'ဒီအချိန်ကတော့သုံးစွဲမှုက နည်းနည်းလျော့သွားတယ်၊ နောက်တစ်ခုက သွားရေးလာရေး ပို့ဆောင်ရေးကနည်းနည်းဈေးကွက်ကျဉ်းသွားတာပေါ့ဗျာ၊ မန္တလေးဘက်တို့ ဘာတို့ကဈေးကွက်မဖြန့်နိုင်ဘူးဖြစ်နေတယ်။ ဒါကြောင့်မလို့ဈေးကလျော့ကျသွားတယ်'
#Local_News
Published_ 23 November 2023
#ငပိလုပ်ငန်း #ဆားကြမ်းဈေးနှုန်းကျဆင်း
#YMG/ NN #Yangon_Times
ဘင်္ဂလားဒေ့ရှ်မှ အုန်းသီးဝယ်လိုအား ရှိနေပေမယ့်အကြောင်း အမျိုးမျိုးကြောင့် ရခိုင်ပြည်နယ်အတွင်း လမ်းပိတ်ထားရတဲ့အတွက် ပြည်ပကို အုန်းသီးတင်ပို့မှု ရပ်နားထား ရတယ်လို့ ရခိုင်ပြည်နယ်မှာရှိတဲ့ အုန်းသီးအရောင်းဝယ်ပြုလုပ်သူတွေထံက သိရပါတယ်။
#Local_News
Published_ 23 November 2023
#အုန်းသီးတင်ပို့မှုရပ် #အုန်းသီးအရောင်းဝယ်ပြုလုပ်
#YMG/LW #Yangon_Times
#Local_News
Published_ 23 November 2023
မကြာသေးမီကမှ (၁၀၁၄)ဇာတ်ကားဖြင့် အကယ်ဒမီရထားသည့် တည်းဖြတ်ထူးချွန်ဆုရှင် ဂျီသရီး(G3) (နာရေးကူညီမှုအသင်းမှ ပရဟိတသမား)သည်နိုဝင်ဘာလ ၂၃ ရက်တွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
ဂျီသရီးသည် မနှစ်က၂၀၂၂ ခုနှစ် မြန်မာ့အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ၂၀၁၉ခုနှစ်အတွက်အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးဖြင့် တည်းဖြတ်ကျော်ခိုင်စိုးနှင့် တွဲဖက်ရရှိခဲ့သူဖြစ်သလို နာရေးကူညီမှုအသင်း၏ ပြန်ကြားရေးဌာန၊ ကြီးကြပ်ရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ပရဟိတသမားတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
အသည်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ပြီး ဆေးရုံမှပြန်ဆင်းလာပြီးနောက် ကွယ်လွန်သွား ခြင်းဖြစ်သည်။
တည်းဖြတ်ဆုရှင် ဂျီသရီးကွယ်လွန်သွားသည့်အတွက် ရုပ်ရှင်၊ ဗီဒီယိုလောကသားတွေအပြင် ပရဟိတ လူမှုကူညီရေးအသင်းများမှ ပရဟိတဆောင်ရွက်နေသူအားလုံးလည်း အထူးကြေကွဲဝမ်းနည်းရကြောင်း ဝမ်းနည်းမှတ်တမ်းများရေးသားဖော်ပြထားကြောင်း သိရသည်။
#Local_News #တည်းဖြတ်ဂျီသရီးကွယ်လွန် #tthl #Yangon_Times
‘နိုဝင်ဘာလ(၂၆)ရက်မှာ ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်မှာဖြစ်ပြီး နိုဝင်ဘာလ(၂၇)ရက်မှာ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်တဲ့အတွက် အဲဒီ့လေဖိအားနည်းရပ်ဝန်းနဲ့မုန်တိုင်းငယ် အရှိန်သက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ဆောင်းကာလမိုးရွာတာ၊မိုးသည်းထန်တာတွေဖြစ်ပေါ်နိုင်တယ်’
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးလှထွန်း
#Local_News
Published_ 23 November 2023
#မုန်တိုင်းငယ် #လေဖိအားနည်းရပ်ဝန်း #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု
#tthl #Yangon_Times
#Local_News
Published 23 November 2023
