်စွာ ကျင်းပခဲ့သော်လည်း ဝေဝေဆာဆာမြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ကြောင်းနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပါဝင်ကြသည့် သင်္ကန်းအလှူရှင်၊ နဝကမ္မအလှူရှင်၊ ဆွမ်းအလှူရှင်၊ တံဆိပ်တုံးအလှူရှင်များနှင့် ဝေယျာဝစ္စ ပါဝင်ကုသိုလ်ပြုကြသူအားလုံးတို့အား အထူးကျေးဇူးတင်ရှိကြောင်း သီတဂူစတားအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခမ်းအနားအပြီးတွင် သင်္ကန်းအလှူနှင့် နေ့ဆွမ်းတို့ကိုလည်း ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - သီတဂူစတား။
ymg/kg
#Yangon_Media_Group
#DailyNews
Published - 3 Mar 2022
၁။ ကျောက်တူးခွင့်ပိတ်ထားသည့်ကြားမှ ဖားကန့်မြေစာပုံပြိုကျမှုဖြစ်ပွားဟု ဒေသခံများပြော
၂။ တရုတ်-မြန်မာ နယ်စပ်ဂိတ်များအားလုံး ပြန်ပိတ်သွားပြန်
၃။ မိုးလေဝသ သတင်း
၄။ ဗင်နီဇွဲလားပန်းချီဆရာတစ်ဦး ကမ္ဘာလှည့်သွားလာ၍ ကလေးတွေကိုပန်းချီပညာသင်ကြားပေးလျက်ရှိ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published-3 March 2022
ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့သွားမည့် မြန်မာစကားမပြောတတ်သည့် အထောက်အထားမဲ့ ၆၅ ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မတ်လတစ်ရက်က ဖမ်းဆီးအမှုဖွင့်ခံလိုက်ကြောင်း သိရသည်။
၎င်းတို့ မှာရခိုင်ပြည်နယ် စစ်တွေ ၊ မောင်တော ၊ ဘူးသီးတောင်မြို့နယ်များမှဖြစ်ပြီး မြဝတီမြို့ ရပ်ကွက်(၂) ရှိနေအိမ်တစ်လုံးတွင်တည်းခိုနေစဉ် မြဝတီမြို့မှ ရဲတပ်ဖွဲ့နှင့် လဝကတို့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သိရသည်။
"သူတို့တွေက ရခိုင်ပြည်နယ် စစ်တွေ ၊ မောင်တော ၊ ဘူးသီးတောင်မြို့နယ်တွေက မွတ်ဆလင်တွေလို့ သိရတယ်။သူတို့ကို မေးကြည့်တဲ့အခါ မလေးရှားက ဆွေမျိုးတွေဆီကိုသွားမယ်လို့ ပြောတယ်။ထိုင်းကနေတစ်ဆင့် သွားကြမှာပေါ့။ရောက်လာတာကိုဒေသခံတွေက သိလို့ ဖမ်းကြတာ။မြန်မာစကားမပြောတတ်ကြဘူး"ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူကပြောသည်။
အဆိုပါ ၆၅ ဦးတွင် အမျိုးသမီး ၃၈ ဦး ၊ အမျိုးသား ၂၇ ဦးဖြစ်ကြောင်းနှင့် ယင်းအထဲတွင် ကလေးငယ် ၁ဝ ဦးလည်းပါဝင်ကြောင်း ၊ယခုအခါ လဝက အက်ဥပဒေပုဒ်မ(၆၃)ဖြင့် အမှုဖွင့်ထားပြီး ပြစ်ဒဏ်ချမှတ်ပြီးပါက ရခိုင်သို့ ပြန်ပို့ရန်စီစဉ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 3 Mar 2022
ကရင်ပြည်နယ်မှ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ဖြစ်ခဲ့သော ပညာရေးဝန်ထမ်း ၂၆၅ ဦး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိခဲ့ကြောင်း သိရပါတယ်။
