#World_News
Published 04 August 2026
■ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံခြားသံတမန်ရုံး ၅ ခုကို ပိတ်သိမ်းဖို့ အစီအစဉ်များအကြောင်း လွှတ်တော်သို့ အကြောင်းကြားခဲ့ပါတယ်။
■ ပိတ်သိမ်းဖို့ လျာထားတဲ့ ရုံးတွေထဲမှာ ဝင်နီပက်(ကနေဒါ)၊ နာဂိုယာ(ဂျပန်)၊ မေဒန်(အင်ဒိုနီးရှား)တို့ရှိ ကောင်စစ်ဝန်ရုံးများ ပါဝင်ပါတယ်။
■ အခြားပိတ်သိမ်းမယ့် ၂ ခုက ဂရီနေဒါရှိ သံရုံးနဲ့ ကင်မရွန်းရှိ သံတမန်ရုံးခွဲတစ်ခုတို့ ဖြစ်ပါတယ်။
■ ဒါဟာ အကျပ်အတည်း အခြေအနေကြောင့် မဟုတ်ဘဲ နိုင်ငံခြားသံတမန်ရုံးများကို ရည်ရွယ်ချက်ရှိရှိ ရုပ်သိမ်းလျှော့ချမယ့် ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
■ အစိုးရတာဝန်ရှိသူများက ရုံးလုပ်ငန်းစဉ်များ ပိုမိုသွက်လက်စေရန်နဲ့ ကုန်ကျစရိတ် လျှော့ချရန် ဆောင်ရွက်ချက်အဖြစ် ဒီလိုမျိုး ပိတ်သိမ်းမှုတွေ ဖော်ပြလာတာ ဖြစ်ပါတယ်။
■ ပိတ်သိမ်းလိုက်တဲ့ နေရာတွေရဲ့ လုပ်ငန်းတာဝန်တွေကို အနီးအနားရှိ ပိုမိုကြီးမားတဲ့ ဒေသဆိုင်ရာ အမေရိကန်သံရုံးများသို့ ပေါင်းစည်းသွားမှာ ဖြစ်ပါတယ်။
■ ယခုလိုမျိုး သံတမန်ရုံးများ ပိတ်သိမ်းခြင်းက အမေရိကန်ရဲ့ သံတမန်ရေးရာ ဩဇာလွှမ်းမိုးမှုကို လျော့ပါးစေနိုင်ကြောင်း ဝေဖန်သူများက စိုးရိမ်မကင်း ဖော်ပြကြပါတယ်။
■ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကျန်ရှိနေတဲ့ သံတမန်ရုံးတွေဟာ ခေတ်သစ်လိုအပ်ချက်များနဲ့ ကိုက်ညီပြီး ထိရောက်မှုရှိနေစေမှာ ဖြစ်ကြောင်း အလေးပေးပြောကြားသွားပါတယ်။
Source: Reuters
#World_Health
Published 04 August 2026
■ စာသင်ယူလေ့လာနေရတဲ့ ကျောင်းသားကျောင်းသူများအနေဖြင့် အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်တို့ တိုးတက်စေဖို့လိုပြီး စားသောက်လိုက်တဲ့ အစားအစာတွေက ဦးနှောက်ကျန်းမာရေးအပေါ် များစွာသက်ရောက်စေနိုင်ပါတယ်။
■ (၁) အစိမ်းရောင်ဟင်းရွက်များ - ကိုက်လံ၊ ဟင်းနုနွယ်၊ မုန်ညင်း၊ ပန်းဂေါ်ဖီစိမ်းတို့လို အစိမ်းရောင်ဟင်းရွက်တွေမှာ ပါဝင်တဲ့ ဗိုက်တာမင်-ကေ၊ လူတိန်း၊ ဖောလိတ်၊ ဘီတာကယ်ရိုတင်းတို့က ဦးနှောက်သိရှိမှုစွမ်းရည် ကျဆင်းခြင်းကို နှေးစေနိုင်ပါတယ်။
■ (၂) အဆီပါသောငါး - ဆယ်လ်မွန်၊ တူနာတို့လို ငါးတွေမှာ အိုမီဂါ(၃)ဖက်တီးအက်ဆစ် များစွာပါဝင်ကာ ဦးနှောက်အတွင်း ပျက်စီးမှုတွေဖြစ်စေတဲ့ ဘီတာအမိုင်လွိုက်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။
