#Local _News
Published _ 13 December 2022
လက်ရှိမှာတော့ အောင်ပန်းကထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေနဲ့ ပဲလိပ်ပြာတွေဟာ ဝယ်လိုအားနည်းပြီး ရောင်းလိုအားများလာတာကြောင့် ဈေးတွေထိုးကျသွားခဲ့တယ်လို့ အောင်ပန်းကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 13 December 2022
ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ ရဟတ်ယာဉ်အမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို ယနေ့ တွင် သက်သေစစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အား သက်သေအဖြစ် စစ်ဆေးခဲ့ပြီးနောက် ယနေ့တွင် ဦးမင်းသူကို စစ်ဆေးခြင်းလည်း ဖြစ်သည်။
"ဒီနေ့ ဦးမင်းသူကို အမှုအားလုံး စစ်ဆေးပါတယ်။နောက်လာမယ့် ရုံးချိန်းမှာ စစ်ဆေးဖို့ သက်သေတွေ ကျန်နေပါသေးတယ်။ မနေ့ကတော့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကို စစ်ဆေးခဲ့ပါတယ်။ အခုဆိုရင် စွပ်စွဲခံရသူဘက်က တရားခံပြသက်သေအနေနဲ့ စစ်ဆေးပြီးတာ လေးယောက် ရှိပါပြီ"ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကိုအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ ရဟတ်ယာဉ် နှင့်ပတ်သက်၍ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 13 December 2022
သင်္ဘောသားနိုင်ငံကူးလက်မှတ်ဦးစားပေးလျှောက် ထားခွင့်ရသော်လည်း လျှောက်ထားနိုင်မည့်မူဝါဒပြောင်းလဲသွားကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်( MSF)က ဒီဇင်ဘာလ(၁၃)ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်၊၊
ထုတ်ပြန်ချက်တွင်အဖွဲ့ချုပ်အနေဖြင့် သင်္ဘောသားနိုင်ငံကူးလက်မှတ် (Seaman Passport) အသစ်လျှောက်ထားခြင်း၊ အဟောင်းသက်တမ်းတိုးခြင်းကိစ္စရပ်များအား ပုံမှန်တန်းစီဇယားစနစ်မှဦးစားပေးလျှောက်ထားနိုင်ရန်အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ခွင့်ပြုပေးခဲ့ကြောင်း၊ သို့သော်လည်း သီးသန့်ခွင့်ပြုပေးခဲ့သည့်လုပ်ငန်းစဉ်အား ခွင့်ပြုချက်ရသည့်အချို့သော အဖွဲ့အစည်းများ၏ မသမာမှုပြုလုပ်ခြင်းများကြောင့် သီးသန့်နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းလုပ်ငန်းစဉ်အား သက်ဆိုင်ရာ၀န်ကြီးဌာနမှတစ်ဆင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ လျှောက်ထားရန် မူဝါဒပြောင်းလဲချမှတ်ခဲ့ကြောင်းဖော်ပြထားသည်၊၊
ဒါ့ကြောင့်မို့လို့ နိုင်ငံကူးလက်မှတ်သီးသန့်အစီအစဉ်ဖြင့် လျှောက်ထားလိုသူများအနေဖြင့် အဖွဲ့ချုပ်သို့လာရောက် စာရင်းရေးသွင်းပြီးပါက အဆိုပါစာရင်းများအားရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန DMA မှတစ်ဆင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ကြောင်းအသိပေးချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_13 December 2022
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၄၀ ကျော်ကိုထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
အဆိုပါ အလုပ်သမားများမှာ ကုန်ထုတ်လုပ်သားသစ် (၁၂၆) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၁၃)ဦး၊ Re-entry စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သား (၉) ဦး၊ စုစုပေါင်း (၁၄၈) ဦးကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်တွင်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် Regular(ကုန်ထုတ်လုပ်သား) ၊ Re-entry ကုန်ထုတ်၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်သား )၊ Regular လုပ်သား၊ Re-entry လုပ်သားစုစုပေါင်း ၁၈၀ ဦးကိုထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် လုပ်သားစေလွှတ်မှု ဒီဇင်ဘာလ ဒုတိယအပတ်ထိ စုစုပေါင်းလုပ်သားဦးရေ ၂၃၅ ဦးကိုစေလွှတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published-13 December 2022
