သင်္ကြန်တွင်း ခရီးသွားခါနီးမှကားငှားရင် ဈေးအဆမတန်ကြီးမြင့်တာရော၊ Pageအတုတွေကခရီးသွား package တွေဝယ်ပြီး အလိမ်ခံရတာတွေပါ ကြုံတွေ့နိုင်တယ်။ ကားစီးလုံးငှားဝန်ဆောင်မှုလုပ်ငန်းတွေကို ကြိုတင်ဘိုကင်တင်ကာ မိမိစိတ်ကြိုက်ကားတွေကို ရွေးချယ်ကာ စရန်ငွေတွေလွှဲကာ စီစဉ်ထားသင့်တယ်။ ကားစီးလုံးငှားဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၁ မတ် ၂၀၂၄
ဗီယက်နမ်လွှတ်တော်က သမ္မတဗိုဗန်သွန်းရဲ့ နှုတ်ထွက်စာကို မတ်၂၁ရက် ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပါ တယ်။ အာဏာရ ဗီယက်နမ်ကွန်မြူနစ်ပါတီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရှိန်မြှင့်တင်ဆောင်ရွက်နေရာမှာ သမ္မတ နှုတ်ထွက်လိုက်ရခြင်းဟာ ထိပ်တန်းအရာရှိကြီးတွေ နှုတ်ထွက်ရတာတွေထဲက နောက်ဆုံးဖြစ်ပါတယ်။
အသက်၅၃နှစ်အရွယ်ရှိ သွန်းဟာ ဗီယက်နမ်မှာ တစ်နှစ်အတွင်း ဒုတိယမြောက်နှုတ်ထွက်လိုက်ရတဲ့ သမ္မတဖြစ်ပါတယ်။ ဗီယက်နမ်မှာ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအစီအစဉ်မှာ ယခုတလော ခေါင်းဆောင်တွေအပြောင်းအလဲတွေ ရှိနေပါ တယ်။
သွန်းနေရာမှာ ဘယ်သူဆက်ခံမလဲဆိုတာ နိုင်ငံပိုင်မီဒီယာက မကြေညာပေမယ့် ဗီယက်နမ်အခြေခံဥပဒေအရ ဒုတိယ သမ္မတဗိုသီအန်ရှန်ဟာ သမ္မတနေရာ တာဝန်ယူရမှာဖြစ်ပါတယ်။
ဗီယက်နမ်သမ္မတဟာ နိုင်ငံရဲ့ ပွဲတက်ရာထူးကြီးတစ်ခုမျှသာဖြစ်ပေမယ့် နိုင်ငံရဲ့ စတုတ္ထမြောက် ထိပ်ဆုံးနိုင်ငံရေရာထူးတော့ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ဗီယက်နမ်ရဲ့ အမျိုးသားလွှတ်တော်က သွန်ရဲ့ နှုတ်ထွက်စာကို လက်ခံခဲ့ပြီး သူ့ကို ထိပ်ဆုံးအဆုံး အဖြတ်ပေးတဲ့အဖွဲ့ဖြစ်တဲ့ ပေါလစ်ဗျုရိုနှင့် နိုင်ငံရဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအကြီးအကဲရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဗီယက်နမ်ပါတီဗဟိုကော်မတီက သွန်းဟာ ပါတီစည်းကမ်းတွေကိုချိုးဖောက်ခဲ့တယ်လို့ပြောပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှု တွေဟာ ပြည်သူတွေရဲ့ အမြင် မှာ ဆိုးရွားစေပြီး ပါတီရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် ဘာအမှားလုပ်ခဲ့တယ်ဆိုတာကိုတော့ အတိအကျပြောမသွားပါဘူး။
ဒုသမ္မတရှန်ဟာဗီယက်နမ်နိုင်ငံရေးမှာ အကြီးတန်းရာထူးရထားတဲ့ အနည်းငယ်မျှသော အမျိုးသမီးတွေထဲက တစ်ဦးပါ။ သူမဟာ တစ်နှစ်မပြည့်ခင်ကလေးမှာပဲ သမ္မတတာဝန်ရယူရမှာဖြစ်ပါတယ်။ သူမဟာ မနှစ်က စည်းကမ်းဖောက်ဖျက်မှုနှင့် အမှားလုပ်မှုကြောင့် သမ္မတ ဂုယင်ရှန်ဖူး နှုတ်ထွက် ပေးလိုက်ရကတည်းက ဒုသမ္မတဖြစ်လာခဲ့သူပါ။
သွန်းဟာ အိုမင်းနေပြီဖြစ်တဲ့ ပါတီအထွေထွေအတွင်းရေးမှူး ငုယင်ဖူသရွန်းနှင့် နီးကပ်သူလို့ သိထားခံခဲ့ရသူဖြစ်ပါတယ်။ ငုယင်ဖူသရွန်းဟာ ဗီယက်နမ်ရဲ့ အာဏာအရှိဆုံးသူဖြစ်ပြီး လက်ရှိ အဂတိကိစ္စတွေကို ပြင်းပြင်ထန်ထန်ကိုင်တွယ်ကာ အကြီး တန်းအရာရှိတော်တော်များများကို ဖြုတ်ပစ်နေသူဖြစ်ပါတယ်။
@Source Reuters
@knl/ymg
Published 21 March 2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဦးဘချိုလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း
မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။
မတ်လ ၂၁ရက် မနက် ၄နာရီ ၄၅မိနစ်ခန့် က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြောင်းမြမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ကွယ်လွယ်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မြောင်းမြခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီး၊ အိမ်မဲမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၁၀ မိနစ် အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 March 2024
အရူနာချယ်လ်ပရာဒစ်ရှ်ဒေသကို အိန္ဒိယနိုင်ငံ အစိတ်အပိုင်းအဖြစ် အမေရိကန်အစိုးရက အသိအမှတ်ပြုလိုက်ကာ တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းရှိ နယ်စပ်ကို ပိုင်ဆိုင်တယ်ဆိုတဲ့ သဘောဖြင့် တစ်ဖက်သတ် ကြိုးပမ်းနေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို အပြင်းအထန် ကန့်ကွက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
နျူကလီးယားလက်နက်ပိုင် တရုတ်နဲ့ အိန္ဒိယတို့ဟာ ၃၀၀၀ ကီလိုမီတာလောက်အထိ နယ်နိမိတ်ထိစပ်နေပြီး အများစုက နယ်မြေသေချာ ပိုင်းခြားထားခြင်း မရှိပါဘူး။
တရုတ်က အရူနာချယ်လ်ပရာဒစ်ရှ်ကို တိဘက်တောင်ပိုင်းနယ်မြေအဖြစ် ပြောဆိုသတ်မှတ်လိုက်ကာ ဒါကိုအိန္ဒိယက ငြင်းဆန်လိုက်ပြီး အရူနာချယ်လ်ပရာဒစ်ရှ်ဟာ အရင်ကတည်းက အိန္ဒိယနယ်မြေ ဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
အရူနာချယ်လ်ပရာဒစ်ရှ်နဲ့ ပတ်သက်ပြီး တရုတ်က ပိုင်ဆိုင်တယ်လို့ မဟုတ်မမှန် ဆိုနေကြောင်း၊ ထိုနယ်စပ်က အိန္ဒိယကနေ ခွဲထုတ်လို့မရတဲ့ တစ်သားတည်းနယ်မြေအဖြစ် အမြဲတမ်းရှိနေခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
၂၀၂၀ ခုနှစ်က ဟိမဝန္တာအနောက်ဘက် နယ်စပ်တလျှောက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ အနည်းဆုံး အိန္ဒိယစစ်သား အယောက် ၂၀ နဲ့ တရုတ်စစ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။
ထိုတိုက်ပွဲများနောက်ပိုင်း နယ်စပ်တလျှောက်မှာ နှစ်နိုင်ငံစစ်တပ်မှ နေရာအခိုင်အမာချထားပြီး တပ်သားများ လက်နက်များ ပိုမိုဖြန့်ကျက်ထားခဲ့ပါတယ်။
ယင်းတို့နှစ်နိုင်ငံဟာ ၁၉၆၂ ခုနှစ်က နယ်စပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။
လတ်တလောနှစ်တွေမှာ အာရှနဲ့ အင်ဒိုပစိဖိတ်ဒေသတွေမှာ တရုတ်လွှမ်းမိုးမှု မြင့်မားလာတာကို တုန့်ပြန်တဲ့အနေဖြင့် အမေရိကန်နဲ့ အိန္ဒိယတို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်လာတယ်လို့ သုံးသပ်ရပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ဟာ ကုန်သွယ်ရေးအခွန်၊ ကိုဗစ်ကပ်ရောဂါ မူရင်းဇာစ်မြစ်၊ လူ့အခွင့်အရေး၊ ထိုင်ဝမ်အရေး၊ ဟောင်ကောင်ရှိ တရုတ်အမျိုးသားလုံခြုံရေး ဥပဒေတို့နဲ့ ပတ်သက်ပြီး ဆက်ဆံရေးတင်းမာနေတာ နှစ်တွေကြာနေပြီ ဖြစ်ပါတယ်။
Source: Reuters
