#Local_News
Published 3 June 2026
■ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ရှိ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံများအား ကမ္ပည်းကြေးပြားများတပ်ဆင်ခဲ့ကြောင်းသိရသည်။
■ ပြင်ဦးလွင်မြို့ရှိ ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံငါးခုဖြစ်သည့် သန့်ရှင်းသူအပေါင်းခရစ်ယာန် ဘုရားကျောင်း (All Saint Chur-ch)၊ နန်းမြိုင်၊ ဂန္ဓမာမြိုင်၊ ယုဇနမြိုင်နှင့် ရွှေနှလုံးတော်ကာသိုလိပ် ဘုရားရှိခိုးကျောင်းတို့ကို ကမ္ပည်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနားကို ယခုလ၁ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
■ အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက မြန်မာနိုင်ငံအတွင်း နှစ်တစ်ရာသက်တမ်းအထက်ရှိ အဆောက်အအုံ ပေါင်း ၃၈၂ လုံးကို ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံများအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံပေါင်း ၁၁၅ လုံးကို သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ နှစ်တစ်ရာကျော်သည့် အဆောက်အအုံများကို ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ သတ်မှတ်သည့်အခါ သမိုင်းတန်ဖိုး၊ ဗိသုကာလက်ရာနှင့် အနုလက်ရာတည်ရှိမှုအခြေအနေ၊ မူလလက်ရာကျန်ရှိခြင်း ရှိ၊ မရှိ၊ အဆောက်အအုံ၏ တည်နေရာနှင့် ပတ်ဝန်းကျင်အနေအထားတို့ကို ကြည့်ရှု၍ ဆောင်ရွက်ရပါကြောင်း ပြောကြားခဲ့သည်။
■ ထို့နောက် ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က သန့်ရှင်းသူအပေါင်း ခရစ်ယာန်ဘုရားကျောင်း (All Saint Chur-ch)၊ နန်းမြိုင်၊ ဂန္ဓမာမြိုင်၊ ယုဇနမြိုင်နှင့် ရွှေနှလုံးတော်ကာသိုလိပ် ဘုရားရှိခိုးကျောင်းတို့ကို ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 03 June 2026
■ ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO) အင်္ဂါနေ့ပြောကြားချက်အရ အယ်နီညိုရာသီဥတုဖြစ်စဉ် စတင်ဖြစ်ပေါ်နေပြီး ယခုနှစ်အတွင်း ကမ္ဘာတဝှမ်း ရာသီဥတုဒဏ်များ ပြင်းထန်မယ်လို့ မျှော်လင့်ရပါတယ်။
■ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ဒီရိုက်ခတ်မှုတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ သိပ္ပံပညာရှင်များ ပြောနေကြပါတယ်။
■ ဇွန်လနဲ့ ဩဂုတ်လအတွင်း အယ်နီညိုဖြစ်စဉ် ဖြစ်ပေါ်ရန် ၈၀ ရာခိုင်နှုန်း သေချာနေပြီး အနည်းဆုံး နိုဝင်ဘာလအထိ ဆက်လက်တည်ရှိနေဖို့က ၉၀ ရာခိုင်နှုန်းသေချာကြောင်း WMO က ဆိုပါတယ်။
■ ယခုထုတ်ပြန်ချက်ဟာ အယ်နီညိုဖြစ်ပေါ်ရန် အလားအလာနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်ပါတယ်။
■ ရာသီဥတုပြောင်းလဲမှုတွေဟာ အယ်နီညိုရိုက်ခတ်မှုတွေကို ပိုမိုဆိုးရွားစေပြီး အပူချိန်မြင့်တက်ခြင်း၊ ပြင်းထန်စွာ မိုးခေါင်ခြင်း၊ မိုးသည်ထန်စွာ ရွာသွန်းခြင်းတို့အပြင် ရေကြီးခြင်း၊ သီးနှံပျက်စီးခြင်းလိုမျိုး ကပ်ဘေးတွေ ဖြစ်ပေါ်စေပါတယ်။
■ အယ်နီညိုနဲ့ ရာသီဥတုဖောက်ပြန်မှုတို့ ပူးပေါင်းသက်ရောက်မှုကြောင့် ၂၀၂၇ ဟာ သမိုင်းတလျှောက် အပူဆုံးနှစ်ဖြစ်လာနိုင်ကြောင်း WMO က သတိပေးထားပါတယ်။
