#Local_News
Published 30 June 2026
■ ဆေးဝါးဈေးကွက်အတွင်းမြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသည့် Albutein 20% Solution for IV Infusion ဆေးဝါးနှင့် အလားသဏ္ဌာန်တူ ဆေးဝါးအတုများ ရောင်းချနေမှုကို စိစစ်တွေ့ရှိထားသဖြင့် အများပြည်သူများအနေဖြင့် ဝယ်ယူသုံးစွဲခြင်းမပြုကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။
■ FDA သည် အရည်အသွေးပြည့်ဝ၍ အာနိသင်ထက်မြက်ကာ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများကို ပြည်သူများ ဘေးကင်းလုံခြုံစွာ သုံးစွဲနိုင်စေရေးအတွက် ဈေးကွက်အတွင်း စဉ်ဆက်မပြတ် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ဆေးဝါးအတု ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ အဆိုပါ စိစစ်တွေ့ရှိရသည့် ဆေးဝါးမှာ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသော Grifols Biologicals LLC, USA ထုတ် Albutein 20% Solution for IV Infusion [Albumin (Human) USP 20g/100mL]ဆေးဝါးနှင့် ပုံပန်းသဏ္ဌာန် ဆင်တူသော်လည်း IP Specificationဟု ဖော်ပြထားသည့် Albutein 20% Solution for IV Infusionဆေးဝါးအတုဖြစ်ကြောင်း ဆိုထားသည်။
■ ထို့ကြောင့် အများပြည်သူများအနေဖြင့် IP Specification ဖော်ပြထားသော Albutein 20% Solution for IV Infusion ဆေးဝါးအတုကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် (Registration Number) ပါရှိသော ဆေးဝါးများကိုသာ ဝယ်ယူအသုံးပြုကြရန် နှင့် Albutein 20% Solution for IV Infusion သည် လူ့သွေးပလာစမာ (Blood Plasma) အတွင်းရှိ Albumin ပရိုတင်းဓာတ်ကို ပြန်လည်ဖြည့်တင်းပေးသည့် သွေးကြောသွင်းဆေးရည် (Intravenous Infusion) အမျိုးအစားဖြစ်ပြီး အရေးပေါ်နှင့် ပြင်းထန်သော ရောဂါအခြေအနေများတွင် ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့်သာ သွေးပြန်ကြောမှတစ်ဆင့်သွင်းပေးရသည့် ဆေးဝါးဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 30 June 2026
■ လွန်ခဲ့တဲ့ ၅ ရက်က ဗင်နီဇွဲလားမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူစာရင်း အနည်းဆုံး ၁,၇၁၉ ဦး ရှိလာပြီလို့ အမျိုးသားညီလာခံဥက္ကဌ ဂျော့ဂျ်ရိုဒရီဂွက်ဇ်က တနင်္လာနေ့မှာ ပြောပါတယ်။
■ ငလျင်ဒဏ်ကြောင့် ၅,၀၃၄ ဦး ဒဏ်ရာရရှိကာ သောင်းနဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
■ ဗုဒ္ဓဟူးနေ့ညနေပိုင်းက ပြင်းအား ၇.၂ နဲ့ ၇.၅ အဆင့်ရှိတဲ့ အမွှာငလျင် လှုပ်ခတ်ခဲ့တာဖြစ်ပြီး အိမ်နီးချင်း ကိုလံဘီယာကိုပါ သက်ရောက်ခဲ့ကာ ရာစုနှစ်ကျော်အတွင်း ဗင်နီဇွဲလားရဲ့ အသေအပျောက်အများဆုံးငလျင် ဖြစ်ခဲ့ပါတယ်။
■ တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီအကျော်မှာ ၄.၆ အဆင့်ရှိတဲ့ နောက်ဆက်တွဲငလျင် ဖြစ်ခဲ့ပါသေးတယ်။
■ နိုင်ငံပေါင်း ၂၄ နိုင်ငံက ထောက်ပံ့ပစ္စည်း ၅၂၁ တန်ချိန်၊ အသက်ရှင်ကျန်သူများ ရှာဖွေရန် လေ့ကျင့်ထားတဲ့ ခွေး ၈၆ ကောင်၊ ရှာဖွေကယ်ဆယ်ရေးလုပ်သား ၂,၇၀၀ ကျော် ပေးပို့ထားပါတယ်။