ယနေ့ ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ၉၂ တစ်လီတာ ၁၈၀၀ အောက်ထပ်မံကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၈၀၅ ကျပ်၊ ၉၅ တစ်လီတာ ၁၈၉၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၂၆၀ ကျပ်ဖြစ်ပြီး ယနေ့တွင် ၉၂ တစ်လီတာ ၁၇၉၅ ကျပ်၊ ၉၅ တစ်လီတာ ၁၈၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၃၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၂၀၅ ကျပ်ထိ ကျဆင်းလာခြင်းဖြစ်သည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အချို့စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်တွေကို စိစစ်ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ (၂၀၁၇) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 13 December 2022
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီခန့်က အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူ၏ အမည်မှာ ကိုဝင်းနိုင်ဦးဆိုသူဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့် အရွယ်မရောက်သေးသည့် ကလေးသုံးဦး ကျန်ရစ်ခဲ့ကြောင်း ကူးတို့ဆိပ်ရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။
"သူက အသက် ၄၄ နှစ်လောက်ရှိပြီလို့ပြောတယ်။ အခုတော့ အလောင်းကို ရန်ကုန်ဆေးရုံကြီးမှာ PR - 055 နဲ့ ထားခဲ့တယ်"ဟု လိုက်ပါကူညီခဲ့သော မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းပြောရေးဆိုခွင့် ရှိသူက ပြောသည်။
မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီရေးအသင်းအနေဖြင့် မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ဆက်သွယ်အကူအညီတောင်းခံလာသောကြောင့် ယင်း ဖြစ်စဉ်ကို လိုက်ပါကူညီခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published _ 13 December 2022
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ လူကိုယ်တိုင်ဖြေဆိုမည့် နိုင်ငံ ၅ ခုမှ ကျောင်းသားများ ရောက်ရှိလာကြပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မနက်ဖြန် ဒီဇင်ဘာလ ၁၄ ရက်တွင် နေပြည်တော် MICC-II ခန်းမ၌ အဆိုပါ ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့်ပြိုင်ပွဲ (10th ASEAN Quiz-Regional Level) ကို ပြုလုပ်မည် ဖြစ်ပြီး လူကိုယ်တိုင်နှင့် Online မှ ပါဝင်ယှဉ်ပြိုင်မှု နှစ်မျိုးပေါင်းစပ်ထားသည့် Hybrid Event ပုံစံဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲမှာ မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်သောကြောင့် မြန်မာ ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့မှ တစ်နိုင်ငံလျှင် သုံးဦးစီ ဖြင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၈ ဦးက လူကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ အွန်လိုင်းက တစ်ဆင့်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်ကျောင်းသားများမှာ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများဖြစ်ကြကြောင်းလည်း သိရသည်။
