#Local_News
Published 18 March 2024
ပွင့်လင်းရာသီ ဖြစ်သည့် အတွက်ကုန်ကြမ်းပေါများချိန်ဖြစ်သော်လည်း အလှူရာသီဖြစ်နေသောကြောင့် ရေချို၊ရေငန် ငါးခြောက်များ အရောင်းအဝယ်ပိုမို ကောင်းလာ၍ဈေးကောင်းရနေကြောင်း ဘုရင့်နောင်ဈေးမှ ငါးပိ ငါးခြောက်ထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။
"အခုကအလှူရာသီဆိုတော့ ငါးခြောက်အရောင်းအဝယ်ပိုကောင်းလာတယ်။ ငါးခြောက်ဈေးကောင်းရတယ်။ အွန်လိုင်းကလည်း ရောင်းအားကောင်းတယ်။ ကုန်ကြမ်းကလည်း ခုချိန်ကရေချိုငါးရော ပင်လယ် ငါးလည်းရတယ်ဆိုတော့ ကုန်ကြမ်းရရှိတာ အဆင်ပြေတယ်။ များတယ်ဆိုပေမယ့် ဝယ်လိုအားကကောင်းနေတော့ဈေးမကျဘူး၊ ကောင်းနေတယ် "ဟု ငါးပိ၊ ငါးခြောက်ရောင်းချသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ငါးခြောက်ကုန်ကြမ်းရရှိမှုအနေဖြင့် မွေးမြူရေးငါးရရှိသည့်အပြင်သဘာဝမှရရှိသည့် အင်းငါးများလည်းရရှိချိန်ဖြစ်ပြီး ပင်လယ်ငါးလည်းရရှိချိန်ဖြစ်ရာ ကုန်ကြမ်းပေါများစွာရရှိနေကြောင်း သိရသည်။
ယနေ့တွင်ဘုရင့်နောင်ဈေးကွက်၌ ငါးဒန်အသားမျှင် ၊တံသွယ်ချိုသန့် ၊ငါးရံ့ပြားလတ်ကြီး ၊ရခိုင်ငါးကွန်းရှပ် ၊ ငါးနီတူခေါင်းပြတ်၊ ငါးနီတူခြွေသေး၊ ငါးကြင်းကောင်၊ သင်လုံးလတ်ကြီး၊ ငါးကျည်းအလတ် ၊ငါးရံ့ပြားလတ်ကြီး၊ ငါးရံ့လုံးကြီး၊ ငါးနီတူခေါင်းပါ၊ ငါးကြင်းတုံး၊ငါးဂျီးကြီး၊ ငါးခုံးမ စသည်ဖြင့် ငါးခြောက်အမျိုးအစားအလိုက်တစ်ပိသာလျှင် ကျပ်၈,၀၀၀မှ ၈၈,၀၀၀ကျပ် စသည့်ဖြင့်ဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။
ငါးခြောက်ဈေးကွက်အနေဖြင့်ပွဲရုံကြီး များတွင်လက်ကားဝယ်ယူမှု နည်းသော်လည်းအွန်လိုင်းမှတဆင့်လက်လီဝယ်ယူမှုမှာမူ ရောင်းအားရှိ ကြောင်းယခုကာလသည်အလှူမင်္ဂလာပြုလုပ်သူ များပြားသည့်အတွက် ငါးခြောက်ဝယ်လိုအားပိုမိုကောင်းလာကြောင်း သိရသည်။
#Local_News #ငါးခြောက်ဈေးကောင်းရနေ #ကုန်ကြမ်းပေါများချိန် #YMG/ NN#Yangon-Times
#Local_News
Published 18March 2024
ယခုဘဏ္ဍာနှစ်ဆယ့်တစ်လကျော်ကာလအတွင်းပြည်ပသို့သတ္ထုတွင်းထွက်တင်ပို့မှုမှအမေရိကန်ဒေါ်လာသန်း၂၅၀ ကျော်ရရှိပြီး ယခင်ကာလတူထက်သန်း ၆၀ ကျော်လျော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ုကြီးဌာနမှသိရသည်။
၂၀၂၃-၂၄ဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့အထိ ပြည်ပနိုင်ငံများသို့ သတ္ထုတွင်းထွက် တင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ(၃၃ဒသမ၂၅၅) သန်းရရှိပြီးပုဂ္ဂလိကပိုင်မှအမေရိကန်ဒေါ်လာ(၂၂၃ဒသမ၁၈၅)သန်းရရှိသည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ (၂၅၆ဒသမ၄၄၀) သန်းရရှိကြောင်း သိရသည်။