■ (၃) ဘယ်ရီသီးများ - သဘာဝရောင်ခြယ်ပစ္စည်းဖြစ်တဲ့ ဖလေဗိုနွိုက်များ ပါဝင်ကာ မှတ်ဉာဏ်စွမ်းရည် တိုးတက်စေပြီး ဦးနှောက်ကျန်းမာရေး ပိုမိုကောင်းမွန်စေပါတယ်။
■ (၄) လက်ဖက်ကြမ်း၊ ကော်ဖီ - သူတို့မှာပါဝင်တဲ့ ကဖင်းဓာတ်က မှတ်သားလိုက်တဲ့ မှတ်ဉာဏ်တွေကို ကောင်းစွာထိန်းသိမ်းပေးနိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
■ (၅) သစ်ကြားသီး - အိုမီဂါ(၃)ဖက်တီးအက်ဆစ် တစ်မျိုးဖြစ်တဲ့ ALA အက်ဆစ်ပါဝင်ကာ သွေးပေါင်ကျစေပြီး သွေးကြောတွေ သန့်စင်စေတာကြောင့် နှလုံးနဲ့ ဦးနှောက်အတွက် အကျိုးရှိစေပါတယ်။
Source: Hindustan Times
#World_Science
Published 04 August 2026
■ GJ 3378b ပြင်ပဂြိုဟ်ဟာ ကမ္ဘာမြေနဲ့ အလင်းနှစ် ၂၅ နှစ်သာ ဝေးကွာပြီး အနီးဆုံး အိမ်နီးချင်းစကြဝဠာတွေထဲက တစ်ခုဖြစ်ပါတယ်။
■ ယင်းဂြိုဟ်ဟာ မျက်နှာပြင်ပေါ်မှာ ရေထုတည်ရှိနိုင်လောက်တဲ့ အပူချိန်ရှိတဲ့ Red dwarf ကြယ်ရဲ့ သက်ရှိနေထိုင်နိုင်ဖွယ်ရှိတဲ့ နယ်ပယ်အတွင်း လှည့်ပတ်နေပါတယ်။
■ ထိုဂြိုဟ်က ကမ္ဘာထက် ၅ ဆပိုလေးပြီး လေထုဖိအားပြင်းထန်တဲ့ စူပါဂြိုဟ်ကြီးအဖြစ် နက္ခတ်ဗေဒပညာရှင်များ ယခင်က ယူဆခဲ့ကြပါတယ်။
■ ဒါပေမဲ့ UC Irvine မှ သုတေသီများရဲ့ လေ့လာမှုသစ်တစ်ခုအရ ယင်းဂြိုဟ်ဟာ မျှော်လင့်ထားတာထက် ပိုမိုပေါ့ပါးပြီး ကမ္ဘာ့ဒြပ်ထုရဲ့ ၂ ဆမျှသာရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
■ ဒီလိုမျိုး နောက်ထပ်တွေ့ရှိတဲ့ ဒြပ်ထုပမာဏကြောင့် ယင်းဂြိုဟ်ပေါ်မှာ သက်ရှိများ ရှင်သန်နိုင်မယ့် မျက်နှာပြင်အခြေအနေများ ရှိနိုင်ခြေ ပိုမိုမြင့်မားသွားစေပါတယ်။
■ ဒါပေမဲ့ ယင်းရဲ့လေထုက စကြဝဠာ ရောင်ခြည်ဖြာထွက်မှုများကို ကာကွယ်ပေးနိုင်လောက်အောင် ထူထဲမှု ရှိမရှိဆိုတာကတော့ သိပ္ပံနည်းကျ မေးခွန်းထုတ်စရာအဖြစ် ကျန်ရှိနေပါသေးတယ်။
■ ဒါ့အပြင် သုတေသီများအနေဖြင့် ပေါက်ကွဲလွယ်တဲ့ Red dwarf ရဲ့ နေရောင်ခြည်လျှပ်စီးများနဲ့ ဂြိုဟ်ရဲ့ တစ်ခြမ်းတည်းသော မူလကြယ်ဘက်သို့ အမြဲလှည့်နေမယ့် အခြေအနေ ခြိမ်းခြောက်မှုများကိုလည်း ဆက်လက်ဆန်းစစ်ရန် လိုအပ်နေပါသေးတယ်။
Source: Futurism
#World_Health
Published 03 August 2026
■ ၂ နာရီခြား ၃ နာရီခြားတစ်ခါ အစားစားပေးခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ အများအားဖြင့်တော့ လွဲမှားတဲ့အယူအဆတစ်ခုသာ ဖြစ်ပါတယ်။
■ ခန္ဓာကိုယ်ရဲ့ နေ့စဉ်စွမ်းအင်သုံးစွဲမှုတွေထဲမှာ ပုံမှန်အနားယူချိန် စွမ်းအင်သုံးစွဲမှု၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ အစာခြေဖျက်မှုတို့ ပါဝင်ပါတယ်။