■ အမေရိကန်ကလည်း ကူညီထောက်ပံ့ငွေကို သန်း ၁၅၀ ကနေ သန်း ၃၀၀ အထိ နှစ်ဆတိုးမြှင့်ပေးခဲ့ပါတယ်။
■ ငလျင်ဒဏ်ကြောင့် အဆောက်အအုံ ၇၇၄ ခု ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပြီး ၁၈၉ တိုက် လုံးဝပြိုကျခဲ့ပါတယ်။
■ သေဆုံးသူ ဆက်လက်တိုးများလာနိုင်တာကြောင့် ကုလသမဂ္ဂက ဗင်နီဇွဲလားထံ အလောင်းသယ်အိတ် ၁ သောင်း ကူညီသွားမယ်လို့ ကြေညာခဲ့ပါတယ်။
■ ဒါဟာ ခန့်မှန်းထောက်ပံ့တာဖြစ်ပြီး တကယ်တမ်း ဒီထက်ပိုနည်းဖို့ အမှန်တကယ် မျှော်လင့်ကြောင်း ဗင်နီဇွဲလားဆိုင်ရာ ကုလအကြံပေး ဂီယန်လူကာရမ်ပိုလာဒယ်တင်ဒါရိုက ပြောပါတယ်။
■ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ငလျင်လှုပ်ခတ်ပြီး ၄ ရက်အကြာမှာ အပျက်အစီးများကြားကနေ လူ ၇ ဦး ကယ်ဆယ်နိုင်ခဲ့ပါတယ်။
Source: WION
#Local_News
Published 30 June 2026
■ လာအိုနိုင်ငံ သမ္မတ သွန်လွန်းစီဆစ်လစ်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ် သွားရောက်မည်ဟုသိရသည်။
■ ဤခရီးစဉ်သည် လာအိုနှင့်မြန်မာနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး (၇၀) ပြည့်နှစ် အထိမ်းအမှတ် ဖြစ်ပြီး အိမ်နီးချင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံရေးတို့ကို ပိုမိုခိုင်မာအားကောင်းစေရန် ရည်ရွယ်ကြောင်း လာအိုသမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ သမ္မတဦးမင်းအောင်လှိုင်၏ လာအိုသို့ နိုင်ငံတော်အဆင့်ခရီးသည် အာဆီယံနိုင်ငံများထဲတွင် ပထမဦးဆုံးဖြစ်သည်။
ရန်ကုန်၊ဇွန်၃၀၊၂၀၂၆
လာမည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့မှ စတင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ အစိုးရတို့အကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက် တရားဝင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်အရ နှစ်နိုင်ငံ နိုင်ငံသားများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံသို့ သွားရောက်ရာတွင် ကြိုတင်ဗီဇာလျှောက်ထားရန် မလိုအပ်ဘဲ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ရရှိမည်ဖြစ်သည်။ သို့ရာတွင် အဆိုပါ ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားရောက်သူများအနေဖြင့် တစ်ကြိမ်လျှင် နေထိုင်ခွင့်ကာလ ရက်ပေါင်း (၃၀) အထိ ရရှိကြမည်ဖြစ်သည်။
ယခုကဲ့သို့ ဗီဇာကင်းလွတ်ခွင့် ပြုလုပ်ပေးခြင်းဖြင့် နှစ်နိုင်ငံအကြား ခရီးသွားလာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အစရှိသည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုသည် မြန်မာနိုင်ငံသို့ အလုပ်သဘော ခရီးလာရောက်ရန်ရှိနေသည်။
#World_Health
Published 30 June 2026
■ အာလူးရဲ့ အာဟာရတန်ဖိုးတွေ ဇီဝဖြစ်စဉ်တွေအကြောင်း အငြင်းအခုံဖြစ်နေကြရာ BMJ လေ့လာဖော်ပြချက်ထဲမှာ အာလူးကို ကြွပ်နေအောင် ကြော်စားခြင်းက ကျန်းမာရေးအန္တရာယ် များစေတယ်လို့ ဖော်ပြထားပါတယ်။
