#World_Health
Published 31 July 2026
■ နေ့စဉ်သုံး အိမ်အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးယိုယွင်းသွားတာကို စောင့်ဆိုင်းတာထက်စာရင် ပုံမှန်လဲလှယ်ပေးခြင်းဖြင့် ပိုးမွှားတွေ စုပြုံမလာစေဘဲ ကျန်းမာရေးအန္တရာယ် လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
■ (၁) သွားတိုက်တံ - အမျှင်တွေက အသုံးပြုတာ ကြာလာတာနဲ့အမျှ ကောင်းစွာ မသန့်ရှင်းနိုင်တော့တာကြောင့် ၃-၄ လတစ်ကြိမ် လဲလှယ်သင့်ပါတယ်။
■ (၂) ပန်းကန်ဆေးဖတ် - ထိုပစ္စည်းတွေမှာ အစားအစာအမှုန်တွေ ကပ်ကျန်တတ်ပြီး ဘက်တီးရီးယားများစွာ ရှိနေနိုင်ကာ ၁-၂ ပတ်ကြာတိုင်း လဲလှယ်သင့်ပါတယ်။
■ (၃) ခေါင်းအုံး - အချိန်ကြာလာရင် ချွေး၊ ဆဲလ်သေများ၊ ခြမှုန်များ၊ ဓာတ်မတည့်ပစ္စည်းများ စုပြုံလာနိုင်တာကြောင့် ၁-၂ နှစ်နေတိုင်း တစ်ခါလဲလှယ်သင့်ပါတယ်။
■ (၄) စဉ့်နီတုံး - ဓားခုတ်ရာကနေ ကျန်ခဲ့တဲ့ အစဉ်းကြောင်းတွေထဲမှာ ပိုးမွှားတွေ ကျန်နေနိုင်ပြီး ဓားခုတ်ရာတွေ များပြားလာပါက လဲလှယ်သင့်ပါတယ်။
■ (၅) အဲကွန်းလေစစ် - ထိုထဲမှာ ဖုန်မှုန့်များ၊ အမှုန်များ စုပြုံလာနိုင်ပြီး ဓာတ်မတည့်မှုတွေ ဖြစ်လာနိုင်ကာ အေးနိုင်စွမ်း လျော့ကျစေတာကြောင့် ၁-၃ လကြာတိုင်း လဲလှယ်သန့်ရှင်းသင့်ပါတယ်။
■ (၆) ရေချိုးသဘက် - လျှော်ပြီးတာတောင်မှ အချိန်ကြာမြင့်စွာ စိုထိုင်းနေရင် ရေစုပ်ယူနိုင်စွမ်း ကျဆင်းလာပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တာကြောင့် ၁-၂ နှစ်ကြာတိုင်း တစ်ခါလဲလှယ်သင့်ပါတယ်။
■ (၇) မတူးကပ်သောဒယ်အိုးများ - ထိုကဲ့သို့ ချက်ပြုတ်ပစ္စည်းတွေ ကွာကျတာတွေ ခြစ်ရာတွေ ဖြစ်လာပြီဆိုရင် ကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ လဲလှယ်သင့်ပြီ ဖြစ်ပါတယ်။
Source: Indian Express
#World_Health
Published 31 July 2026
■ WHO ရဲ့ အစီရင်ခံစာအရ လူ ၅ ဦးမှာ ၁ ဦးနှုန်းက ဘဝသက်တမ်းအတွင်း ကင်ဆာရောဂါ ဖြစ်ပွားနိုင်ပြီး လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းနီးပါးဟာ ကိုယ်တိုင်ဖြစ်စေ မိသားစုဝင်များမှတဆင့် ဖြစ်စေ ကင်ဆာရောဂါ ရိုက်ခတ်မှုကို ခံစားကြရပါတယ်။
■ ၂၀၂၄ မှာ ကမ္ဘာတဝန်း ကင်ဆာဖြစ်ပွားသူ ၂၀.၆ သန်းအထိ ရှိခဲ့ပြီး ၂၀၅၀ ပြည့်မှာ တစ်နှစ်ကို ၃၅ သန်းအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
■ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်မှု ကွာဟချက်များကြောင့် ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာ ၅ နှစ်တာ အသက်ရှင်သန်နိုင်ခြေ ၈၅ ရာခိုင်နှုန်း ကျော်လွန်ပေမယ့် ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာတော့ ၃၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားပါတယ်။
■ နိုင်ငံ ၄၁ နိုင်ငံမှာ ကင်ဆာရောဂါက စောစီးစွာ သေဆုံးရခြင်း အဓိကအကြောင်းအရင်း ဖြစ်နေပေမယ့် ၂၀၃၀ ပြည့်နှစ်မှာ ကင်ဆာကြောင့် စောစီးစွာသေဆုံးမှုကို ၃ ပုံ ၁ ပုံ လျှော့ချနိုင်ရေး ပန်းတိုင်သို့ ရောက်ရှိဖို့အတွက်တော့ လမ်းကြောင်းပေါ်မှာ ၁၂ နိုင်ငံသာ ရှိပါသေးတယ်။
■ အိန္ဒိယမှာ လက်ရှိ ကင်ဆာလူနာ ၂ သန်းခွဲခန့်ရှိနေပြီး နှစ်စဉ် ကင်ဆာဖြစ်ပွားနေသူ ၇ သိန်းခန့်နဲ့ သေဆုံးသူ ၅၅၆,၄၀၀ ဦးခန့် ရှိပါတယ်။
■ လူဦးရေတိုးပွားလာခြင်း၊ အသက်ကြီးရင့်လာခြင်း၊ နေထိုင်မှုပုံစံများကြောင့် ကင်ဆာလောလောလတ်လတ် ဖြစ်ပွားသူ ၄၀ ရာခိုင်နှုန်းနီးပါးမှာ လက်ရှိခိုင်မာတဲ့ အထောက်အထားများ အစီအမံများ အသုံးပြုပြီး ကာကွယ်နိုင်ပါတယ်။
■ WHO က ကမ္ဘာလုံးဆိုင်ရာ အကျိုးဆက်စပ်သူများအနေဖြင့် ကင်ဆာထိန်းချုပ်ရေး လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွင်း ထည့်သွင်းရန် ကျန်းမာရေး အခြေခံအဆောက်အအုံများကို မြှင့်တင်ရန်နဲ့ အခွင့်အရေးညီမျှမှုကို ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းထားပါတယ်။
Source: Hindustan Times
#World_News
Published 30 July 2026
■ အမေရိကန်က ဇူလိုင် ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ အီရန်ကို နောက်ထပ်တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပါတယ်။
■ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (US CENTCOM)က X ဆိုရှယ်မီဒီယာပေါ် ရေးသားဖော်ပြချက်တစ်ခုထဲမှာ အရှေ့အလယ်ပိုင်းအခြေစိုက် အမေရိကန်တပ်ဖွဲ့များကို အီရန်က တိုက်ခိုက်ရန် ကြိုးပမ်းခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်တဲ့အနေဖြင့် အရှေ့ပိုင်းဒေသ စံတော်ချိန်ည ၈ နာရီမှာ အဆိုပါတိုက်ခိုက်မှုများ စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။
■ ဂျော်ဒန်နိုင်ငံမှ အမေရိကန်စစ်စခန်းများကို အီရန်တိုက်ခိုက်ခဲ့တဲ့အပေါ် လက်စားချေတဲ့အနေဖြင့် အီရန်ကို အပြင်းအထန် ပြန်လည်တိုက်ခိုက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အခိုင်အမာဆိုခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ယင်းတိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