■ အာဟာရဓာတ်များကို ခြေဖျက်ပြီး စုပ်ယူရန်စွမ်းအင်လိုအပ်ပြီး အစာခြေဖျက်မှုဆိုင်ရာ အပူဓာတ်ထွက်ရှိမှု စားသုံးလိုက်တဲ့ ကယ်လိုရီရဲ့ ၁၀ ရာခိုင်နှုန်းခန့်ကို လောင်ကျွမ်းစေပါတယ်။
■ ပါမောက္ခ ဂျိမ်းစ်ဘက်စ်ရဲ့ နှိုင်းယှဉ်ချက်ထဲမှာ ကယ်လိုရီ ၁၀၀ စားသုံးပါက ခန္ဓာကိုယ်မှာ ကယ်လိုရီ ၉၀ စတင်ပြီးတော့ အသားတင်ကျန်ရှိနေမှာဖြစ်ပါတယ်။
■ ဇီဝဖြစ်စဉ်က အစားအစာမှ ရရှိတဲ့ ကယ်လိုရီထက် ပိုမိုလောင်ကျွမ်းခြင်း မရှိတဲ့အတွက် အစားအသောက် စားသုံးခြင်းဟာ ခန္ဓာကိုယ်ထဲသို့ စွမ်းအင် အမြဲတမ်တိုးပွားစေရုံသာ ဖြစ်ပါတယ်။
■ ဒါကြောင့် မကြာခဏ သရေစာစားခြင်း၊ အစားစားခြင်းတို့က ပိုလျှံနေတဲ့ ကိုယ်အလေးချိန်များကို လောင်ကျွမ်းစေရန်အတွက် ထိရောက်တဲ့အထောက်အကူ မပေးနိုင်ပါဘူး။
■ စုစုပေါင်း စွမ်းအင်သုံးစွဲမှု အမှန်တကယ်တိုးမြှင့်ပြီး ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေရန် အထိရောက်ဆုံး နည်းလမ်းမှာကိုယ်လက်လှုပ်ရှား ပိုမိုပြုလုပ်ပေးခြင်းဖြစ်ပါတယ်။
Source: The Guardian
#World_Health
Published 03 August 2026
■ ပန်းသီး၊ ချယ်ရီသီး၊ မက်မွန်သီး စတဲ့သစ်သီးများရဲ့ အစေ့ထဲမှာ အေမစ်ဒါလင်လို့ခေါ်တဲ့ သဘာဝကာကွယ်ရေး ဓာတ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။
■ ထိုအစေ့များကို ဝါးစားခြင်းဖြင့် အေမစ်ဒါလင် ထွက်လာစေပြီး ဆိုင်ယာနိုက်အဆိပ်အဖြစ် ပြောင်းလဲသွားကာဆဲလ်များရဲ့အောက်ဆီဂျင်သုံးစွဲမှု ရပ်တန့်သွားစေပါတယ်။
■ အစေ့တွေကို ဒီအတိုင်း မတော်တဆ မျိုချမိရင်တော့ အစာခြေစနစ်အတွင်း ပျက်စီးမှုမရှိဘဲ ဖြတ်သန်းသွားတာကြောင့် အဆိပ်အတောက်မဖြစ်စေပါဘူး။
■ အပရီကော့အစေ့တွေကိုတော့ ရည်ရွယ်ချက်ရှိရှိ ဝါးစားမျိုချမိပါက စိုးရိမ်ရတဲ့အန္တရာယ် ဖြစ်ပေါ်စေပါတယ်။
■ သစ်သီးအစေ့များ ဒါမှမဟုတ် အေမစ်ဒါလင်ဖြည့်စွက်ဆေးတွေဟာ ကင်ဆာရောဂါကို ပျောက်ကင်းစေခြင်းနဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးတယ်ဆိုတဲ့ ပြောကြားချက်တွေကတော့ ဆေးပညာအရအထောက်အထားမရှိဘဲ အန္တရာယ်များလှပါတယ်။
■ မိဘများအနေဖြင့် ကလေးများကို အစေ့များဝါးမစားရန် သင်ကြားပေးသင့်ပြီး အစာနင်ခြင်း၊ အဆိပ်အတောက်ဖြစ်ခြင်း အန္တရာယ်များကို ရှောင်ရှားနိုင်ရန် သစ်သီးမကျွေးမီ အစေ့များကို အရင်ဖယ်ရှားပေးသင့်ပါတယ်။
■ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှူရခက်ခဲခြင်းလိုမျိုး ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးဝါးကုသမှု ဒါမှမဟုတ် အဆိပ်အတောက် ထိန်းချုပ်ရေးဌာနသို့ ချက်ချင်းဆက်သွယ်သင့်ပါတယ်။
Source: The Jerusalem Post
ဆူရက်ရှ် ကူးမား Suresh Kumarရေးသည်
အိန္ဒိယနိုင်ငံသည် ၂၀၂၈–၂၉ ခုနှစ် သက်တမ်း အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော (အလှည့်ကျ) အဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံရရေး မဲဆွယ်စည်းရုံးမှုကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ပြည်ပရေးရာဝန်ကြီး Subrahmanyam Jaishankar သည် ဇူလိုင်လ ၁၃ ရက်နေ့တွင် နယူးယောက်မြို့၌ အဆိုပါ မဲဆွယ်စည်းရုံးမှုကို တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။
ဤသို့ ရွေးကောက်ခံရန် ကြိုးပမ်းမှုသည် အိန္ဒိယနိုင်ငံအား လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် အဖြစ် ထည့်သွင်းသင့်သည်ဟူသော သိကျွမ်းပြီးသား အကြောင်းပြချက်ကို သေချာပေါက် ပြန်လည် သက်ဝင်လာစေမည် ဖြစ်သည်။ အိန္ဒိယသည် လုံခြုံရေးကောင်စီတွင် (၂၀၂၁–၂၂ သက်တမ်း အပါအဝင်) အဖွဲ့ဝင်အဖြစ် ၈ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ မစ်ရှင်ပေါင်း ၅၀ ကျော်သို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၂၉၀,၀၀၀ ကျော် စေလွှတ်ခဲ့သည်ဟု တရားဝင် စာရင်းများအရ သိရပြီး၊ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများတွင် အဓိက ပါဝင်ကူညီနေသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။
အိန္ဒိယ၏ ပထဝီဝင်အနေအထားအရ ၎င်းကို ဖယ်ထုတ်ထားခြင်းမှာ ကာကွယ်ပြောဆိုရန် ပို၍ပင် ခက်ခဲစေသည်။ အိန္ဒိယသည် တောင်အာရှ၊ အိန္ဒိယသမုဒ္ဒရာနှင့် အင်ဒို-ပစိဖိတ်ဒေသတို့၏ ဗဟိုချက်တွင် တည်ရှိသည်။ ရေကြောင်းလုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ စွမ်းအင်လမ်းကြောင်းများ၊ သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် အာရှ၏ ဗျူဟာမြောက် အင်အားချိန်ခွင်လျှာညှိမှုတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ထိုကဲ့သို့သော နိုင်ငံမျိုးကို ဖယ် ထုတ်ထားခြင်း သည် လုံခြုံရေးကောင်စီကို ပိုမိုတည်ငြိမ်စေမည် မဟုတ်ပေ။
