#Local_News
Published - 23 July 2022
အသည်းရောင်ရောဂါ B ပိုး၊ C ပိုးရှိသူများအနေနဲ့ သိန်းပေါင်းများစွာ အကုန်အကျခံပြီးကုသစရာမလိုဘဲ ရောဂါပျောက်ကင်းအောင် အခမဲ့ကုသပေးနေကြောင်း မြန်မာအသည်းဖောင်ဒေးရှင်းဥက္ကဌဒေါက်တာခင်ပြုံးကြည်က YMG ကို ပြောသည်၊၊
ယခင်ကအသည်းရောင် B ပိုး၊ C ပိုးရှိသူများကို ရောဂါပျောက်ကင်းအောင်ကုသဖို့ ခက်ခဲခဲ့သော်လည်း ယနေ့အချိန်တွင်တော့ ကုသရန်ဆေးများရှိလာပြီဖြစ်သလို မြန်မာအသည်းဖောင်ဒေးရှင်းက ဖွင့်လှစ်ထားသည့် သံစစ်ဆေးခန်းများတွင် အခမဲ့ ကုသနိုင်မည်ဖြစ်သည်၊၊
"ဆရာမတို့ အဓိကပေးချင်တဲ့ မတ်ဆေ့ချ်ကတော့ Bပိုး၊ Cပိုး ရှိ မရှိစစ်ကြည့်ပါ၊၊ မြန်မာအသည်းဖောင်ဒေးရှင်းအနေနဲ့ အခမဲ့စစ်ပေးပါတယ်၊၊ဆေးရုံတွေမှာလည်း စစ်ပေးပါတယ်၊၊ ရောဂါရှိတယ်ဆိုရင်လည်း အမြန်ကုပါ ရောဂါမကျွမ်းခင်၊၊ အသည်းရောင်ရောဂါ B ပိုး၊ C ပိုးရှိသူတွေကို ကုသလို့ ရပါတယ်၊၊ B ပိုး၊ C ပိုးတွေ့သူတွေ မြန်မာအသည်းဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ သံစစ်ဆေးခန်းကိုလာခဲ့ပါ၊၊ အခမဲ့ ကုသပေးပါတယ်"လို့ မြန်မာအသည်းဖောင်ဒေးရှင်း ဥက္ကဌဒေါက်တာခင်ပြုံးကြည်က YMG ကို ပြောသည်၊၊
အသည်းရောင်ရောဂါ B ပိုးကို ကုသနိုင်ပြီဖြစ်သလို C ပိုးရှိသူများလည်း (၃) လဖြင့် ရောဂါပျောက်အောင်၊ အသည်းခြောက်နေပါက (၆)လဖြင့် ရောဂါပျောက်အောင်ကုသနိုင်ပြီဖြစ်ကြောင်း မြန်မာအသည်းဖောင်ဒေးရှင်းမှ သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#World_Health
Published 23 July 2022
မျောက်ကျောက်ရောဂါဟာ အမေရိကန်ရှိ ကလေးငယ်တွေမှာ ပထမဆုံးအကြိမ်ကူးစက်လာပြီး ကယ်လီဖိုးနီးယားမှ လမ်းလျှောက်တတ်ခါစကလေးငယ်တစ်ဦးနဲ့ အမေရိကန်နိုင်ငံသားမဟုတ်တဲ့ မွေးကင်းစကလေးငယ်တစ်ဦးတို့မှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက သောကြာနေ့က ကြေညာလိုက်ပါတယ်။
ထိုကလေးငယ် ၂ ဦးဟာ ဆက်စပ်မှုရှိမနေဘဲ တစ်အိမ်ထဲနေသူများထံမှ ကူးစက်တာဖြစ်နိုင်ကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)မှ ထုတ်ပြန်ခဲ့ပါတယ်။
ကလေးနှစ်ယောက်စလုံးက ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ကုသမှုခံယူနေကြပါတယ်။
မျောက်ကျောက်ရောဂါဟာ တုပ်ကွေးကဲ့သိုရောဂါလက္ခဏာများရှိပြီး အရေပြားအနာများ ဖြစ်ပေါ်တတ်ပါတယ်။
အမျိုးသားချင်း လိင်တူဆက်ဆံသူတွေမှာ အများဆုံးကူးစက်ပျံ့ပွားတတ်ပြီး အာဖရိကအလယ်ပိုင်းနဲ့ အနောက်ပိုင်းတို့မှတဆင့် အခြားနိုင်ငံများကို ကူးစက်လာတာဖြစ်ပါတယ်။
အဓိကအားဖြင့်တော့ ထိုရောဂါဟာ နီးနီးစပ်စပ်ထိတွေ့မှုကနေ ကူးစက်လေ့ရှိပါတယ်။
ယခုနှစ်အတွင်း နိုင်ငံပေါင်း ၆၀ ကျော်မှာ မျောက်ကျောက်ရောဂါကူးစက်သူ ၁၄,၀၀၀ ကျော်ရှိခဲ့ပြီး အာဖရိကမှာ ၅ ဦးသေဆုံးခဲ့ပါတယ်။