■ အီရန်ရဲ့ ကက်ရှ်မ်ကျွန်းနဲ့ အဘာဒန်မြို့ဝန်းကျင်တို့မှာ တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း အီရန်မီဒီယာများ သတင်းဖော်ပြထားပါတယ်။
■ ဒီနေရာနှစ်ခုစလုံးဟာ အီရန်အတွက် အလွန်အရေးပါတဲ့ နေရာများ ဖြစ်ပါတယ်။
■ ကက်ရှ်မ်ကျွန်းဟာ စစ်ရေးအရ အခိုင်အမာတပ်စွဲထားတဲ့ စစ်စခန်းတစ်ခုအဖြစ် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ထိန်းချုပ်ထားကာ အဘာဒန်မြို့က ခူဇက်စတန်ပြည်နယ်ရှိ သမိုင်းဝင်ရေနံနဲ့ ရေနံချက်လုပ်ရေး ဗဟိုချက်နေရာတစ်ခု ဖြစ်ပါတယ်။
Source: WION
#World_Health
Published 30 July 2026
■ ရေခဲသေတ္တာတွေက ဘက်တီးရီးယားကြီးထွားမှုကို နှေးစေနိုင်ပေမယ့် လုံးဝတော့ မဖျက်ဆီးနိုင်ဘဲ ကျန်နေတဲ့ အစားအစာအချို့ဆိုရင် ၄၈ နာရီကျော်ပါက ဘေးအန္တရာယ် ဖြစ်လာနိုင်ပါတယ်။
■ အသားနဲ့ ငါးတွေကို မကျက်တကျက်ထားပါက ဆယ်မွန်နဲလားနဲ့ အီးကိုလိုင်တို့လို ရောဂါပိုးမွှားတွေ သေဆုံးမသွားဘဲ ရေခဲသေတ္တာထဲမှာ ဆက်လက်ပွားလာနိုင်ပါတယ်။
■ ဟင်းရွက်များကို လှီးဖြတ်လိုက်တဲ့အခါ ဟင်းသီးဟင်းရွက် အမျှင်ဓာတ်များ ပျက်စီးပြီး အရည်များထွက်လာကာ ဘက်တီးရီးယားများ လျင်မြန်စွာပွားများရန် အကောင်းဆုံးပတ်ဝန်းကျင် ဖြစ်သွားနိုင်ပါတယ်။
■ ချက်ပြုတ်ထားတဲ့ ထမင်းနဲ့ ခေါက်ဆွဲတို့မှာ အပူဒဏ်ခံနိုင်တဲ့ ဘက်တီးရီးယားပိုးများ မသေဘဲကျန်ရစ်နိုင်ကာ အဖုံးအကာဖြင့် မထားပါက ကြာလာရင် အန္တရာယ်ရှိတဲ့ အဆိပ်အတောက်များ ထုတ်လွှတ်နိုင်ပါတယ်။
■ ဟင်းရည်နဲ့ စွပ်ပြုတ်အိုးကြီးတွေထဲမှာ ပူနွေးမှုကို ကြာရှည်ထိန်းထားသဖြင့် ဗဟိုချက်နေရာဟာ အချိန်အတော်ကြာ ပူနွေးနေပြီး ဘက်တီးရီးယားများ ပွားများနိုင်ပါတယ်။
■ ဒါတွေကို ဘယ်လိုမျိုး အကောင်းဆုံး သိမ်းဆည်းနိုင်လဲဆိုတော့ ပူနေတဲ့ အစားအစာတွေကို ဇလုံထဲ ခွဲထည့်ကာ ရေခဲသေတ္တာအပူချိန်ကို ၃၉ ဒီဂရီဖာရင်ဟိုက်ထက် လျှော့ထားပြီး လေလုံအောင် အဖုံးဖုံထားရပါမယ်။
■ ဘေးအန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေဟာ မကြာခဏဆိုသလို အနံ့အရသာ ပြောင်းလဲခြင်းမရှိတာကြောင့် ၄၈ နာရီကျော်သွားလို့ မသေချာဘူးဆိုရင် ထိုအစားအစာကို လွှင့်ပစ်သင့်ပါတယ်။
Source: The Jerusalem Post
#World_Health
Published 30 July 2026
■ ၂၅ နှစ်ကြာ လေ့လာမှုတစ်ခုကို Circulation ဂျာနယ်မှာ ဖော်ပြခဲ့ရာမှာ ငယ်စဉ်က အချိုရည်သောက်သုံးတဲ့ အလေ့အထတွေက သွေးတိုးရောဂါ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။
