#Local_News
Published - 7 July 2022
ဇူလိုင် ၁ ရက်မှစတင်ပြီး နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာတွင် ကန်ဒေါ်လာဖြင့်သာ ကုန်သွယ်မှုပြုလုပ်ရမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားပြီး ကုန်သည်တွေအနေဖြင့် ကန်ဒေါ်လာဖြင့် ပို့ကုန်မထွက်နိုင်ပါက ကုန်သွယ်မှုရပ်ရမည့် အနေအထားတွင်ရှိနေကြောင်း မြဝတီကုန်သည်တစ်ဦးဖြစ်သူ မဇင်မီက ပြောသည်။
"ကုန်သည်တော့ အဆက်မပြေတဲ့ဟာ တင်ပြထားကြတယ်။ USD နဲ့မှ Export မထွက်နိုင်ဘူးဆိုရင် မထွက်နိုင်တဲ့ ကုန်စည်အတွက် ကုန်သွယ်မှုရပ်ရမဲ့အနေအထားရှိတယ်။ ကုန်တွေမရပ်ဖို့ အဓိကလိုင်စင်ကို USD ဆို USD နဲ့သွားလိုက်တာပေါ့။ အခက်အခဲရှိပေမဲ့လည်း ပစ္စည်းကဒီဘက်မှာ ပုံနေတာဆိုတာ။ မဖြစ်မနေ ပို့ဖို့လိုအပ်တော့ လိုင်စင်ကို USD နဲ့သွားနေတာပေါ့"ဟု ယင်းကပြောသည်။
မြန်မာနယ်စပ်အားလုံးမှ တစ်ဆင့် ဆန်၊ ပဲ၊ ပြောင်း နှင့် ဆီးထွက်သီးနှံများကို ပြည်ပ နိုင်ငံများသို့ တင်ပိုရောင်းချရာတွင် အမေရိကန်ဒေါ်လာဖြင့်သာ ဆောင်ရွက်ရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီက ညွှန်ကြားထားကြောင်းသိရသည်။
ယခင်က တရုတ် နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးများတွင် ယွမ်၊ ဘတ်ကို မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်အသုံးပြု ပေးချေခွင့်ပြုထားရာမှ ဇူလိုင်လမှစ၍ တရုတ်-မြန်မာနယ်စပ်ရှိ မူဆည်နယ်စပ်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး နှင့် လွယ်ဂျယ် ဂိတ်ကားလုံးမှတစ်ဆင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် အမေရိကန်ဒေါ်လာဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Published 7 July 2022
အစိုးရအဖွဲ့ရဲ့ ထိပ်တန်း ဝန်ကြီး (၄)ဦး နှုတ်ထွက်သွားပြီး သူ့ပါတီရဲ့ အမတ်တွေရဲ့ ပုန်ကန်မှုတွေက ရပ်တန့်သွားမယ့်ပုံမရှိတဲ့အတွက် ဗြိတိန်အစိုးရ ချိနည့်သွားနိုင်တဲ့အနေအထား ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ပမာမခန့်စွာပဲ အာဏာကို ဆုပ်ကိုင်ထားနေပါတယ်လို့ ရိုက်တာက ရေးပါတယ်။
သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီမှာ ဒါဇင်ပေါင်းများစွာက သူ့ကိုပုန်ကန်နေကြချိန်မှာ အရှုပ်တော်ပုံတွေ ဆက်တိုက် ဖြစ်ခဲ့ပြီးနောက် ဂျွန်ဆင်ဟာ ရာထူးနှင့် မသင့်တော်တော့ဘူးလို့ ပြောဆိုကြကာ လွန်ခဲ့တဲ့ ၄၈နာရီအတွင်း ဝန်ကြီး ၅၀ ကျော်နှုတ်ထွက်သွားခဲ့ကြပါတယ်။
အကြီးတန်းဝန်ကြီးတွေနှင့် အစိုးရအဖွဲ့ဝင်တွေမဟုတ်ကြတဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ အကြီးတန်းထင်ရှားသူ အမတ်တွေပါဝင်တဲ့ ကိုယ်စားလှယ်တစ်ဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်အိမ်တော်ကို သွားရောက်ခဲ့ကြပြီး သူ့ကို ထွက်ခွာသွားဖို့နှင့် ဂုဏ်သိက္ခာရှိရှိနှုတ်ထွက်ဖို့ ပြောဆိုခဲ့ကြပါတယ်။