အာဆီယံဒေသတွင်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို အာဆီယံဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများက နှစ်နှစ်တစ်ကြိမ် အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပလေ့ရှိကြောင်း၊ပထမအကြိမ်မှ အဋ္ဌမအကြိမ်အထိ လူကိုယ်တိုင်တက်ရောက်ဖြေဆိုသည့် Physical Event အဖြစ် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် နဝမကြိမ်မြောက် အာဆီယံဒေသတွင်း အဆင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၌ ကိုဗစ်-၁၉ ရောဂါ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားမှုအခြေအနေများကြောင့် လူကိုယ်တိုင်တက်ရောက်သည့် Physical Event အဖြစ် ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ Online Event အဖြစ်သာ စီစဉ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 13 December 2022
မြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ဘရာဇီးလ်နိုင်ငံ၊ ဆော်ပိုလိုကုန်သည်ကြီးများအသင်း (ACSP) တို့အကြား နားလည်မှု စာချွန်လွှာတစ်ရပ်ကို ဒီဇင်ဘာ ၁၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
အဆိုပါလက်မှတ်ရေးထိုးပွဲကို အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့ရာ ဆော်ပိုလိုကုန်သည် ကြီးများအသင်းနှင့် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်တို့၏ ဖိတ်ကြားချက် အရ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။
အဆိုပါနားလည်မှုစာချွန်လွှာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်နှင့် ဘရာဇီးလ်နိုင်ငံ၊ ဆော်ပိုလိုကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Alfredo Cotait Neto တို့က လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
ထိုနားလည်မှုစာချွန်လွှာအရ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်း စေမယ့် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင် နိုင်ရေးလိုအပ်တဲ့ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက် များမျှဝေခြင်းနှင့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များအကြား ကုန်သွယ်ရေးနှင့်စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး သင့်လျော်တဲ့ အစီအမံများ ချမှတ်ခြင်း စတဲ့ ကိစ္စရပ်များကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Asia_Legislation
Published 13 December 2022
အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့် ၃ နှစ်အတွင်း စတင်ကျင့်သုံးသွားမယ့် ရာဇဝတ်ဥပဒေအသစ်က နိုင်ငံအတွင်းရှိ နိုင်ငံခြားသားဧည့်သည်များကိုတော့ သက်ရောက်မှုရှိလာမှာမဟုတ်ကြောင်း ဥပဒေရေးရာနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး'အိုမာရှာရစ်ဖ်ဟီယာရိဂျ်'က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဥပဒေအသစ်အရ လက်မထပ်ဘဲ အတူနေထိုင်ခြင်းနဲ့ လိင်မှုပြုခြင်းတို့ဟာ ရာဇဝတ်မှုဖြစ်နိုင်ပေမယ့် ကျူးလွန်ခံရသူရဲ့ မိဘများ၊ အိမ်ထောင်ဖက်များ၊ ကလေးများကသာ အမှုတိုင်ကြားနိုင်မှာဖြစ်ပါတယ်။
ဥပဒေအသစ်က နိုင်ငံခြားသားများကိုတော့ ရာဇဝတ်မှုမဖြစ်စေနိုင်လောက်ဖွယ်ရှိကြောင်း မစ္စတာ'ဟီယာရိဂျ်'က ဆိုပါတယ်။
လက်မထပ်မီ လိင်မှုပြုခြင်းဖြင့် အများဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် ရူပီး ၁၀ သန်း(၆၄၀ ဒေါ်လာ) ဒဏ်ကြေးပေးဆောင်ရဖွယ်ရှိပြီး လက်မထပ်ဘဲအတူနေထိုင်ခြင်းဖြင့် ထောင်ဒဏ် ၆ လ သို့မဟုတ် ရူပီး ၁၀ သန်းဒဏ်ကြေး ကျခံရဖွယ်ရှိပါတယ်။
လက်မထပ်ဘဲ အတူနေထိုင်ခြင်းနဲ့ လိင်မှုပြုခြင်းတို့ရဲ့ ဥပဒေအကြောင်းအရာတွေကို တော်တော်များများက နားမလည်ကြတာကြောင့် လူအများကြားစိုးရိမ်မှုတွေ ဖြစ်လာစေတယ်လို့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ'ဟီယာရိဂျ်'က ပြောပြလိုက်ပါတယ်။