#World_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပွဲအစကို ဂိုးမရှိရလဒ်နဲ့ စရတာမို့ အသင်းတိုင်းမှာ အခွင့်အရေး ရှိစမြဲပါ။ မြောက်ကိုရီးယားနဲ့ ကစားတဲ့ပွဲမှာ ကျွန်တော်တို့ ပထမပိုင်း မိနစ် ၃၀ လောက်အထိ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ အဲဒီလိုမျိုး ဆီးရီးယားနဲ့ပွဲမှာလည်း လုပ်နိုင်မယ်လို မျှော်လင့်ထားပါတယ်။ မြန်မာအသင်းနည်းပြချုပ် Miachel Feichtenbeiner
Yangon Times/tthl
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 21 March 2024
ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်အတွင်း ယနေ့ မတ်လ ၂၀ ရက် တွင် ပေ(၇၀)ခန့်နက်သော မိုင်းဟန်ချောင်း ထဲသို့ Honda Fit ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်၍ ၂ ဦးသေ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သိရသည်။
မိုင်းယောင်းမြို့နယ်၊ မိုင်းဟန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၃၂/၂)နှင့် (၃၂/၃)ကြားတွင် အဆိုပါ Honda Fit အမျိုးအစား(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ပေ(၇၀)ခန့်အနက်ရှိ မိုင်းဟန်ချောင်းထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် မိုင်းယောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၃)ဦး စုစုပေါင်း (၅)ဦးအနက် ကျား(၂)ဦး(သေဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ မ(၃)ဦးတို့အား ကြက်ခြေနီအသင်းမှယာဉ်ဖြင့် မိုင်းယောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Yangon Times/PP
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 March 2024
တက္ကဆပ် ဝုဒ်လန်းစ်မှာပြုလုပ်တဲ့ လကမ္ဘာနှင့် ဂြိုဟ်တုသိပ္ပံကွန်ဖရင့် အစည်းအဝေးဟာ ယမန်နှစ်က အဆိုပြုခဲ့တဲ့ သာမန်ထက်ဆန်းကြယ် ဖြစ်ရပ်အကြောင်း ငြင်းခုံရာနေရာ ဖြစ်လာပါတယ်။
၂၀၁၄ ခုနှစ်က ပါပွာနယူးဂီနီအနီးမှာ ကမ္ဘာလုံးကို ထိမှန်ခဲ့တဲ့ ပြင်ပဂြိုဟ်ဥက္ကာခဲ အကြောင်းကို မတ်လ ၁၂ ရက်နေ့မှာ သိပ္ပံနည်းကျ လူကိုယ်တိုင် စစ်ဆေးမှုများ ပထမဆုံးပြုလုပ်ခဲ့ကြောင်း Nature ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရကျောင်းသား ဟိုင်ရောင်ဖူက ပြင်ပဂြိုဟ်မှလို့ ယူဆရတဲ့ ကျောက်တုံးထံမှ အပိုင်းအစများကို တင်ပြခဲ့ပါတယ်။
တကယ်တမ်းတွေ့ရှိသူကတော့ အစည်းအဝေးကို မတက်ရောက်နိုင်တဲ့ အဖွဲ့ခေါင်းဆောင် အေဗီလော့ဘ်ဖြစ်ပြီး သူဟာ ဂြိုဟ်သားတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် အဆိုပြုလေ့ရှိသူအဖြစ် လူသိများပါတယ်။
အစည်းအဝေးမှာ ဟိုင်ရောင်ဖူက ပါပွာနယူးဂီနီအနီး ပင်လယ်ကြမ်းပြင်မှ ရရှိတဲ့ သတ္တုအပိုင်းအစတွေကို ပြသခဲ့ရာ သိပ္ပံပညာရှင်များကြား သံသယများလာခဲ့ပါတယ်။
အများစုက ထိုကျောက်တုံးတွေရဲ့ မူလရင်းမြစ်က ပြင်ပဂြိုဟ်ကဆိုတာကို အယုံအကြည် မရှိကြဘဲ ဖူကတော့ ဒါဟာ လူသားတွေ သိရှိထားတာတွေနဲ့ ကွဲပြားတယ်လို့ ဆိုပါတယ်။
သံသယတွေရှိနေပေမယ့် လော့ဘ်ရဲ့အဆိုပြုချက်တွေနဲ့အညီ သိပ္ပံပညာရှင်များက အဆိုပါ ဆန်းကြယ်ဖြစ်ရပ်ကို စူးစမ်းလေ့လာဖို့ ဆိုလိုက်ပါတယ်။
လော့ဘ်ရဲ့ လေ့လာချက်တွေက ၂၀၁၇ ခုနှစ် ပြင်ပဂြိုဟ်အရာဝတ္ထုများကို ရှာဖွေတွေ့ရှိတဲ့ အူမွာမွာဖြစ်ရပ်ဆီ ပြန်လည်ရောက်ရှိလာပါတယ်။