ဒါပေမယ့် သူက ဖယ်ပေးဖို့ငြင်းဆန်ရုံတင်မကဘဲ သူ့ကို နှုတ်ထွက်သင့်တယ်လို့ပြောခဲ့တဲ့ အတော်ဆုံးဝန်ကြီးတွေထဲက တစ်ဦးဖြစ်တဲ့ မိုက်ကယ်ဂေါ့ဗ်ကိုတောင် ရာထူးက ထုတ်ပစ်လိုက်ပါသေးတယ်လို့ မီဒီယာတွေက ရေးသားကြပါတယ်။
၂၀၁၉ မှာ ကွန်ဆာဗေးတစ်တွေအတွက် မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင် ၁၄သန်းနီးပါးဆီက အုပ်ချုပ်ဖို့ သူ့မှာ အခွင့်အာဏရထားတာ ဖြစ်တယ်လို့ ဂျွန်ဆင်က ပြောပါတယ်။
စီးပွားရေးအကျပ်အတည်းတွေနှင့် ဥရောပစစ်ပွဲတွေဖြစ်ပွားနေတဲ့ အလယ်မှာ သူ့အနေနှင့် ဒီအလုပ်ကနေ ခေါင်းရှောင်သွားဖို့ တာဝန်မရှိဘူးလို့ သူကပြောပါတယ်။ဖေဖော်ဝါရီလကုန်ပိုင်း ရုရှားကျူးကျော်ပြီးနောက် ဂျွန်ဆင်ဟာ ယူကရိန်းကို လူသိရှင်ကြား ထောက်ခံသူတစ်ဦးဖြစ်ခဲ့ပါတယ်။
သူ့ရဲ့အမတ်တွေက သူ့ကို အယုံအကြည်မရှိအဆိုရှုံးနိမ့်သွားရင်တောင် သူဒီအလုပ်မှာ ဆက်နေဖို့ကြိုးစားဦးမှာလား ဆိုတာကို ပြောဆိုဖို့တော့ သူက ငြင်းဆိုခဲ့ပါတယ်။ တစ်နှစ်မှာတစ်ကြိမ်ပဲ အယုံအကြည်မရှိအဆိုတင်သွင်းရမယ်ဆိုတဲ့ ပါတီရဲ့ စည်းကမ်းကိုသာ ပြင်လို့ရရင် အဲဒီအယုံအကြည်မရှိအဆိုကို လာမယ့်အပတ်ထဲ လုပ်နိုင်ပါတယ်။ သူဟာ ပြီးခဲ့တဲ့လက အဆိုကို ကပ်ပြီး နိုင်ခဲ့ပါတယ်။
“ ဝန်ကြီးချုပ် နှုတ်ထွက်ဖို့ အချိန်ရောက်ပြီလို့ ကျွန်မထင်ပါတယ်” လို အင်္ဂလန်နှင့်ဝေလတို့ရဲ့ ရှေ့နေချုပ် ဆူလာဘရာဗာမင်းက အိုင်တီဗွီကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ သူမကတော့ ဒီရာထူးမှာပဲ ဆက်နေဦးမှာဖြစ်ပြီး တကယ်လို့ ခေါင်းဆောင်နေရာယှဉ်ပြိုင်ဖို့ရှိလာရင် ကျွန်မနာမည်စာရင်းသွင်းမယ် လို့လည်း သူကပြောပါတယ်။
Source: Reuters
#Local_News
Published _ 7 July 2022
ပြည်ပနိုင်ငံများထံ ရောင်းချနေသည့် မြန်မာ့ဆန် တင်ပို့မှုပုံစံပြောင်းလဲရန်နှင့် အရည်အသွေးမြင့်မားသည့် စပါးမျိုးများကို (၃) နှစ်အတွင်း ဆန်တင်ပို့မှု နှစ်ဆ တိုးမြှင့်နိုင်ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က YMG ကို ယခုလို ပြောသည်။
"တင်ပို့မှုကို ပြောင်းလဲဆောင်ရွက်မယ်ဆိုတာက အရည်အသွေးကို ရှေးရှုတဲ့ quality driven export promotion model ကို ဆိုလိုတာပါ။ အရည်အသွေးကောင်း တန်းမြင့်ဆန်တွေကို ပိုမိုတင်ပိုရောင်းချခြင်းဖြင့် ပိုကုန် ဝင်ငွေ တိုးတက်ရရှိရေးနဲ့ ပြည်တွင်း ဆန်စက်တွေရဲ့ ကြိတ်ခွဲထုတ်လုပ်မှု အပါအဝင် အလုပ်အကိုင် တိုးချဲ့ခန့်ထားရေးတို့ပါ အကျိုးရှိနိုင်လို့ ပြောင်းလဲဆောင်ရွက်ဖို့ စီစဉ်တာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