CDC မှ ရောဂါဗေဒဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ'ဂျန်နီဖာမက်ကွစ်စတန်'က အစည်းအဝေးတစ်ခုမှာပြောကြားခဲ့ရာ ကလေးတွေမှာ မျောက်ကျောက်ရောဂါတွေ့ရှိလာခြင်းက မထူးဆန်းပေမယ့် ယောက်ျားချင်း လိင်တူဆက်ဆံသူတွေအပြင် အခြားလူတွေမှာပါကူးစက်လာတယ်ဆိုတဲ့ အထောက်အထားတွေတော့ မတွေ့ရသေးပါဘူး။
အမေရိကန်မှာ ရောဂါကူးစက်ခံရတဲ့လူပေါင်း ၂,၈၉၁ ဦးရဲ့ ၉၉ ရာခိုင်နှုန်းက ယောကျ်ားချင်းလိင်တူဆက်ဆံသူတွေဖြစ်ပြီး အမျိုးသမီးနဲ့ လိင်အင်္ဂါပြောင်းလဲထားတဲ့ အမျိုးသားတွေကတော့ အနည်းငယ်သာ ရောဂါကူးစက်ခံခဲ့ရပါတယ်။
အမေရိကန်အစိုးရက မျောက်ကျောက်ရောဂါကာကွယ်ဆေး ၃ သိန်းကိုပို့ဆောင်ထားပြီးဖြစ်ပြီး ဒိန်းမတ်မှ နောက်ထပ်ကာကွယ်ဆေးပေါင်း ၇၈၆,၀၀၀ ကိုလည်းတင်ပို့ရန် ကြိုးပမ်းနေကြောင်း အိမ်ဖြူတော်မှ ကိုဗစ်ရောဂါစောင့်ရှောက်ရေးမှူး ဒေါက်တာ'အိုင်ရှီရှဂျာ'က ပြောကြားခဲ့ပါတယ်။
လက်ရှိကာကွယ်ဆေးအရေအတွက်က နယူးယော့ခ်မြို့လူဦးရေတဝက်ကျော်နဲ့ ဝါရှင်တန်ဒီစီရဲ့ လူဦးရေ ၇၀ ကျော်လောက်ကို ပထမအကြိမ်ကာကွယ်ဆေး ထိုးပေးဖို့အတွက် လုံလောက်နေပြီလို့ ဆိုခဲ့ပါတယ်။
အာဖရိကမှာ အရင်ကူးစက်ပျံ့ပွားမှုတွေဖြစ်တုန်းက လက်ရှိဗိုင်းရပ်စ်အမျိုးအစားကြောင့် သေဆုံးမှုနှုန်း ၁ ရာခိုင်နှုန်းခန့်သာရှိခဲ့ပြီး အခုပျံ့ပွားမှုမှာ သေဆုံးမှုနှုန်း ပိုနည်းပါတယ်။
ဒါပေမဲ့ ရောဂါဝေဒနာပြင်းထန်တာကြောင့် ဆေးရုံတက်ကုသခံယူရသူအချိုတော့ ရှိနေပါတယ်။
မျောက်ကျောက်ရောဂါကို ပြည်သူ့အရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် ကြေညာသင့်/မသင့်ကို အမေရိကန်က သုံးသပ်လေ့လာနေဆဲဖြစ်ပါတယ်။
"အရေးပေါ်ဆောင်ရွက်ဖို့လို/မလိုကို စောင့်ကြည့်လေ့လာနေပြီး လိုအပ်လာရင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာသွားမှာဖြစ်ပါတယ်" လို့ 'ဂျာ'က ပြောပြခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 23 July 2022
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဒီကနေ့ ဇူလိုင် ၂၃ ရက် မှာထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်း လက်လီစျေးနှုန်းမှာ ရန်ကုန်တိုင်းအတွင်း 92 တစ်လီတာကို ၁၆၆၅ ကျပ်ဖြစ်ပြီး ၁၇၀၀ ကျပ်အောက်သို ပြန်လည် ကျဆင်းခဲ့ပါတယ်။
မန္တလေးတိုင်းမှာ 92 တစ်လီတာကို ၁၇၁၀ ကျပ်ဖြစ်ပြီး နေပြည်တော်၌ 92 Ron တစ်လီတာဈေးနှုန်းဟာ ဒီကနေ့မှာ ၁၇၀၅ ကျပ်သို့ ကျဆင်းသွားခဲ့ပါတယ်။
ပဲခူးနဲ့ ပုသိမ်တို့မှာလည်း 92 တစ်လီတာဈေးနှုန်းမှာ ၁၇၀၀ ကျပ်အောက်ကို ကျဆင်းခဲ့ပြီး မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ လားရှိုး၊ တောင်ကြီးနှင့် လွိုင်ကော်တို့မှာ စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာကို ၁၇၀၀ ကျပ်အထက်ရှိနေပေမယ့် မနေ့က ဈေးနှုန်းအောက်သို့ ကျဆင်းခဲ့တယ်လို့ စာရင်းများအရ သိရပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
