#Local_News
Published_ 14 June 2022
၂၀၂၃ ခုနှစ်၊ မေလမှာကျင်းပမယ့် ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဗိုဗီနမ် အားကစားနည်းကို ဇွန်(၁၇)ရက်မှစတင်ပြီး နေပြည်တော် Gold Camp မှာ စခန်းသွင်းလေ့ကျင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။
စခန်းသွင်းလေ့ကျင့်မှုကို ကစားသမား ၆၀ ကျော် လေ့ကျင့်ပေးသွားမှာဖြစ်ပြီး အဆိုပါအားကစားသမားများထဲမှ လက်ရွေးစင် ၁၅ ဦးနဲ့ ကျန်တဲ့ ၄၀ ကျော်ကတော့ ပြည်နယ်နှင့်တိုင်းဒေသကြီးသိုင်းပြိုင်ပွဲတွေမှ မျိုးဆက်သစ်အားကစားသမားများ၊ အားကာ/သိပ္ပံမှ မျိုးဆက်သစ်အားကစားသမားများကို ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။
မျိုးဆက်သစ်ကစားသမားများ အတွက်လေ့ကျင့်မှုကိုတော့ ဇွန် ၁၇ ရက်မှ စတင်ကာ ၃ ပတ်ကြာ လေ့ကျင့်ပေးသွားမှာဖြစ်ပြီး ထိုထဲကမှ အကောင်းဆုံးကစားသမားတွေကို ပြန်လည်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
ဗိုဗီနမ်အားကစားနည်းအနေဖြင့် ၂၀၂၃ ခုနှစ်တွင် Pre SEA Games၊ Cambodia SEA Games နဲ့ World Vovinam Championship ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
လာမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ဗိုဗီနမ်အားကစားနည်း အမျိုးအစားပေါင်း ၃၀ ထည့်သွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 14 June 2022
၂၀၂၂ ပညာသစ်နှစ် အဝေးသင်တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီးတွင် ၂၀၂၂ ပညာသင်နှစ်၊ အဝေးသင် သင်တန်းအတွက် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပထမနှစ် အဝေးသင် သင်တန်းတက်ရောက်မည့်သူများ၊ ဒုတိယနှစ်၊ တတိယနှစ်ကျောင်းအပ်ရန် ကျန်ရှိသူများနှင့် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပထမနှစ် အဝေးသင် သင်တန်းတက်ရောက်မည့်သူများသည် ဇွန် ၁၃ ရက်မှစ၍ ကျောင်အပ်နှံနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆင့်မြင့် ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ် အဝေးသင် တက္ကသိုလ်နောက်ဆုံးနှစ် ဝိဇ္ဇာအထူးပြု တတိယအသုတ်ဖြစ်သည့် မြန်မာစာ၊ သမိုင်း၊ စီးပွားရေး ပညာ၊ စီးပွားစီမံ အနီးကပ်သင်တန်းများကို ဇွန် ၆ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
လက်ရှိတွင် နေ့သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီး တတ်ရောက်သည့်ကျောင်းသား ကျောင်းသူမှာ နည်းနေသေးကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 14 June 2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့တွင် ငွေကျပ်၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်စစ်ဆေးရေးဂိတ်အနီးတွင် ဘိုမြိုင် မောင်းနှင်ပြီး အောင်မင်းဇော် လိုက်ပါလာသည့် FUSO FIGHTER ၆ ဘီးကွန်တိန်နာဘောက် မော်တော်ယာဉ်အား သတင်းအရ ရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၆ ဘီလီယံ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၀ ဒသမ ၇ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့အားဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_14 June 2022
