Published 5 July 2022
တရုတ်နိုင်ငံ အလယ်ပိုင်းက ဟူပေပြည်နယ်ရဲ့ ကျင်းမင်း ကျန်ဟဲ လေဆိပ်မှာ လေယာဉ်ကိုယ်ထည်တစ်ခုလုံးကို ကာဘွန်ဖိုင်ဘာနှင့်ပြုလုပ်ထားတဲ့ အပေါ့စားလေယာဉ် ZA800 ဟာ တနင်္လာနေ့က ပထမဆုံးအဖြစ် အောင်မြင်စွာ ပျံသန်းပြနိုင်ခဲ့ပါတယ်။
လေယာဉ်ဟာ အင်ဂျင်တစ်လုံးတပ် လူနှစ်ယောက်စီး တောင်ပံတစ်စုံပါ လေယာဉ်ဖြစ်ပြီး ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး အပေါ့စားလေယာဉ်တွေထဲမှာ တစ်စီးဖြစ်ပါတယ်။
ဒီလေယာဉ်ကို ဟူပေပြည်နယ်မှာ ဇိုင်ယာအုပ်စုက အမှီအခိုကင်းမဲ့စွာ တည်ဆောက်ထားတာဖြစ်ပါတယ်။ လေယာဉ်အစိတ်အပိုင်းအားလုံးကို ရာနှုန်းပြည့် ပြည်တွင်းမှာ တည်ဆောက်ထားတာလို့လည်းသိရပါတယ်။
“ ကာဘွန်ဖိုင်ဘာကို အသုံးပြုတဲ့အတွက် လေယာဉ်ရဲ့ အလေးချိန်ကိုလျှော့ချပေးနိုင်တယ်။ ဒါဟာ အတော်အရေးကြီးတယ်။အတိတ်တုန်းက ဒီလိုလေယာဉ်မျိုးတွေကို အလျူမီနီယမ်သတ္တုစပ်နှင့်လုပ်တာ အစိတ်အပိုင်းအကြီးကြီးလုပ်တာမို့ ကုန်ကျစရိတ်တွေမြင့်တက်ကုန်တယ်။ အခု အလျူမီနီယမ်သတ္တုစပ်က ကာဘွန်ဖိုင်ဘာထက်လည်း အားပျော့တာဖြစ်တဲ့အတွက် လေယာဉ်မှာ ဖိုင်ဘာကာဘွန်သုံးတဲ့အတွက် အကျိုးနှစ်ခုရှိပါတယ်။ လေယာဉ်အလေးချိန်ကို လျှော့ချပေးနိုင်ပြီး စွမ်းဆောင်ရည်ပိုသာလွန်လာတာဖြစ်တယ်”လို့ ဇိုင်ယာအုပ်စုရဲ့ နည်းပညာရှင်ချုပ် ရွှီးချန်းကပြောပါတယ်။
ဒီလေယာဉ်ကို လေယာဉ်မောင်းသင်တန်း၊ကိုယ်ပိုင်ခရီးသွား၊လေကြောင်းထိန်းနှင့်အခြားလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုမယ်လို့သိရပါတယ်။
Source CCTV+
#Local_News
Published_5 July 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အဂတိအမှုများအနက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနှင့် ပတ်သက်သည့်အမှုကို ယနေ့ ဇူလိုင်လ ၅ ရက်တွင် နေပြည်တော်အချုပ်ထောင်တွင်း တရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ရာ
အပြစ်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထွက်ဆိုသွားကြောင်း တရားရုံးနှင့်နီးစပ်သူများက ပြောသည်။
ယင်းအမှုမှာရာကြီးအမှတ် ၄ အမှုဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည်တော်ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့ကိုလည်း စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးမှုအရ နောက်ထပ် ဦးရဲမင်းဦးကို စစ်ဆေးရန် ကျန်နေသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးအတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ စစ်ဆေးခဲ့ရာ ယင်းတို့အားလုံးက
အပြစ်မရှိဟု ကိုယ်တိုင်ထွက်ဆိုခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
နစက အနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်မှ ယခုအချိန်ထိ အမှုပေါင်း ၂၀ ထက်မနည်း တရားစွဲဆိုခံထားရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ကျခံရန် အမိန့်ချထားရပြီးလည်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_4 July 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ စက်လှေသမားတွေထဲက သုံးယောက်မှာ ကိုဗစ်ပိုးတွေ့ခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Point_Of_View
Published - 5 July 2022
ယနေ့ ဇူလိုင်လ (၅)ရက် နံနက် ၇ နာရီ ၃၉ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ (ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၂) မိုင် ခန့်အကွာတွင် အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။ ယင်းငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုက သိရှိခံစားခဲ့ကြရကြောင်း YMG က ဆက်သွယ်မေးမြန်းချက်အရ သိရသည်ကို ဖော်ပြအပ်ပါသည်။