ယခင်နှစ်ကာလတူအချိန်တွင် ပြည်ပသို့ သတ္ထုတွင်းထွက်တင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ(၂၂ဒသမ၄၁၉) သန်းရရှိပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ (၃၀၀ဒသမ၉၄၇) သန်းရရှိသည့်အတွက်စုစုပေါင်းအမေရိကန်ဒေါ်လာ (၃၂၃ဒသမ၃၆၆) သန်းရရှိခဲ့ရာ ယခုဘဏ္ဍာနှစ်တွင်ယခင်ကာလတူထက်အမေရိကန်ဒေါ်လာ(၆၆ဒသမ၉၂၆)သန်းလျော့နည်းကြောင်း သိရသည်။
၂၀၂၃-၂၄ ဘဏ္ဍာနှစ်ဆယ့်တစ်လကျော်တွင်ပြည်ပသို့သတ္ထုတွင်းထွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၂၅၆ဒသမ၄၄၀) သန်းရရှိခဲကြောင်း ပြည်ပသို့တင်ပို့သည့်ကျောက်မျက်ရတနာများမှာ ရွှေ ၊ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ ခဲ ၊ခဲမဖြူ၊ အဖြိုက်နက် ၊ငွေ၊ ကြေးနီ၊ သွပ်၊ ကျောက်မီးသွေးနှင့်အခြား သတ္တုအမျိုးမျိုးကိုတင်ပို့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်များ တင်ပို့ရာပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း(၁၃၇၁၆ဒသမ၂၄၆) သန်းရရှိထားကြောင်း သိရသည်။
#Local_News #အမေရိကန်ဒေါ်လာသန်း၂၅၀ကျော်ရရှိ #ယခင်နှစ်ထက်သန်း ၆၀ ကျော်လျော့နည်း #YMG/ NN #Yangon_Times
#Local_News
Published 18 March 2024
၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှစ၍ တာချီလိတ်နယ်စပ်ဒေသတွင် တင်သွင်း/တင်ပို့လုပ်ငန်းများနှင့်ဆက်စပ်သည့် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို MACCS စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ကြေညာချက်အရသိရသည်။
အကောက်ခွန်ဦးစီးဌာနသည် ရန်ကုန်ဧရိယာ၊ မြဝတီနယ်စပ်ဒေသ၊ မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့တွင် မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်(Myanmar Automated Cargo Clearance System)ကို အသုံးပြုလျက်ရှိပြီး ယခုအခါ တိုးချဲ့ဒေသအဖြစ် တာချီလိတ်နယ်စပ်ဒေသတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှစတင်၍ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်နယ်စပ်ဒေသတွင် MACCS စနစ် အောင်မြင်စွာ အသုံးပြုနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကုန်သွယ်မှုဆက်စပ်ဌာနများ၊ တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း၊ တာချီလိတ်မြို့ရှိ ကုန်ပစ္စည်းတင်သွင်း/ တင်ပို့သည့် ကုမ္ပဏီများနှင့် အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ခဲ့ရာ ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း၊ MACCS User များအတွက် စနစ်အသုံးပြုမှုဆိုင်ရာ စာတွေ့လက်တွေ့သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းနှင့် စနစ်စမ်းသပ်အသုံးပြုခြင်း (Running Test) တို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် တာချီလိတ်နယ်စပ်ဒေသနှင့်ဆက်စပ်သည့် ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်ရှိ စစ်ဆေးရေးစခန်းများတွင် တင်သွင်း/တင်ပို့လုပ်ငန်းများနှင့် ဆက်စပ်သည့် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို MACCS စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်သဖြင့် တာချီလိတ်နယ်စပ်ဒေသတွင် တင်သွင်း/တင်ပို့လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် အကောက်ခွန်ဝန်ဆောင်မှုဆောင်ရွက်သူများအနေဖြင့် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို မတ်လ၂၂ ရက်နေ့မှစ၍ MACCS စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။
#Local_News #MACCS စနစ် #အကောက်ခွန်ဆိုင်ရာကုန်ပစ္စည်း #YMG/LW #Yangon_Times
#Local_News
Published_ 18 March 2024
ယခုတစ်ပတ်စားအုန်းဆီဈေးသည် ပြီးခဲ့သည့်အပတ်နှင့်သိပ်မကွာဘဲ ဈေးနှုန်းတန့်နေကြောင်း သိရသည်။
ပြီးခဲ့သည့်အပတ်က စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၅၂၁၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယခုအပတ်မှာတော့တစ်ပိဿာ ကျပ် ၅၂၅၀ကျပ်သတ်မှတ်သည့် အတွက် ၃၅ကျပ်သာဈေးကွာခြားမှုရှိခဲ့သည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုသည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ မတ် ၁၈ ရက်မှ မတ် ၂၄ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၂၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း၊
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အပတ်စဉ် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကိုသိရှိလိုပါက စားသုံးသူရေးရာ ဦးစီးဌာန၏ Website: www.doca.gov.mm ၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#Local_News #စားအုန်းဆီဈေးမတက် #စားအုန်းဆီဈေး၅၂၅၀ကျပ်သတ်မှတ် #tthl #Yangon_Times
#Local_News
Published_ 18 March 2024
အင်ဒိုနီးရှားနိုင်ငံ၊ ဘိုဂေါမြို့ရှိ ဝိဟာရဝိပဿနာ ဂီရိရတနာကျောင်း၌ မတ် ၁၆ ရက်တွင် ပြုလုပ်သည့် ကျောင်းဆောင် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားနှင့် သံဃာအပါး (၅၀) ရဟန်းခံ သိမ်တက် မင်္ဂလာအခမ်းအနားများသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီး ဦးအောင်မျိုးမြင့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ကျောင်းဆောင် အုတ်မြစ်ချ အခမ်းအနားကို အင်ဒိုနီးရှား နိုင်ငံရှိ ဗုဒ္ဓဘာသာဝင် များမှ ကမကထပြုလုပ်ခဲ့ရာ၊ အာဆီယံဆိုင်ရာ ထိုင်းအမြဲတမ်း ကိုယ်စားလှယ် H.E. Urawadee Sriphiromya နှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်တို့မှ အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ်ပါတယ်။