"အလေးအနက်ထားပြီး ပြောရရင် နိုင်ငံခြားဧည့်သည်များ အင်ဒိုနီးရှားလာနိုင်ပါတယ်၊ ဒီဥပဒေအသစ်နဲ့ သူတို့နဲ့မဆိုင်ပါဘူး၊ မိဘတွေ ကလေးတွေက နိုင်ငံခြားကမဟုတ်ဘူးဆိုရင် တိုင်ကြားလို့ရပါတယ်" လို့ ဆိုပါတယ်။
ယခုဥပဒေအသစ်က ၁၉၄၅ ခုနှစ် အင်ဒိုနီးရှားလွတ်လပ်ရေးမရခင် ဟော်လန်ကိုလိုနီအစိုးရလက်အောက်မှာ ချမှတ်ခဲ့တဲ့ဥပဒေနေရာမှာ အစားထိုးဖို့ရည်ရွယ်တာဖြစ်ပါတယ်။
ပြဌာန်းဥပဒေအသစ်မှာ ကဏ္ဍပေါင်း ၆၂၄ မျိုးကျော်ပါဝင်ပြီး အိမ်ထောင်မရှိလိင်မှုပြုခြင်းကစလို့ လွတ်လပ်စွာပြောဆိုခွင့်အထိ ကိစ္စအမျိုးမျိုးထည့်သွင်းထားပါတယ်။
ပြည်နယ်တစ်ခုကတော့ လက်မထပ်ဘဲ အတူနေထိုင်ခြင်းကဏ္ဍနဲ့ ပတ်သက်ပြီး လက်မခံခဲ့ကာ ဒါဟာပုဂ္ဂိုလ်ရေးကိစ္စသာဖြစ်တယ်လို့ ငြင်းဆိုလိုက်ပါတယ်။
မွတ်ဆလင်အများစုနေထိုင်ရာ အနောက်ဆူမာတြားပြည်နယ်မှာ လူတွေက အမှုတိုင်တန်းခြင်းထက် ပိုပြီးအလိုရှိနေကာ လက်မထပ်ဘဲအတူနေထိုင်ခြင်းက ကိုယ်ကျင့်တရားပျက်ပြားတဲ့သဘောဖြစ်ပြီး အင်ဒိုလူမျိုးအများစုကျင့်သုံးတဲ့ အစ္စလာမ်သွန်သင်ချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုကြပါတယ်။
ဒါကြောင့် နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေစေမယ့်နည်းလမ်းကို အင်ဒိုနီးရှားလမ်းစဉ်အတိုင်း ဆောင်ရွက်ကြမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ လူဦးရေသန်း ၂၇၀ ရှိတဲ့နိုင်ငံဖြစ်ပြီး မတူညီတဲ့ဒေသများမှ လူများစုဝေးနေထိုင်ကြတာကြောင့် ဥပဒေအသစ်ကို လူတိုင်းသဘောကျမှာမဟုတ်ပါဘူး။
ဟိန္ဒူလူများစုရှိတဲ့ ဘာလီကျွန်းကတော့ လာရောက်တဲ့ဧည့်သည်ပဲဖြစ်ဖြစ်၊ ဘာလီမှာနေထိုင်သူပဲဖြစ်ဖြစ် ဥပဒေအသစ်ကို စိုးရိမ်စရာမရှိဘူးလို့ ဘာလီမြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။
"ဘာလီကိုလာဖို့အတွက် ဧည့်သည်တွေ တွေဝေနေစရာမလိုပါဘူး၊ ဘာလီကတော့ အရင်အတိုင်းပါပဲ" လို့ မြို့တော်ဝန်'ကော့စ်တာ'က ဆိုပါတယ်။
Source: CNA
#Yangon_Media_Group
#Local_News
Published _ 13 December 2022
ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် လက်ရှိအသုံးပြုနေသည့် ရန်ကုန်-သန်လျင်အမှတ်(၁)တံတားအနီး တည်ဆောက်နေသော ပဲခူးမြစ်ကူး (သန်လျင် အမှတ်-၃) တံတားစီမံကိန်းတွင် ဂျပန်အတိုင်ပင်ခံအင်ဂျင်နီယာများ ပူးပေါင်းဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။
လက်ရှိတွင် သန်လျင်ဘက်ကမ်း ချဉ်းကပ်တံတားကို ကြိုတင်အားဖြည့်ကွန်ကရစ် Box ရက်မများ လွန်းထိုးခြင်း နည်းပညာဖြင့် တင်လျက်ရှိပြီး ရေလယ်ပင်မတိုင်ဖြစ်သော P 11 နှင့် P 12 မှာ Pier Head အထိ ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ရေထဲတွင် ရှိသည့် တိုင်အမှတ် P 16 နှင့် P 17 မှစတင်၍ သံမဏိ Box ရက်မတင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ရှိသည့် Pier တိုင်များလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ အပိုင်း(၁) လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၆၄ ဒသမ ၈ ရာခိုင်နှုန်း၊ အပိုင်း (၂) လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၆၈ ဒသမ ၁ ရာခိုင်နှုန်းနှင့် အပိုင်း(၃) လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၉၂ ရာခိုင်နှုန်း ဆောင် ရွက်ပြီးစီးပြီ ဖြစ်ကြောင်း တံတားဦးစီးဌာန ၏ စာရင်းများအရ သိရသည်