ယခုနှစ် ဧပြီလ ၁ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာသန်း ၃ ဒသမ ၁ ဘီလီယံခန့် ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။
ထိုသို့ကုန်သွယ်ရာတွင် မြန်မာနိုင်ငံဘက်ခြမ်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၂၂၃၁ ဒသမ ၉၆၅ သန်း ပမာဏရှိသည့် ပို့ကုန်များ တင်ပို့ထားရှိပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှ ကန်ဒေါ်လာ ၁၀၂၁ ဒသမ ၇၈၈ သန်း ပမာဏရှိ ကုန်ပစ္စည်းများ ပြန်လည်တင်သွင်းထားကြောင်း သိရသည်။
'ထိုင်းဘက်ကို ဒီဘက်ကလယ်ယာထွက်ကုန်တို့ CMPအထည်တို့ တင်ပို့တာများတယ်၊ ဒီလတွေထဲတော့ ပြောင်းတင်ပို့တဲ့ကာလမဟုတ်တော့ ကုန်သွယ်မှုလျော့ပါတယ်'ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြည်တွင်းမှ CMP၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများသည် အဓိက ပို့ကုန်အမယ်များဖြစ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များနှင့် လျှပ်စစ်ပစ္စည်းများစသည့် ကုန်များအား ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအနေဖြင့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပြုလုပ်နေပြီး ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အများဆုံး ကုန်သွယ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၂၅၃ ဒသမ ၇၅၃ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၄၄ ဒသမ ၉၉၃ သန်း ပမာဏခန့် လျော့ကျသွားကြောင်း သိရသည်။
#Local_News #ထိုင်းနယ်စပ်ကုန်သွယ်မှု #ဒေါ်လာ၃ဘီလီယံကျော်ရရှိ #YMG/ NN #Yangon_Times
#Local_News
Published_ 23 November 2023
မူဆယ်ကျင်စန်းကျော့ဂိတ်အနီး ပုဂ္ဂလိကကားဝင်းအတွင်း မီးလောင်နေကြောင်း မူဆယ်ဒေသတွင်းသတင်းများအရ သိရသည်။
ယနေ့နိုဝင်ဘာလ ၂၃ ရက်နံနက် ၉ နာရီမိနစ် ၂၀ ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးလက်ရှိတွင် မီးငြှိမ်းသတ်နေရကြောင်း သိရသည်။
"ကျင်စန်းကျော့ဂိတ်နားမှာ ကားဝင်းကြီးနှစ်ခုရှိတယ်။ အဲဒီထဲက ပုဂ္ဂလိကပိုင် ကားဝင်းဆဲဗင်းဟွာဂျင်ကားဝင်းပေါ့။ ပုဂ္ဂလိကပိုင်တဲ့ ကားဝင်းထဲကိုလက်နက်ကြီးကျတာ။ အဲဒီမှာကတပ်မတော်စစ်ကြောင်းရှိတယ်လေ။ တပ်မတော်စစ်ကြောင်းကိုလာပစ်လို့ ကားတွေကိုထိတယ်လို့သိရတယ်"ဟု မူဆယ်ဒေသခံက ပြောသည်။
မီးလောင်မှုကြောင့် ကား ၁၀စီးကျော် မီးလောင်ခံနေရကြောင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ပရဟိတအဖွဲ့များက ပူးပေါင်းငြှိမ်းသတ်နေရကြောင်း သိရသည်။
အဆိုပါ ကုန်တင်ကားများတွင် ပစ္စည်းများတင်ဆောင်ကာတရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ထားဖြစ်ကြောင်း သိရသည်။
#Local_News #မူဆယ် ကျင်စန်းကျော့ဂိတ် #ကားဝင်းအတွင်းမီးလောင် #Yangon _Times /PP
#Local_News
Published_ 23 November 2023