#Yangon_Media_Group
#Local_News
Published_5 July 2022
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်နယ်စပ်မှာ ယွမ် ကျပ် ငွေပေးချေမှုစနစ် ပိုပြီးမြန်ဆန်စေဖို့အတွက် မြန်မာနိုင်ငံဘက်က ဘဏ် ၅ ခု က သူတို့ဘဏ်ရဲ့ ရုံးခွဲတွေကို ဖွင့်ဖို့လုပ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 5 July 2022
ရန်ကုန်အပါအဝင် အခြားမြို့နယ်များရှိ CB Bank ATM စက်များတွင် ငွေသားများပြန်လည်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ငွေသားထုတ်ယူမှုများကို ရန်ကုန်မြို့ရှိ CB Bank ATM စက် ၇၄ လုံး၊ အမြို့မြို့အနယ်ရှိ ATM စက် ၇၇ လုံးတွင် စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CB Bank Customer များ ငွေသားထုတ်ယူနိုင်ရန် CB Bank အနေဖြင့် ရန်ကုန်မြို့နှင့် အခြားမြို့များရှိ ATM စက်များ၌ ငွေဖြည့်တင်းပေးထားသည့် ATM စက်များစာရင်းကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြည့်ရှုနိုင်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် Old Account ဆိုပါက တစ်ရက်လျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် တစ်ပတ်လျှင် ကျပ်ငါးသိန်းအထိလည်းကောင်း၊ Special Account ဆိုပါက တစ်ရက်လျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိလည်းကောင်း ငွေသားထုတ်ယူနိုင်မည်ဖြစ်ပြီး ဟိုတယ်များ၊ ဆေးရုံများနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများရှိ ATM စက်များတွင်လည်း ငွေဖြည့်တင်းထားပြီး အပတ်စဉ်ဆက်လက်တိုးချဲ့၍ ငွေဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_5 July 2022
မိသားစုနှင့် ၁၄ နှစ်ခန့်အဆက်အသွယ်ပြတ်နေသော မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦး ယနေ့ ဇူလိုင်လ ၅ ရက်တွင် ပြည်တော်ပြန်ခွင့်ရပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံ မြန်မာလူမူကူညီရေးအသင်း က သိရသည်။
တရားမဝင် နိုင်ငံခြားသားများအား နေရပ်ပြန်ခွင့်ပိတ်ထားသော်လည်း ဌာနဆိုင်ရာများ၏ အကူအညီဖြင့် မိသားစုရပ်ထံပြန်နိုင်ရေးအတွက်ဆောင်ရွက်ခဲ့ပြီး facebook လူမှုကွန်ရက်မိတ်ဆွေများ၏ အဆက်အသွယ်ကူညီမှုကြောင့် ယနေ့တွင် MNA မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ မလေးရှားရှိ မြန်မာလူမှုကူညီရေးအသင်းက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဝင်းမနားကျေးရွာသား ကိုဝင်းကျော်ဆိုသူဖြစ်ပြီး မလေးရှားနိုင်ငံ ကာချမ်းမြို့နယ် ဘန်တာတက်ကနော်လော်ဂျီရပ်ကွက်တွင်နေထိုင်ခဲ့သူ ဖြစ်ကြောင်း၊ ကိုဝင်းကျော်၏ စိတ်ကျန်းမာရေးအခြေအနေ မကောင်းကြောင်းလည်း မလေးရှားရှိ မြန်မာလူမူကူညီရေးအသင်းက သိရသည်။
ymg/mt
#Yangon_Media_group
#Local_News
Published - 5 July 2022
မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတွင်ပြေးဆွဲနေသော အမှတ်(၉၀)အစုန် နှင့်အမှတ် (၈၉)အဆန် ရထားလက်မှတ်ခ နှုန်းထားများကို ပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။
ရထားလက်မှတ်ခနှုန်းထား ပြောင်းလဲသတ်မှတ်ခြင်းကို ဇူလိုင်လ (၁)ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားပြည်သူများ သိရှိနိုင်ရန် ဘူတာရှိ ကြော်ငြာသင်ပုန်းတွင် အသိပေးကြေညာထားကြောင်း၊ ပြောင်းလဲသတ်မှတ်လိုက်သည့် မော်လမြိုင် - ရန်ကုန် ရထားလက်မှတ်ခနှုန်းထားမှာ ရိုးရိုးတန်း (၃၅၅၀) ကျပ်၊ ပထမတန်း (၄၄၅၀)ကျပ်နှင့်အထက်တန်း (၇၀၅၀)ကျပ် ဖြစ်ကြောင်း သိရသည်။
