၁၇ ဖေဖော်ဝါရီ ၂၀၂၅
လူကြိုက်များသည့်ရုပ်ရှင်ဇာတ်ကားများဖြစ်တဲ့ "The Man from Nowhere" နှင့် "The Neighbors" ဇာတ်ကားတွေနှင့်လူသိထင်ရှားခဲ့တဲ့ တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး ကင်မ်ဆေးယွန် Kim Sae-ron ဟာ ဖေဖော်ဝါရီ ၁၆ရက် တနင်္ဂနွေနေ့က နေအိမ်မှာ သေဆုံးနေတာကို တွေ့ရတယ်လို့ ရဲကပြောပါတယ်။
အသက် ၂၄နှစ်သာရှိသေးတဲ့ ကင်မ်ဆေးယွန်ကို ဆိုးလ်မြို့အရှေ့ဖက် ဆွန်ဆုဒွန် Seongsu-dong မှာ ရှိတဲ့ သူမရဲ့အိမ်မှာ တနင်္ဂနွေနေ့ ညနေ၄နာရီ ၅၅ မိနစ်ခန့်မှာ သူမဆီ လာလည်တဲ့သူငယ်ချင်း တစ်ယောက်က သေဆုံးနေတာတွေ့ကြရတာဖြစ်ပါတယ်။
“ ဘာကြောင့်သေဆုံးတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေတယ်။ အသတ်ခံရတဲ့ လက္ခဏာတော့ မတွေ့ရဘူး” လို့ရဲအရာရှိတစ်ဦးကပြောပါတယ်။
၂၀၂၂ခုနှစ်မှာတော့ သူမဟာ အရက်သောက်ပြီးကားမောင်းခဲ့လို့ ကားက လမ်းဘေးအရံအတားနှင့် ထရမ်စဖော်မာကို ဝင်တိုက်ခဲ့တာကြောင့် အဖမ်းခံရပါတယ်။ သူမဟာ အဲဒီတုန်းက ကိုရီးယား ဝမ်ငွေ သန်း၂၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလာက သူမ ရုပ်သရုပ်ဆောင်လုပ်ငန်းပြန်လုပ်ဖို့ကြိုးစားတဲ့အနေနှင့် ပြဇာတ်တစ်ခုမှာပြန်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူမရဲ့ကျန်းမာရေးပြဿနာကြောင့် ဆက်မလုပ်ဖြစ်ခဲ့ပါဘူး။
Source : yonhapNews
၁၆ ဖေဖော်ဝါရီ ၂၀၂၅
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး လျှိုကျုံးရီသည် မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုများမှ ကယ်ထုတ်လာခဲ့သည့် တရုတ်နိုင်ငံသားများကို ပြန်လည်လက်ခံရေးပြင်ဆင်မှုများပြုလုပ်နိုင်ရန် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်၂ကို ဖြတ်သန်းခဲ့ကြောင်း ထိုင်းသတင်းများကရေးသားသည်။
အရာရှိ ၂၆ဦးကို ဦးဆောင်လာသည့် ဒုဝန်ကြီးလျှိုသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် မြန်မာနိုင်ငံမှ ဘန်ကောက် ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ယင်းမှ မဲဆောက်နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။
တရုတ်ဒုဝန်ကြီးလျှိုနှင့်အဖွဲ့ သည် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)သို့သွားရောက်ရာတွင် တပ်ခရိုင်လူဝင်မှုကြီးကြပ်ရေး ရဲမှူးကြီး ဖလွန်ကလင်ဖေယွမ်က လုပ်ငန်းဆောင်ရွက်နေမှုတွေကို ရှင်းလင်းပြသခဲ့ကြောင်း သတင်းများကဆိုသည်။ ရဲမှူးကြီးက မြန်မာနိုင်ငံ မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံ သို့ နိုင်ငံခြားသားများလွှဲပြောင်းပေးပို့နေမှုလုပ်ငန်းစဉ်တွေကို တရုတ်ဒုဝန်ကြီးအား ရှင်းလင်းပြောပြခဲ့သည်။