MRF ၏ ဖော်ပြချက်များအရ ယခုဘဏ္ဍာနှစ် ဇွန်လ ၂၅ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ တန်ချိန် ၅ သိန်းကျော် ရှိပြီး ဥရောပနှင့် တရုတ်နိုင်ငံများထံ ပင်လယ်ရေကြောင်းမှတစ်ဆင့် အဓိက တင်ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
"တန်ချိန်တိုးဖို့ထက် ဝင်ငွေတိုးဖို့ပိုပြီး အလေးထားပါတယ်။ လက်ရှိအခြေအနေက တစ်နှစ်ကို ဆန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ USD သန်း ၇၀၀ လောက် ပုံမှန်ဝင်ပါတယ်။ ဒါကို နောက် ၃-၄ နှစ်မှာ သန်း ၁၅၀၀ အထိ ဝင်ဖို့အတွက် စီစဉ်ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ဖူလုံမှုအပြည့်အဝရှိပါတယ်။ ပိုမိုထုတ်လုပ်နိုင်အောင်နဲ့ တစ်ဧကအထွက် ယခုထက်ပိုတိုးအောင် တောင်သူတွေကို ထောက်ပံ့ကူညီမှုတွေပိုပြီး လုပ်ပေးရပါမယ်"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်မှ ဆိုသည်။
ဆန်စပါးသည် မြန်မာ့လယ်ယာထွက်ကုန်များ၏ နိုင်ငံခြားဝင်ငွေအများဆုံး ရှာဖွေပေးနိုင်သည့် ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ နှစ်ဆနီးပါးရှိလာမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ တင်ပို့ရောင်းချသည့် ဆန်အမျိုးအစားသည် ပြည်တွင်း စားသုံးနေသည့် ဆန်များနှင့် ကွဲပြားမှုရှိသောကြောင့် ပြည် တွင်း၌ လုံလောက်သော ထောက်ပံ့မှုရှိနေကြောင်း ယင်းမှသိရသည်။
ymg/NN
#Yangon_Media_Group
#GlobalBusiness
Published 7 July 2022
ဧပြီလနောက်ပိုင်းကတည်းက ကမ္ဘာ့စီးပွားရေးအလားအလာ သိသိသာသာကျဆင်းနေကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ရဲ့ အကြီးအကဲက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပြီး ဖြစ်လာနိုင်တဲ့အန္တရာယ်များကြောင့် နောက်နှစ်မှာကမ္ဘာလုံးဆိုင်ရာ ဆုတ်ယုတ်မှုကြီး မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရကြောင်း ဖော်ပြသွားပါတယ်။
IMF ဦးဆောင်ညွှန်ကြားရေးမှူး'ခရစ်စတယ်လီနာဂျော်ဂျီဗာ'က "လာမယ့်ရက်သတ္တပတ်များအတွင်း ရန်ပုံငွေအခြေအနေထိုးကျသွားဖွယ်ရှိပြီး IMF စီးပွားရေးပညာရှင်တွေကလည်း ဖြစ်လာနိုင်တဲ့အခြေအနေများအတွက် အပြီးသတ် စီစဉ်ရေးဆွဲနေကြပါတယ်" လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
IMF က ဧပြီလအတွက် ခန့်မှန်းချက်ကို ရာနှုန်းပြည့်နီးပါးလျှော့ချလိုက်ပြီး ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းအတွက် နောက်ဆုံးခန့်မှန်းချက်များကို ထုတ်ပြန်နိုင်ရန် မျှော်မှန်းထားပါတယ်။
၂၀၂၁ ခုနှစ်တုန်းက ကမ္ဘာ့စီးပွားရေးဟာ ၆.၁ ရာခိုင်နှုန်းတိုးမြင့်ခဲ့ပါတယ်။
IMF ရဲ့ပြောကြားချက်အရ ကမ္ဘာ့နေရာအနှံငွေကြေးဖောင်းပွလာခြင်း၊ ဘဏ်အတိုးနှုန်းသိသိသာသာတိုးမြင့်ခြင်း၊ တရုတ်နိုင်ငံစီးပွားရေးတိုးတက်မှု နှေးကွေးလာခြင်း၊ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