ပြည်ပခရီးသွားနဲ့ ပြည်တွင်းခရီးသွားတွေ လာရောက်တာ အများဆုံးလို့ ပြောလို့ရတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းမှာရှိတဲ့ ချောင်းသာကမ်းခြေဟိုတယ်ဝန်ထမ်းတွေကို လစာမဲ့ နှစ်လနားဖို့စီစဉ်ထားတယ်လို့ ဟိုတယ်ဇုန်တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 14 June 2022
တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အသက် ၅နှစ်မှ အသက် ၁၂နှစ်အထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူဦးရေမှာ ၆၁ ဒသမ ၄၇ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကျောင်းနေအရွယ်ကလေးများကို ကိုဗစ်ကာကွယ်ဆေးအား ပြီးခဲ့သည့် ဇွန်လ ၂ရက်တွင် ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်အထိ ၈ ရက်တာ ကာလအတွင်း (၂,၂၂၅,၉၅၅) ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ဦးရေ စုစုပေါင်း (၃ ဒသမ ၆သန်း) ရှိပြီး ကျောင်းပြင်ပနေ ကလေးငယ်ဦးရေမှာ အသက် ၅ နှစ်မှ အသက် ၁၅ နှစ်အတွင်း ၁သန်းခန့်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းမနေသေးသည့် ကလေးငယ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျောင်းနေအရွယ်ကလေးများ ပြီးစီးသည်နှင့် စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ကလေးများနဲ့ လူကြီးများကို ထိုးနှံပေးသည့် ကာကွယ်ဆေးမှာ sinopharm ဟု အမည်ရတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်ပြီး ထိုးနှံပေးသည့် ပမာဏမှာလည်း အတူတူပင် ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon _ Media _ Group
#Ukraine_Crisis
Published 14 June 2022
ဒွန်ဘတ်စ်ဒေသမှာ အနိုင်ရလာတဲ့ရုရှားတို့က ဆက်လက်တွန်းအားပေးလာခြင်းနဲ့အတူ ယူကရိန်းအရှေ့ဘက်မြို့ဆီဗီရိုဒိုနက်စ်မှ အရပ်သားများထွက်မြောက်ရာနောက်ဆုံးလမ်းကြောင်းများကို ရုရှားတပ်ဖွဲ့များ ဖြတ်တောက်လိုက်ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
အဆိုပါမြို့ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ရုရှားတို့ကထိန်းချုပ်ထားတဲ့အပြင် မြို့ကိုဆက်သွယ်ထားတဲ့ နောက်ဆုံးတံတားကို ဖျက်ဆီးလိုက်ကြတာကြောင့် မြို့ထဲကအရပ်သားတွေ ပိတ်မိနေပြီး လူသားချင်းကူညီမှုအထောက်အပံ့တွေ ပေးပို့လို့မရတော့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး'ဆာဂျီဂေဒိုင်'က ကြေညာခဲ့ပါတယ်။
စစ်ပွဲအခြေအနေနဲ့ ဒွန်ဘတ်စ်ဒေသကတိုက်ပွဲအတွက် အခရာကျတယ်လို့ ယူကရိန်းဘက်ကဆိုထားတဲ့ ဆီဗီရိုဒိုနက်စ်မြို့ကို ကာကွယ်ဖို့အတွက် အနောက်နိုင်ငံများမှ လက်နက်ကြီးများထောက်ပံ့ပေးဖို့ ယူကရိန်းက အရေးတကြီးတောင်းဆိုထားပါတယ်။
အရှေ့ဘက်ဒွန်ဘတ်စ်ဒေသက တိုက်ပွဲဟာ ဥရောပသမိုင်းမှာ အကြမ်းတမ်းအရက်စက်ဆုံးတိုက်ပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်သွားနိုင်တယ်လို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့အတွက် တိုက်ပွဲမှာပေးဆပ်ရတာ များလွန်းနေပါပြီ၊ ကြောက်ခမန်းလိလိပါပဲ၊ ယူကရိန်းအတွက် ခေတ်မီလက်နက်ခဲယမ်းများ အလုံအလောက်ထောက်ပံ့မှသာ ယူကရိန်းအသာရနိုင်တယ်ဆိုတာကို မဟာမိတ်နိုင်ငံတွေကို အမြဲတမ်းအသိပေးနေပါတယ်"လို့ ဆိုခဲ့ပါတယ်။