အူမွာမွာဆိုတာက ကျွန်ုပ်တို့ နေစကြဝဠာစနစ်ကို ရောက်လာခဲ့တဲ့ ပထမဆုံးကြယ်နှစ်ခုကြား အရာဝတ္ထုဖြစ်ပါတယ်။
ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်မှ မြေငလျင်ဗေဒပညာရှင် ဘင်ဖာနန်ဒိုက ၂၀၁၄ ဥက္ကာခဲအဆိုကို စိန်ခေါ်နိုင်မယ့် မြေငလျင်အချက်အလက်များကို တင်ပြခဲ့ပါတယ်။
ဖူက နောက်ထပ်ဆန်းစစ် အကဲဖြတ်တာတွေကို ပြုလုပ်သွားဖို့ ဆိုနေပေမယ့် အငြင်းပွားမှုတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
Source: New York Post
#World_Science
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 March 2024
ဂျပန်အမျိုးသားတစ်ဦးဟာ ခွေးကိုက်ခံရပြီးနောက် ရှားပါးမျက်လုံးပြဿနာ ခံစားနေရပြီး သင့်လျော်တဲ့ ကုသမှုမခံယူပါက သူ့မျက်လုံးဟာ အပြီးတိုင် အကြောသေသွားနိုင်ပါတယ်။
အသက် ၁၉ နှစ်အရွယ် ယောကျ်ားဟာ မျက်နှာလက်ဝဲဖက်ခြမ်းမှာ ဂျာမန်သိုးထိန်းခွေးတစ်ကောင် ကိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ အမေရိကန်ဖြစ်ရပ်မှန်ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဆရာဝန်တွေက လူနာကိုစစ်ဆေးရာမှာ ခွေးအစွယ်ရောဂါလို့ခေါ်တဲ့ ရှားပါးမျက်လုံးတိမ်းစောင်း လက္ခဏာတစ်မျိုး ဖြစ်ပြီး ခွေးကိုက်ခံရပြီးနောက် အပေါ်ဘက်မျက်ခွံကို ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။
မျက်လုံးရွေ့လျားမှုကို လုပ်ပေးတဲ့ ကြွက်သားအရွတ်တွေ ထိခိုက်သွားတာ ဖြစ်ပါတယ်။
လူနာက ဆရာဝန်ဆီသွားပြီး ခွေးကိုက်ရာကြောင့် ပြဲသွားတဲ့ နဖူးပေါ်က ဒဏ်ရာတွေကို ချုပ်လိုက်ရပါတယ်။
နောက် ၃ ရက်အကြာမှာ ဆရာဝန်ထံပြန်သွားရာ မြင်ကွင်းနှစ်ထပ် ဖြစ်နေပြီး လက်ဝဲဖက်မျက်ခွံက ဖူးရောင်နေကာ မျက်လုံးမရွေ့လျားနိုင်ဘဲ ဖြစ်နေပါတယ်။
မျက်လုံးအောက်ဖက်မှာ သွေးကြောအချို့ ပေါက်ထွက်နေပြီး သွေးယိုစိမ့်နေပါတယ်။
ဆရာဝန်တွေက ပိုးသတ်ဆေး ၅ ရက်စာပေးပြီး ဓာတ်မှန်ရိုက်ချက်အရ မျက်လုံးနားတဝိုက် ဖူးရောင်နေတာကြောင့် မျက်လုံးလှုပ်မရတာ ဖြစ်ပါတယ်။
ဒီအတွက် ရောင်ရမ်းခြင်းကို သက်သာစေမယ့် ပရက်ဒ်နီဆုန်းဆေးတွေကို ၂ ပတ်စာပေးလိုက်ပါတယ်။
မျက်လုံးဖူးရောင်တာ သက်သာသွားပေမယ့် အမြင်နှစ်ထပ်ရှိနေဆဲဖြစ်ပြီး မျက်လုံးတွေက စောင်းနေဆဲဖြစ်ပါတယ်။
၇ လအကြာမှာ ဆရာဝန်တွေက ထိခိုက်ထားတဲ့ ကြွက်သားတွေကို ဖယ်ရှားခဲ့ပြီး အနည်းငယ်သက်သာလာပါတယ်။
မျက်လုံးကို ကုသမှုမလုပ်ခဲ့ရင် အပြီးတိုင် အကြောသေသွားနိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
ဒီဖြစ်ရပ်အရ ခွေးကိုက်လူနာတွေကို အမြန်ဆုံးစစ်ဆေး ကုသဖို့က အရေးကြီးနေပါတယ်။
Source: New York Post.
#World_Health
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၀၂၄ ပေကျင်း-ဗီယန်ကျင်း နယ်စပ်ဖြတ်ကျော် ပထမဆုံး ဧည့်ခရီးသွားရထားဟာ တနင်္လာနေ့အစောပိုင်းက တရုတ်မြို့တော်မှ ထွက်ခွာလာပြီး တရုတ်-လာအို ဧည့်ခရီးလုပ်ငန်းနဲ့ ယဥ်ကျေးမှု ဖလှယ်မှုတိုးမြင့်လာစေမှာ ဖြစ်ပါတယ်။