ထို့ပြင် သံဃာအပါး(၅၀) ရဟန်းခံသိမ်တက် မင်္ဂလာအခမ်းအနားသို့ မြန်မာ သံအမတ်ကြီးနှင့်အဖွဲ့ တက်ရောက်၍ နဝကမ္မအလှူငွေများ ထည့်ဝင်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံတွင် ဝိဟာရ ဝိပဿနာ ဂီရိရတနာ ကျောင်းတော် တည်ရှိခဲ့သည် မှာ နှစ်ပေါင်း (၂၀) ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း၊ ၂၀၂၄ ခုနှစ်တွင် ဗုဒ္ဓဘာသာ ဝိပဿနာကျောင်းတော်အဖြစ် တရားဝင်သတ်မှတ်ခံရတာဖြစ်ကြောင်း သိရပါတယ်။
#Local_News #ဝိဟာရဝိပဿနာဂီရိရတနာကျောင်း #သံဃာအပါး (၅၀) ရဟန်းခံသိမ်တက်ပွဲပြုလုပ် #Ymg_mnn #Yangon_Media_Group
#Local_News
Published 18 March 2024
မလေးရှားနိုင်ငံတွင် သံဖြင့်ပြုလုပ်သော သံထည်လုပ်ငန်းလုပ်ကိုင်သော စက်ရုံတွင် အလုပ်လုပ်နေစဥ် သံချောင်းဖြတ်ရာတွင်အသုံးပြုသော (ဂတ်စ်အိုး)ပေါက်ကွဲကာ သေဆုံးခဲ့သည့်မြန်မာလုပ်သားနှစ်ဦးအား ယနေ့သဂြိုလ်မည်ဖြစ်ကြောင်း ကပုန်းမြို့ ရှိမြန်မာလူမူကူညီရေးအသင်း (မလေးရှား)မှ သိရသည်။
တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ကုန်းဇရပ်ကျေးရွာတွင်နေထိုင်သော (ကိုပြည့်စုံဖြိုး) အသက် (၃၃)နှစ် နှင့်စစ်ကိုင်းတိုင်း တန်းဆည်မြို့နယ် ရွှေကြာတန်းကျေးရွာတွင်နေထိုင်သော (ကိုရှိုင်းအောင်) အသက် (၂၉)-နှစ်တို့သည် မလေးရှားနိူင်ငံ ဆလန်းကောပြည်နယ် ပူချွန်းမြို့ သံဖြင့်ပြုလုပ်သော သံထည်လုပ်ငန်းလုပ်ကိုင်သော စက်ရုံတွင် အလုပ်လုပ်နေစဥ် သံချောင်းဖြတ်ရာတွင်အသုံးပြုသော (ဂတ်စ်အိုး)ပေါက်ကွဲကာ ဖေဖော်ဝါရီ ၂၃ရက်နေ့တွင်ကွယ်လွန် အနိစ္စရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကျန်ရစ်သောခန္ဓာကိုယ်ကို (မလေးရှားနိုင်ငံ ပူချွန်းမြို့(၁၄)မိုင်တွင်ရှိသော မီးသဂြိုလ်စက်၌ မတ်လ ၁၈ ရက်နေ့ နံနက် (၁၁)နာရီတွင် သဂြိုလ်မည်ဖြစ်ကြောင်း ကပုန်းမြို့ ရှိမြန်မာလူမူကူညီရေးအသင်း (မလေးရှား)မှကအသိပေး ထားသည်။
#Local_News #(ဂတ်စ်အိုး)ပေါက်ကွဲ #မြန်မာလုပ်သားနှစ်ဦးသေဆုံး #YMG/ NN #Yangon_Times
#World_Politics
Published 18 March 2024
တနင်္ဂနွေနေ့က ပြီးဆုံးခဲ့တဲ့ ရုရှားနိုင်ငံ ရွေးကောက်ပွဲမှာ သမ္မတ ဗလာဒီမာပူတင်က ဆိုဗီယက်ခေတ်နောက်ပိုင်း စံချိန်တင် အပြတ်အသတ် အနိုင်ရခဲ့ပြီး အရင်ကတည်းက အာဏာချုပ်ကိုင်ထားနိုင်တဲ့ကြားထဲက ပိုမိုအာဏာမြဲလာတဲ့သဘော ဖြစ်ပါတယ်။
အနောက်နိုင်ငံကို ဆန့်ကျင်ရင်ဆိုင်ပြီး ယူကရိန်းကို တပ်သားတွေ လွှတ်လိုက်တာ ရုရှားအနေနဲ့ မှန်ကန်တယ်ဆိုတာကို ပြသရာ ရောက်တယ်လို့ ပူတင်ကဆိုပါတယ်။
KGB ဒုဗိုလ်မှူးကြီးဟောင်း ဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ ပထမဆုံးအာဏာရလာတဲ့ ပူတင်က ထိုရွေးကောက်ပွဲရလဒ်ဟာ အနောက်တိုင်းခေါင်းဆောင်တွေအနေနဲ့ နောင်နှစ်များစွာတိုင်အောင် စစ်ဖြစ်နေသည်ဖြစ်စေ ငြိမ်းချမ်းရေး ရနေသည်ဖြစ်စေ ယုံကြည်ချက်မြင့်လာတဲ့ ရုရှားကို လက်ခံရင်ဆိုင်သွားရလိမ့်မယ်လို့ ရှင်းလင်းပြောကြားသွားပါတယ်။
အသက် ၇၁ နှစ်ရှိပူတင်က သမ္မတသက်တမ်း နောက်ထပ် ၆ နှစ်တာဝန်ယူရမှာဖြစ်ကာ သက်တမ်းပြည့်မြောက်ပါက ဟိုဆက်ဖ်စတာလင်ကို ကျော်လွန်ပြီး ရုရှားရဲ့ သက်တမ်းအကြာဆုံး ခေါင်းဆောင် ဖြစ်လာမှာပါ။
စစ်တမ်းကြေညာချက်အရ ပူတင်ဟာ ၈၇.၈ မဲရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့တာဖြစ်ပြီး ဆိုဗီယက်ခေတ်နောက်ပိုင်း အများဆုံးရလဒ် ဖြစ်ပါတယ်။
နိုင်ငံရေးပြိုင်ဘက်တွေနဲ့ စိစစ်ဖြတ်တောက်သူတွေကို အကျဥ်းချထားတာတွေကြောင့် မဲဆန္ဒပေးပွဲက လွတ်လပ်မျှတမှာ မဟုတ်ဘူးလို့ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများက ပြောပါတယ်။
ကွန်မြူနစ်ကိုယ်စားလှယ် နီကိုလိုင်ခါရီတိုနော့ဗ်က ၄ ရာခိုင်နှုန်းအောက်ဖြင့် ဒုတိယနေရာ၊ မျက်နှာသစ်ကိုယ်စားလှယ် ဗလာဒီဆလပ်ဒါဗန်ကော့ဗ်က တတိယနေရာ၊ အမျိုးသားဝါဒီစွန်းရောက် လီယိုနစ်ဆလုစကီက စတုတ္ထနေရာ အသီသီးရှိခဲ့ပါတယ်။
ယူကရိန်းမှာ အထူးစစ်ဆင်ရေး ပြုလုပ်တာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတာဝန်တွေနဲ့ ရုရှားစစ်တပ် ခိုင်မာရေးတို့ကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပူတင်က မော်စကိုမှာ အောင်ပွဲခံမိန့်ခွန်း ပြောကြားသွားပါတယ်။
ရုရှားကို ဖိနှိပ်ဆန့်ကျင်ချင်တဲ့သူတွေ အခုလည်း မအောင်မြင်သလို နောင်လည်းဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ကြွေးကြော်လိုက်ပါတယ်။
အတိုက်အခံခေါင်းဆောင် အဲလက်ဇိုင်းနေဗယ်နီ အာတိတ်အကျဥ်းထောင်ထဲမှာ ပြီးခဲ့တဲ့လက သေဆုံးခဲ့တာကြောင့် မဲပေးရုံတွေမှာ ပူတင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြကြပေမယ့် ပူတင်က ထိုရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ဆန်ပြီး ဆန္ဒပြမှုတွေက ရွေးကောက်ပွဲရလဒ်တွေကို သက်ရောက်နိုင်မှာ မဟုတ်ကြောင်း သတင်းထောက်တွေထံ ပြောပြခဲ့ပါတယ်။
၃ ရက်တာ ရွေးကောက်ပွဲအတွင်း ယူကရိန်းဘက်က ရုရှားရှိ ရေနံချက်စက်ရုံများ ၊ ရုရှားနေရာများကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကာ ရုရှားနယ်စပ်များကို ထိုးဖောက်ရန် ကြိုးပမ်းခဲ့ပါတယ်။
ရုရှားမြို့များရှိ မဲရုံတွေမှာ မဲပေးသူပေါင်း ရာထောင်ချီ တန်းစီနေတာ မြင်တွေ့ရပြီး အထူးသဖြင့် လူငယ်တွေများပြားတာကို ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရပါတယ်။
#World_Politics #ရုရှားသမ္မတရွေးကောက်ပွဲ #ပူတင်မဲအပြတ်အသတ်အနိုင်ရ #Source: Reuters
#World_Health
Published 18 March 2024
ယနေ့ခေတ်မှာ လူတွေဟာ အိမ်သာတက်ရင်း လက်ကိုင်ဖုန်းအသုံးပြုကြပြီး အချိန်ကြာမြင့်စွာ ထိုင်နေတတ်ကြပါတယ်။
ဒါဟာ အချိန်ကြာလာတာနဲ့အမျှ အန္တရာယ်ဖြစ်လာနိုင်ပြီး ကာကွယ်လျှော့ချနိုင်မယ့် နည်းလမ်းတွေကို အစာအိမ်နဲ့ အူလမ်းကြောင်း ဆရာဝန် အဲလက်ရှာဘူခရစ္စက ပြောပြသွားပါတယ်။
ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကတော့