သမ္မတအကြံပေးပုဂ္ဂိုလ်'မစ်ခေလိုပိုဒိုလီယက်ခ်'က ယူကရိန်းအနေနဲ့ ဟောင်ဝစ်ဇာလက်နက် ၁,၀၀၀ ၊ တင့်ကား ၅၀၀ ၊ ဒရုန်း ၁,၀၀၀ စင်းနဲ့ အခြားလက်နက်ကြီးများ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒွန်ဘတ်စ်ဒေသမှာ လူဟန့်စ်နဲ့ ဒိုနက်စ်ပြည်နယ်များပါဝင်ပြီး ရုရှားထောက်ခံရေးသမားများက ထိန်းချုပ်ထားကြောင်း အသိပေးထားပါတယ်။
ယူကရိန်းခွဲထွက်ရေးဒေသများမှ ခေါင်းဆောင်တစ်ဦးက ရုရှားထံမှနောက်ထပ်တပ်ဖွဲ့အင်အား ပို့ပေးဖို့တောင်းဆိုခဲ့ရာ ရုရှားတို့ရဲ့အဓိကရည်မှန်းချက်က ဒိုနက်စ်နဲ့ လူဟန့်စ်တို့ကို ခုခံကာကွယ်ဖို့ဖြစ်ကြောင်း ရုရှားအုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ'ဒီမစ်ထရီပက်စ်ကော့ဗ်'က တနင်္လာနေ့ကဆိုပါတယ်။
ရုရှားနောက်ဆုံးရ သတင်းတင်ပို့မှုများအရ အမေရိကန်နဲ့ဥရောပမှ လက်နက်များနဲ့ ကိရိယာပစ္စည်းများကို ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရုရှားတို့ရဲ့တိကျမှုနှုန်းမြင့်မားတဲ့ဒုံးကျည်များဖြင့် ဒိုနက်စ်အနောက်မြောက်ပိုင်း အူဒါချီရွာရှိ ဘူတာရုံအနီးကို ပစ်ခတ်ခဲ့ရာ ယူကရိန်းတပ်များထံသို့ ပေးပို့ထားတဲ့ လက်နက်ပစ္စည်းများကို ထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။
တနင်္ဂနွေညသန်းခေါင်ကျော်မှာ အူဒါချီရွာကို ရုရှားတို့တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက တယ်လီဂရမ်မှာ ဖော်ပြထားပေမယ့် လက်နက်တွေထိခိုက်ခြင်းရှိ/မရှိကိုတော့ မဖော်ပြခဲ့ပါဘူး။
ယူကရိန်းကိုလက်နက်တွေထောက်ပံ့နေတဲ့ အမေရိကန်နဲ့ အခြားနိုင်ငံများကို ရုရှားတို့ကဝေဖန်လိုက်ကာ တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပါက ပစ်မှတ်နေရာအသစ်တွေကို ထပ်မံတိုက်ခိုက်သွားမယ်လို့ ရုရှားကခြိမ်းခြောက်ထားပါတယ်။
ဥရောပကော်မရှင်က ယူကရိန်းကို ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် တရားဝင်ခွင့်ပြုသွားမှာဖြစ်ကြောင်း အရာရှိအများအပြားရဲ့အဆိုကို Politico မီဒီယာက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။
EU အဖွဲ့ဝင်ဖြစ်ဖို့ ယူကရိန်းရဲ့တောင်းဆိုချက်အပေါ် EU အမှုဆောင်ရဲ့ သဘောထားခွင့်ပြုချက်က ယခုသီတင်းပတ်အကုန်မှာ အဆင်သင့်ရှိနေမယ်လို့ ဥက္ကဌ'အာဆူလာဗွန်ဒါလိုင်ယန်'က စနေနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Source: Reuters.
#Yangon_Media_Group
#DailyNews
Published - 14 June 2022
၁။ Visa အခက်အခဲကြောင့် International school များတွင် ဆရာ၊ ဆရာမလိုအပ်ချက်ရှိနေသလိုပုဂ္ဂလိက ကျောင်းများတွင်လည်းဆရာ၊ ဆရာမလိုအပ်နေ
၂။ တက္ကသိုလ်ဝင်အောင်စာရင်း ရက်အတိအကျကို နိုင်ငံပိုင်သတင်းစာတွင်ကြေညာသွားမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဧည့်ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ခေတ်မီဇိမ်ခံသင်္ဘောဆိပ်ကမ်းကြီးအား တူရကီအာရုံစိုက်လာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 14 June 2022