Published _ 23 July 2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ အမြင့်ဆုံး တောင်ကိုငွေကျပ် ၁၀၅ ဘီလီယံ အသုံးပြု၍၊ ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းကို မြေအကျယ်အဝန်း ၁၉၇ ဧကတွင် ကြယ်သုံးပွင့်အဆင့်နှင့် ကြယ်လေးပွင့်အဆင့်ရှိ အခန်း ၇၀ ပါ တောင်ခြေဟိုတယ်နှင့် Villa အလုံး ၃၀၊ သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေမှုရှိသည့် Resort များ၊ အပန်းဖြေရိပ်သာများ အားလုံး ၃၀ ခန့်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်း၏ သမိုင်းကြောင်းနှင့် ဆလုံလူမျိုးများ၏ ယဉ်ကျေးမှုသမိုင်းကျောင်းတို့ကိုပြသမည့် ကမ္ဘာ့အဆင့်မီ မြိတ်ကျွန်းစု၏ အဏ္ဏဝါပြတိုက်၊ ဆလုံရွာငယ်ပုံစံနှင့် ဈေးဆိုင်ခန်းများ၊ တောင်ပေါ်သို့တက်ရောက်မည့် ကေဘယ်ရထား၊ သံလမ်း၊ ဘူတာရုံနှင့် ကားလမ်းများကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို Yoma Group Kawthaung Hill Development Ltd (KHDL) က အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ စီမံကိန်းကာလငါးနှစ်ကြာ မည်ဖြစ်သည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 23 July 2022
ကိုဗစ် - ၁၉ ရောဂါကြောင့် ရပ်နားထားခဲ့ရသည့် နိုင်ငံတကာ ခရီးသွားလေကြောင်းလိုင်းများကို ဧပြီလအတွင်းက ပြန်လည်ခွင့်ပြုပေးခဲ့ရာ၊ မြန်မာနိုင်ငံသို့ ဧပြီလ ၁၇ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိ နိုင်ငံခြားခရီးသွား ၁၆၃၈၂ ဦး လာရောက်ခဲ့ကြောင်း သိရသည်။
"မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ လေကြောင်းလိုင်း (Commercial flight ) တွေကို ဧပြီလ ၁၇ ရက်က ပြန်ဆင်းသက်ခွင့် ပြုခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ခရီးသွားလုပ်ငန်းကို အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီညီဆောင်ရွက်နိုင်ဖို့အတွက် e-Visa (Tourist) အမျိုးအစားလျှောက်ထားတာကိုလည်း မေလ ၂၀ ရက်နေ့ကစပြီး တိုးမြှင့်ခွင့်ပြုခဲ့တာပါ" ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။
ခရီးသွား visa အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာမှု အဆင်ပြေချောမွေ့စွာလာရောက်နိုင်ရန်အတွက် online e-Visa (Business) လျှောက်ထားမှုကို လည်း ဧပြီလ ၁ ရက်ကတည်းက ခွင့်ပြုပေးခဲ့ပြီး လက်ရှိတွင် တိုးမြှင့်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ယင်းခွင့်ပြုပေးခြင်းကြောင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၅၄ နိုင်ငံက ခရီးသွားများဝင်ရောက်ခဲ့ကြပြီး တရုတ်နှင့်အိန္ဒိယနိုင်ငံတို့က အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#World_News