■ အယ်နီညိုက ဒေသအလိုက် မတူညီတဲ့ နည်းလမ်းများ သက်ရောက်နေပြီး အချို့နေရာတွေမှာ မိုးခေါင်ရေရှားခြင်း၊ အချို့ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်စေပြီး စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းများအပေါ် သက်ရောက်မှု ကြီးမားစေပါတယ်။
■ ကမ္ဘာကြီး ပိုမိုပူနွေးလာတာနဲ့အမျှ အယ်နီညိုဖြစ်စဉ်ဟာ အနာဂတ်မှာ ကြုံတွေ့ရမယ့် ရာသီဥတု အခြေအနေတွေကို ကြိုတင်သတိပေးနေခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်တွေ သုံးသပ်ထားကြပါတယ်။
Source: Reuters
#Local_News
Published 03 June 2026
■ သစ်လွင်သူနာပြု ၁၄၅၂ ဦးအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများကို ပေးအပ်ခဲ့ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
■ အဆိုပါ ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ (၁)ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမနေပြည်တော်၌ Virtual စနစ်ဖြင့် ကျင်းပသည်။
■ ယင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က သင်တန်းဆင်းမည့် သစ်လွင်သူနာပြု၊ သားဖွားများကို တာဝန်ကျရာ ဒေသအသီးသီးတွင် သူနာပြုနှင့် သားဖွားများတတ်မြောက်ရမည့် သူနာပြုစုမှုဆိုင်ရာ စွမ်းရည်များကို ပို၍တတ်မြောက် ကျွမ်းကျင်အောင် ဆက်လက်လေ့လာဆည်းပူးခြင်း၊ သူနာပြုစုမှုစံသတ်မှတ် ချက်များအတိုင်း လူနာများလုံခြုံစိတ်ချမှုဖြစ်စေပြီး စိတ်ကျေနပ်မှုရရှိစေရေးပြုစုပေးကြပါရန် တိုက်တွန်းမှာကြားသည်။
vယင်းနောက် ပြည်ထောင်စုဝန်ကြီးက သစ်လွင်သူနာပြု ၁၄၅၂ ဦးကိုယ်စား သူနာပြုသိပ္ပံ (နေပြည်တော်)၊ သားဖွားသင်တန်းကျောင်း (နေပြည်တော်)၊ သူနာပြုသိပ္ပံ (မန္တလေး) နှင့် သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ) တို့မှ ကိုယ်စားလှယ်သစ်လွင်သူနာပြုများထံ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများ ပေးအပ်ပြီး သစ်လွင်သူနာပြုများကိုယ်စား သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
■ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ သူနာပြုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် သစ်လွင်သူနာပြုများသည် အွန်လိုင်းမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 June 2026
■ ဓာတ်အားလိုင်းအား ထိန်းသိမ်းပြုပြင်ရေးလုပ်ဆောင်မည်ဖြစ်သောကြောင့်ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဟိုတယ်ဇုန်၌ ဇွန်လ၄ရက်နေ့တွင်ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထားသည်။
■ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၇) ၏ ၁၁ ကေဗွီ ဖီဒါ(၉) ဓာတ်အားလိုင်းကို နံနက် ၇ နာရီမှ နေ့လည် ၁၂ နာရီအထိ ထိန်းသိမ်း ပြုပြင်ခြင်း ဆောင်ရွက်မည်ဖြစ်ေကြာင်း ၊ထို့ကြောင့်ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဟိုတယ်ဇုန်အား ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ အများပြည်သူများအား ကြိုတင် အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 03 June 2026
■ ပို့ဆောင်ရေးဝန်ကြီးဌာန ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများသည် ဇွန် ၁ ရက်တွင် RBE ရထားဖြင့် ရန်ကုန်-ပြည် ရထားလမ်းပိုင်းတစ်လျှောက် မိုင်နှုန်းမြှင့်ပြေးဆွဲနိုင်ရေး ရထားလမ်းကြံ့ခိုင်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