"အခြေအနေတွေက အရမ်းအပြောင်းအလဲများနေပြီး ကျွန်မတို့မထိန်းချုပ်နိုင်လောက်အောင် အန္တရာယ်များ လာနိုင်ပါတယ်" လို့ ဆိုပါတယ်။
တရုတ်နဲ့ရုရှားတို့အပါအဝင် အချို့နိုင်ငံကြီးတွေဟာ နှစ်ဝက်ကာလအတွင်း စီးပွားရေးကျဆင်းလာကြောင်း အချက်အလက်များတွေ့ရှိရပြီး ၂၀၂၃ မှာ ဒီထက်ပိုဆိုးနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
အမေရိကန်ဘဏ္ဍာရေးအခြေပြမျဉ်းဇယားမှာ နှစ်ရက်ဆက်တိုက်ဆုတ်ယုတ်လာတဲ့အနေအထားကြောင့် ရင်းနှီးမြှုပ်နှံသူတွေလည်း စီးပွားရေးဆုတ်ကပ်ဖြစ်လာနိုင်ချေကို ပိုမိုစိုးရိမ်ပူပန် လာရပါတယ်။
အမေရိကန်ဗဟိုဘဏ်က စီးပွားရေးဆုတ်ယုတ်မှုကို ဖြေရှင်းဖို့မကြိုးစားပေမယ့် စီးပွားရေးကျဆင်းမယ်ဆိုရင်တောင် ကုန်ဈေးနှုန်းတွေကို ထိန်းချုပ်နိုင်ရန်ကြိုးပမ်းသွားမယ်လို့ ကတိပြုထားကြောင်း ဗဟိုဘဏ်ဥက္ကဌ'ဂျရုန်းပါဝဲလ်'က ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။
ဘဏ္ဍာရေးအခြေအနေများ ကြာရှည်စွာကြပ်တည်းနေခြင်းက ကမ္ဘာ့စီးပွားရေးအလားအလာကို ထိန်းချုပ်ရခက်စေပြီး ကုန်ဈေးနှုန်းတွေကို ထိန်းချုပ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။
ကုန်စည်ဈေးနှုန်းများ ပုံမှန်အတိုင်းထိန်းသိမ်းနိုင်ဖို့အတွက် စီးပွားရေးတိုးတက်မှုနှောင့်နှေးခြင်းကိုတော့ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။
"ဗဟိုဘဏ်တွေနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတွေအကြား အတူတကွ ပူးပေါင်းဆောင်ရွက်မှ ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်မှာပါ၊ ရည်မှန်းထားတဲ့ငွေကြေးမူဝါဒတွေ အားနည်းသွားလို့မဖြစ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
Source: CNA
#Yangon_Media_Group
#DailyNews
Published - 7 July 2022
၁။ ရွှေတိဂုံစေတီတော်တွင် 'ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ အခမ်းအနား' ကျင်းပမည်
၂။ ရန်ကုန်ရွှေဈေးကွက် အရောင်းတက်လာပြီး ဈေးအနည်းငယ်ကျဆင်းနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ လက်နှိပ်စက်ရိုက်ပြီးပန်းချီဆွဲသည့် ယူကေမှပန်းချီပညာရှင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 7 July 2022
ထုတ်ပေးထားပြီးဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကတ် ဒေတာတွေပြုစုရေး၊ ဒေတာထဲ ထည့်သွင်းရေးတွေကို လူဦးရေ ၃၆၀၀ ကျော် ကွန်ပျူတာအလုံးရေ ၃၀၀၀ ကျော်နဲ့ ဧပြီ ၂၁ ရက်မှစ၍ ဆောင်ရွက်ခဲ့ရာ ဇွန် ၂၁ ရက်မှာ လက်ရေးမူနဲ့ထုတ်ပေးထားတဲ့ နိုင်ငံသား စိစစ်ရေးကတ် ၅၁ သန်းကျော်စာရင်းကို ကွန်ပျူတာဒေတာထဲသို့ ၂ လအတွင်း ထည့်သွင်းနိုင်ခဲ့တယ်ဟု နစက ဒု-ဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၆ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ပြုလုပ်ခဲ့ရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဒုတိယအဆင့်အနေဖြင့် ပုံစံ ၆၆/၆ ပါ အချက်အလက်များအား ပုံစံ ၄ ရှိစာရင်းများ နှင့် တိုက်ဆိုင်စစ်ဆေးရမှာဖြစ်ပြီး ယင်းလုပ်ငန်းပြီးစီးမှသာ တိုင်းနှင့်ပြည်နယ်များ အပြန်အလှန်စစ်ဆေးခြင်းဆောင်ရွက်ရန် ရပ်ကွက်၊ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိစစ်ခြင်း ပြီးစီးမှသာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ National Data Base တွင် စာရင်းဇယားများ မှန်ကန်လုံခြုံစွာ ရောက်ရှိမှာဖြစ်ပါတယ်၊ အဆိုပါအချက် အလက်များကိုအသုံးပြု၍ သက်ဆိုင်ရာဌာနများအနေဖြင့် လိုအပ်တဲ့ အချက်အလက် စိစစ်ခြင်း လုပ်ငန်းများလျင်မြန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့ကြောင့် အဆင့်(၂)နှင့် အဆင့် (၃)ပါ လုပ်ငန်းစဉ်များကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျ ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ပြီး သို့မှသာ လွတ်လပ်ပြီး မျှတသည့်ရွေးကောက်ပွဲ၊ မှန်ကန်သည့် ရွေးကောက်ပွဲ၊ စာရင်းအတိအကျ ရှိသော ရွေးကောက်ပွဲဖြစ်လာမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published _ 7 July 2022
နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် ပြည်ပသို့တင်ပို့ခွင့်ပိတ်ထားသည့် ဆီထွက်သီးနှံများကို ပြန်လည်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
စားသုံးဆီ အဓိကတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံက တင်ပို့မှုရပ်ဆိုင်းလိုက်သောကြောင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် နှမ်းနက်မှလွဲ၍ မြေပဲနှင့် နှမ်းများအား မေလ ၉ ရက်မှစတင်ပြီး ပြည်ပနိုင်ငံများထံ တင်ပို့ရောင်းချခွင့် ရပ်ဆိုင်းခဲ့ရသည်။
ယခု ပြည်ပနိုင်ငံများထံမှ စားသုံးဆီ ပုံမှန်တင်သွင်းခွင့်ရနေပြီး ဆီထွက်သီးနှံအုပ်စုဝင်ဖြစ်သည့် မြေပဲနှင့် နှမ်းများကို ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ဆိုထားသည်။
ပင်လယ်ရေကြောင်းမှတစ်ဆင့် ဆီထွက်သီးနှံတင်ပို့သည့်အခါ ဒေါ်လာဖြင့် ရောင်းရသော်လည်း နယ်စပ်တွင် ရောင်းချသည့်အခါ ဘတ်နှင့် ယွမ်များ ဖြစ်နေသောကြောင့် တစ်ပြေးညီတည်းဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း သိဏသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆန်၊ ပဲ၊ ပြောင်းများအား ပြည်ပနိုင်ငံများထံ နယ်စပ်မှတစ်ဆင့် တင်ပို့ရောင်းချမှုတွင် အမေရိကန်ဒေါ်လာတစ်မျိုးတည်းသာ တင်ပို့ခွင့်ပြုရေး ဆောင်ရွက်သွားရန် ကြိုးပမ်းနေကြောင်း သိရသည်။