Y445 ခရီးသွားရထားမှာ ခရီးသည် ၄၀၀ ကျော် စီးနင်းလိုက်ပါလာပြီး ပေကျင်းဘူတာရုံမှ ဖြည်းဖြည်းချင်း ထွက်ခွာလာကာ တရုတ်နဲ့ လာအိုတို့ရှိ ရင်သပ်ရှုမောဖွယ်ရှုခင်းများကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
#Asia_Development
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 20 March 2024
၁။ လက်ဝှေ့ရွှေခါးပတ်ချန်ပီယံ ဘိလပ်မြေစတား ရုတ်တရတ်ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်
၂။ မန္တလေး မဟာမုနိဘုရားကြီးတွင် တပေါင်းလပြည့်နေ့ ဆီမီး ၁၀၀၀၀ ပူဇော်ပွဲ ကျင်ပမည်
၃။ ရိုးပြတ်မီးရှို့သည့်နေရာများမှ ထွက်ရှိသည့် ပြောင်းသီးနှံများ တင်သွင်းခြင်းကို ထိုင်းပိတ်ပင်ခြင်းက မြန်မာအပါအဝင်နှစ်ဖက်တင်သွင်း၊ တင်ပို့သည့် နိုင်ငံများ အခက်အခဲရှိနိုင်
၄။ ပေကျင်းနှင့် ဗီယန်ကျင်းတို့ကို ချိတ်ဆက်ထားသည့် ရထားလမ်းတွင် ပထမဆုံးဧည့်ခရီးသွားရထား စတင်ပြေးဆွဲ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 20 March 2024
အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးဌာန မှ တာဝန်ရှိသူများက စက်ရုံ အလုပ်ရုံ များ ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာန၏သတင်း ထုတ်ပြန်ချက်အရသိရသည်။
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအား အသိအမှတ်ပြုသည့်အနေဖြင့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) မှ ချီးမြှင့်သည့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ထူးခြားစွမ်းဆောင်ဆု (ASEAN-OSHNET Excellence Award)၊ ကောင်းမွန်သည့် အလေ့အထကျင့်စဉ် စွမ်းဆောင်ဆု (ASEAN-OSHNET Best Practice Award) များကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ရရှိစေရေး အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ASEAN-OSHNET ၏ သတ်မှတ်ချက်များနှင့်အညီ ၂ နှစ် တစ်ကြိမ် ရွေးချယ်ပေးလျက်ရှိကြောင်းသိရသည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ခြင်း၊ ဆုလျှောက်လွှာထုတ်ယူခြင်းနှင့် တင်သွင်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ASEAN-OSHNET Excellence ဆုအတွက် စက်ရုံ (၁၁) ရုံ၊ ASEAN-OSHNET Best Practices ဆုအတွက် စက်ရုံ (၉) ရုံ လျှောက်လွှာတင်သွင်းခဲ့ကြောင်းသိရသည်။
ဆုရွေးချယ်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ၍ စက်ရုံများအား ကနဦး ရွေးချယ်ခဲ့ရာ ASEAN-OSHNET Excellence Award ဆုအတွက် စက်ရုံ (၁၀) ရုံ၊ ASEAN-OSHNET Best Practice Award ဆုအတွက် စက်ရုံ (၆) ရုံမှ ပဏာမအဆင့်အောင်မြင်ခဲ့ကြောင်း သိရသည်။
ပဏာမအဆင့် အောင်မြင်ခဲ့သည့်စက်ရုံများအား အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ဌာနခွဲ၊ ပြင်ပကျွမ်းကျင်ပညာရှင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ ကိုယ်စားလှယ်များ ပါဝင်သည့် ASEAN-OSHNET ဆုရွေးချယ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေး ၍ ရွေးချယ်မည်ဖြစ်ရာ မတ်လ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Brewery Limited စက်ရုံ (Excellence)၊ Dento MEC သွားတိုက်တံ နှင့် သွားတိုက်ဆေး စက်ရုံ (Best Practices)၊ OJI GS Packaging Co., Ltd (Best Practices) များသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 March 2024