■ ထို့နောက် လက်ပံတန်းဘူတာသို့ ရောက်ရှိပြီး မြန်မာ့မီးရထားပထမဆုံးစတင်ပြေးဆွဲစဉ်ကတည်းက တည်ဆောက်ခဲ့သော ၁၄၉ နှစ်ကျော် သက်တမ်းရှိသည့် ရှေးဟောင်းဘူတာတစ်ခုဖြစ်၍ ရှေးမူမပျက်ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ရန်နှင့် တန်ဖိုးထားထိန်းသိမ်းဆောင်ရွက်ရန် မှာကြားပြီး မြန်မာ့မီးရထားဆေးပေးခန်းနှင့် လက်ပံတန်းစက်ခေါင်းရုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်သည်။
■ ယင်းနောက် တောင်တွင်းကြီးမြို့နယ် ပြည်-အောင်လံ-ဆတ်သွား- ပုဂံရထားလမ်းပိုင်း၊ ပရပ်ကြယ်နှင့် ဆတ်သွားဘူတာအကြား အရှည်ပေ ၄၀၀ရှိ တံတားအမှတ် (၃၄၃) ရန်ပယ်ချောင်း တံတားပြန်လည်ပြုပြင်တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိပြီး အဆိုပါတံတားသည် ရန်ကုန်-ပြည်-ပုဂံ လမ်းပိုင်း၌ အဓိကအရေးပါသည့် တံတားဖြစ်၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးအောင်ဆောင်ရွက်ရန်၊ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ဘိုးပိုင်တူးခြင်းလုပ်ငန်းနှင့် တံတားပြန်လည်ပြုပြင်ခြင်း လုပ်ငန်းအချိန်မီပြီးစီးရေးကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
■ ပြည်ထောင်စုဝန်ကြီးသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည် (ခရိုင်ရုံး) ယာဉ်စည်းကမ်း လမ်းစည်းကမ်းပညာပေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ဝန်ထမ်းများကို ထောက်ပံ့ငွေများပေးအပ်သည်။
■ ထို့နောက် ဒီဇယ်စက်ခေါင်း ရုံ (ပြည်)၊ ပြည်ဘူတာနှင့် ဘူတာပန်းခြံသို့ ရောက်ရှိပြီး ပန်းခြံနှင့် ဘူတာသန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်၊ ပန်းခြံအတွင်း အလှပြရေနွေးငွေ့စက်ခေါင်းများထားရှိပြီး ပန်းအလှပင်များ စိုက်ပျိုးထားရှိရန်နှင့် ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးဆောင်ရွက်ရန် မှာကြား၍ ပြည်ဘူတာမှ RBE ရထားဖြင့်ထွက်ခွာကာ ပြည်-ရန်ကုန် လမ်းပိုင်းတစ်လျှောက်ရှိ ဘူတာများ၊ တံတားများ၊ ရထားလမ်းများကို ကြည့်ရှုစစ်ဆေးသည်။
■ ယင်းနောက် သာယာဝတီဘူတာသို့ ရောက်ရှိပြီး သာယာဝတီဘူတာသည် ၁၄၉ နှစ်ကျော် သက်တမ်းရှိသည့် ရှေးဟောင်းအမွေအနှစ်ဘူတာတစ်ခုဖြစ်၍ ရှေးမူမပျက်ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ရန်မှာကြားသည်။
■ ဆက်လက်၍ သနပ်ချောင်းဘူတာသို့ ရောက်ရှိကာ ရထားလမ်းများ အဆင့်မြှင့်တင်နိုင်ရေး၊ အရှည် ၃၉ ပေရှိသော သံလမ်းများအား Flash Butt Welding Machine ဖြင့် ကိုးချောင်းဆက်ခြင်းလုပ်ငန်းနှင့် ဂဟေဆက်ပြီး သံလမ်းများကို Ultrasonic Rail Flaw Detector ဖြင့် သံလမ်းဆက်အရည်အသွေးအား စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေသော ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 03 June 2026
■ နေ့စဉ်နေ့တိုင်း အိပ်စက်ပုံ၊ ဖိစီးမှုထိန်းချုပ်ပုံ၊ အာဟာရစားသုံးပုံ၊ လူမှုဆက်ဆံပုံတို့က ရေရှည်ကျန်းမာရေးကို ပုံဖော်ပေးပါတယ်။
■ နာတာရှည်ရောဂါတွေဆိုတာ အသံတိတ် ဖြစ်ပွားကြပြီး ဒီအလေ့အကျင့်တွေကို စောစီးစွာ သတိထားမိခြင်းက ရေရှည်ကျန်းမာရေးအတွက်အရေးပါကြောင်း ဒေါက်တာဆူရက်ဆယ်ထီက ရှင်းပြပါတယ်။
ဒီအလေ့အကျင့်တွေကတော့..