မြန်မာ နယ်ခြားစောင့်တပ် BGF က ရွှေကုက္ကိုလ်တွင် လတ်တလော ဖြိုခွင်းနှိမ်နှင်းမှုများပြုလုပ်နေပြီး လူပေါင်း ၂၀၀၀ခန့် ထိန်းသိမ်းဖမ်းဆီးထားနိုင်ခဲ့ရာ ယင်းတို့အနက်ထက်ဝက်ခန့်မှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်းသိရသည်။ ထိုဖမ်းဆီးခံရသူများထဲတွင်လူကုန်ကူးခံရသူများနှင့် မိမိဆန္ဒအလျောက် တစ်ဦး ချင်းက ဆက်သွယ်၍ လာရောက်အလုပ်လုပ်ကိုင်သူများဖြစ်ကြသည်။
ဒုဝန်ကြီးလျှိုက လုပ်ငန်းစဉ်များကို အသေးစိတ်စစ်ဆေးခဲ့ပြီး မဲဆောက်လေဆိပ်တွင် တရုတ်လေယာဉ် ပျံထားရှိကာ တရုတ်နိုင်ငံက ၂၀၂၄ခုနှစ်တွင် အသုံးပြုခဲ့သည့် ပြန်လည်လက်ခံရေးနည်းစနစ်ကို ညွှန်းဆိုပြောကြားခဲ့ကြောင်း ထိုင်းမီဒီယာများ၏ သတင်းတွင်ဖော်ပြထားသည်။
#knl/ymg
၁၆ ဖေဖော်ဝါရီ ၂၀၂၅
ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်၊အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်ထားခြင်း အပေါ် ထိုင်းပြည်သူအများစုက ထောက်ခံကြတယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။
မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ နီဒါလို့ခေါ်တဲ့ အမျိုးသား အုပ်ချုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျုရဲ့ စစ်တမ်းတစ်ခုအရသိရတာဖြစ်ပြီး ထိုင်းအများစုက အဲဒီ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ထိုင်း အရာရှိတွေပါဝင်ပတ်သက်မှုရှိနေကြတယ်လို့လည်း ယုံကြည်နေကြတယ်လို့ ဆိုပါတယ်။
အစိုးရရဲ့ လူလိမ်ဂိုဏ်းအပေါ် စစ်ဆင်မှုတွေနှင့်ပတ်သက်လို့ အများပြည်သူထင်မြင်ချက် စစ်တမ်း ကောက်ယူခဲ့တာဖြစ်ပြီး စစ်တမ်းမှာပါဝင်ခဲ့သူတွေရဲ့ ၇၀.၅၄ ရာခိုင်နှုန်းက သူတို့ဟာ ထိုင်းဘက်က လျှပ်စစ်၊အင်တာနက်နှင့် လောင်စာဆီတွေ အဲဒီနေရာတွေကိုဖြတ်တောက်ပစ်တဲ့အပေါ် သဘောတူ ကြတယ်လို့သိရပါတယ်။ ၂၁.၇ ရာခိုင်နှုန်းက နည်းနည်းပဲသဘောတူကြပြီး ၅.၄၃က အနည်းငယ် သဘောမတူကြဘူးလို့ဆိုပါတယ်။ ၃.၀၅ ရာခိုင်နှုန်းကသာ လုံးဝသဘောမတူခဲ့ကြတာပါ။
အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရဲ့ပြဿနာတွေကို ဘယ်လောက်အတိုင်းအတာအထိဖြေရှင်းသင့်သလဲ ဆိုတဲ့ စစ်တမ်းမေးခွန်းအပေါ်မှာတော့ ၆၀.၉၂ ရာခိုင်နှုန်းက အသေအချာဖြေရှင်းသင့်တယ်လို့ သဘောထားပေးကြပြီး ၁၇.၁၇ ရာခိုင်နှုန်းက ခပ်များများဖြေရှင်းရမယ်လို့တုန့်ပြန်ပါတယ်။ ၁၅.၅၉ ရာခိုင်နှုန်းက နည်းနည်းပါးပါးအရေးယူသင့်တယ်လို့ဆိုပြီး ၅,၄၂ ရာခိုင်နှုန်းက ဘာမှမလုပ်သင့်ဘူးလို့ သဘောထားပေးကြပါတယ်။
မြန်မာနိုင်ငံဘက်က အွန်လိုင်းလိမ်လည်မှုတွေမှာ ထိုင်းအရာရှိတွေပတ်သက်ကူညီမှုတွေရှိတယ်ထင်လား ဆိုတဲ့မေးခွန်းအပေါ်မှာ ၆၉.၈၅ ရာခိုင်နှုန်းက အသေအချာပေါ့ လို့ဖြေကြပြီး ၂၆.၈၇ ကတော့ သိပ်မသေချာဘူးလို့တုန့်ပြန်ကြပါတယ်။ ၃.၂၈ ရာခိုင်နှုန်းက ပါဝင်ပတ်သက်မှုမရှိတာသေချာတယ်လို့ သဘောထားပေးကြပါတယ်။
ထိုင်းကနေအဲဒီနေရာတွေမှာ သွားရောက်အလုပ်လုပ်နေကြသူတွေထဲမှာ တစ်အုပ်စုက သူတို့ အလိမ်ခံရပြီးရောက်သွားတဲ့အုပ်စုနှင့် နောက်တစ်အုပ်စုက သူတို့ကိုယ်တိုင်ဆန္ဒရှိလို့ သွားအလုပ်လုပ်နေကြတာဖြစ်ပြီး ဘယ်အုပ်စုက ပိုများမယ်ထင်သလဲဆိုတဲ့မေးခွန်းကိုလည်း စစ်တမ်းက မေးခဲ့ပါတယ်။ အဲဒီအခါ ၄၉.၇၇ ရာခိုင်နှုန်းက နှစ်အုပ်စုလုံး အရေအတွက်အတူတူလောက်ရှိကြမယ် ထင်တယ်လို့ ဖြေကြပါတယ်။ ၂၅.၈ ရာခိုင်နှုန်းက သူတို့လုပ်ချင်လို့ကို ဆန္ဒအလျောက် သွားလုပ်ကြတာလို့ တုန့်ပြန်ကြပြီး ၂၀.၃၈ ရာခိုင်နှုန်းကတော့ အလိမ်ခံရတာလို့ ဖြေကြပါတယ်။ ၄.၀၅ ရာခိုင်နှုန်းက မသိဘူးလို့ဖြေကြပါတယ်။
ယခုစစ်တမ်းကို ထိုင်းနိုင်ငံအနှံ့က ဖေဖော်ဝါရီ ၁၀ရက်မှ ၁၁ရက်အထိ အသက် ၁၈နှစ်နှင့်အထက် ပညာရေးနှင့် အလုပ်အကိုင်နယ်ပယ်စုံမှ လူ၁၃၁၀ ဦးကိုမေးမြန်းကောက်ယူထားတာဖြစ်ပါတယ်လို့ သတင်းမှာရေးသားထားပါတယ်။
#knl/ymg
#World_Health
Published 16 February 2025
▪️ ခရမ်းချဉ်သီး၊ ဖရဲသီး၊ သင်္ဘောသီးတို့လို အသီးအနှံတွေကို အနီရောင်တွေ ပန်းရောင်တွေဖြစ်စေတဲ့ လိုင်ကိုပင်းဓာတ်ဟာ ဦးနှောက်ဆဲလ် ဆက်သွယ်မှုကို မြှင့်တင်ပေးပြီး စိတ်ဓာတ်ကျလက္ခဏာများ ပြေလျော့စေနိုင်ဖွယ်ရှိတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
▪️ လူတွေထုတ်လုပ်တဲ့ ဆေးဝါးတွေနဲ့ မတူတာက သဘာဝအပင်ထွက်ပစ္စည်းတွေက ရေရှည်စားသုံးလို့ အကျိုးရှိပြီး ဘေးထွက်ဆိုးကျိုးများ နည်းပါးတယ်လို့ တရုတ်ပြည် ချုံကျင်ဆေးတက္ကသိုလ်မှ သုတေသီများ ဖော်ပြထားပါတယ်။
▪️ လိုင်ကိုပင်းနဲ့ နနွင်းမှာပါတဲ့ ကာကူမင်ဓာတ်တို့ဟာ အာရုံကြောကာကွယ်ပေးတဲ့ အာနိသင်ရှိကြောင်း အထောက်အထားတွေ့ထားပြီး ဖြစ်သလို အထူးသဖြင့် လိုင်ကိုပင်းက ဓာတ်တိုးဆန့်ကျင်အာနိသင် အားကောင်းတယ်လို့ ဖော်ပြထားပါတယ်။