Published 23 July 2022
ပိုလာဝက်ဝံတစ်ကောင်ဟာ သံဗူးတစ်ဗူးမှာ လျှာညပ်နေခဲ့ပြီး အစာမစားနိုင်တာကြောင့် အာတိတ်ကင်းစခန်းရှိနေအိမ်များသို့ ချဉ်းကပ်လာကာ အကူအညီတောင်းခံခဲ့ပါတယ်။
ထိုအဖြစ်အပျက်ဟာ ရုရှားမြောက်ပိုင်း ဒစ်ခ်ဆန်မှာဖြစ်ပွားခဲ့ပြီး ပိုလာဝက်ဝံက နို့ဆီဗူးခွံအလွတ်တစ်ခုမှာ လျှာညပ်နေခဲ့ကာ အစာမစားနိုင်ဘဲဖြစ်နေတာကြောင့် လူတွေထံ လာရောက်အကူအညီတောင်းခံတဲ့ပုံတွေကို မြင်တွေ့ခဲ့ရပါတယ်။
ပိုလာဝက်ဝံက ခြံနားမှာရပ်နေတဲ့ လူတစ်ဦးနားကို သွားရောက်ခဲ့ပါတယ်။
ထိုလူက ဝက်ဝံရဲ့လျှာမှာညပ်နေတဲ့ သံဗူးကိုဖြုတ်ဖို့ကြိုးစားပေမယ့် သံဗူးက လျှာအတွင်းပိုင်းနက်တဲ့အထိ ဝင်နေခဲ့တာဖြစ်ပါတယ်။
ဝေးလံတဲ့ရွာမှ တိရိစ္ဆာန်ကယ်ဆယ်ရေးတွေက ရာသီဥတုကြမ်းတမ်းတဲ့ကြားက ၂,၁၂၅ မိုင်လေကြောင်းခရီးကို လာရောက်ခဲ့ပြီး ပိုလာဝက်ဝံမကို စိတ်ငြိမ်ဆေးပေးကာ သံဗူးကိုဖယ်ရှားခဲ့ကြပါတယ်။
ပိုလာဝက်ဝံကို ဒစ်ခ်ဆန်လေဆိပ်ကနေ ၁.၉ မိုင်အကွာမှာတွေ့ရှိတာဖြစ်ကြောင်း ရုရှားပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ကြည့်ရေးအကြီးအကဲ'ဆဗက်လာနာရေဒီယိုနိုဗာ'က ပြောပြခဲ့ပါတယ်။
တိရိစ္ဆာန်အထူးကုတွေက စိတ်ငြိမ်ဆေးထိုးခဲ့ပြီးနောက် သံဗူးကိုဖယ်ရှားကာ လျှာဒဏ်ရာတွေကို ကုသပေးနေပါတယ်။
ငယ်ရွယ်သေးတဲ့ ဝက်ဝံဖြစ်ပြီး အလေးချိန် ၈၀ ကီလိုဂရမ်မှ ၉၀ ကီလိုဂရမ်ကြားရှိပါတယ်။
ရက်အတော်ကြာစောင့်ကြည့်သွားမှာဖြစ်ပြီး စားစရာငါးများဖြင့် သဘာဝနေထိုင်ရာနေရာကို ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။
ပိုလာဝက်ဝံပြန်လည် သက်သာလာဖို့ ငါး ၅၀ ကီလိုဂရမ်ပြင်ဆင်ထားပါတယ်။
ပညာရှင်များရဲ့ပြောကြားချက်အရ ပိုလာဝက်ဝံတွေဟာ ပုံမှန်အားဖြင့် လူတွေအနား ယခုလိုမလာတတ်ကြပေမယ့် ဒီတစ်ကောင်ကတော့ အတော်ကို ဆာလောင်နေတဲ့ ပုံပေါ်ပါတယ်။
တိရိစ္ဆာန်ကယ်ဆယ်ရေးရောက်မလာခင် ဝက်ဝံကဆာလောင်လွန်းတာကြောင့် အနောက်ခြေထောက်တွေ တုန်လှုပ်နေခဲ့ပါတယ်။
ဝက်ဝံကိုငြိမ်အောင်မလုပ်ဘဲနဲ့ သံဗူးကိုဖယ်လို့မရပါဘူး။
ဝက်ဝံက အမှိုက်ပုံတွေအနားအစာရှာနေစဉ် သံဗူးကိုတွေ့ရှိခဲ့ဟန်တူပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published _ 23 July 2022
ဂျာမနီနိုင်ငံ၊ နူရင်ဘတ်မြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ထိပ်တန်းအော်ဂဲနစ်ထုတ်ကုန်ပြပွဲကြီး (BIOFACH Organic) တွင် မြန်မာနိုင်ငံက လက်ဖက်ခြောက်ကုမ္ပဏီများ ဝင်ရောက်ပြသမည်ဖြစ်ကြောင်း သိရ သည်။
ဂျာမနီနိုင်ငံ၊ နူရင်ဘတ်မြို့တွင် ကမ္ဘာ့ထိပ်တန်းအော်ဂဲနစ် ထုတ်ကုန်ပြပွဲကြီးဖြစ်သည့် BIOFACH Organic ပြပွဲကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်ထိ လေးရက်တိုင်တိုင် Messe Nuremberg တွင် ပြုလုပ်မည်ဖြစ်သည်။