■ လူပေါင်း ၂၀၅,၀၀၀ ကို နှစ်ပေါင်း ၄၀ ကြာအောင် လေ့လာခဲ့ရာမှာ အာလူးကြော်စားသုံးခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုမြင့်မားခြင်းတို့ ဆက်စပ်နေခဲ့ပြီး အာလူးကို သာမန်ချက်ပြုတ်စားသောက်ခြင်းကတော့ ဆီးချိုမဆက်စပ်ခဲ့ပါဘူး။
■ ၃၇ နှစ်တာလေ့လာချက်မှာတော့ အာလူးစားသုံးခြင်းက ၂၂,၂၉၉ ဦးမှာ ဆီးချိုရောဂါနဲ့ ဆက်စပ်ခဲ့ပြီး တစ်ပတ်ကို ၃ ကြိမ်စားသုံးခြင်းကတော့ ဆီးချိုဖြစ်နိုင်ခြေ ၅ ရာခိုင်နှုန်း များစေတာကြောင့် ချက်ပြုတ်စားသောက်တဲ့ ပုံစံက သိသိသာသာ သက်ဆိုင်နေပါတယ်။
■ တစ်ပတ်ကို အာလူးကြော် ၃ ကြိမ်စားခြင်းက ဆီးချိုဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများစေပြီး ချက်ပြုတ်ခြင်း၊ အာလူးထောင်းခြင်းတို့ကတော့ တစ်ပတ်ကို ၃ ကြိမ်စားခြင်းဖြင့် ဆီးချိုဖြစ်နိုင်ခြေ တိုးများခြင်း မရှိခဲ့ပါဘူး။
■ အာလူးစားမယ့်အစား ဂျုံပြောင်းဆန် အစားထိုးခြင်းဖြင့် ဆီးချိုဖြစ်နိုင်ခြေ ၈ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး အာလူးကြော်နေရာမှာ အစားထိုးရင်တော့ ၁၉ ရာခိုင်နှုန်း လျှော့ချပေးနိုင်မှာပါ။
■ ဆီကြော်မုန့်တွေ ရှောင်ရှားဖို့က အရေးကြီးပြီး ဂျုံပြောင်းဆန်လိုမျိုး စားစရာတွေနဲ့ အစားထိုးသင့်ပါတယ်။
■ ဒီလေ့လာချက်ကနေ စားစရာတွေကို ချက်ပြုတ်ပြင်ဆင်ပုံက အရေးကြီးကြောင်း ဖော်ပြနေပြီး ဆီကြော်စာတွေအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ပိုမိုစားသုံးသင့်ကြောင်း အကြံပြုနေပါတယ်။
Source: NDTV
#World_Health
Published 30 June 2026
■ အင်စတာဂရမ်ထဲက ဗီဒီယိုတစ်ခုထဲမှာ ခြေထောက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဆီးချိုလူနာတွေမှာ သွေးတွင်းသကြားဓာတ်ကို ၅၂ ရာခိုင်နှုန်း လောင်ကျွမ်းစေနိုင်တယ်လို့ ဖော်ပြထားကာ ဆီးချိုဝေဒနာရှင်တွေ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ဖို့ အားပေးရာရောက်နိုင်တယ်လို့ ကြံ့ခိုင်ရေးထရိန်နာ ရီတစ်ချောင်ဒယ်ရီက ပြောထားပါတယ်။
■ လေ့ကျင့်ခန်းတွေက ဆီးချိုထိန်းချုပ်ရာမှာ အရေးပါပြီး ကြွက်သားတွေ အထူးသဖြင့် ခြေထောက်လေ့ကျင့်ခန်းတွေက ဂလူးကို့စ် ထိန်းချုပ်စေနိုင်ပါတယ်။
■ ခြေထောက်ကြွက်သားတွေရဲ့ အရွယ်အစားကြောင့် လှုပ်ရှားမှုပြုလုပ်စဉ်မှာ ဂလူးကို့စ်ပမာဏ အများအပြား စုပ်ယူစေကာ အင်ဆူလင်တုံ့ပြန်မှု အားကောင်းစေတာကြောင့် ဆီးချိုသမားတွေအတွက် အကြံပြုထားပါတယ်။
■ ဆီးချိုထိန်းချုပ်ရာမှာ ဘေးကင်းပြီး ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းတွေထဲမှာ လမ်းလျှောက်ခြင်း၊ ထိုင်ထလုပ်ခြင်း၊ စက်ဘီးစီးခြင်း၊ လှေကားတက်ခြင်း၊ အလေးချိန်ပါသော အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းများ ပါဝင်ပါတယ်။
■ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဂလူးကို့စ်ထိန်းချုပ်မှု တိုးတက်စေခြင်း၊ အင်ဆူလင်ယဉ်ပါးမှု လျော့ကျခြင်း၊ ကိုယ်အလေးချိန် ထိန်းချုပ်စေနိုင်ခြင်း၊ နှလုံးသွေးကြောကျန်းမာရေး တိုးတက်စေခြင်းတို့ ရရှိနိုင်ပါတယ်။