(၁) သွေးလိပ်ခေါင်း
မာတဲ့မျက်နှာပြင်ပေါ်မှာ ကြာမြင့်စွာထိုင်ခြင်းက သွေးကြောများ ရောင်ရမ်းစေပြီး မအီမသာဖြစ်နိုင်ကာ ဝမ်းသွားစဥ် သွေးထွက်ခြင်းပင် ဖြစ်နိုင်ပါတယ်။
(၂) အူဆန့်ခြင်း
ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အူထဲမှာ ဖိအားများလာကာ ဝမ်းသွားရ ခက်ခဲလာပါတယ်။
(၃) တင်ပါးဆုံရိုးအားနည်းလာခြင်း
တင်ပါးဆုံကြွက်သားတွေက ဆီးအိမ်နဲ့ အစာဟောင်းအိမ်တို့ကို ထောက်ပံ့ထားတာကြောင့် အဆိုပါကြွက်သားများ အားနည်းသွားတဲ့အခါ ဆီးအကုန်မသွားနိုင်တာမျိုး ဖြစ်လာပါတယ်။
ထိုအန္တရာယ်တွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကတော့
(၁) အိမ်သာထဲမှာ ထိုင်တဲ့အချိန် အရမ်းမကြာစေဘဲ လိုအပ်သလောက် ကိစ္စပြီးတဲ့အခါ ပြန်ထသင့်ပါတယ်။
(၂) ထိုင်တဲ့အခါ ကိုယ်နေဟန်ထား မှန်ကန်စွာထားသင့်ပါတယ်။
(၃) ခြေထောက်ကို ခုံပုပေါ်တင်ထားခြင်းဖြင့် အူလမ်းကြောင်းကို သဘာဝကျကျ ရှိနေစေပါတယ်။
(၄) ရေများများသောက်ခြင်း၊ ရေဓာတ်ပါတဲ့ အစားအစာ စားခြင်းတို့ဖြင့် ဝမ်းကိုပျော့ပျောင်းစေပါတယ်။
(၅) အိမ်သာတက်တဲ့အခါ အခက်အခဲ တွေ့လာပြီဆိုရင် ကျွမ်းကျင်သူများနဲ့ တိုင်ပင်သင့်ပါတယ်။
#World_Health #အချိန်ကြာမြင့်စွာအိမ်သာတက်ခြင်း #ကျန်းမာရေးဆိုးကျိုးပြဿနာများကြုံတွေ့#Source: The Jerusalem Post
#World_Health
Published 18 March 2024
အိပ်စက်ခြင်းနဲ့ စိတ်ဖိစီးမှုတို့ဟာ ခန္ဓာကိုယ်လုပ်ဆောင်ချက်တိုင်းနီးပါးကို သက်ရောက်နေပါတယ်။
ထိုနှစ်မျိုးက အလုံးစုံကျန်းမာရေးပေါ် သက်ရောက်နေသလို အထူးသဖြင့် အမျိုးသမီးတွေမှာ နှလုံးသွေးကြောစနစ်ပေါ် သိသိသာသာ သက်ရောက်နေတယ်လို့ မကြာသေးမီက တွေ့ရှိထားပါတယ်။
ရောဂါအများစု ဖြစ်ရတဲ့အထဲမှာ စိတ်ဖိစီးမှုအကြောင်းကို သိပ်ပြီးသတိမထားမိကြပါဘူး။
နှလုံးရောဂါတွေက အဖြစ်နိုင်ဆုံးဖြစ်ပြီး ကိုယ်ခံအားနည်းခြင်း၊ ဟော်မုန်းမမှန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရင်ကြပ်ခြင်း၊ ကြွက်သားအရိုးငြမ်း မူမမှန်ခြင်း၊ အူလမ်းကြောင်း ကျန်းမာရေးပြဿနာတို့လည်း ဖြစ်နိုင်ပါတယ်။
ဖိစီးမှုကို ကြာရှည်စွာ ခံစားရတဲ့အခါ သွေးတိုးလာနိုင်ပြီး နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေများလာပါတယ်။
အမျိုးသမီးတွေဟာ ဟော်မုန်းများ၊ လူမှုအခြေအနေများ၊ ဖိစီးမှုများကြောင့် စိတ်ဖိစီးမှုဒဏ်ကို ပိုမိုကြုံတွေ့ရနိုင်သလို အိပ်စက်မှုပြဿနာလည်း အမျိုးသားတွေထက် ပိုမိုခံစားရနိုင်ပါတယ်။
နှလုံးသွေးကြောကျန်းမာရေးမှာ အိပ်စက်မှုက အရေးပါတာကြောင့် အိပ်ရေးမဝပါက ရောင်ရမ်းခြင်း၊ သွေးတိုးခြင်း၊ ဂလူးကို့စ် ဇီဝကမ္မဖြစ်စဥ် ချွတ်ယွင်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
အိပ်ရေးမဝပါက ဖိစီးမှုတုန့်ပြန်ခြင်းကို ပိုမိုဆိုးရွားစေကာ ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာများကို ပိုဆိုးစေပါတယ်။