အိန္ဒိယ၏ "မဟာဗျူဟာမြောက် လွတ်လပ်စွာ ရပ်တည်မှု" (Strategic Autonomy) ကိုလည်း အားနည်းချက်တစ်ခုအဖြစ် မရှုမြင်ဘဲ အားသာချက်တစ်ခုအဖြစ် မြင်သင့်သည်။ ပြိုကွဲနေသော လက်ရှိန ိုင်ငံတကာအစီအစဉ်များကြားတွင် အုပ်စုကွဲပြားမှုများကို ကျော်လွန်၍ ဆွေးနွေးပြောဆိုနိုင်စွမ်းသည် ပိုမိုတန်ဖိုးရှိလာသည်။ အိန္ဒိယသည် အနောက်အုပ်စု၊ ရုရှား၊ အာဖရိက၊ အနောက်အာရှ၊ အာဆီယံ၊ အင်ဒို-ပစိဖိတ်နှင့် ကျယ်ပြန့်သော Global South နိုင်ငံများနှင့် မည်သည့်အုပ်စု၏ နောက်လိုက်မှ မဖြစ်ဘဲ လွတ်လပ်စွာ ဆက်ဆံဆွေးနွေးနိုင်သည်။
ဘလော့ဂ်နိုင်ငံရေး (Bloc politics) နှင့် ဗျူဟာမြောက် မယုံကြည်မှုများ ပြန်လည်မြင့်တက်နေသည့် လက်ရှိအချိန်တွင်၊ လုံခြုံရေးကောင်စီအနေဖြင့် အင်အား (Power) သာမက အမြော်အမြင်နှင့် ရှုထောင့် (Perspective) ကိုပါ ယူဆောင်လာနိုင်သည့် နိုင်ငံများ၊ စွမ်းဆောင်ရည် သာမက ယုံကြည်စိတ်ချရမှု ကိုပါ ပေးစွမ်းနိုင်သည့် နိုင်ငံများကို လိုအပ်လျက်ရှိသည်။
အိန္ဒိယသည် အဓိက လုံခြုံရေးဆိုင်ရာ အင်အားကြီးနိုင်ငံတစ်ခုလည်း ဖြစ်သည်။ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျု SIPRI ၏ မှတ်တမ်းများ အရ အိန္ဒိယသည် ၂၀၂၅ ခုနှစ်တွင် စစ်ရေး အသုံးစရိတ် အမေရိကန်ဒေါ်လာ ၉၂.၁ ဘီလီယံဖြင့် ကမ္ဘာ့ပဉ္စမမြောက် စစ်ရေးအသုံးစရိတ် အများဆုံး နိုင်ငံ ဖြစ်သည်။ သို့သော် အိန္ဒိယ၏ မဟာဗျူဟာရပ်တည်ချက်သည် ကျူးကျော်စွန့်စားခြင်းထက် ထိန်း သိမ်းစောင့်ဆည်းခြင်း (Restraint) ကိုသာ အဓိကအခြေခံသည်။ အိန္ဒိယ၏ တရားဝင် နျူကလီး ယားရပ်တည်ချက်တွင် ယုံကြည်လက်ခံနိုင်လောက်သည့် အနိမ့်ဆုံး ဟန့်တားနိုင်စွမ်း (Credible Minimum Deterrence) နှင့် "ပထမဦးစွာ စတင်အသုံးမပြုရေး" (No First Use) မူဝါဒတို့ ပါဝင်သည်။
ဤသို့ စွမ်းဆောင်ရည်နှင့် ထိန်းသိမ်းစောင့်ဆည်းမှုတို့ ပေါင်းစပ်နေခြင်းက အိန္ဒိယ၏ တောင်းဆိုမှုကို ပိုမိုခိုင်မာစေသည်။ အဘယ်ကြောင့်ဆိုသော် လုံခြုံရေးကောင်စီသည် သာမန် စစ်ရေးအင်အား သက်သက် ကို မဟုတ်ဘဲ တာဝန်သိသော အင်အားကို လိုအပ်သောကြောင့် ဖြစ်သည်။
သို့သော် အိန္ဒိယ၏ မဲဆွယ်စည်းရုံးမှုသည် နက်ရှိုင်းသော အဖွဲ့အစည်းဆိုင်ရာ ပြဿနာတစ်ခုကိုလည်း ဖော်ပြနေသည်။ အလှည့်ကျအဖွဲ့ဝင်အဖြစ် အောင်မြင်စွာ ရွေးချယ်ခံရတိုင်း အိန္ဒိယ၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်သင့်ကြောင်း အကြောင်းပြချက်ကို ပိုမိုခိုင်မာစေသည်။ ထိုအောင်မြင်မှုကပင် လုံခြုံရေး ကောင်စီအား အိန္ဒိယ၏ ပါဝင်ကူညီမှု အကျိုးကျေးဇူးများကို ရရှိစေပြီး၊ အိန္ဒိယ လိုလားသော ပြုပြင် ပြောင်းလဲရေးကိုမူ ဆက်လက် ရွှေ့ဆိုင်းခွင့် ရရှိစေသည်။ ၎င်းသည် ၂၀၂၈–၂၉ မဲဆွယ်စည်းရုံးမှု၏ အဓိက ရှေ့နောက်မညီသဘာဝ (Paradox) ပင် ဖြစ်သည်။
ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပါဝင်ကူညီမှုနှင့် တရား မျှတသော ပထဝီဝင်အနေအထားအရ ဖြန့်ကျက်မှုတို့ကို လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များအဖြစ် အသိအမှတ်ပြုထားသည်။ ထို့ကြောင့် အလှည့်ကျအဖွဲ့ဝင်နေရာသည် အိန္ဒိယအတွက် တာဝန်ယူမှုရှိခြင်း၊ သံတမန်ရေးရာ ဖြန့်ကျက်နိုင်စွမ်းနှင့် လက်တွေ့ပိုင်းဆိုင်ရာ ပါဝင်ကူညီမှုတို့ကို သက်သေပြရန် အခွင့်အလမ်းများကို အကြိမ်ကြိမ် ဖန်တီး ပေးလျက်ရှိသည်။
သို့ရာတွင် အလှည့်ကျအဖွဲ့ဝင်နေရာသည် မူလသဘာဝအရ ယာယီသာ ဖြစ်သည်။ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်များသည် ၂ နှစ်တာ သက်တမ်းသာ ထမ်းဆောင်ရသည်။ ၎င်းတို့တွင် ဗီတိုအာဏာ (Veto power) မရှိပါ။ ကောင်စီ၏ အမြဲတမ်းတည်ဆောက်ပုံကိုလည်း ပြောင်းလဲနိုင်ခြင်း မရှိပါ။ ၎င်းတို့သည် အခြေခံ အာဏာအဆင့်ဆင့် တည်ဆောက်ပုံကို မထိခိုက်စေဘဲ အဖွဲ့အစည်း လည်ပတ်နိုင်ရန်သာ ကူညီပေး ကြသည်။
ထိုအချက်သည် လက်ရှိစနစ်အတွက် အဆင်ပြေသော ချိန်ခွင်လျှာညှိမှုတစ်ခုကို ဖန်တီးပေးသည်။ အိန္ဒိယကို ရွေးကောက်တင်မြှောက်နိုင်သည်။ အိန္ဒိယသည် ကော်မတီများကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခြင်း၊ ဆွေးနွေးပွဲများကို ပုံဖော်ခြင်း၊ တပ်ဖွဲ့ဝင်များ စေလွှတ်ကူညီခြင်း၊ စာချုပ်စာတမ်းများ ညှိနှိုင်းခြင်းနှင့် Global South ၏ ရှုထောင့်များကို ကောင်စီဆွေးနွေးပွဲများသို့ ယူဆောင်လာခြင်းတို့ လုပ်ဆောင် နိုင်သည်။ ကောင်စီအနေဖြင့် ၁၉၄၅ ခုနှစ်ကတည်းက အမွေဆက်ခံခဲ့သည့် အမြဲတမ်းအာဏာ ခွဲဝေမှုကို မပြောင်းလဲဘဲ အိန္ဒိယ၏ ပါဝင်မှုမှ အကျိုးကျေးဇူးများ ရရှိနေသည်။
ဤသဘောတရားသည် အိန္ဒိယတစ်နိုင်ငံတည်းအတွက်သာ မဟုတ်ပေ။ ဘရာဇီး၊ ဂျာမနီနှင့် ဂျပန်တို့ သည်လည်း ကောင်စီတွင် အကြိမ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး G4 ပြုပြင်ပြောင်းလဲရေး မဲဆွယ်မှုများ လုပ်ဆောင်နေသော်လည်း အလားတူ ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသည်။ အာဖရိကတိုက်သည် ဤပြဿနာ၏ အဆိုးရွားဆုံးအခြေအနေကို ရင်ဆိုင်နေရသည်။ အာဖရိကသမဂ္ဂ၏ Ezulwini Consensus က အာဖရိကအတွက် အနည်းဆုံး အမြဲတမ်းအဖွဲ့ဝင်နေရာ (၂) နေရာနှင့် အလှည့်ကျအဖွဲ့ဝင် (၅) နေရာ တောင်းဆိုထားသော်လည်း ယနေ့ထက်တိုင် အာဖရိကတိုက်အတွက် အမြဲတမ်းကိုယ်စားပြုမှု မရှိ သေးပေ။