ပြပွဲကို ကိုယ်တိုင်လာရောက်ခင်းကျင်းပြသခြင်းနှင့် ဒစ်ဂျစ်တယ်အွန်လိုင်းဖြင့် ပြသခြင်းပုံစံနှစ်မျိုးဖြင့် ကျင်းပသွားမည်ဖြစ်သည်။
ပြပွဲတွင် အော်ဂဲနစ်စား သောက်ကုန်များအပြင် Organic Non-food များဖြစ်သည့် အိမ်သုံးပစ္စည်း၊ အလှကုန်၊ အထည်၊ ဆေးဝါး၊ အပင်နှင့် မျိုးစေ့များအစရှိသည်တို့ကို နိုင်ငံများစွာရှိ အော်ဂဲနစ်ကုမ္ပဏီများက လာရောက်ပြသကြမည် ဖြစ်သည်။
ယင်းအပြင် ပြပွဲတွင် အော်ဂဲနစ်ထုတ်ကုန်ဆိုင်ရာ ဆွေးနွေးပွဲဖိုရမ်များ၊ Congress များ၊ ကျွမ်းကျင်ပညာရှင်များ၏ ဟောပြောပို့ချချက်များ၊ Exhibitor များ၏ တင်ဆက်ပြသမှုများဖြင့် ကျင်းပဆောင်ရွက်သွား မည်ဖြစ်သည်။
ထိုပြပွဲတွင် Organic Africa Pavilion ၌ မြန်မာနိုင်ငံက ဂျာမနီနိုင်ငံသို့ အော်ဂဲနစ်လက်ဖက်ခြောက်များ ထုတ်လုပ်တင်ပိုနေသည့် Power Mawshan ကုမ္ပဏီက သွားရောက်ပြသမည် ဖြစ်သည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _23 July 2022
ရိုးရာလက်မှုပညာ ထုတ်ကုန်ပစ္စည်းများနှင့် ရိုးရာအထည် အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အာဆီယံနှင့် ဂျပန်စင်တာတို့ကြီးမှူးပြီး ဆွေးနွေးမှုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းရိုးရာလက်မှုပညာ ထုတ်ကုန်များနှင့် ရိုးရာအထည် အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံပါဝင်စေရန်လုပ်ငန်းရှင်များကို ကမ်းလှမ်းထားကြောင်း အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို လာမည့်သြဂုတ် ၉ ရက်မှ ၁၅ ရက်အထိ အွန်လိုင်း ကတစ်ဆင့် တစ်ပတ်အကြာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
"ဒီဆွေးနွေးပွဲကို အာဆီယံ ဂျပန်စင်တာကကြီးမှူးပြီး ပြုလုပ်မှာပါ။ ဂျပန်နဲ့ အာဆီယံနိုင်ငံက ရိုးရာလက်မှုပညာ ထုတ်ကုန်ပစ္စည်းထုတ်လုပ်နေတဲ့လုပ်ငန်းရှင်တွေ၊ အထည်အလိပ်လုပ်ငန်း ရှင်တွေပါ တက်ရောက်ကြမှာပါ" ဟု UMFCCI က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဆွေးနွေးပွဲကို မြန်မာ့လက်မှုအနုပညာအသင်း၊ မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ်အနုပညာ အသင်း၊ မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းများက အသင်းဝင်လုပ်ငန်းရှင်များတက်ရောက်ကြမည်ဖြစ်သည်။
ဆွေးနွေးပွဲသို့ ရိုးရာလက်မှုပညာထုတ်ကုန်ထုတ်လုပ်သူများ၊ ရိုးရာအထည်အလိပ် ထုတ်လုပ်သူလုပ်ငန်းရှင်များလည်း တက်ရောက်နိုင်ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လိုသည့် ပြည်တွင်းရှိ သက်ဆိုင်ရာ လုပ်ငန်းရှင်များအနေဖြင့် UMFCCI ၌ စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_ 23 July 2022