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၅,၆၄၅ ကျပ်သတ်မှတ်ထားသော်လည်း လက်ရှိတွင် စားသုံးသူများအနေဖြင့် ဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၉,ဝဝဝ ခန့်ဈေးနှုန်း ဖြင့် ဝယ်ယူနေရကြောင်း သိရသည်။
စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်ရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆိုသည်။
ကော်မတီအနေဖြင့် စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားရမည့်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
"ကိုယ်တွေက အကြော်ရောင်းတာ။ စားအုန်းဆီသုံးတာပေါ့။ ဒါပေမဲ့ အခုဆိုရင် ပဲဆီစျေးနဲ့စားအုန်းဆီစျေးက သိပ်မကွာတော့ဘူး။ စားအုန်းဆီစျေးကလည်း ကျမလာဘူး။ အခုဆိုရင် တချို့ဆိုင်တွေမှာ ၉,၀၀၀ လောက်ဖြစ်နေပြီ။ ဘယ်လိုစျေးရောင်းရတော့မလဲ။ စျေးကအကုန်တတ်နေတော့ မလွယ်ဘူး"ဟု ရန်ကုန်မြို့ရှိ စျေးသည်တစ်ဦးက ပြောသည်။
ဇွန် ၁၃ ရက်မှ ၁၉ ရက်အထိ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၅,၆၄၅ ကျပ်အဖြစ် သတ်မှတ်ထုတ်ပြန်ထား ကြောင်း သိရသည်။
စားအုန်းဆီများနှင့်ပတ်သက်၍ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူသွားမည်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသော်လည်း ပြည်သူများအနေဖြင့် စားအုန်းဆီကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးနေရခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published_14 June 2022
၈ တန်းအောင်ပြီးသူတိုင်း တက်ရောက်နိုင်မည့် ပထမဆုံးသမဝါယမစာရင်းကိုင်ပညာသင်တန်းကျောင်းများကို ဇွန်လ ၁၆ ရက်တွင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ တာဝန်ရှိသူကပြောသည်။
အဆိုပါ သင်တန်းကာလမှာ ၂ နှစ်ဖြစ်ပြီး ပထမနှစ်တွင်၊ Business Accounting ၊ Fundamentals of ICT ၊ သမဝါယမပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒတို့ကိုလည်းကောင်း၊ ဒုတိယနှစ်တွင် Cost Accounting ၊ Financial Accounting ၊ Computerized Accounting ၊ Business Organization and Management ၊ သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို သင်ကြားကြရမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းသားများ၏ Internship Period နှင့် သင်တန်းအပြီး အလုပ်အကိုင်တစ်ပါတည်းရရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် သမဝါယမအသင်းများကို ဖိတ်ခေါ်၍ Job Fair များ ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးအောင်မြင်သူများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့် သင်ကြားရေးဆိုင်ရာ ညွှန်ကြားမှုအဖွဲ့မှ သင်တန်းဆင်းလက်မှတ် (Certificate) ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သင်တန်းပြီးဆုံးအောင်မြင်သူများအနက် သတ်မှတ်အရည်အချင်း ပြည့်မီသူများသည် သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံ ခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက်သင်ကြားနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေးတို့တွင် သမဝါယမစာရင်းရေးစာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများ ရှိကြောင်း၊ သင်တန်းတက်ရောက်သူများအား နိုင်ငံတော်က စားသောက်စရိတ်အဖြစ် တစ်လလျှင် ငွေကျပ်သုံးသောင်းအပြင် ဝတ်စုံစရိတ် တစ်နှစ်စာ၂၅၀၀၀ ကျပ် ထောက်ပံ့ကာ နယ်မှ လာရောက်သူများအတွက် နေထိုင်ရန် အဆောင်စီစဉ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 14 June 2022
ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ပြည်သူများအတွက် ပျိုးပင်ပေါင်း ၄၅၀,ဝဝဝ ခန့်စိုက်ပျိုးထားရှိပြီး အမှန်တကယ် အကျိုးဖြစ်ထွန်းမည့် နေရာများကိုစိစစ်ကာ ပျိုးပင်များကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"အခုနှစ်မှာ ပျိုးထောင်ထားတဲ့ သစ်မျိုးတွေထဲ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ ခရေ၊ ပျဉ်းမ၊ မယ်ဇလီ၊ စိန်ပန်း၊ ငုရွှေဝါ၊ ယမနေ၊ မဟော်ဂနီ စတဲ့ ပျိုးပင်တွေ ပါဝင်ပါတယ်။ အဲဒီ့ပျိုးပင်တွေကို သစ်ပင်စိုက်ပျိုး ပွဲတော်တွေမှာ စိုက်ပျိုးခြင်း၊ ပြည်သူတွေနဲ့ ဌာနဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးခြင်းတွေအပြင် လမ်းဦးစီးဌာနနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတို့က စိုက်ပျိုးခြင်းတွေမှာ ဖြန့်ဝေပေးသွားမည်" ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
ယခင်နှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း ၄၃၀,ဝဝဝ ကျော် စိုက်ပျိုးကာ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စိုက်ပျိုးပြီးသော သစ်ပင်များကို ကြီးထွားရှင်သန်စေရေးအတွက် သက်ဆိုင်ရာက စဉ်ဆက် မပြတ် ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 14 June 2022
ရန်ကုန်ရွှေစျေးကွက်ကို နိုင်ငံတကာနှင့်ချိတ်ဆက်မိစေရန် ရည်ရွယ်၍ ပြည်ပမှရွှေတင်သွင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
"ရန်ကုန်ရွှေစျေးကွက်နဲ့ နိုင်ငံတကာရွှေစျေးကွက်ကို ချိတ်ဆက်ချင်တဲ့သဘောပါပဲ။ နိုင်ငံခြားကနေ ရွှေတင်သွင်းတဲ့အခါကျတော့ လက်ဝတ်တန်ဆာကို ဒီမှာပြန်လုပ်မယ်။ 3D နည်းပညာတွေ၊ စက်မှုနည်းပညာတွေရမယ်။ အဲဒီလိုရတဲ့အခါကျရင် နိုင်ငံတကာနဲ့လည်းချိတ်မိမယ်။ ပန်းတိမ်လုပ်ငန်းလည်း အများကြီးတိုးတက်လာမယ်။ လောလောဆယ်ကတော့ ကမ္ဘာ့ရွှေစျေးက မြင့်နေပြီးတော့ ပြည်တွင်းရွှေစျေးကနိမ့်နေတဲ့အတွက် လောလောဆယ်အစီအစဥ်ဆွဲထားတာပဲ ရှိသေးတယ်"ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်ကပြောသည်။
လက်ရှိပြည်တွင်းရွှေဈေးကွက်မှာ ဈေးအမြင့်ပိုင်းတွင်သာရှိနေပြီး ယခုကာလသည် ကျောင်းအပ်နှံချိန်ဖြစ်သည့်အတွက် ဈေးကွက်အေးနေကာ ဝယ်လိုအားနည်း၍ ရောင်းလိုအား အနည်းငယ်များသည့် အခြေအနေမျိုးဖြစ်နေပြီး ရွှေဈေးမှာသိန်းနှစ်ဆယ် လေးသောင်း၊ ငါးသောင်း ဝန်းကျင်သာရှိကြောင်း သိရသည်။
YGEA အနေဖြင့် မီးလင်းရွှေ အတုံးအခဲအရောင်းအဝယ်ပြုလုပ်သူများအား လိုင်စင်ပြုလုပ်ထားကြရန် ပြီးခဲ့သည့် မေ ၁၈ ရက်ကအသိပေးပြောကြားထားပြီး လိုင်စင်မရှိသည့်ရွှေဆိုင်များကိုလည်း ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ကြရန် ထုတ်ပြန်ကြေညာထားသည်။
ymg/sth
#Yangon_Media_Group
#WorldScience
Published 14 June 2022