ငွေအရင်းအနှီးလိုအပ်သည့် ဆီစက်ပိုင်ရှင်များကို အတိုးနှုန်းသက်သာစွာဖြင့်ချေးငွေများ ချေးပေးမည်ဖြစ်၍ဆီစက်ချေးငွေ အဆိုပြုလွှာများလျှောက်ထားနိုင်ကြောင်း သိရသည်။
လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေအနည်းဆုံးကျပ် သိန်း ၁၀၀ မှ အများဆုံး ကျပ် သိန်း ၃၀၀၀ အထိချေးနိုင်ပြီး ချေးငွေဆပ်ရမည့်သက်တမ်းတစ်နှစ် သတ်မှတ်ထားသည်။
မတည်ရင်းနှီးငွေအနည်းဆုံး ကျပ် သိန်း ၂၀၀ မှ အများဆုံး ကျပ် သိန်း ၃၀၀၀ အထိချေးနိုင်ပြီး ချေးငွေသက်တမ်း(၃)နှစ်(၃)ရစ်ဆပ်ရမည်ဖြစ်ကာ အတိုးနှုန်းတစ်နှစ်လျှင်(၅%)သတ်မှတ်ထားသည်ုဆိုသည်။
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက လျှောက်ထားနိုင်သည် ။
(က) လက်ရှိ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက် ဖြစ်ရမည်၊
(ခ) လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ)ရရှိရမည်၊
(ဂ) ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင် သော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ၊ လယ်ယာ မြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ပေးအပ်နိုင်ရမည်၊
(ဃ) နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိ ချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ပါသည်၊
(င) FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက် လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များ အား ဦးစားပေးစဉ်းစားမည်ဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါချေးငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှပေးခြင်းဖြစ်ပြီး ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန website www. mopf.gov.mm ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန website https://msmewebportal.gov.mm/ ၊ မြန်မာဆီစက်ပိုင်ရှင်များအသင်း website http://www.meoma.org ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း website http://meoda.myanmarwebtraining.com ၊ MEB website www.meb.gov.mm ၊ MADB website www.madb.gov.mm တို့တွင် download ရယူနိုင်ကြောင်းသိရသည်။
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည် အောက်ပါ ရုံး၊ ဌာန၊ ဘဏ်ခွဲများတွင် ချေးငွေအဆိုပြုလွှာများရယူ၍ လျှောက်ထားနိုင်ပါသည် -
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရှိ ဆီစက်ပိုင်ရှင်များ အသင်းရုံးများအားလုံး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရုံးများအားလုံး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများအားလုံး၊ မြန်မာ့ စီးပွားရေးဘဏ်ခွဲများအားလုံး၊မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံး၌လျှောက်ထားနိုင် ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 268 of 1468