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ၂၀၂၁ ခုနှစ် အစီရင်ခံစာကို ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးကို ဇူလိုင် ၁၉ ရက်တွင် ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံကို ယင်းအစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းမှ ၂၀၂၀ ပြည့်နှစ်တွင် ပယ်ဖျက်ခဲ့ပြီးဖြစ်သော်လည်း ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်မှုများကို အခြေခံ၍ တပ်မတော်ကို အစီရင်ခံစာ၏ နောက်ဆက်တွဲတွင် ၂၀၂၁ ခုနှစ်မှစတင်၍ ပြန်လည် စာရင်းသွင်းခဲ့သည်ကို စိတ်ပျက်ရကြောင်း ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ကုသလမဂ္ဂ စောင့်ကြည့်လေ့လာ အစီရင်ခံ တင်ပြရေးလုပ်ငန်းအဖွဲ့ (UNCTFMR) တို့သည် အစီရင်ခံစာပါ ကိန်းဂဏန်းများနှင့် စွပ်စွဲချက်များကို မြန်မာနိုင်ငံနှင့်စိစစ်ရန် ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အစီရင်ခံစာတွင် မည်သည့်ဖြစ်စဉ်ကိုမျှ ဖော်ပြထားခြင်းမရှိဘဲ ကိန်းဂဏန်းများ သက်သက်သာပါဝင်ပြီး NUG နှင့် PDFs အမည်ခံအဖွဲ့များက ကျူးလွန်သည့် လူသတ်မှု အမြောက်အမြားကို လျှော့ပေါ့ဖော်ပြကာ တာဝန်ရှိသည့် အကြမ်းဖက်သမားများကို “အမည်မဖော်နိုင်သော ကျူးလွန်သူများ” ဟု သုံးနှုန်းထားသည်။ NUG နှင့် PDFs အကြမ်းဖက်အဖွဲ့များကြောင့် နိုင်ငံတဝန်းတွင် ကလေးသူငယ် (၇၆)ဦး အသက်ဆုံးရှုးခဲ့ရပြီး ဆေးရုံနှင့်ဆေးခန်း (၂၇)ခု၊ ကျောင်းနှင့် ပညာရေး အဆောက်အဦ (၅၀၄) ခု ဖျက်ဆီးခံခဲ့ရပါတယ်။
မြန်မာနိုင်ငံသည် ကလေးသူငယ်များအား စစ်မှုထမ်းစေခြင်းနှင့် အသုံးပြုခြင်းမှ တားဆီးရေး ရည်ရွယ်လျက် UNCTFMR နှင့် ပူးတွဲလုပ်ငန်းစီမံချက်ကို ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဉီးဆောင်၍ အရွယ်မရောက်သူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီကို ၂၀၁၁ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ စောင့်ကြည့်လေ့လာအစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လေ့ရှိခဲ့သည်။
အသက် စိစစ်ရန် စာရွက်စာတမ်း မပြည့်စုံခြင်းကြောင့် တပ်မတော်တွင်း မှားယွင်းစုဆောင်းခဲ့သည့် အရွယ်မရောက်သေးသူ ၂၈ ဉီးအား မေ ၁၃ ရက်တွင် မိဘ/အုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း ဖော်ပြထားပါတယ်။
၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ မေလအတွင်း အရွယ်မရောက်သေးသူ ၁၀၅၇ ဉီးကို တပ်မတော်မှ နုတ်ထွက်စေခဲ့ပြီးဖြစ်ကာ တာဝန်ရှိသည့် တပ်မတော်သား ၄၇၅ ဦး (အရာရှိ ၁၀၉ ဉီးနှင့် အခြားအဆင့် ၃၆၆ ဉီး) ကို အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်ခဲ့သည်။ အစီရင်ခံစာသည် ယင်းဖြစ်စဉ်အမှန်များကို ဖော်ပြရန်ပျက်ကွက်တယ်လို့ ဆိုပါတယ်။
