ဩဂုတ်၁၈၊၂၀၂၆ (မော်စကို)
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ယန့ ဩဂုတ် ၁၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ စွမ်းအင်၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာနှင့် အခြားကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် စုစုပေါင်း ၁၂ ခုကို လက်မှတ်ရေး ထိုးလဲလှယ်ခဲ့ကြောင်း သိရသည်။
ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတအား ရုရှား သမ္မတက ကရင်မလင်နန်းတော်၌ ကြိုဆိုခဲ့ပြီး သီးခြားတွေ့ဆုံဆွေးနွေးခဲ့ သည်။ ထို့နောက် နှစ်နိုင်ငံဝန်ကြီးများနှင့် အဆင့်မြင့်တာဝန်ရှိသူများ ပါဝင်သည့် ဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့သည်။
တွေ့ဆုံစဉ် ရုရှားသမ္မတပူတင်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုများနှင့် ရေဘေးသင့် ပြည်သူများအပေါ် စာနာကြောင်း ပြောကြားခဲ့ပြီး ၁၉၄၈ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးသည် ဆက်လက်တိုးတက်နေကြောင်း ပြောသည်။ မြန်မာနိုင်ငံက ရုရှား-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးကို အထောက်အကူပြုနေမှုအတွက် ကျေးဇူးတင်ကြောင်းနှင့် နိုင်ငံတကာ မျက်နှာစာ၊ စီးပွားရေးနှင့် လုံခြုံရေးအပါအဝင် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် လိုအပ် ကြောင်းလည်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ယခုခရီးစဉ်သည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရ ပြီးနောက် ရုရှားနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ရေဘေးအခြေအနေအပေါ် စာနာကြောင်း ပြောကြားမှုနှင့် ပြီးခဲ့သည့်နှစ် မန္တလေးငလျင်အတွင်း ရုရှားဘက်က ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ကူညီခဲ့မှုအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောသည်။ နှစ်နိုင်ငံဆက်ဆံရေးသည် ရေရှည်ခိုင်မာမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် ရုရှား၏ အရှေ့တောင်အာရှဒေသရှိ ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် ဆက်လက်ရပ်တည်မည်ဟုလည်း ပြောကြားခဲ့သည်။

သမ္မတနှစ်ဦးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုများ၊ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေး၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာ၊ ကျန်းမာရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေးကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။
နှစ်နိုင်ငံဝန်ကြီးများပါဝင်သည့် ဆွေးနွေးပွဲတွင် ပညာရေးနှင့်ကျန်းမာရေး၊ စက်မှုကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသသိပ္ပံ၊ ကုန်သွယ်ရေကြောင်း ပို့ဆောင်ရေးနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများကို ဆွေးနွေးခဲ့ကြပြီး သမ္မတနှစ်ဦးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံအကြား တစ်ဖက်သတ်အကျပ်ကိုင်ဆောင်ရွက်မှုများ၏ သက်ရောက်မှုကို တုံ့ပြန်ဖြေရှင်းရေးဆိုင်ရာကြေညာချက်အပါအဝင် လျှပ်စစ်စွမ်းအား၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ရေဒီယို အီလက်ထရောနစ်နှင့် ဒီဂျစ်တယ်နည်းပညာ၊ ယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်ရေး၊ ယဉ်ကျေးမှုနှင့်အနုပညာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာတို့နှင့် သက်ဆိုင်သည့် သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့သည်။
ထို့အပြင် ဂြိုလ်တုလမ်းညွှန်စနစ်၊ လူလိုက်ပါသည့် အာကာသခရီးစဉ်၊ ဂြိုလ်တုအခြေပြု ရှာဖွေကယ် ဆယ်ရေးစနစ် COSPAS-SARSAT၊ ကမ္ဘာအနီးအာကာသအတွင်း အန္တရာယ်ရှိသည့် အခြေအနေများ အတွက် အလိုအလျောက်သတိပေးစနစ် ASPOS နှင့် အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာများအပြင် မြန်မာအာကာသအေဂျင်စီနှင့် Plekhanov Russian University of Economics တို့အကြား နားလည်မှုစာချွန်လွှာတို့လည်း ပါဝင်ခဲ့သည်။
လက်မှတ်ရေးထိုးပွဲအပြီးတွင် ဦးမင်းအောင်လှိုင်နှင့် သမ္မတပူတင်တို့က မီဒီယာများအား နှစ်နိုင်ငံ ပူးတွဲကြေညာချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