လိုင်စင်မရှိဘဲ တရားမဝင်ဂြိုဟ်တုဖုန်းအပါအဝင် ဂြိုဟ်တုဆက်သွယ်ရေးသုံးပစ္စည်းများသုံးခြင်းနှင့် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုပေးနေသူများ၊ သုံးစွဲသူများ၊ လက်ဝယ်ထားရှိသူများကို ဆက်သွယ်ရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုများကို တရားမဝင်ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့်လည်း တရားမဝင်ရယူသုံးစွဲလျက်ရှိကြောင်း သတင်းအချက်အလက်များအရ သိရသည်ဟု ဆိုသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ(၅)နှင့်လှိုင်းနှုန်းစဉ်ရာဆိုင်နည်းဥပဒေ(၅၂/ဂ)တွင် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်ဌာနအဖွဲ့အစည်းများသည် ဆက်သွယ်ရေးလုပ်ငန်းတစ်ရပ်ရပ်ကို တည်ထောင်လိုသည့်အခါနှင့် နိုင်ငံတကာဂြိုဟ်တု အော်ပရေတာများသည် အမှန်တကယ်သုံးစွဲသူ (End User) များသို့ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးလိုသည့်အခါ လုပ်ငန်းလိုင်စင်ရရှိရန် ဦးစီးဌာနသို့လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများ(ဥပမာ-ဂြိုဟ်တုဖုန်း)၊ရေဒါဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းကိရိယာများ၊ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ(ဥပမာ-MF/HF/VHF/UHFလှိုင်းနှုန်း သုံးဆက်သွယ်ရေး ပစ္စည်းများ)ကို လက်ဝယ်ထားရှိရန်နှင့် အသုံးပြုရန်အတွက် ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်ရှိရန်လိုအပ်သည်ဟုဖော်ပြထားသည်။
သို့ဖြစ်၍ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများနှင့်တရားမဝင်ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရ ယူခြင်းမရှိဘဲ ဝန်ဆောင်မှုပေးခြင်း၊တပ်ဆင်အသုံးပြုခြင်း၊လက်ဝယ်ထားရှိခြင်းနှင့်အသုံးပြုခြင်းများမပြုလုပ်ရန် တားမြစ်ထားကြောင်းနှင့် တားမြစ်ချက်ကိုဖောက်ဖျက်ပါက ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)အရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
#Local_News #လိုင်စင်မရှိဘဲဂြိုဟ်တုဖုန်းသုံးသူ #ဥပဒေအရအရေးမည် #tthl #Yangon_Times
#Local_News
Published_ 23 November 2023
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ သွေးစည်းညီညွတ်ရေး အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် စက်ဘီးနည်းပြသင်တန်း (အဆင့်-၂) ကို အင်္ဂလန်နိုင်ငံမှ နည်းပြဆရာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။
အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နည်းပြဆရာ Dr. Chester Alexander Hill နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပါတယ်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးက ပြောကြားရာတွင် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ရေတိုရေရှည် စီမံချက်များ ချမှတ်ပြီး အရှိန်အဟုန်ပြင်းစွာဖြင့် တွန်းအားပေးဆောင်ရွက်လျက် ရှိကြောင်း၊ နည်းပြများ၊ ဒိုင်လူကြီးများနှင့် အားကစားမှ တာဝန်ရှိသူများကို ပြည်တွင်း အားကစားပြိုင်ပွဲများအပြင် နိုင်ငံတကာအားကစား အတွေ့အကြုံများရရှိစေရန်အတွက် ပြည်ပနိုင်ငံများသို သင်တန်းများ စေလွှတ်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်အနေဖြင့် စက်ဘီးအားကစားနည်း ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပြည်တွင်းစက်ဘီး ပြိုင်ပွဲများ၊ ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများသို့ မြန်မာနိုင်ငံမှ အားကစားသမားများကို စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားပါတယ်။
ဆက်လက်၍ ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ခံရသည့် နည်းစနစ် ကျွမ်းကျင်သူ အင်္ဂလန်နိုင်ငံမှ Dr. Chester Alexander Hill က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါတယ်။
အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရပါတယ်။
#Local_News #စက်ဘီးနည်းပြသင်တန်း #အင်္ဂလန်နိုင်ငံမှနည်းပြဆရာ #ymg_mnn #Yangon_Media_Group
#World_Health
Published 23 November 2023
သွေးပေါင်ချိန် တိုင်းတာစဥ် ပုံစံအနေအထား မမှန်တာကြောင့် သွေးပေါင်ချိန်ပုံမှန်ရှိတဲ့ သန်းပေါင်းများစွာသော သူတွေဟာ သွေးတိုးတယ်ဆိုပြီး မှားယွင်းဖတ်ရှုနေကြပါတယ်။
သွေးပေါင်ချိန် တိုင်းတာတဲ့အခါမှာ မှန်ကန်တဲ့ တိုင်းတာချက်ရရှိရန်အတွက လူနာတွေဟာ ထိုင်ခုံမှာထိုင်လျက် ကြမ်းပြင်မှာ ခြေထောက်အပြားလိုက် ရှိနေရန်၊ ကျောအမှီရှိရန်၊ သွေးပေါင်ချိန်တိုင်းလက်ပတ် ရှိနေတဲ့လက်က နှလုံးနဲ့ တစ်တန်းတည်းရှိနေရန် ညွှန်ကြားထားပါတယ်။
ဒါပေမဲ့ အများစုဟာ တိုင်းတာတဲ့နေရာမှာ စားပွဲပေါ်လက်တင်ခြင်း၊ ခြေထောက်တွဲလောင်းချထားခြင်း၊ ကျောအမှီမရှိ လက်အတင်မရှိခြင်းတို့ ပြုလုပ်လျက်ရှိပါတယ်။
အိုဟိုင်ယိုပြည်နယ်တက္ကသိုလ် ဝက်စ်နာဆေးဘက်ဆိုင်ရာစင်တာမှ စောင့်ရှောက်ကုသရေး ဆရာဝန် ရန်ဒီဝက်ဇ်လာက သွေးပေါင်ချိန်ကို တိကျမှန်ကန်စွာ တိုင်းတာရန်အရေးကြီးပုံနဲ့ တွေ့ရှိချက်များကို အမေရိကန်နှလုံး အဖွဲ့အစည်း ကွန်ဖရန့်စ်မှာ တင်ပြသွားပါတယ်။
လူတွေကို သွေးတိုးနေတယ်ဆိုပြီး မှားယွင်းတိုင်းတာမိကာ မလိုလားအပ်တဲ့ ဆေးကုသမှုတွေ ခံယူလာရပြီး ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ ဒေါက်တာက ဆိုပါတယ်။
သွေးတိုးတယ်လို့ မှားယွင်းသတ်မှတ်ကာ သွေးကျဆေးများ သုံးစွဲစေတဲ့အတွက် သွေးကျရောဂါ အခြေအနေ ဖြစ်လာတာမျိုး ရှိပါတယ်။
လူအယောက် ၁၅၀ ကိုခေါ်ယူကာ အဖွဲ့များခွဲပြီး စားပွဲပေါ်နဲ့ ထိုင်ခုံပေါ်မှာ သွေးပေါင်ချိန် တိုင်းခဲ့ကြပါတယ်။
စမ်းသပ်ချက်များအရ စားပွဲပေါ်မှာ တိုင်းတာတာဟာ အပေါ်သွေးနဲ့ အောက်သွေး သိသာစွာ များပြားခဲ့ပြီး ပုံမှန်သွေးပေါင်ချိန် ရှိနေတဲ့လူတွေကို သွေးတိုးရောဂါရှိတယ်ဆိုပြီး မှားယွင်းစွာ မှတ်ယူနေကြပါတယ်။