အများပြည်သူ သွားလာမှု အဆင်ပြေစေရန် မော်လမြိုင် - ရန်ကုန် အမှတ် (၉၀) အစုန်ရထားကို နေ့စဉ်ပြေးဆွဲပေးလျက် ရှိပြီးမော်လမြိုင်ဘူတာမှ နံနက် ၈ နာရီ စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို ညနေပိုင်းတွင် ရောက်ရှိကြောင်း၊ ရထားလက်မှတ်ဝယ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း) ယူဆောင်လာရန်လိုအပ်ကြောင်း မော်လမြိုင်ဘူတာရုံပိုင်၏ပြောပြချက်အရ သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 5 July 2022
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် လေထုအရည်အသွေး စစ်ဆေးရာ ကျန်းမာရေးထိခိုက်နိုင်သည့်အခြေအနေတွင်ရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
နိုင်ငံတဝန်းရှိ လေထုအရည်အသွေးအခြေအနေ လေ့လာဆန်းစစ်နိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတွင် ပြီးခဲ့သည့် ဇွန်လက တိုင်းတာစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစစ် ဆေးမှုတွင်အမှုန်အမွှားပါဝင်နှုန်း ၂ မျိုး၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်နှင့် အိုဇုန်းတို့ကို အဓိကလေ့လာထားခြင်းဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးဝန်းကျင်တွင် ကျန်းမာရေးကို ထိခိုက်နိုင်သည့်အဆင့်ရှိ အမှုန်အမွှား PM25 တွေ့ရှိခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်ခြေအနီးဝန်းကျင်တွင်လည်း ခံနိုင်ရည်နည်းသူများအတွက် ကျန်းမာရေးထိခိုက်နိုင်သည့်အဆင့်ရှိ အမှုန်အမွှား PM25 ရှိနေပြီး မကွေးခရိုင် ရုံးဝန်းကျင်တွင် ခံနိုင်ရည်နည်းသူများအတွက် ကျန်းမာရေးကို ထိခိုက်နိုင်သည့် အိုဇုန်းပါဝင်နှုန်း ရှိနေကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ပါဝင်နှုန်းမှာ ရှိသင့်သည့် ပမာဏထက် အနည်းငယ်ပိုခြင်းကြောင့် လေထုအရည်အသွေး ကောင်းမွန်သည့် အခြေအနေတွင်မရှိဘဲ သင့်တင့်သည့် အခြေအနေသာ ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၅၅ လမ်းတွင် အမှုန်အမွှားပါဝင်နှုန်းမှာ စစ်ဆေးခဲ့သည့် နေရာများအနက်အနည်းဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြည်နယ်စိုက်ပျိုးရေးဦး စီးရုံးအနီးတွင်ဒုတိယ အနည်းဆုံးဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် အမှုန်အမွှားကလွဲ၍ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်နှင့် အိုဇုန်းတို့ လုံးဝမရှိဘူးကြောင် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဇွန်လတွင် မိုးရွာခြင်းကြောင့် လေထုထဲ၌အမှုန်အမွှားများပါခြင်း လျော့နည်းသွားပြီး မေလမတိုင်ခင် နွေရာသီတွင် လေထုအရည်အသွေးမှာ သတ်မှတ် စံချိန်စံညွှန်းများထက် ကျော်လွန်နိုင်ကြောင်း၊ လေထုအပူချိန်၊ လေတိုက်နှုန်းနှင့် တိုက်ခတ်ရာ လမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသည့်အခြေအနေ၊ ကား ဆိုင်ကယ်များသုံးသည့်အခြေအနေ၊ စက်ရုံများရှိ အခိုးအငွေ့ ထုတ်လွှတ်သည့်အခြေအနေတို့ကို မူတည်၍ လေထုအရည်အသွေးရလဒ်များ ပြောင်းလဲနိုင်ကြောင်းလည်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_5 July 2022
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို (Shan Nationalities League for Democracy-SNLD)ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း UEC က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၃ ရက်အထိ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ဦးမင်းမင်းဦးတို့က ဦးဆောင်၍ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စား လှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ယင်းတွင် ဖော်ပြထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ ( ဌ ) တွင် ပြဋ္ဌာန်းထား သော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့်ကြီးကြပ်စေခြင်း” တာဝန်နှင့်အညီ နိုင်ငံရေးပါတီ များ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့်စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။