နှလုံးကျန်းမာရေးအတွက် နည်းလမ်းတွေကတော့ တရားထိုင်ခြင်း ယောဂကျင့်ခြင်း ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အိပ်ချိန်ပုံမှန်သတ်မှတ်ခြင်းနဲ့ အိပ်ရာမဝင်မီ စိတ်ပြေလျော့စေရန် ကျင့်ကြံခြင်း၊ လူမှုအားပေးမှု ကွန်ရက်များမှာ ပါဝင်ခြင်းနဲ့ ပညာရှင်များထံမှ အကြံဉာဏ်ရယူခြင်းတို့ ပါဝင်ပါတယ်။
#World_Health #စိတ်ဖိစီးမှုလျှော့ချ #ကောင်းစွာအိပ်စက်ရန်လိုအပ် #Source: India Today
၁၇ မတ် ၂၀၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ပဲခူးတက္ကသိုလ်အနီး၌ တည် ထားပူဇော်သည့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော ရှေးဟောင်း သမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ယနေ့(မတ်၁၇ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓဇ သန်လျင် မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် မိသားစုဝင်များ၊ ကောင်စီတွဲဖက်အတွင်း ရေးမှူးနှင့်ကောင်စီဝင်များ၊ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူတိုင်းဒေသကြီးဝန်ကြီးချုပ်များ၊စေတနာရှင် အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့ များနှင့် ဒေသခံတိုင်းရင်သားပြည်သူတွေ စည်ကားစွာတက်ရောက်ခဲ့ကြပါတယ်။
မင်္ဂလာအချိန်တွင် ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီး မိသားစုဝင်များ၊ အဖွဲ့ဝင်များ၊ အခမ်း အနား တက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့က မင်္ဂလာ ကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီ တော်အထွတ်သို့ ပင့်ဆောင်ကြပြီးနောက် ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့ဝင်များသည် ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော် အထွတ်၌ တင်လှူပူဇော်ခဲ့ကြပါတယ်။
အဆိုပါရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးသည် လွန်ခဲ့ သောနှစ်ပေါင်း ၁၀၀၀ ခန့် သာသနာသက္ကရာဇ် ၁၄၇၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၂၉၄ ခုနှစ် ပဲခူး ဟံသာဝတီခေတ်တွင် ထီးနန်းစိုးစံခဲ့ကြသည့် သမလမင်းဆက် (၁၇) ဆက် အနက် အဋ္ဌမမြောက် မွန်မင်းဆက်ဖြစ်သည့် ဂိဇ္ဈဓိယမင်းနှင့် မိဖုရားတို့ တည်ထားကိုးကွယ်ခဲ့သည့် ကျိုက်ပညာယျ၊ ကျိုက်ပုညယျ၊ ကျိုက်မာလာယျ စေတီတော်မြတ် များအနက် ဉာဏ်တော်အမြင့်ဆုံးစေတီဖြစ်ကြောင်းသိရှိရပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် စေတီတော်ကြီး ပြုပြင်မွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများ ဗိုလ်ချုပ်မှူးကြီး၏လမ်းညွှန်မှုဖြင့် ပြန်လည်စတင်နိုင်ခဲ့ပြီး ခုနှစ်ရက်သားသမီး စေတနာ ရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်။