ထို့အပြင်ရာထူးမှ ထုတ်ပယ်ခံထားရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသူ ကျော်မိုးထွန်း၏ ပါဝင်ဆွေးနွေးမှုအပေါ် ကန့်ကွက်ကြောင်း ကုလသမဂ္ဂဘက်သို့ အကြောင်းကြားပြီးဖြစ်ကာ နိုင်ငံကို ကိုယ်စားမပြုသော ၎င်း၏မိန့်ခွန်းကို ပယ်ချသည်။
ကုလသမဂ္ဂ၏ ယင်းသို့ဆောင်ရွက်ချက်များသည် အပြုသဘောရလဒ် မဖြစ်ပေါ်စေဘဲ ကုလသမဂ္ဂ၏ မူဝါဒများနှင့်ဆန့်ကျင်သော နိုင်ငံရေးသွတ်သွင်းမှုများကို ပိုမိုဖြစ်ပေါ်စေပါတယ်။ သို့ဖြစ်ရာ မြန်မာနိုင်ငံက အစီရင်ခံစာတွင်ပါဝင်သော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် နိုင်ငံအချိုရဲ့တစ်ဖက်သတ် ပြောကြားချက်များကို ပြတ်သားစွာပယ်ချ လိုက်ကြောင်း ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Covid_Vaccine
Published 23 July 2022
ကိုဗစ်ရောဂါကာကွယ်ဆေးတွေက ဆေးရုံတက်ကုသခံယူခြင်းနဲ့ အသက်သေဆုံးခြင်းတို့မှ ကာကွယ်ပေးနိုင်ပေမယ့် လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာတော့ ကာကွယ်ဆေးထိုးပြီး ၃ လအကြာမှာ ပဋိပစ္စည်း (antibody) ပမာဏလျော့နည်းလာကြောင်း တွေ့ရှိခဲ့ပါတယ်။
အမျိုးသား ကျန်းမာရေးအဖွဲ့အစည်းရဲ့ စမ်းသပ်လေ့လာချက်ကို Cell Reports Medicine မှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
အဓိကလေ့လာခဲ့တာကတော့ အိုမီခရွန် မျိုးဗီဇကွဲဖြစ်ပြီး ထိုမျိုးဗီဇကွဲက အရင်မျိုးဗီဇကွဲတွေလိုမဟုတ်ဘဲ ကာကွယ်ဆေးကြောင့်ရတဲ့ ကိုယ်ခန္ဓာက ရောဂါခုခံအားကို ရှောင်ရှားနိုင်ကာ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ကပ်ရောဂါပဥ္စမမြောက်လှိုင်းဖြစ်ခဲ့ပါတယ်။
စမ်းသပ်ချက်ပြုလုပ်ရာမှာ အရေးပေါ်ထိုးနှံခြင်းခွင့်ပြုချက်အတိုင်း ကိုဗစ်ကာကွယ်ဆေး မူလနှစ်ကြိမ်ထိုးနှံထားတဲ့ အမေရိကန်မှ အရွယ် ရောက်ပြီးသူတွေကို ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံပေးခဲ့ပါတယ်။
အချို့လူတွေက ထိုးနှံရတဲ့ကာကွယ်ဆေးအမျိုးအစားတူညီသလို အချို့ကတော့ အမျိုးအစားမတူညီခဲ့ကြဘဲ သူတို့ရဲ့ကိုယ်ခံအားတုံ့ပြန်မှုကို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ခဲ့ကြပါတယ်။
ဆေးထိုးပြီး ၃ လအကြာမှာ အိုမီခရွန်ကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းကိုယ်ခံအားပမာဏက ၂.၄ ဆကနေ ၅.၃ ဆအထိ လျော့နည်းသွားခဲ့ပါတယ်။
အဆိုပါ တွေ့ရှိချက်ဟာ လက်တွေ့ထိုးနှံကာကွယ်ခြင်းတင်ပြချက်များအတိုင်းထပ်တူကျနေပြီး အိုမီခရွန်ကူးစက်လှိုင်းအတွင်း မူလကာကွယ်ဆေးအကြိမ်ရေနဲ့ အားမြှင့်ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာပါ ရောဂါကာကွယ်နိုင်စွမ်းကျဆင်းသွားကြောင်း သုတေသီများကဖော်ပြထားပါတယ်။
ထိုတွေ့ရှိချက်များအရ အနာဂတ်ကာကွယ်ဆေးထိုးနှံခြင်း ကာလအပိုင်းအခြားနဲ့ မျိုးဗီဇကွဲကာကွယ်ဆေးလိုအပ်ခြင်းရှိ/မရှိ ဆုံးဖြတ်ချက်ချနိုင်မှာ ဖြစ်ပါတယ်။