အတွေးအခေါ်ပညာရှင်တွေက လူသားတွေဟာ မွေးကတည်းက လူ့ကျင့်ဝတ်တရားသိရှိတာလား ဒါမှမဟုတ် အသက်အရွယ်ကြီးလာမှ လေ့လာသင်ယူကြတာလားဆိုတာကို နှစ်ပေါင်းများစွာကို စူးစမ်းခဲ့ကြပါတယ်။
အခုအခါမှာတော့ ကလေးငယ်ငယ်လေးတွေက ကိုယ်ကျင့်တရားအမှားအမှန်ကိုဆုံးဖြတ်တတ်ပြီး လူသားမဆန်တဲ့ အပြုအမူများကို အပြစ်ပေးချင်စိတ်ရှိကြောင်း တွေ့ရှိခဲ့ကြပြီး လူတွေဟာ မွေးတဲ့အချိန်တုန်းက ကိုယ်ကျင့်တရားကောင်းကြတယ်လို့ ယူဆလို့ရနေပါတယ်။
စမ်းသပ်ချက် ပြုလုပ်ရာမှာတော့ ဂျပန်ပညာရှင်များက မျက်လုံးခြေရာခံစနစ်ကိုအသုံးပြုကာ ကွန်ပျူတာဖန်သားပြင်ပေါ်က လူမျက်နှာနဲ့တူတဲ့အတုံးလေးတွေကို အသက် ၈ လအရွယ်ကလေးတွေအနေနဲ့ ဆုံးဖြတ်ပေးနိုင်ခြင်းရှိ/မရှိ လေ့လာခဲ့ကြပါတယ်။
ကလေးငယ်တွေက တစ်စုံတစ်ခုအပေါ် ကြမ်းကြမ်းတမ်းတမ်းပြုမူတဲ့သူကို အပြစ်ပေးချင်တဲ့စိတ်ပိုများနေတာကို တွေ့ရှိခဲ့ကြပါတယ်။
ရရှိလာတဲ့ရလာဒ်တွေကတော့ မွေးလာတဲ့အချိန်မှာ မတရားမှုကို အပြစ်ပေးချင်တဲ့စိတ် လှုံ့ဆော်မှုမျိုးရှိနေပြီး အသက်ကြီးလာတဲ့အခါ သိရှိလာရတာမျိုးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
"မတရားတာကို ဆန့်ကျင်တဲ့စိတ်က အသက်အလွန်ငယ်တဲ့အချိန်မှာတည်းက ရှိနေလားဆိုတာကို ကျွန်တော်တို့သိချင်ခဲ့ကြပါတယ်၊ ကိုယ်ကျင့်တရားက သင်ယူလာရတာလားဆိုတာကိုလည်း သိရှိလာရပါတယ်" လို့ အိုဆာကာတက္ကသိုလ်မှ ဦးဆောင်စာတမ်းပြုစုသူ'ယာဆူဟီရိုကာနာကိုဂီ'က ဆိုပါတယ်။
စမ်းသပ်မှုပြုလုပ်ရာမှာ အသက် ၈ လအရွယ်ကလေး ၁၂၄ ယောက်ကို မိဘတစ်ဦးရဲ့ပေါင်ပေါ်မှာတင်ပြီး ကွန်ပျူတာပေါ်က လှုပ်ရှားမှုများကိုကြည့်စေခဲ့ပါတယ်။
ကလေးက ဘယ်နေရာကိုကြည့်နေလဲဆိုတာကိုသိရဖို့ မျက်လုံးခြေရာခံစနစ်တစ်ခုတပ်ဆင်ထားပါတယ်။
ပြသမှုထဲမှာ မျက်လုံးနှစ်လုံးပါတဲ့ လေးထောင့်တုံးအစိမ်းရောင်တစ်ခုနဲ့ လိမ္မော်ရောင်တစ်ခုတို့ကို ပြသထားပါတယ်။
ကလေးက လိမ္မော်ရောင်တုံးကိုကြည့်လိုက်ရင် ကျောက်တုံးတစ်ခုပြုတ်ကျလာပြီး လေးထောင့်တုံးပြားသွားပါတယ်။
ထို့အတူ အစိမ်းရောင်တုံးကိုကြည့်လိုက်ရင်လည်း ကျောက်တုံးပြုတ်ကျလာပြီး လေးထောင့်တုံးလေးပြားသွားပါတယ်။
နောက်တစ်ဆင့်ကတော့ အစိမ်းရောင်တုံးက လိမ္မော်ရောင်တုံးနောက်ကိုလိုက်ကာ ရန်လိုတွန်းတိုက်နေတဲ့ပုံစံမျိုး ၃ ကြိမ်ပြသခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကလေးတွေက ရန်လိုတဲ့ပုံစံဖြစ်နေတဲ့အစိမ်းရောင်တုံးကိုသာ အကြည့်များနေတာကို တွေ့ရှိခဲ့ရပါတယ်။
သုတေသီအဖွဲ့ရဲ့ပြောကြားချက်အရ အစိမ်းရောင်တုံးက လိမ္မော်ရောင်ကိုရန်လိုနေတာကြောင့် ကလေးတွေက အစိမ်းရောင်တုံးကိုအပြစ်ပေးချင်ကြတဲ့ လက္ခဏာမြင်တွေ့ရကြောင်း ဖော်ပြထားပါတယ်။
"ရလာဒ်တွေက အံ့ဩစရာကောင်းပါတယ်၊ စကားမပြောတတ်သေးတဲ့ကလေးတွေက ရန်လိုတဲ့အရာကို မျက်လုံးနဲ့လိုက်ကြည့်ပြီး အပြစ်ပေးချင်ကြတာကို တွေ့ရှိခဲ့ရပါတယ်" လို့ 'ကာနာကိုဂီ'ကပြောကြားခဲ့ပါတယ်။
ကလေးငယ်တွေဆီကနေ အခုလိုဆုံးဖြတ်ချက်မျိုးကို တိုင်းတာတာဟာ ကမ္ဘာပေါ်မှာပထမဆုံးလေ့လာမှုဖြစ်တယ်လို့ သုတေသီတွေကဆိုပါတယ်။
ယခုလေ့လာမှုအသစ်ကို Nature Human Behaviour ဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 1628 of 1841