စားပွဲပေါ်မှာ တိုင်းတာတဲ့အခါမှာ ထိုင်ခုံမှာ ထိုင်ပြီးတိုင်းတာထက် အပေါ်သွေးက ၇ မီလီမီတာမာကျူရီ၊ အောက်သွေးက ၄.၅ မီလီမီတာမာကျူရီ ပိုမိုများပြားနေခဲ့ပါတယ်။
ကျောက်ကပ်အထူးကု ဒေါက်တာ ဂျော်ဒန်နာကိုဟန်က မလိုလားအပ်တဲ့ ဆေးဝါးများကြောင့် ကျန်းမာရေးအန္တရာယ်များ မဖြစ်စေရန် သွေးပေါင်ချိန် မှန်ကန်စွာ တိုင်းတာရန်လိုအပ်ကြောင်း ပြောကြားသွားပါတယ်။
#World_Health #သွေးပေါင်ချိန် #မှားယွင်းသည့်ပုံစံအနေအထား #Source: India Today
#World_News
Published 23 November 2023
မြောက်ကိုရီးယားက အမေရိကန်ရဲ့ သတိပေးချက်တွေကို အာခံပြီး စပိုင်သူလျှိုဂြိုဟ်တု လွှတ်တင်ပြီးနောက် အနောက်တိုင်းမှ ပြစ်တင်ရှုတ်ချမှုများ ခံနေရကာ တောင်ကိုရီးယားကလည်း ၂၀၁၈ စစ်ရေးသဘောတူညီချက် တစ်ခုကို ဗုဒ္ဓဟူးနေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။
သဘောတူညီချက်ပါ အစိတ်အပိုင်းတစ်ရပ်ကို ရပ်ဆိုင်းလိုက်ခြင်းက မြောက်ကိုရီးယားနဲ့ တင်းကြပ်စွာပိုင်းခြားထားတဲ့ နယ်စပ်တလျှောက် တောင်ကိုရီးယားတို့က စစ်ရေးထောက်လှမ်းရေးများကို မြှင့်တင်လုပ်ဆောင်လာမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက အင်္ဂါနေ့မှာ သူတို့ရဲ့ ပထမဆုံး စပိုင်ဂြိုဟ်တုက ပတ်လမ်းကြောင်းကို ရောက်ရှိခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
နိုင်ငံပိုင်မီဒီယာများ ဖော်ပြထားတဲ့ ရုပ်ပုံများထဲမှာ ခေါင်းဆောင် ကင်မ်ဂျုံအန်းက စခန်းတစ်ခုကနေ ဒုံးကျည်လွှတ်တင်ပုံကို ကြည့်ရှုနေခဲ့ပါတယ်။
ထို့နောက် ကင်မ်ဂျုံအန်းက ပြုံယမ်းရှိ အာကာသထိန်းချုပ်ရေးစင်တာမှာ ဂြိုဟ်တုလည်ပတ်လုပ်ဆောင်ပုံများကို အသေးစိတ် ရှင်းပြခဲ့ပြီး အမေရိကန် အန်ဒါဆန်လေတပ် အခြေစိုက်စခန်း အပါအဝင် အမေရိကန် ပစိဖိတ်နယ်မြေ ဂူအမ်မှ စစ်ရေးလုပ်ဆောင်ပုံများကို ကောင်းကင်ထက်မှ ရိုက်ကူးရရှိတဲ့ ပုံများကို ကြည့်ရှုနေခဲ့ကြောင်း မြောက်ကိုရီးယားပိုင်မီဒီယာ KCNA က ဖော်ပြသွားပါတယ်။
ဒီမတိုင်ခင်ကလည်း မြောက်ကိုရီးယားဟာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ပင်လယ်သို့ အမျိုးအမည်မသိရတဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ မအောင်မြင်ခဲ့ဟန်ရှိမယ်လို့ တောင်ကိုရီးယားမှ ယွန်ဟပ်သတင်းဌာနက ဖော်ပြထားပါတယ်။
ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်ပြည်ထောင်စု၊ အမေရိကန်၊ ဥရောပသမဂ္ဂတို့မှ ဂျီ၇ နိုင်ငံခြားရေးဝန်ကြီးများက ဂြိုဟ်တုလွှတ်တင်ခြင်းကို ရှုတ်ချလိုက်ကြကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ စည်းလုံးမှုရှိပြီး ပြင်းထန်တဲ့ နိုင်ငံတကာ တုန့်ပြန်မှုများ ချက်ချင်းအရေးယူပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။
မြောက်ကိုရီးယားမှ ရုရှားသို့ လက်နက်များ တရားမဝင်ပို့ဆောင်ခြင်းကို ရှုတ်ချကြောင်း ဂျီ၇ က အကြိမ်ကြိမ်ထုတ်ပြန်ထားကာ မြောက်ကိုရီးယားသို့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် နည်းပညာများ ပို့ဆောင်ခြင်းတို့ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