အလုပ်ပြန်လည်ဝင်ခွင့်ရရှိသူများမှာ သင်ကြားရေးဝန်ထမ်း အထက်တန်းပြ ၃၀ ဦး၊ အလယ်တန်းပြ ၇၈ ဦး၊ မူလတန်းပြ ၁၂၈ ဦးနှင့် ရုံးဝန်ထမ်း ၁၃ ဦး စုစုပေါင်း ၂၆၅ ဦး ဖြစ်ကြောင်း သိရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်းများအား ကရင်ပြည်နယ်အတွင်း လူသားအရင်းမြစ်များ မဆုံးရှုံးစေရေးအတွက် ထုတ်ပယ်ခြင်းခံရသူများထဲမှ အယူခံတင်ပြမှုအပေါ် ရာထူးတိုး ၂ နှစ် ဆိုင်းငံ့တဲ့ ပြစ်ဒဏ်ကိုသာချမှတ်၍ ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့တယ်လို့ နစက၊ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောပါတယ်။
ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ကာ အစိုးရကပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
အစဉ်လေ့လာသင်ယူနိုင်သော လူ့ဘောင်အဖွဲ့အစည်းကိုဖန်တီးပေးနိုင်တဲ့ ပညာရေးစနစ်တစ်ခုဖြစ်ထွန်းလာစေရန် ကြိုးစားဆောင်ရွက်ပေးကြဖို့ အလုပ်ပြန်လည်ဝင်ရောက်လာကြတဲ့ ပညာရေးဝန်ထမ်းတွေကို သူက တိုက်တွန်းထားပါတယ်။
#ymg_mnn
#Yangon_Media_Group
#LocalNews
Published-3 March 2022
ရခိုင်ပြည်တွင် Covid-19 ကူးစက်မှုမြင့်တက်လာသောကြောင့် စည်းမျဉ်းစည်းကမ်းများသတ်မှတ်ထားရာ ယင်းစည်းကမ်းများကို မလိုက်နာပါက အရေးယူမှုများပြုလုပ်နေကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ရှိသူက YMG ကို ပြောသည်။
လက်ရှိတွင် အဆိုပါအရေးယူမှုများကို ခံဝန်လက်မှတ်ထိုးသည့်အဆင့်ဖြင့် စတင်နေခြင်းဖြစ်ပြီး နောက်တစ်ကြိမ်ကျူးလွန်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
"အခုဖြစ်နေတဲ့စတုတ္ထလှိုင်း ကို omicron လှိုင်းလို့ ပြောနိုင်ပါတယ်။ ရခိုင်ပြည်နယ်တော့ အသေအပျောက်မရှိသေးပါ။လေယာဉ်ကွင်းရှိတဲ့နေရာတွေမှာ ကိုဗစ်စစ်နေပါတယ်။မောင်တောကတော့ ဝန်ထမ်းတွေကို အခါအားလျော်စွာစစ်ပါတယ်။ကျန်လူနာက ဖျားနာလို့ စစ်ဆေးတဲ့အခါတွေ့တာပါ။ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကဆိုရင် မြေပုံမြို့မှာ Mask မတပ်တဲ့သူတွေကို ခံဝန်လက်မှတ်ရေးထိုးခိုင်းတယ်။ စုစုပေါင်း လူနှစ်ရာကျော်ပါတယ်။ အဲဒီလူတွေကို Mask မတပ်ဘဲနောက်တစ်ကြိမ်တွေ့ရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေနဲ့ အရေးယူဖို့ရှိပါတယ်၊ဒီလိုလုပ်တာကို မြို့နယ်တိုင်းမှာလုပ်မှာပါ။အခု မြို့နယ်တိုင်းမှာ Mask Campain လုပ်နေပါတယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
သို့သော်လည်း ကိုဗစ်ရောဂါပိုးမကူးစက်စေရေး ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူကိုယ်တိုင်ပါဝင်မှသာ ရရှိမည်ဖြစ်ကြောင်းနှင့် တစ်ဦးတစ်ယောက်ချင်းစီ မိမိကျန်းမာရေးကို မိမိကာကွယ်မှုပြုလုပ်ရန်သာ အဓိကလိုအပ်ကြောင်းလည်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