■ (၁) ကျန်းမာရေးသည် အချိန်သက်တမ်းတလျှောက် တိတ်တဆိတ်ဖြစ်ပေါ်သည်
- နာတာရှည်ရောဂါတွေဟာ ရုတ်တရက် ပေါ်လာတာမဟုတ်ဘဲ နှစ်တွေကြာအောင် အလေ့အကျင့် စုပြုံလာရာကနေ ဖြည်းဖြည်းချင်း ဖြစ်ပေါ်ပြီး ၈၀ ရာခိုင်နှုန်းရောဂါတွေက ကာကွယ်လို့ရပါတယ်။
■ (၂) အိပ်စက်ခြင်းသည် အကောင်းဆုံးဆေးတစ်လက် ဖြစ်သည်
- ခန္ဓာကိုယ်ပြုပြင်ခြင်း၊ ကိုယ်ခံအားစနစ် မြှင့်တင်ခြင်း၊ မှတ်ဉာဏ်တိုးတက်စေခြင်းတို့အတွက် ကောင်းမွန်စွာ အိပ်စက်ခြင်းက သဘာဝဆေးတစ်လက် ဖြစ်ပါတယ်။
■ (၃) ဖိစီးမှုသည် ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသည်
- ရေရှည်ဖိစီးမှုက အသံတိတ်ဒုက္ခပေးနေပြီး ခန္ဓာကိုယ်ထဲ ရောင်ရမ်းခြင်း၊ သွေးဖိအားများခြင်း၊ ဟော်မုန်းမမျှတခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ ဇီဝကမ္မရောဂါများဖြစ်ခြင်းတို့ ဖြစ်လာစေပါတယ်။
■ (၄) အူလမ်းကြောင်းသည် အားလုံးနှင့်ဆက်စပ်နေသည်
- အူလမ်းကြောင်း ကျန်းမာရေးမကောင်းပါက ပူပန်သောကရောက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ကိုယ်ခံအားစနစ် အားနည်းခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်စေပါတယ်။
■ (၅) အမြဲဖြစ်နေသောလက္ခဏာများကို လျစ်လျူမရှုပါနှင့်
- အူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ လေပွခြင်း၊ အက်ဆစ်လျှံတက်ခြင်းတို့လို လက္ခဏာတွေ ဖြစ်တာအချိန်အလွန်ကြာမြင့်လာတော့မှ ဆေးခန်းပြတတ်ကြပြီး ထိုအချိန်ကျမှဆိုရင် ပြဿနာတွေ ရှုပ်ထွေးလာနိုင်ပါတယ်။
(၆) လူမှုဘဝသည် အလုံးစုံကျန်းမာရေးအပေါ် သက်ရောက်သည်
လူသားတွေဆိုတာဟာ ပေါင်းသင်းဆက်ဆံကြရပြီး အထီးကျန်ဆန်တဲ့အခါ စိတ်ဓာတ်ကျခြင်း၊ နှလုံးသွေးကြောရောဂါ၊ ဦးနှောက်အသိဉာဏ် ကျဆင်းခြင်းတို့ ဖြစ်နိုင်ခြေများပါတယ်။
Source: NDTV
#World_Health
Published 03 June 2026
■ ကိုလက်စထရောဟာ အသက်ရှင်သန်မှုအတွက် မရှိမဖြစ် လိုအပ်ပေမယ့် မမျှမတ အပြောခံနေရကြောင်း၊ ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရော ၈၅ ရာခိုင်နှုန်းကို သဘာဝအတိုင်း ထုတ်လုပ်ပေးကြောင်း နှလုံးအထူးကုဆရာဝန် အာလော့ချော်ပရာက ထောက်ပြထားပါတယ်။
■ ကိုလက်စထရောဟာ ကိုယ်ခံစွမ်းအားစနစ်၊ ကူးစက်ရောဂါများ ထိန်းချုပ်ခြင်း၊ နာလန်ထူခြင်းတို့မှာ အရေးပါနေပါတယ်။
■ သဘာဝအတိုင်း အတက်အကျ ရှိနိုင်ပြီး စစ်ဆေးချက်ထဲ ကိုလက်စထရော မြင့်မားနေတာဟာ ပင်ကိုယ်အားဖြင့် အန္တရာယ်ရှိတဲ့သဘော မဟုတ်ပါဘူး။
■ ကိုလက်စထရောဟာ ဟော်မုန်းထုတ်လုပ်ခြင်း၊ ဗိုက်တာမင်-ဒီ ထုတ်လုပ်ခြင်းနဲ့ ဆဲလ်ကျန်းမာရေးတို့အတွက် လိုအပ်ပေမယ့် LDL ကိုလက်စထရော များရင်တော့ သွေးလွှတ်ကြောတွေ ကျဉ်းမြောင်းလာစေနိုင်ပါတယ်။