၂၀၂၄ ခုနှစ် အနာဂတ်အတွက် သဘောတူစာချုပ် (2024 Pact for the Future) တွင် လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်ကို အသိအမှတ်ပြုခဲ့ပြီး၊ အထူးသဖြင့် အာဖရိက၏ ကိုယ်စားပြုမှု နည်းပါးနေခြင်းကို ဖြေရှင်းရန် အလေးပေးထားကာ ၁၉၆၀ ပြည့်လွန်နှစ်များနောက်ပိုင်း အခိုင်မာဆုံး ကတိကဝတ်အဖြစ် ဖော်ပြခဲ့သည်။ ထိုအသုံးအနှုန်းက တရားဝင်မှုဆိုင်ရာ ပြဿနာ (Legitimacy problem) ကို အတည်ပြုပေးသော်လည်း၊ အဖွဲ့အစည်းဆိုင်ရာ တွန်းအားပေးမှု ပြဿနာကိုမူ မဖြေ ရှင်းနိုင်ပေ။
တရားဝင် ပြုပြင်ပြောင်းလဲရေးမှာ အလွန်ခက်ခဲလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် အပိုဒ် ၁၀၈ အရ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် အထွေထွေညီလာခံ၏ သုံးပုံနှစ်ပုံ ထောက်ခံမဲနှင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်အားလုံး အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ သုံးပုံနှစ်ပုံက အတည်ပြုလက်မှတ်ရေးထိုးရန် လိုအပ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် အိန္ဒိယ၏ ၂၀၂၈–၂၉ မဲဆွယ်စည်းရုံးမှုကို ပုံမှန် ရွေးကောက်ပွဲတစ်ခုထက် ပိုမိုသော အဓိပ္ပာယ်ဖြင့် ရှုမြင်သင့်သည်။ ၎င်းသည် ယာယီကိုယ်စားပြုမှုများဖြင့် အမြဲတမ်း ပြုပြင်ပြောင်းလဲရေး ဖိအားများကို ဆက်လက် စုပ်ယူထားနိုင်ဦးမည်လား ဆိုသည့် နောက်ထပ် စမ်းသပ်ချက်တစ်ခု ဖြစ်သည်။ အိန္ဒိယ အကြိမ်ကြိမ် ရွေးကောက်ခံရခြင်းသည် ၎င်း၏ အရေးပါမှုကို သက်သေပြနေသည်။ သို့သော် အစောပိုင်းခေတ် ကမ္ဘာ့အစီအစဉ်ကိုသာ ထင်ဟပ်နေဆဲဖြစ်သည့် ကောင်စီ၏ အမြဲတမ်းတည်ဆောက် ပုံဆိုင်ရာ သွေဖည်မှု (Anomaly) ကိုမူ ဖယ်ရှားပေးနိုင်ခြင်း မရှိပေ။
အိန္ဒိယ အလွယ်တကူ အနိုင်ရရှိခြင်းက ကုလသမဂ္ဂစနစ်အတွင်း အိန္ဒိယ၏ ရပ်တည်မှုကို ထပ်လောင်း အတည်ပြုလိမ့်မည် ဖြစ်သည်။ သို့သော် အလှည့်ကျအဖွဲ့ဝင်အဖြစ် အောင်မြင်စွာ တာဝန် ထမ်းဆောင် တိုင်း အိန္ဒိယ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရေး အကြောင်းပြချက်ကို ပိုမိုခိုင်မာစေပြီး၊ တစ်ချိန် တည်းမှာပင် အဆိုပါ အကြောင်းပြချက်က တောင်းဆိုနေသည့် ဆုံးဖြတ်ချက်ကို အဖွဲ့အစည်းအနေဖြင့် ထပ်မံ ရွှေ့ဆိုင်းရန် နည်းလမ်းတစ်ခု ပေးထားသကဲ့သို့ ဖြစ်နေသည်။ ယင်းကြောင့် အဓိကဆန့်ကျင်ဘက် (ရှေ့နောက်မညီ) သဘာဝကိုလည်း ဆက်လက် ထိန်းသိမ်းထားရာ ရောက်နေမည်ဖြစ်တော့သည်။