"အခု ဖြစ်နေတာက ကိုဗစ်ပိုးမပြင်းထန်ဘူးဆိုပြီး ပေါ့ပေါ့နေကြတာပါ။ကျွန်တော်တို့ စစ်တွေမှာ Mask မတပ်သူများတယ်။အဲဒီလို Mask မတပ်တိုင်းသာ အရေးယူမယ်ဆိုရင်မဖြစ်နိုင်ဘူးလေ။ကာကွယ်ဖို့ကိစ္စက လူတိုင်း သူ့အသိစိတ်နဲ့ သူရှိဖို့လိုတယ်။လူတွေက ပေါ့ဆပါတယ်"ဟု အဆိုပါ မြို့ခံက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၂ ရက်ထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၆,၄၄၅ ဦးရှိပြီး သေဆုံးသူ ၅၀၀ ကျော်ထိရှိကြောင်း ရခိုင်ပြည်နယ်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ စာရင်းအရသိရသည်။
ymg/mt
Yangon_Media_Group
#WorldMilitary
Published - 03 March 2022
ယူကရိန်းအားထိုးစစ်ဆင်နွှဲရာမှာ ရုရှားတပ်သား ၄၉၈ ဦးသေဆုံးထားပြီး ၁,၆၀၀ နီးပါးဒဏ်ရာရရှိထားကြောင်း ရုရှားစစ်တပ်ဘက်က ဗုဒ္ဓဟူးနေ့မှာအတည်ပြုပြောကြားလိုက်ပါတယ်။
ရုရှားဘက်မှ မရေမတွက်နိုင်လောက်အောင် အကျအဆုံးများနေတယ်ဆိုတဲ့ သတင်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ကာ ဒီသတင်းတွေဟာ ရန်သူဘက်မှ တမင်တကာထုတ်လွှင့်လိုက်တဲ့ သတင်းအမှားတွေသာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ရုရှားစစ်တပ်ဘက်ရဲ့ခန့်မှန်းချက်များအရ ယူကရိန်းစစ်သားများနဲ့ အရပ်ဘက်လက်နက်ကိုင်အဖွဲ့များမှ အနည်းဆုံး ၂,၈၇၀ ဦးသေဆုံးပြီး ၃,၇၀၀ ခန့် ဒဏ်ရာရရှိထားကြောင်း သိရှိရပါတယ်။ယူကရိန်းစစ်သည် ၅၇၂ ဦးကိုတော့ စစ်သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ယူကရိန်းအားထိုးစစ်ဆင်တဲ့တိုက်ပွဲမှာ ရုရှားရှေ့တန်းတပ်ဖွဲ့ တွေကို စစ်မှုထမ်းအများစုနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုငြင်းဆိုလိုက်ကာ ရှေ့တန်းတိုက်ခိုက်ရေးတပ်တွေဟာ ပရော်ဖက်ရှင်နယ်စစ်သားများနဲ့သာ ဖွဲ့ စည်းထားကြောင်း စစ်တပ်ကတုန့်ပြန်ပြောကြားလိုက်ပါတယ်။
ရုရှားမှထုတ်ပြန်လိုက်တဲ့ စစ်တပ်အင်အားအကျအဆုံးအရေအတွက်က ယူကရိန်းဘက်မှ ထုတ်ပြန်ခဲ့တဲ့အရေအတွက်နဲ့ များစွာကွာခြားနေတာဖြစ်ပြီး ယူကရိန်းရဲ့ပြောကြားချက်အရ ကျူးကျော်စစ် စတင်ကတည်းက ရုရှားစစ်သား ၅,၈၀၀ ကျော် သေဆုံးပျောက်ပျက်ထားတယ်လို့ သိရှိရပါတယ်။
ယူကရိန်းအရှေ့ဘက်ရှိ ခွဲထွက်ရေးဒေသများဖြစ်တဲ့ ဒိုနက်စ်နဲ့လူဟန့်စ်က်ပြည်သူ့သမ္မတနိုင်ငံများကို ကာကွယ်ဖို့ အကြောင်းပြချက်ဖြင့် ရုရှားတို့ က ပြီးခဲ့တဲ့အပတ်က ယူကရိန်းနိုင်ငံကို စတင်တိုက်ခိုက်ကျူးကျော်ခဲ့ပါတယ်။
စစ်ဆင်ရေးပစ်မှတ်တွေထဲမှာ ယူကရိန်းစစ်ရေးအချက်အခြာနေရာများအား ဖြိုခွဲဖျက်ဆီးပြီး နာဇီဝါဒလွှမ်းမိုးမှုရှင်းလင်းရေးအကြောင်းပြချက်များ ပါဝင်ပါတယ်။