▪️ စမ်းသပ်ချက်ပြုလုပ်ရာမှာ ကြွက်အကောင် ၆၀ ကို စိတ်ဓာတ်ကျလက္ခဏာဖြစ်အောင် ပြုလုပ်ခဲ့ပြီး အဖွဲ့ ၂ ဖွဲ့ခွဲကာ တစ်ဖွဲ့ကို ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် လိုင်ကိုပင်း ၂၀ မီလီဂရမ်နှုန်းပေးခဲ့ပြီး နောက်တစ်ဖွဲ့ကိုတော့ အာနိသင်မရှိတဲ့ပစ္စည်း ပေးခဲ့ပါတယ်။
▪️ လိုင်ကိုပင်းအသုံးပြုတဲ့ ကြွက်တွေက အခြားကြွက်တွေနဲ့ ပိုမိုပေါင်းသင်းဆက်ဆံပြီး ပျော်ရွှင်မှုပေးစေနိုင်မယ့် သကြားနဲ့ရေကို ပိုပြီးစိတ်ဝင်စားကြပါတယ်။
▪️ ကြွက်တွေ ဖိစီးမှုမှ ဖယ်ရှားတဲ့အခါ သင်ယူမှတ်သားမှုပုံစံတိုးတက်စေပြီး ဦးနှောက်မှာ အချက်အလက်များ သိမ်းဆည်းနိုင်မယ်လို့ သုတေသီများ ယူဆထားပါတယ်။
▪️ လိုင်ကိုပင်းက စိတ်ကျလက္ခဏာများကို ပြောင်းပြန်ဖြစ်စေတာ တွေ့ခဲ့ကြပါတယ်။
▪️ ဒါပေမဲ့ သုတေသီတွေက ကြွက်ထီးတွေကိုပဲ အသုံးပြုပြီး ဦးနှောက်ရဲ့ ဟစ်ပိုကမ်ပတ်စ်ကိုပဲ အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။
▪️ ကြွက်တွေမှာ အသုံးပြုခဲ့တဲ့နှုန်းက လူတွေမှာဆိုရင် ကိုယ်အလေးချိန် တစ်ကီလိုဂရမ်မှာ လိုင်ကိုပင်း ၁.၆၂ မီလီဂရမ်နဲ့ ညီမျှပါတယ်။
▪️ ဒါဟာ ပေါင် ၂၀၀ ရှိတဲ့လူမှာ နေ့စဉ်လိုင်ကိုပင်း ၁၄၇ မီလီဂရမ်ခန့် ဖြစ်ပါတယ်။
▪️ သုတေသနများအရ တစ်နေ့ကို လိုင်ကိုပင်း ၇၅ မီလီဂရမ်အထိက ဘေးကင်းစိတ်ချရပါတယ်။
▪️ လိုင်ကိုပင်းတွေ့ရတဲ့ စားစရာတွေက ခရမ်းချဉ်သီး၊ ဖရဲသီး၊ သင်္ဘောသီး၊ ပန်းရောင်ဂရိပ်ဖရုသီးတို့ ဖြစ်ပါတယ်။
#Source: New York Post
#World_Health
Published 15 February 2025
▪️ တရေးအိပ်ခြင်းက တစ်ခါတလေမှာ လန်းဆန်းသွားပေမယ့် တစ်ခါတလေမှာတော့ ပိုပြီးမောပန်းစွာ နိုးလာတတ်ပါတယ်။
▪️ တရေးအိပ်ခြင်းကို အကျိုးရှိစွာ အိပ်စက်ဖို့က အိပ်တဲ့မိနစ်တွေနဲ့ ဆိုင်တယ်လို့ နော့သ်ဝဲလ်စတိတ်တင်အိုက်လန် တက္ကသိုလ်ဆေးရုံမှ အိပ်စက်ပညာ ညွှန်ကြားရေးမှူး သောမတ်စ်မိုက်ကယ်ကီလ်ကင်နီက ပြောပါတယ်။
▪️ ညဘက် လုံလောက်စွာ မအိပ်စက်ရတဲ့အခါမျိုးမှာ နေ့ခင်းဘက် တရေးအိပ်ခြင်းက အကျိုးရှိစေကြောင်း၊ အိပ်ရေးမဝပါက စိတ်နဲ့ခန္ဓာလှုပ်ရှားမှု၊ စိတ်ကျန်းမာရေး အခြေအနေ၊ ဇီဝဖြစ်စဉ် ဟော်မုန်း ကိုယ်ခံအားလုပ်ဆောင်ချက်များအပေါ် ဆိုးကျိုးများ သက်ရောက်လာနိုင်ကြောင်း ကီလ်ကင်နီက ပြောပါတယ်။