အိန္ဒိယတိုင်းမ် သတင်းစာပါ ဆူရက်ရှ်ကူးမားရေးသားသည့် The UNSC paradox: How India’s 2028–29 campaign exposes UN stagnation ဆောင်းပါးကိုဆီလျော်အောင်ပြန်ဆိုပါသည်။
ဆူရက်ရှ် ကူးမား Suresh Kumarသည် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်၏ အဓိကအတွင်းဝန်ဟောင်း ဖြစ်သည်။
#World_Health
Published 02 August 2026
■ လူတစ်ယောက်ရဲ့ သက်တမ်းအသက်ဆိုတာက မွေးဖွားချိန်ကစလို့ တစ်နှစ်ပြီးတစ်နှစ် ရေတွက်သွားရတဲ့ အချိန်ကာလဖြစ်ပြီး ဇီဝကမ္မအသက်ဆိုတာကတော့ ခန္ဓာကိုယ်နဲ့ဆဲလ်များ ဘယ်လိုမျိုး အမှန်တကယ်ကောင်းမွန်စွာလုပ်ဆောင်နေတယ်ဆိုတာကို တိုင်းတာခြင်းဖြစ်ပါတယ်။
■ ခန္ဓာကိုယ်တွင်းနဲ့ ပြင်ပအကြောင်းအရင်းများကြောင့် တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ယိုယွင်းပုံမှာ မတူညီကြဘဲ သာမန်သတ်မှတ်ထားတဲ့ သက်တမ်းစံနှုန်းများအတိုင်း တိကျစွာသတ်မှတ်လို့ မရနိုင်ပါဘူး။
■ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အခြေအနေများက အခြေခံအပိုင်းကို ဖန်တီးပေးပေမယ့် စိတ်ဖိစီးမှုအဆင့်နဲ့ နေ့စဉ်လူနေမှုဘဝပုံစံ ရွေးချယ်မှုများက ဇီဝကမ္မအသက်အပေါ် များစွာသက်ရောက်မှု ရှိပါတယ်။
■ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့ အာဟာရကို မှီဝဲခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အနည်းဆုံး ၇ နာရီ ကောင်းမွန်စွာ အိပ်စက်ခြင်းတို့က နာတာရှည်ရောင်ရမ်းမှုများနဲ့ ဆဲလ်များ ယိုယွင်းပျက်စီးမှုကို ထိရောက်စွာလျှော့ချပေးပါတယ်။
■ ဘက်ပေါင်းစုံမှ စနစ်တကျ ပြုပြင်နေထိုင်ခြင်းတို့ဖြင့် ဇီဝကမ္မအသက် ကြီးရင့်မှုကို နှေးစေရုံမက ဆဲလ်များရဲ့ အသက်အရွယ်ကိုပြတဲ့ အမှတ်အသားတွေကိုတောင် ပြန်လည်လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။
■ မျိုးဗီဇကုထုံးနဲ့ Yamanaka Factors ဆိုင်ရာ ခေတ်မီသုတေသနများက ဇီဝမော်လီကျူးအဆင့်အထိ ယိုယွင်းနေတဲ့ ဆဲလ်များကို ပြန်လည်နုပျိုစေရန် ဦးတည်လုပ်ဆောင်နေပေမယ့် လူသားတွေမှာ အသုံးပြုနိုင်ရန်အတွက် စမ်းသပ်ဆဲအဆင့်မှာသာ ရှိပါသေးတယ်။
■ အချိန်ကုန်လွန်မှုကို တားဆီးမရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေ့စဉ်အလေ့အထများကို ကျင့်သုံးခြင်းက ဇီဝကမ္မအသက်ကို ကောင်းမွန်အောင်ထိန်းသိမ်းရန် စိတ်အချရဆုံးနဲ့ အားအကိုးရဆုံး နည်းလမ်းဖြစ်ပါတယ်။
Source: Healthing
Page 38 of 1237