မကြာသေးမီနှစ်တွေမှာ အမေရိကန် ဦးဆောင်ပြီး မြောက်ကိုရီးယားအပေါ် ကုလရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို မြှင့်တင်ဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် ဗီတိုအာဏာရ ရုရှားနဲ့ တရုတ်တို့ကြောင့် မအောင်မြင်ခဲ့ပါဘူး။
ရန်သူတွေရဲဲ့ အချက်အလက်များကို အချိန်နဲ့တပြေးညီ သိရှိရန်နဲ့ တုန့်ပြန်လှုပ်ရှားချိန် ပိုမိုရရှိရန် မတူညီတဲ့ ဂြိုဟ်ပတ်လမ်းတွေမှာ ကင်းထောက်ဂြိုဟ်တုများ ပိုမိုလွှတ်တင်ရန် လိုအပ်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားခဲ့တယ်လို့ KCNA က ဖော်ပြထားပါတယ်။
ထိန်းညှိမှုများပြုလုပ်ပြီးပါက ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ကင်းထောက်တာဝန် လုပ်ဆောင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုဂြိုဟ်တုက ပတ်လမ်းကြောင်းသို့ ရောက်ရှိခဲ့ပေမယ့် ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ခြင်း ရှိမရှိကိုတော့ အကဲဖြတ်ရန် အချိန်လိုအပ်ဦးမယ်လို့ တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။
ဂြိုဟ်တုလွှတ်တင်မှုက အောင်မြင်မှုရှိမရှိကို အမေရိကန်စစ်တပ်က ဆန်းစစ်နေတယ်လို့ ပင်တဂွန်က ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားက အမေရိကန်ကုမ္ပဏီ SpaceX မှ ထိန်းချုပ်မယ့် ဒုံးပျံပေါ်မှာ ပထမဆုံးစပိုင်ဂြိုဟ်တုကို အာကာသသို့ လွှတ်တင်ရန် မစီစဥ်ခင်မှာပဲ ယခုလို မြောက်ကိုရီးယားက လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။
ဂြိုဟ်တုက ပတ်လမ်းထဲ ရောက်ရှိရင်တောင် ပုံမှန်ကင်းထောက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အချိန်အတော်ကြာ ယူရကြောင်း၊ ဂြိုဟ်တုအကြောင်း သိရှိထားတယ်ဆိုရင် ပထမဆုံးနေ့မှာပဲ ဂူအမ်ရဲ့ပုံရိပ်တွေကို မရရှိနိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ရှစ်က ပြောပြသွားပါတယ်။
မြောက်နဲ့ တောင်ကိုရီးယားတို့ကြား တင်းမာမှုမြင့်တက်နေခြင်းကို လျှော့ချရန်ရည်ရွယ်ပြီး ၂၀၁၈ ခုနှစ် အစည်းအဝေးမှာ ကင်မ်ဂျုံအန်းနဲ့ တောင်ကိုရီးယား သမ္မတဟောင်း မွန်းဂျယ်အင်တို့က စစ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
#World_News #မြောက်ကိုရီးယား #စပိုင်ဂြိုဟ်တုလွှတ်တင် #တောင်ကိုရီးယား #စောင့်ကြည့်ရေးလုပ်ငန်းစဥ်များမြှင့်တင် #Source: Reuters
#Local_News
Published 23 November 2023
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ် ၁၁ ရပ်ကွက် ကံဘဲ့ဘူတာလမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ သိရသည်။
နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီ ၃၈ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၆နာရီ ၄၈ မိနှစ်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