■ သကြားပါတဲ့ အချိုရည်တွေကို တစ်နေ့လျှင် ၂ ခွက်ထက်ပိုသောက်သုံးခြင်းဟာ အသက်အရွယ်ရလာတဲ့ အချိန်မှာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို ၅၂ ရာခိုင်နှုန်းအထိ တိုးမြင့်စေပါတယ်။
■ အမြှုပ်ထွက်တဲ့ အချိုရည် တစ်နေ့တစ်ခွက်သောက်တိုင်း သွေးတိုးရောဂါဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုမြင့်တက်စေပြီး အားဖြည့်အချိုရည်တွေဆိုရင် ၃၆ ရာခိုင်နှုန်း ပိုမိုမြင့်တက်စေပါတယ်။
■ သစ်သီးဖျော်ရည်များကို တစ်နေ့လျှင် ၁ ခွက်ခွဲထက် ပိုပြီးသောက်သုံးပါကလည်း အသက်ကြီးလာတဲ့အခါ သွေးတိုးရောဂါဖြစ်နိုင်ခြေကို ၃၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်စေကြောင်း ဆက်စပ်တွေ့ရှိထားပါတယ်။
■ အချိုဓာတ်ပါတဲ့ အရည်တွေက အသီးအနှံတွေမှာ ပါဝင်သလိုမျိုး အမျှင်ဓာတ်များ မပါတာကြောင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်စေပြီး အချိန်ကြာလာတာနဲ့အမျှ သွေးကြောလုပ်ဆောင်ချက်များ ထိခိုက်စေပါတယ်။
■ တစ်နေ့ကို အချိုရည် ဒါမှမဟုတ် သစ်သီးဖျော်ရည် သောက်မယ့်အစား အသီးစစ်စစ် စားသုံးပေးခြင်းဖြင့် သွေးတိုးရောဂါဖြစ်နိုင်ခြေ ၁၉ မှ ၂၂ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
■ အချိုပါတဲ့ အဖျော်ယမကာများအစာ ရိုးရိုးရေ ဒါမှမဟုတ် နို့ကို အစားထိုးသောက်သုံးခြင်းဟာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို ၁၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း ဆက်စပ်တွေ့ရှိရပါတယ်။
Source: Eating Well
#World_Science
Published 28 July 2026
■ ဘာမင်ဂမ်တက္ကသိုလ်မှ ဓာတုဗေဒနဲ့ ရူပဗေဒပညာရှင် ဂျီယိုဗန်နီဘာရွန်တီနီက အလွန်အမင်းအေးခဲထားတဲ့ ဘို့စ်-အိုင်းစတိုင်းကွန်ဒန်စိတ်အက်တမ်များ အသုံးပြုပြီး ကွမ်တမ်စကြဝဠာငယ်တစ်ခု ဖန်တီးခဲ့ပါတယ်။
■ သီးခြားခွဲထွက်နေတဲ့ စကြဝဠာသဘောတရားကို မှတ်ယူဖို့အတွက် လေဆာအလင်းဖြင့် နှစ်ပိုင်းခွဲလိုက်ပြီး တဝက်တောက်ပတဲ့အပိုင်းကိုသာ စောင့်ကြည့်ကာ ကျန်တဝက်ကို လျစ်လျူရှုထားခဲ့ပါတယ်။
■ အက်တမ်များရဲ့ လှုပ်ရှားမှုဟာ ဘစ်ဘန်းနဲ့ ဘစ်ခရန့်ချ်တို့လိုမျိုး စကြဝဠာဆိုင်ရာ ဖြစ်စဉ်များကို အတုယူဖန်တီးပေးခဲ့ပါတယ်။
■ ပြင်ပနာရီများ အသုံးပြုမယ့်အစား အချိန်ကို အပိုင်းနှစ်ခုကြားရှိ ရှုပ်ထွေးမှုနဲ့ သတင်းအချက်အလက် စီးဆင်းမှုဆိုင်ရာ အန်ထရိုပစ်အချိန်မှတဆင့် စနစ်အတွင်းပိုင်းမှာပင် တိုင်းတာခဲ့ပါတယ်။
■ စနစ်အတွင်းပိုင်း အက်တမ်များ လှုပ်ရှားတဲ့နှုန်းထားအပေါ် မူတည်ကာ အချိန်ကုန်ဆုံးသွားတဲ့ နာရီနှုန်းဟာ အရှိန်မြန်လာခြင်း၊ နှေးသွားခြင်း၊ လုံးဝရပ်တန့်သွားခြင်းတို့ ပြောင်းလဲဖြစ်ပေါ်ခဲ့ပါတယ်။
