#Local_News
Published 06 August 2026
■ ဘာသာရေးခေါင်းဆောင်များအနေဖြင့် နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် ပြည်သူများ၏အတွေးအခေါ်များ နှင့် စိတ်ဓာတ်များယဉ်ကျေးသိမ်မွေ့လာစေရေး ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်ရေး ဘာသာတရားမှတဆင့် ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က မေတ္တာရပ်ခံပြောကြားခဲ့သည်။
■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ၏ ဥက္ကဋ္ဌ ကာဒီနယ်ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ လက်ခံတွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း အစိုးရသတင်းထုတ်ပြန်ချက်အရ သိရသည်။
■ တွေ့ဆုံစဉ် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုက နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ နိုင်ငံတော်တာဝန်များကို စိန်ခေါ်မှုများကြားမှ ကြိုးပမ်းထမ်းဆောင်နေမှုအပေါ် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။
■ ထို့ပြင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ကက်သလစ်ဘာသာဝင်များအနေဖြင့် လွတ်လပ်စွာကိုးကွယ်မှုဖြင့် ဘာသာသာသနာ အကျိုးများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြေ ၂ ဧကပေါ်၌ ကက်သလစ်ဘုရားကျောင်း တည်ဆောက်နိုင်ရန် မြေနေရာခွင့်ပြုပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်း နှင့် နိုင်ငံတော်သမ္မတအပါအဝင် မြန်မာပြည်သူပြည်သားအားလုံး ငြိမ်းချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါသည်။
■ နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ၌ ဘာသာတရားနှင့်ပတ်သက်ပြီး ယုံကြည်ရာဘာသာ သာသနာများအ လိုက် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပါကြောင်း၊ နိုင်ငံ့သမိုင်းကြောင်းတွင်လေ့လာကြည့်မည်ဆိုပါက လည်း ကိုးကွယ်ရာဘာသာများအလိုက် သာသနာပြုနိုင်ရန်အတွက် မြေနေရာများခွင့်ပြုပေးခဲ့သည်ကို တွေ့မြင် သိရှိရပါကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတော်၏မြို့တော်နေပြည်တော်တွင်လည်း ကိုးကွယ်ရာဘာသာ အလိုက် အထွတ်အမြတ်ထားရာ ဘုရားကျောင်းများ တည်ဆောက်ရန်နှင့် ဝတ်ပြုရန်နေရာများအား ခန့် ခန့်ထည်ထည် ဖြစ်ပေါ်လာစေရေး မြေနေရာများကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့်ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်ရေး အားပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သသည်။
■ နိုင်ငံတော်သမ္မတက ဆက်လက်ပြီး နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိအနေဖြင့် ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိပြီး ဖြစ်နိုင်သမျှသော နည်းလမ်းမျိုးစုံဖြင့် တိုင်းပြည်ငြိမ်းချမ်းမှုရရှိအောင်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့်သာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံရေးတောင်းဆိုမှုများကိုလည်း နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ ကိုးကွယ်ရာဘာသာတိုင်းသည် မှန်ကန်သည့် အတွေးအခေါ်များပေးနိုင်ပါ ကြောင်း၊ ထို့ကြောင့် ဘာသာရေးဆိုင်ရာခေါင်းဆောင်နေရသူများအနေဖြင့်လည်း နိုင်ငံတော်ကြီးငြိမ်းချမ်း ရေးအတွက် ပြည်သူများ၏ အတွေးအခေါ်များနှင့်စိတ်ဓာတ်များ ယဉ်ကျေးသိမ်မွေ့လာစေရေး၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်ရေး ဘာသာတရားမှတဆင့် ဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားခဲ့သည်။
■ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် ဆရာတော်ကြီးများ၏ လိုအပ်ချက်များကို မေးမြန်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နှစ်ဖက်အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
YMG/Yangon-Times