#Local_News
Published_ 12 May 2023


သဘာဝဘေးကြုံနိုင်သည့် ရခိုင်ပြည်နယ်သို့ ရွေ့လျားရေသန့်စင်စက်၊ ဆေးဝါးနှင့်ရေသန့်ဆေးပြားများ၊ မိုးကာတဲများ၊ တာပေါ်လင်စများနှင့်လိုအပ်သောပစ္စည်းများ ပို့ဆောင်ထားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှသိရသည်၊၊

 

ယင်းကဲ့သို့ ပို့ဆောင်ထားခြင်းကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre-DMC) လုပ်ငန်းဆောင် ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးတွင်လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ၏ ထည့်သွင်းဆွေးနွေးချက်အရသိရခြင်းဖြစ်သည်၊၊

 

လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)၏ လက်ရှိအခြေအနေ၊ မုန်တိုင်းဦးတည်ရာလမ်းကြောင်း၊ မုန်တိုင်းပြင်းအားနှင့် မုန်တိုင်းဖြတ်သန်းဝင်ရောက်မည့် အခြေအနေ၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မုန်တိုင်းဖြတ်သန်း ဝင်ရောက်နိုင်သည့် မြို့နယ်များတွင် လုံခြုံရေးပိုင်းဆိုင်ရာ အသင့်ပြင်ဆင်ထားရှိမှု၊ အရေးပေါ် ဆက်သွယ်ရေးအတွက် ပြင်ဆင်ထားရှိမှု၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား၊ ယာဉ်အင်အား၊ စက်ပစ္စည်း ကိရိယာအင်အားများ စုဖွဲ့ထားရှိမှု၊ Cyclone Shelter နှင့် ဘေးလွတ် ရာနေရာများသို့ ပြောင်းရွှေ့ပြီးစီးမှုနှင့် ဆက်လက်ပြောင်းရွှေ့ရန် စီစဉ်ထားရှိမှု၊ ဆက်သွယ်မှု ကောင်းမွန်စေရေး ဆက်သွယ်ရေးစက်နှင့် Satellite Phone များ တပ်ဆင်ထားရှိမှု၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိမှု၊ ရခိုင်ပြည်နယ်သို့ ရွေ့လျားရေသန့်စင်စက်ပေးပို့ပြီးစီးမှု၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ စေလွှတ်ပြီးစီးမှုနှင့် ဆက်လက်စေလွှတ်ရန် စီစဉ်ထားရှိမှု၊ လူနာတင်ယာဉ်နှင့် ဆေးရုံများ အသင့်ပြင်ဆင်ထားရှိမှု၊ ဆေးဝါးများနှင့် ရေသန့်ဆေးပြားများ ပို့ဆောင်ထားရှိမှု၊ ဘေလီတံတားနှင့် လူအင်အားစုဖွဲ့ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာတဲများ၊ တာပေါ်လင်စများ အသင့်ပြင်ဆင်ထားရှိမှု စသည်ဖြင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ထားရှိမှုများကို အစည်းအဝေး၌ ဆွေးနွေးတင်ပြခဲ့ကြသည်၊၊

 

ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပြည်ထောင် စုဝန်ကြီးကလည်း အရေးပေါ်တုံ့ပြန်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ အရန်ဆန်တန်ချိန် (၁)သောင်း ဝယ်ယူဖြန့်ခွဲမည့် အခြေအနေနှင့်DMC အဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားလှယ်က မုန်တိုင်းဒီရေ မြင့်တက်လာပါက ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြောင်း သိရသည်၊၊

 

#ymg/tthl #Local_News #သဘာဝဘေးကြုံနိုင် #ရွေ့လျားရေသန့်စင်စက်၊ ဆေးဝါးနှင့်ရေသန့်ဆေးပြားများပို့ဆောင် #YMG #Yangon_Media_Group