ခွဲထွက်ရေးဒေသတွေကို အင်အားသုံးပြန်လည်သိမ်းယူဖို့ အစီအစဉ်မရှိဘူးလို့ ယူကရိန်းက ငြင်းဆိုလိုက်ပြီး ရုရှားတို့ က တိုက်ခိုက်ဖို့ အတွက် သက်သက်မဲ့အကြောင်းပြချက်ရှာတာဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
ဒီမိုကရက်တစ်နည်းလမ်းအရ ရွေးခြယ်တင်မြှောက်ထားတဲ့ အစိုးရကိုဖြုတ်ချခဲ့တဲ့ ၂၀၁၃ ယူကရိန်းဆန္ဒပြပွဲအပြီး ၂၀၁၄ မှာ ဒိုနက်စ်နဲ့လူဟန့်စ်က်ပြည်နယ်တို့ က ယူကရိန်းကနေ ခွဲထွက်လာခဲ့တာဖြစ်ပါတယ်။
ယခုကျူးကျော်မှုမပြုလုပ်ခင် အဆိုပါဒေသနှစ်ခုကို လွတ်လပ်ကွဲထွက်သည့်နိုင်ငံများအဖြစ် ရုရှားက တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။
Source: RT
#LocalNews_Politics
Published - 3 March 2022
အမေရိကန်ပြည်ထောင်စုအနေဖြင့် အာဆီယံ၏ ဦးဆောင်မှုအတိုင်းလိုက်ပါဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒီလထဲမှာ ဝါရှင်တန်မှာ ပြုလုပ်မယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံအတွက် နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားမယ်လို့ပြောပါတယ်။
မတ်လ၂၈ရက်နေ ၂၉ရက်အထိ သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်ပြည်ထောင်စုနှင့်အာဆီယံခေါင်းဆောင်တွေအကြား အထူးထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။
“ အမေရိကန်ပြည်ထောင်စုဟာ အဆင့်မြင့်အာဆီယံ အခမ်းအနားအတွက် မြန်မာနိုင်ငံမှ နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ် တစ်ဦးကို ဖိတ်ကြာတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်" လို့ အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ တစ်ဦးက ဘားမားဆိုတဲ့ အမည်ဟောင်းကို သုံးနှုံးပြီးပြောပါတယ်။
“ အဲဒါကြောင့် ထိပ်သီးဆွေးနွေးပွဲကို အဲဒီအတိုင်းပဲ ကျွန်တော်တို့က မြန်မာနိုင်ငံမှ နိုင်ငံရေးမဟုတ်တဲ့ကိုယ်စားလှယ် တစ်ဦးကို ဖိတ်ကြားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်ကို မြန်မာအစိုးရဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ တိုးတက်မှုတွေပြုလုပ်ဖို့ပျက်ကွက်ခဲ့တယ်" လို့ အဲဒီအရာရှိကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အာဆီယံဟာ မြန်မာက အာဆီယံသဘောတူညီချက်(၅)ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး အစည်းအဝေးတွေကို နိုင်ငံရေးမဟုတ်တဲ့ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားခဲ့ပေမယ့် မြန်မာက ငြင်းပယ်ခဲ့ပြီးကိုယ်စားလှယ်စေလွှတ်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
Source CNA
#WorldHealth
Published 03 March 2022