▪️ ဒါ့အပြင် အိပ်ချိန်မလုံလောက်ခြင်းကနေ ဦးနှောက်နဲ့အသိဉာဏ် ချို့ယွင်းခြင်း၊ သွေးပေါင်ချိန်များခြင်း၊ ဆီးချို၊ နှလုံးနဲ့ ကျောက်ကပ်ရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်လာနိုင်ပြီး နာတာရှည်ရောဂါအမျိုးမျိုး ဖြစ်လာစေနိုင်တယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဆိုပါတယ်။
▪️ ကိုယ်တွင်းအင်္ဂါများတဝိုက် ဝမ်းတွင်းအဆီလည်း များလာစေကာ ဇီဝကမ္မဆိုင်ရာ ရောဂါများ ဖြစ်လာစေနိုင်ပါတယ်။
▪️ နေ့ခင်းဘက် ခဏတဖြုတ် အိပ်ခြင်းက ဦးနှောက်ထုထည် ကြီးမားခြင်းနဲ့ ဆက်စပ်နေတယ်လို့ လေ့လာဖော်ပြထားပြီး ဖန်တီးနိုင်စွမ်း၊ ထိန်းကျောင်းနိုင်စွမ်း၊ ပျော်ရွှင်မှုတို့ မြှင့်တင်ပေးနိုင်ကြောင်းလည်း တွေ့ရှိထားပါတယ်။
မိနစ် ၂၀-၃၀ ထက်မပိုဘဲ အိပ်စက်ခြင်းက အကျိုးရှိစေလိမ့်မယ်လို့ ကီလ်ကင်နီက ဆိုပါတယ်။
▪️ ဒီထက်ကြာရှည်စွာ အိပ်ရင်တော့ နိုးတဲ့အခါ ဆက်အိပ်ချင်စိတ် ဖြစ်ပေါ်လာနိုင်တယ်လို့ ရှင်းပြထားပါတယ်။
▪️ အိပ်ပျော်ပြီးနောက် မိနစ် ၃၀-၄၅ အတွင်း အိပ်စက်မှုအဆင့်နောက်ပိုင်းတွေ ရောက်သွားတဲ့အခါမှ နိုးတဲ့အခါ နိုးကြားဖို့ ခက်ခဲပြီး ဦးနှောက်က ဆက်လက်အိပ်စက်လိုပါတယ်။
▪️ ဒါကြောင့် အိပ်စက်မှု ပထမဆုံးအဆင့် ၂ ဆင့်လောက်ပဲ အိပ်ခြင်းက စိတ်နဲ့ခန္ဓာကိုယ်ကို အားပြန်ဖြည့်စေနိုင်ပါတယ်။
▪️ တရေးအိပ်ဖို့ အသင့်လျော်ဆုံးအချိန်က နေ့လယ် ၁ နာရီမှ ၃ နာရီအထိဖြစ်တယ်လို့ အိပ်စက်မှုပညာရှင်များ ဆိုထားပါတယ်။
#Source: New York Post
အခွန်တင်းကြပ်ခြင်းနဲ့ ကုန်သွယ်ရေးကန့်သတ်ချက်များ ချမှတ်လိုက်ခြင်းရဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သမိုင်းမှာ မြင်တွေ့ရပြီးသားဖြစ်တယ်လို အမေရိကန် စီးပွားရေးပညာရှင်တစ်ဦးက ဆိုပါတယ်။
#World_News
Published 15 February 2025
#စီးပွားရေးပညာရှင်သတိပေး #ဒေါ်နယ်ထရမ့်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 15 February 2025
၁။ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများနှင့်စစ်တမ်းကောက်ယူခြင်းများဆောင်ရွက်နေ
၂။ ဓာတ်ဆီဈေးငြိမ်ပြီး ဒီဇယ်ဈေး သုံးပတ်ဆက်တိုက်ကျဆင်း
၃။ စီမံကိန်းများတွင် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများကိုလုပ်ငန်းရှင်များနှင့်ချိတ်ဆက်ဝယ်ယူမည်
၄။ ဒေါ်နယ်ထရမ့်၏ အကောက်ခွန်တင်းကြပ်ချမှတ်ခြင်းလုပ်ရပ်များအား စီးပွားရေးပညာရှင်သတိပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 37 of 921