■ လေ့လာစောင့်ကြည့်သူအနေဖြင့် စနစ်ရဲ့ ကျန်ရှိတဲ့ အစိတ်အပိုင်းများနဲ့ ပတ်သက်ပြီး အချက်အလက်များ ပြည့်စုံစွာ မသိရှိနိုင်တဲ့အခါမျိုးမှာ ရှေ့သို့ရွေ့လျားနေတဲ့ အချိန်ဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်မှု စတင်ပေါ်ပေါက်လာကြောင်း ဒီစမ်းသပ်ချက်က သက်သေပြခဲ့ပါတယ်။
■ အချိန်ဆိုတာဟာ ရူပဗေဒရဲ့ မရှိမဖြစ် အခြေခံဥပဒေတစ်ခု မဟုတ်ဘဲ စနစ်တစ်ခုအတွင်းရှိ အပြန်အလှန် သက်ရောက်မှုများမှတဆင့် ပေါ်ထွက်လာတဲ့ ရလဒ်တစ်ခုသာဖြစ်ကြောင်း ဒီသုတေသနက ကောက်ချက်ချထားပါတယ်။
Source: WION
#World_Health
Published 29 July 2026
■ ယနေ့ခေတ် လူအတော်များများက အလုပ်ခွင်မှာ အလုပ်ချိန်များခြင်း၊ ညဘက်အလုပ်လုပ်ရခြင်းတို့အပြင် ကွန်ပျူတာ၊ ဖုန်းမျက်နှာပြင်ရှေ့မှာ အချိန်ကြာမြင့်စွာ ထိုင်နေကြရတာကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျဆင်းလာကြပါတယ်။
■ ဒါပေမဲ့ နေထိုင်စားသောက်မှုပုံစံ အနည်းငယ် ပြောင်းလဲရုံဖြင့် ပင်ပန်နွမ်းနယ်မှုတွေကို လျော့ကျစေနိုင်မယ့် အလေ့အကျင့်ကောင်းတွေ ရှိပါတယ်။
■ ပထမဆုံးနည်းလမ်းက ကွန်ပျူတာ၊ ဖုန်းကြည့်ရတဲ့အခါ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေးသို့ စက္ကန့် ၂၀ ကြာအောင် အကြည့်လွှဲပေးရတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။
■ နောက်တစ်ချက်က တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝအောင်နေပြီး ဦးနှောက်လုပ်ဆောင်ချက် ထောက်ပံ့ပေးခြင်း၊ အာရုံစူးစိုက်နိုင်ခြင်း၊ ခွန်အားမြှင့်တင်ခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
■ တစ်နာရီကြာတိုင်း ခဏတာလှုပ်ရှားမှုပြုလုပ်ပေးကာ အကြောပြေ အညောင်းဆန့်စေပြီး သွေးလှည့်ပတ်မှု ကောင်းစေတဲ့အပြင် ခန္ဓာကိုယ်တောင့်တင်းမှု လျော့ကျစေနိုင်ပါတယ်။
■ မိမိရဲ့ လုပ်ငန်းခွင်နေရာကို သန့်ရှင်းအောင်ထားပြီး အစီအစဉ်တကျ ပြင်ဆင်ထားပါက အာရုံလွင့်တာတွေနဲ့ နေ့စဉ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။
■ တစ်နေ့တာ လုပ်ငန်းတာဝန်တွေကို မပိုင်းခြားခင်မှာ နံနက်တိုင်း ၅ မိနစ်ကနေ ၁၀ မိနစ်အထိ အရေးအကြီးဆုံး ဦးစားပေးအလုပ်တွေကို စီစဉ်ရပါမယ်။
■ ထိုအလေ့အကျင့်ကောင်းတွေကို နေ့စဉ်ဖြည်းဖြည်းမှန်မှန် ကျင့်ကြံသွားမယ်ဆိုရင် ဘက်စုံကျန်းမာရေး၊ အာရုံစူးစိုက်မှု၊ လုပ်ကိုင်နိုင်စွမ်းတို့ကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: India Today
Page 40 of 1237