ဗြိတိန်ပြည်ထောင်စုမှာပြုလုပ်တဲ့ နောက်ပိုင်းအဆင့်စမ်းသပ်ချက်များကို ချဲ့ထွင်ဆန်းစစ်ခဲ့ကြရာ နိုဗာဗက်ဇ်(Novavax) ကိုဗစ်ကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်ကို ရေရှည်ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ကြကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ပရိုတိန်းအခြေပြုကာကွယ်ဆေး NVX-CoV2373 ဟာ အချိန် ၆ လကျော်ကြာတဲ့အထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်စွမ်းက ၈၂.၇ ရာခိုင်နှုန်းရှိနေကြောင်း ကုမ္ပဏီကထုတ်ဖော်လိုက်ပါတယ်။
ရောဂါလက္ခဏာပေါ်ပေါက်ခြင်းနဲ့ လက္ခဏာမပေါ်တတ်တဲ့ကူးစက်ခြင်းတွေကိုလည်း ၈၂.၅ ရာခိုင်နှုန်း ထိန်းသိမ်းကာကွယ်ပေးထားနိုင်ပြီး ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်မှုကိုတော့ ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။
ဒီဆန်းစစ်လေ့လာမှုတွေကို ဒယ်လ်တာနဲ့အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှု မလွှမ်းမိုးခင် ၂၀၂၀ နိုဝင်ဘာလနဲ့ ၂၀၂၁ မေလကြားမှာ ပြုလုပ်ထားတာဖြစ်ပါတယ်။
နိုဗာဗက်ဇ်က အိုမီခရွန်သီးသန့်ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ဖို့ကြိုးစားနေပြီး ပထမသုံးလအတွင်း ဈေးကွက်ဖြန့်ဖြူးရောင်းချနိုင်မည့် ကာကွယ်ဆေးတွေ စတင်ထုတ်လုပ်သွားနိုင်ဖို့မျှော်လင့်ထားကြောင်း တနင်္လာနေ့က အသိပေးလိုက်ပါတယ်။
ပထမသုံးလအတွင်း ကာကွယ်ဆေးပေါင်းဘယ်လောက်အထိ ပို့ဆောင်နိုင်ဖို့မျှော်လင့်ထားသလဲဆိုတာကို အသိမပေးထားပေမယ့် ၂၀၂၂ အတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံကြားရရှိဖို့ ခန့်မှန်းထားပါတယ်။
"ဒီကာကွယ်ဆေးက ရောဂါလက္ခဏာပေါ်ပေါက်ခြင်းနဲ့ လက္ခဏာမပေါ်တတ်တဲ့ကူးစက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပြီး ကိုဗစ်ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ကိုဗစ်ကာကွယ်ဆေးက ကြာရှည်ခံနိုင်စွမ်းရှိပြီး သတ်မှတ်ထားတဲ့အချိန်တစ်ခုအတွင်း ဘေးကင်းစိတ်ချစွာ ဆက်လက်ကာကွယ်ပေးနေမှာဖြစ်ပါတယ်" လို့ သုတေသနဖွံ့ဖြိုးတိုးတက်ရေးဥက္ကဌ 'ဂရီဂေါ်ရီဂလန်း'က ဝမ်းသာအားရပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလအစောပိုင်းက အသက်အရွယ်ရောက်ပြီးသူတွေမှာ နိုဗာဗက်ဇ်နှစ်ကြိမ်ထိုးနှံရခြင်းကို ဗြိတိန်ကအသိအမှတ်ပြုခဲ့ပါတယ်။
ဒီကာကွယ်ဆေးကို အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့က လေ့လာသုံးသပ်လျက်ရှိကာ ဥရောပသမဂ္ဂနဲ့ WHO အပါအဝင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှာ အသုံးပြုခွင့်ရရှိထားပါတယ်။
နှောင်းပိုင်းအဆင့်စမ်းသပ်ချက်တွေအရ နိုဗာဗက်ကာကွယ်ဆေးဟာ ဆယ်ကျော်သက်အရွယ်တွေမှာ ရောဂါကာကွယ်နိုင်စွမ်း ၈၀ ရာခိုင်နှုန်းပေးစွမ်းနိုင်ကြောင်း ကုမ္ပဏီက အသိပေးထားပါတယ်။
Source: The Straits Times.
#Yangon_Media_Group
Page 1640 of 1689