■ နှလုံးကျန်းမာရေးက အစားအစာတစ်မျိုး၊ အာဟာရဓာတ်တစ်မျိုးတည်းအပေါ် မှီခိုတာထက်စာရင် နေထိုင်စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု၊ စိတ်ဖိစီးမှု၊ အိပ်စက်ခြင်း အပါအဝင် လူနေမှုပုံစံအလုံးစုံအပေါ် မူတည်နေပါတယ်။
■ ကျန်းမာရေးအန္တရာယ် အချက်အလက်ရှိနေသူတွေမှာတော့ LDL နဲ့ ထရိုင်ဂလစ်ဆရိုက်တို့ ပမာဏများနေရင် နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေ မြင့်မားစေနိုင်သလို မျိုးရိုးဗီဇကလည်း ကဏ္ဍတစ်ခုမှ ပါဝင်နေပါတယ်။
■ နှလုံးကျန်းမာရေး အကဲဖြတ်တဲ့နေရာမှာ စုစုပေါင်းကိုလက်စထရောပမာဏ တစ်ခုတည်းအစား LDL ၊ ထရိုင်ဂလစ်ဆရိုက်၊ HDL ၊ ရောင်ရမ်းမှုညွှန်းကိန်းများ စတဲ့အဆင့်မြင့်စစ်ဆေးချက်တွေ အသုံးပြုလာကြပါတယ်။
Source: Indian Express
အထိခိုက်မခံတဲ့ အီရန်နဲ့ဆွေးနွေးမှုများပြုလုပ်နေစဉ် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သတိပေးပြီးနောက် အိုမန်က ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းခ ကောက်ခံခြင်းမပြုဘူးလို့ အာမခံခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ကြာသပတေးနေ့မှာ ပြောပါတယ်။
#World_News
Published 02 June 2026
#ဟော်မုဇ်ရေလက်ကြား #အီရန်_အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
ဒလ - တွံတေးကို YBS ယာဉ်လိုင်းသစ် ရှေ့ပြေးစီမံချက်အနေနဲ့ ဇွန်လ (၁) ရက်နေ့ကနေ ဇွန်လ (၅) ရက်နေ့အထိစမ်းသပ်ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 02 June 2026
# ဒလ_တွံတေး #YBS
#YMG/NN #Yangon_Times
မေလဒုတိယပတ်မှစတင်ကာ ကျဆင်းလာခဲ့တဲ့ မြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ ယခုဇွန်လဆန်းအထိ ဆက်တိုက်ကျဆင်းလာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းမှသိရပါတယ်။
#Local_News
Published 02 June 2026
#မြန်မာ့ရွှေဈေး
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း အခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဝါ ၁၇,၈၃၇ ဧက စိုက်ပျိုးဖို့လျာထားတယ်လို့ မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကနေသိရပါတယ်။
#Local_News
Published 02 June 2026
#မုံရွာ #ဝါ
#YMG/NN #Yangon_Times
#Daily_News
Published 30 May 2026
၁။ ဒလ - တွံတေးYBS ယာဉ်လိုင်းသစ်စတင်ပြေးဆွဲ
၂။ မြန်မာ့ရွှေဈေးဆက်တိုက်ကျဆင်းနေ
၃။ မုံရွာ၌မိုးသီးနှံရာသီအတွင်း ဝါ ၁၇,၀၀၀ ဧကကျော်စိုက်ပျိုးမည်
၄။ ဟော်မုဇ်ရေလက်ကြားသင်္ဘောဖြတ်သန်းခကောက်ခံခြင်းမပြုဟု အိုမန်အာမခံ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 18 of 2000