''ကံဘဲ့ဘူတာဈေးလမ်း ထဲ လောင်တာဓါတ်ကြိုးပြုတ်ကျတာကနေ မီးလောင်မှုဖြစ်တာလို့ပြောတယ် ပျက်စီးဆုံးရှုံးမှုအနည်းငယ်တော့ရှိတယ်''ဟု ရန်ကင်းမြို့နယ်မှ ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်းနှင့် ဆုံးရှုံးမှု တန်ဖိုးနှင့်မီးလောင်မှု ဖြစ်စဉ် အသေးစိတ်ကို သက်ဆိုင်ရာဌာနမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #ရန်ကင်း #ကံဘဲ့ဘူတာဈေးလမ်း #မီးလောင်မှုဖြစ် #YMG/LW #Yangon Times
#World_Health
Published 23 November 2023
သက်ရှည်ကျန်းမာရေးနဲ့ ပတ်သက်ပြီး နေထိုင်စားသောက်မှုပုံစံ ရွေးချယ်ခြင်းရဲ့ သက်ရောက်မှုတွေက ခိုင်မာတဲ့ အခြေခံလမ်းစဥ်ဖြစ်ပြီး လေ့ကျင့်ခန်း၊ အိပ်စက်မှုပုံစံ၊ စားသောက်မှု အလေ့အကျင့်တို့ ပါဝင်ပတ်သက်နေပါတယ်။
စောစီးစွာ ညစာစားခြင်းနဲ့ အသက်ရှည်ခြင်းတို့ကြား ဆက်နွယ်မှုကို လေ့လာခဲ့ပြီး Frontiers in Nutrition ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အီတလီနိုင်ငံ အယ်လ်အကွီလာပြည်နယ်မှာ လေ့လာမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ထိုဒေသမှာ အသက် ၉၀ မှ ၉၉ နှစ်ကြား အရွယ်တွေ၊ အသက် ၁၀၀ ကျော်သူတွေ များပြားတယ်လို့ ကျော်ကြားပါတယ်။
လူ ၆၈ ဦးရဲ့ စားသောက်မှုပုံစံများ၊ ညစာစားလေ့ရှိတဲ့ အချိန်တွေကို လေ့လာသုံးသပ်ခဲ့ကြပါတယ်။
ထိုအခါမှာ အများစုက ညစာကို ၇ နာရီ ၁၃ မိနစ်ဝန်းကျင်မှာ စားသောက်လေ့ရှိကြပါတယ်။
ဒါ့အပြင် ညစာစားတဲ့အချိန်ကနေ နောက်နေ့ နေ့လယ်စာ စားတဲ့အချိန်အထိ ၁၇ နာရီခွဲအတွင်း ကယ်လိုရီနည်းပါးစွာ စားသုံးကြတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
စစ်တမ်းဖြေကြားသူတွေဟာ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုး ပါဝင်တဲ့ အစားအစာများ စားသုံးကြပါတယ်။
အသား၊ အဆင့်ဆင့်ထုပ်ပိုးထားတဲ့ စားစရာများ၊ ကြက်ဥ၊ အချိုဓာတ်များ စားသုံးမှုကတော့ အတော်လေး နည်းပါးနေပါတယ်။
အသီးအရွက်အခြေပြု စားသောက်ပုံစံက ကျန်းမာရေးကောင်းမွန်ခြင်း၊ အသက်ရှည်ခြင်းတို့နဲ့ ကိုက်ညီနေပါတယ်။
လေ့လာချက်များအရ ကယ်လိုရီလျှော့ချ စားသုံးခြင်း၊ ညဘက်ဖိစီးမှုလျှော့ချခြင်း၊ ကိုယ်တွင်းဇီဝဖြစ်စဥ် တုန့်ပြန်မှု ကောင်းမွန်စေခြင်း၊ အပင်အခြေပြု အစားအစာများ များများစားခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ အရေးကြီးပုံကို ဖော်ပြနေပါတယ်။
ဒါကြောင့် အယ်လ်အကွီလာမှ သက်ကြီးရွယ်အိုများကို လေ့လာရာမှာ တက်ကြွလှုပ်ရှားစွာ နေထိုင်ခြင်း၊ ညစာ စောစီးစွာစားသုံးခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု ပုံစံတို့က သက်ရှည်ကျန်းမာခြင်းကို အထောက်အကူ ဖြစ်စေကြောင်း သိရှိရပါတယ်။
#World_Health #ညစာစောစီးစွာစားသောက်ခြင်း #အီတလီတွင်လေ့လာတွေ့ရှိ #Source: WION
Page 657 of 1687