#Local_News
Published 06 August 2026

■ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ၏ တာတမံနိမ့်ကျပျက်စီးမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုအပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည်။

■ ထုတ်ပြန်ချက်တွင်ဩဂုတ်လ ၄ ရက်နေ့ ညနေပိုင်းအထိ စာရင်းများအရ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၁၀၆ ရွာရှိ အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၈ စုမှ လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်ခဲ့ကြောင်း ၊ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း အရှိန်မြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

■ ထို့ပြင် ရေစီးကျော်ဝင်မှုထပ်မံမဖြစ်ပေါ်စေရန်နှင့် ရေတိုက်စားမှုကို လျှော့ချနိုင်ရန်အတွက် တာတမံ၏ လက်ယာဘက်နှင့် လက်ဝဲဘက်များတွင် တုတ်တန်းရိုက်ခြင်း၊ ရေဝင်လမ်းပိတ်ဆို့နိုင်ရေး ရေစီးနှုန်းနှင့် ရေအနက်တိုင်းတာစောင့်ကြည့်ခြင်း၊ ရေလမ်းကြောင်းထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၊ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဩဂုတ်လ၄ရက်အထိ ဓာတ်ဆီ ၁,၀၈၈ ဂါလံနှင့် ဒီဇယ်ဆီ ၄၀၂ ဒသမ ၅ ဂါလံကို အခမဲ့ဖြန့်ဝေပေးထားပြီး ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်မှုမရှိစေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက B2B Satellite Terminal တပ်ဆင်ထားသည့် ရွေ့လျားမိုဘိုင်းကားအပါအဝင် ယူနစ် ၄ စုံဖြင့် ကွန်ရက်ချိတ်ဆက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times