@ymg/knl
#Local_News
Published 17 March 2024
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ပညာရေး ဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ AFC-MFF(C) လိုင်စင်နည်းပြ သင်တန်းကို လယ်ဝေးမြို့နယ်တွင် ဖွင့်လှစ်ပြီးစီးခဲ့ကြောင်းသိရသည်။
သင်တန်းအား ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁၂ ရက်အထိ ပို့ချသင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး သင်တန်းသား ၂၄ ဦး တက်ရောက်သင်ယူခဲ့သည်။
မတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် သင်တန်းဆင်းပွဲတွင် ပညာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ သင်တန်းဆရာများနှင့်ကြီးကြပ်သူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား ချီးမြှင့်ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် နည်းပြသင်တန်း၊ ဒိုင်သင်တန်းနှင့် ဒေသတွင်း ဘောလုံးဖွံ့ဖြိုးရေး သင်တန်းများအား ဖွင့်လှစ်ရန်နှင့် လူငယ် ပြိုင်ပွဲများ ပူးပေါင်းကျင်းပသွားရန်၊ အမျိုးသမီးဘောလုံး ဖွံ့ဖြိုးရေး၊ လူငယ်ကစားသမားများ၏ ပညာရေး လစ်ဟင်းမှု မရှိစေရေးနှင့် ကစားသမားကောင်းများ ပေါ်ထွက်လာရေး အစရှိသည့် ဒေသအလိုက် ဘောလုံးတိုးတက်ရေး လုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ် အဖွဲ့ချုပ်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_17 March 2024
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (၇)ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေး (7 NCA-S EAO Summit) စတင်နေပြီ ဖြစ်ကြောင်း သိရသည်။
ယင်းကို ယနေ့ မတ်လ ၁၇ ရက်က ၁၉ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်နေခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲ၏အဖွင့်မိန့်ခွန်းကို သဘာပတိ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားရာတွင် လက်ရှိနိုင်ငံရေး အခြေအနေသုံးသပ်ခြင်း အပါအဝင် အခြားအရေးပါသော အကြောင်းအရာများကိုဆွေးနွေးကြမည်ဟုပြောကြား ခဲ့ကြောင်း သိရသည်။
ယင်းအဖွဲ့ (၇)ဖွဲ့၏ ထိန်းချုပ်နယ်မြေဒေသများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်နှင့် စတင်အုပ်ချုပ် သွားရမည် ဖြစ်ကြောင်း၊ ယင်းဒေသရှိလူထုအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာ ရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွားရမည် ဖြစ်ပြီး တစ်ဖက်တွင်လည်း (၇)ဖွဲ့ကြား တူသည်များကိုတွဲလုပ်ကာ မတူသည်များကို ခွဲခြားလုပ်ကိုင်မည်ဆိုသည့် မူအတိုင်း ဆောင်ရွက်သွားရန်လိုကြောင်းလည်း ၎င်းကပြောကြားခဲ့ကြောင်း သိရသည်။
#အပစ်ရပ်လက်မှတ်ထိုး #တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ #Yangon_Times/PP
Page 273 of 1469