■ လေ့ကျင့်ခန်းပြုလုပ်ခြင်းလိုမျိုး နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုများ ဂရုတစိုက်ပြုလုပ်ခြင်းဖြင့် ဆီးချိုအစောပိုင်းရှိသူတွေမှာ ဆေးဝါးအပေါ် မှီခိုရမှု လျော့ကျနိုင်ကာ ဒီလိုပြောင်းလဲမှုတွေကို ကျန်းမာရေးစောင့်ရှောက်သူတွေက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: The Indian Express
ကမ္ဘာတဝှမ်းမှ လူငယ်အက်ရှင်ဝါသနာရှင်များဟာ ပေကျင်းမြို့ရှိ ဂျက်ကီချန်းစတန့်အဖွဲ့ လေ့ကျင့်ရေးစခန်းမှာ ၅ ရက်ကြာ ယဉ်ကျေးမှုဖလှယ်ပွဲသို့ လာရောက်ခဲ့ကြပါတယ်။
#Asia_Event
Published 27 June 2026
#ဂျက်ကီချန်းစတန့်အဖွဲ့ #ပေကျင်း
#YMG #Yangon_Times #Yangon_Media_Group
ငလျင်ကြောင့်ထိခိုက်ခံစားခဲ့ရသော ရပ်ရွာလူထုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ကူညီမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြိုနယ်ရှိကျေးရွာများတွင် ငလျင်ကြောင့်ပျက်စီးခဲ့သောနေအိမ်များကို ပြုပြင်နိုင်ဖို့အတွက်ကျပ်သိန်းတစ်ထောင်နီးပါးပေးအပ်ခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 29 June 2026
#ငလျင် #ညောင်ရွှေမြို့နယ်
#YMG/SW #Yangon_Times
တေရသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲမှာ ရန်ကုန်တိုင်းပထမ ၊ တစ်နိုင်ငံလုံးတတိယဆုရှင် မမြဖူးငုံအား ထပ်ဆင့်ဂုဏ်ပြုပွဲကို ဇွန်လ(၂၇)ရက်နေ့က ရန်ကုန်မြို့ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အောင်သုခပရိယတ္ထိစာသင်တိုက်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 29 June 2026
#သုတစုံလင်ဗုဒ္ဓဝင်
#YMG/NN #Yangon_Times
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ရှိ သုခတော်ဝင်အိမ်ရာ အပိုင်း(၂)မှ တိုက်ခန်းတွေအတွက် လျှောက်ထားသူများအား မဲနှိုက်ရွေးချယ်တာကို လာမယ့် ဇူလိုင်လ(၁)ရက်နဲ့(၂)ရက်နေ့တွေမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။
#Local_News
Published 29 June 2026
#နေပြည်တော်သုခတော်ဝင်အိမ်ရာ
#YMG/SW #Yangon_Times
ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုခေါင်းစဉ် နဲ့ Short Video ပြိုင်ပွဲကျင်းပသွားမှာဖြစ်တာကြောင့် ဒီကနေ့ကနေစတင်ပြီး ပြိုင်ပွဲဝင်ဗီဒီယိုတွေကို ပေးပိုနိုင်ပြီလို့ ဟိုတယ်၊ ခရီးသွားလာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 29 June 2026
#ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှု
#YMG/NN #Yangon_Times
#Daily_News
Published 29 June 2026
၁။ ငလျင်ဒဏ်သင့်ညောင်ရွှေမြို့နယ်ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းတစ်ထောင်နီးပါးပေးအပ်
၂။ သုတစုံလင်ဗုဒ္ဓဝင်တတိယဆုရရှိသူအားဒဂုံဆိပ်ကမ်းမြို့နယ်မှ ထပ်ဆင့်ဂုဏ်ပြု
၃။ နေပြည်တော်သုခတော်ဝင်အိမ်ရာ အပိုင်း(၂)အတွက် ဇူလိုင် ၁ ရက်နှင့် ၂ ရက်တွင်မဲနှိုက်မည်
၄။ ပေကျင်း၌လူငယ်ရုပ်ရှင်ဖန်တီးသူများ ဂျက်ကီချန်းစတန့်အဖွဲ့နှင့်လေ့ကျင့်သင်ယူ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 50 of 2053