အရှည် ၃၅၀၀ မီတာရှိသော အဆိုပါ တံတားမှာ သံကူ ကွန်ကရစ် +သံမဏိကြိုးဆိုင်း တံတား+သံမဏိရက်မဖြစ်ပြီး အပိုင်း(၁)လုပ်ငန်းတွင် တံတားအရှည် ၁၃၁၂ မီတာ၊ အပိုင်း(၂) လုပ်ငန်းတွင် တံတားအရှည် ၁၃၆၃ မီတာ၊ အပိုင်း (၃) လုပ်ငန်းတွင် တံတားအရှည် ၈၂၅ မီတာပါဝင်ပြီး ပင်မတံတား အကျယ် ၂၂ ဒသမ ၉ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၁၃ မီတာရှိကာ တံတားခံနိုင်ဝန် (ခွင့်ပြုအလေးချိန်) မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်ကြောင်းလည်း သိရသည်။
တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် မေလက စတင်ခဲ့ခြင်း ဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးရန်လျာထားကြောင်း လည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Lifestyle
Published 13 December 2022
မနက်ခင်း ဘာမှမစားရသေးဘဲ ကော်ဖီအရင်ဆုံးသောက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများကြောင်း အဟာရပညာရှင်တစ်ဦးက ဆိုလိုက်ပါတယ်။
အစာမရှိဘဲနဲ့ အရင်ဆုံးကော်ဖီသောက်မယ်ဆိုရင် စိတ်ဖိစီးမှုများနိုင်ပြီး ဟော်မုန်းတွေ ကမောက်ကမဖြစ်စေတယ်လို့ 'အိုလီဗီယာဟက်ဒ်လန်း'က TikTok ကနေ သတိပေးလိုက်ပါတယ်။
ကျန်းမာသန်စွမ်းစေတဲ့ နည်းလမ်းအကြံဉာဏ်တွေကို 'အိုလီဗီယာ'က တင်ပြနေခဲ့တာဖြစ်ပြီး ဒီအကြောင်းအရာဟာ အခုဆိုရင် ကြည့်ရှုသူ ၆ သိန်းနီးပါးရှိပြီဖြစ်ပါတယ်။
ကော်ဖီသောက်လို့ ရင်တုန်လက်တုန်ဖြစ်တာဟာလည်း အစာမရှိဘဲ သောက်လို့ဖြစ်တယ်လို့ ဆိုပါတယ်။
"အရင်တုန်းကဆိုရင် ကျွန်မက အစာမရှိဘဲ ကော်ဖီအများကြီးသောက်ခဲ့တယ်၊ ဝက်ခြံတွေလည်းထွက်လာပြီး ဘာကြောင့်လဲလို့ ထင်နေခဲ့တာပါ၊ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်က ဖိစီးမှုမြင့်တက်လာပါတယ်၊ ဒါကြောင့် ကော်ဖီမသောက်ခင် တစ်ခုခုစားပြီးသောက်ရင် ကွာခြားချက်တွေ့လာပါလိမ့်မယ်" လို့ ပြောပြခဲ့ပါတယ်။
ဟော်မုန်းတွေ မျှတအောင် ကျင့်ကြံသင့်တဲ့နည်းလမ်းတွေကတော့..
- ဖျော်ရည်သောက်ပါ
- ကော်ဖီအစား အခြားတစ်ခုခုသောက်ကြည့်ပါ
- စားသောက်ပြီးတိုင်း လမ်းလျှောက်ပါ
- ရေနွေးကြမ်းသောက်ပါ
- ပြင်းထန်မှုနည်းပါးတဲ့ လေ့ကျင့်ခန်းများဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊ အလေးမခြင်းတို့ ပြောင်းလုပ်ပါ
- အိပ်ရာထထချင်း တစ်နာရီအတွင်း အသီးကဲ့သို့ ဂလူးကို့စ်နည်းတဲ့ အစားအစာတွေ စားပါ။
လတ်တလော လေ့လာချက်အရလည်း ကော်ဖီသောက်တဲ့ကိုယ်ဝန်ဆောင်တွေဟာ ကလေးမွေးတဲ့အခါ အရပ်ပုစေတယ်လို့ ဆိုပါတယ်။
'အိုလီဗီယာ'ရဲ့အကြံပြုချက်အပေါ် ကြည့်ရှုသူတွေက အားပေးထောက်ခံသွားကြပါတယ်။
Source: NY Post
#Yangon_Media_Group
#Local_News
Published _ 13 December 2022
ရှမ်းပြည်နယ် ကျောက်မဲမြို့တွင် ပြောင်းအိတ်များ တင်ဆောင်လာသည့် ထော်လာဂျီယာဉ် ရှေ့ဘီးကျွတ်ထွက်ပြီး လမ်းဘေးသို့ ထိုးကျရာမှ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်) မှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၂ ရက် နောင်ပိန်ပုံဝိုးသွာလမ်း၊ ကုန်ညောင်ကျေးရွာနှင့် ဘီလူးမကျေးရွာကြားတွင် ပြောင်းအိတ်တင်ဆောင်လာသော ထော်လာဂျီယာဉ် ရှေ့ဘယ်ဖက်ဘီး ကျွတ်ထွက်ပြီး လမ်းဘေးသို့ ထိုးကျခဲ့ပြီးနောက် ထော်လာဂျီယာဉ်မှာ တိမ်းမှောက်မှုမရှိဘဲ ထော်လာဂျီပေါ်ပါရှိလာသည့် ခရီးသည်များ လမ်းဘေးသို့ လွင့်ကျကာ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူ ၇ ဦးအား ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက နောင်ပိန်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ဓာတ်မှန်ရိုက်ရန် လိုအပ်သည့် လူနာ ၅ ဦးကိုလည်း ကျောက်မဲမြိုဆေးရုံသို ထပ်မံပို့ဆောင်ပေးကြောင်း သိရသည်။
#ymg/NN
#Yangon_Media _Group
Page 1307 of 1849