UEC အနေဖြင့် လက်ရှိတွင်စစ်ဆေးပြီး နိုင်ငံရေး ပါတီ ၈၅ ပါတီ ရှိပြီး စစ်ဆေးရန် ၇ ပါတီသာ ကျန်ရှိတော့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Pyblished_5 July 2022
မြန်မာအမျိုးသမီးအား တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်စေရန်စီစဉ်ရောင်းစားသူများကို ထောင် ၁၀ နှစ် ၊ ၁၅ နှစ် အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက အဆိုပါ အမျိုးသမီးအားရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရိုးကြီးကျေးရွာနေ ဦးထွန်းနိုင်နှင့် မဝါဝါနွယ် (ခ) မဝါတို့က တစ်ရွာတည်းနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးအား တရုတ်နိုင်ငံရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် စားစရိတ်ငြိမ်း ငွေကျပ်သုံးသိန်းရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံအတွင်းသို ခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယင်းအပေါ် မှော်ဘီမြို့မရဲစခန်း (ပ) ၂၈၆၂/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ယခု ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်က တရားခံဦးထွန်းနိုင်နှင့် မဝါဝါနွယ်(ခ) မဝါတို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ၂၀၂၀ ပြည့်နှစ်က မကွးတိုင်းဒေသကြီး မြို့သစ်မြို့နေ မခင်ငြိမ်းချမ်း(ခ) ငြိမ်းငြိမ်းနှင့် ဒေါ်အေးစန်း ဆိုသူတို့က တစ်မြို့တည်းနေ အသက် ၄၀ အရွယ်အမျိုးသမီးအား တရုတ်နိုင်ငံတွင် ထမင်းချက်အလုပ်လုပ်ပါက တစ်လလျှင် ငွေကျပ် သုံးသိန်းရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားကာ ငွေကြေး အကျိုးအမြတ်များ ရယူခဲ့သဖြင့် ဒန့်ဒလွန်ပင်နယ်မြေ ရဲစခန်း (ပ) ၁၇/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ကာ မကွေးခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန်လ ၃၀ ရက်တွင် တရားခံ မခင်ငြိမ်းချမ်း(ခ) ငြိမ်းငြိမ်းနှင့် ဒေါ်အေးစန်းတို့ကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မအိခိုင်စိုး(ခ) မှဲကြီး၊ မော်မော်ဦး(ခ) ဒေါ်ချော၊ မောင်ဇော်နှင့် ကျော်လေးတို့က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးအား တစ်လလျှင် ငွေကျပ် နှစ်သိန်းခန့်ရမည့် အလုပ်ရှာပေးမည်ဟု ပြောဆိုစည်းရုံး၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် သောင်ကြီးနယ်မြေ ရဲစခန်း (ပ) ၂၂၇၀/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၈ (က)ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန်လ ၃၀ ရက်တွင် တရားခံ မအိခိုင်စိုး(ခ)မှဲကြီးနှင့် မော်မော်ဦး(ခ) ဒေါ်ချောတို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီး တိမ်းရှောင်နေသော မောင်ဇော်နှင့် ကျော်လေးတို့အား တရားခံပြေးအဖြစ်ကြေညာခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published - 5 July 2022
၁။ ချင်းရွှေဟော်နယ်စပ်တွင် ဘဏ် ၅ ခု၏ ရုံးခွဲများ ဖွင့်လှစ်တော့မည်
၂။ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူသုံးဦးတွင် ကိုဗစ်ပိုးတွေ့
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ (၄၆)နှစ်ကြာအောင် ပျောက်ဆုံးနေခဲ့သည့်ဂစ်တာကို ကနေဒါနာမည်ကျော်ရော့ကာ ပြန်လည်ရှာတွေ့ခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1624 of 1882