အာနိသင်သက်တမ်းတိုးပေမယ့်လဲ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးက ခန္ဓာကိုယ်ထဲကရောဂါခုခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။
ပြည်သူ့ကျန်းမာရေးယေးလ်တက္ကသိုလ်ရဲ့ လေ့လာချက်အရ mRNA ကာကွယ်ဆေးကရတဲ့ ပဋိပစ္စည်းပမာဏက သဘာဝအတိုင်းရောဂါကူးစက်ခြင်းကရတဲ့ ပမာဏထက်များတာကြောင့် ကာကွယ်ဆေးထိုးထားတဲ့သူတွေက ကာကွယ်ဆေးမထိုးထားတဲ့သူတွေနဲ့ ရောဂါမှသက်သာလာသူတွေထက် ရောဂါခုခံအား ပိုကောင်းပါတယ်။
အာနိသင်လျော့နည်းတာကြောင့် ကိုဗစ်အားမြှင့်ကာကွယ်ဆေးကို အချိန်မှန်ထိုးနေဖိုလည်းလိုအပ်ကြောင်း ယေးလ်တက္ကသိုလ်က ဆိုပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#WorldAgriculture
Published 22 July 2022
အသက် ၈၀ ကျော်အိန္ဒိယလူမျိုး'ကာလင်းမ်အူလာခန်း'က မနက်အရုဏ်မိုးသောက်ချိန်တိုင်း အိပ်ရာထ၊ ဘုရားဝတ်ပြုကာ သက်တမ်းနှစ် ၁၂၀ ရှိတဲ့ သူ့ရဲ့သရက်ပင်ကြီးဆီကို ၁ မိုင်လောက်လမ်းလျှောက်ပြီး လာလေ့ရှိပါတယ်။
#Yangon_Media_Group
Published: 22 July 2022
တရုတ်နိုင်ငံရဲ့ ပထမဆုံး မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စီးပွားဖြစ် ရှေ့ပြေးဇုန်ကို မြို့တော် ဘေဂျင်းမှာ ဗုဒ္ဓဟူးနေ့က တရားဝင်ဖွင့်လှစ်ပေးလိုက်ပါတယ်။
ရှေ့ပြေးဇုန်ဟာ ဘေဂျင်းရဲ့ စီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဧရိယာထဲမှာ ၆၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ အဲဒီနေရာမှာ မောင်းသူမဲ့ ယာဉ် အစီး၃၀ ဟာ ပုံမှန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါလိမ့်မယ်။
ပြီးခဲ့တဲ့ နှစ် ဧပြီလမှာ ဘေဂျင်း အလိုအလျောယာဉ်မောင်းဌာနက လမ်းပေါ် ခရီးသည်တင်ဆောင် စမ်းသပ်မောင်းနှင်ခွင့် လိုင်စင်ထုတ်ပေးပြီးကတည်းက လမ်းပေါ်စမ်းသပ်မောင်းနှင်မှုစုစုပေါင်း ကီလိုမီတာ သုံးသိန်းကျော်ရှိခဲ့ပြီး အော်ဒါမှာ စီးနင်းမှုပေါင်း လေးသိန်း သုံးသောင်း ကျော်ရှိခဲ့ပါတယ်။
စမ်းသပ်မောင်းနှင်ပြီးနောက် ပြုပြင်မွမ်းမံတာတွေ ဆက်တိုက်လုပ်ပြီးတဲ့နောက် မောင်းသူမဲ့ ယာဉ်တွေရဲ့ အမြန်နှုန်းနှင့် သက်သောင့်သက်သာရှိမှုတွေ ဖြည်းဖြည်းချင်းတိုးတက်လာခဲ့ပါတယ်။
“ ကျွန်တော်တို့ ပထမဆုံး ကားကို စီးတုန်းက အမြန်နှုန်းဟာ တစ်နာရီကို ၂၅ ကီလိုမီတာရှိခဲ့ပါတယ်။ အခုဆိုရင် အမြန်နှုန်းက တစ်နာရီကို ကီလိုမီတာ ၅၀ ကနေ ၆၀ အထိရလာပါပြီ” လို့ ဘေဂျင်းဒေသခံ မစ္စတာလျူက ပြောပါတယ်။
ဘေးအန္တရာယ်ကင်းရှင်းရေး စိတ်ချရစေဖို့အတွက် မောင်းသူမဲ့ ယာဉ်တွေတိုးမြှင့်သုံးစွဲလာနိုင်ရေး ဒေသအစိုးရတွေက အနာဂတ်မှာ မူဝါဒပိုင်းနှင့် ငွေကြေးပိုင်းကို ထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
#Source_CCTV+
#China's_first_unmanned_transport_service
#China_selfdriving_taxi
#China_High_Tech
Page 1359 of 1648