ယခင် တရုတ်နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ယွမ်နှင့်ဘတ်ငွေများကို မြန်မာကျပ်ဖြင့် တိုက်ရိုက်အသုံးပြုပေးချေရန် ညွှန်ကြားခဲ့သော်လည်း ယခုလို ပြောင်းလဲသတ်မှတ်လိုက်ခြင်းဟာ ဒေါ်လာ လိုအပ်ချက်များနေခြင်းကြောင့်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်တွင် ပြောင်း၊ ပဲစသည့် ဆီထွက်သီးနှံများ အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများအား နယ်စပ်တွင် တင်ပို့ရောင်းချလျင် လိုင်စင်ကြေးအဖြစ် ဒေါ်လာ ၃၁၀ ကောက်ခံခဲ့သော်လည်း ယခုတစ်တန်လျင် ၃၆၀ ဒေါ်လာအထိ တိုးမြှင့်သတ်မှတ်ထားကြောင်း ယင်းမှ သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 7 July 2022
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်ပါက အလုပ်သမားအခွင့်အရေးရရှိမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
MoU စနစ်ဖြင့် တရားဝင်သွား ရောက်လုပ်ကိုင်ပါက သက်ဆိုင်ရာနိုင်ငံတွင် စနစ်တကျ နေထိုင်အလုပ်လုပ်ကိုင်နိုင်ခြင်း၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိဘဲ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်ခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ အကာအကွယ်ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း အသိပေး ဖော်ပြထားသည်။
မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား MoU စနစ်ဖြင့် အလုပ်သမား စေလွှတ်ခြင်းလုပ်ငန်းစဥ်ကို ကိုဗစ် ၁၉ ကပ် ရောဂါကာလအတွင်း ယာယီရပ်နားထားခဲ့ရာမှ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ၂၀၂၂ခုနှစ် မေလ ၁၀ ရက်နေ့မှ စတင်ကာ ပြန်လည်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၂ခုနှစ် မေလနှင့် ဇွန်လအတွင်း မြဝတီ - မဲဆောက်လမ်းကြောင်းမှ ၂၃ ကြိမ် စေလွှတ်ခဲ့ရာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရ အေဂျင်စီ ၂၅ ခုမှ ထိုင်းကုမ္ပဏီ ၇၂ ခုသို့ အလုပ်သမား ကျား ၅၂၅၂ ဦး၊ မ ၄၀၇၆ ဦး စုစုပေါင်း ၉၃၂၈ ဦး စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ တရားဝင် MOU စနစ်ဖြင့် သွားရောက်လုပ်ကိုင်သူများရှိသလို တရားမဝင်သွားရောက်လုပ်ကိုင်သူများလည်း ရှိနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#WorldHealth
Published 7 July 2022
'နာတာရှာကုတ်စ်'ဆိုတဲ့အမျိုးသမီးဟာ ရှားပါးရောဂါဝေဒနာတစ်မျိုး ခံစားနေရပြီး ချွေးထွက်ခြင်းကစလို့ ရယ်မောခြင်းအထိပြုလုပ်ခြင်းဖြင့် အသက်အန္တရာယ်ရှိစေနိုင်တဲ့ ဓာတ်မတည့်ခြင်းမျိုး ခံစားနေရပါတယ်။
ဒီလိုပြင်းထန်တဲ့ ရောဂါရှိနေပေမယ့်လည်း 'နာတာရှာကုတ်စ်'ဟာ ကျွမ်းဘားအားကစားမှာ ထူးချွန်ပြီး အဆိုပါဝေဒနာခံစားနေရတဲ့ အခြားသူများကိုလည်း အွန်လိုင်းကနေ အားပေးစကားများ ပြောဆိုပေးနေပါတယ်။
"စိတ်ခံစားမှု ပြင်းထန်ခြင်းမျိုးက ကျွန်မနဲ့ဓာတ်မတည့်ပါဘူး၊ ရယ်မောတာဖြစ်ဖြစ် ငိုတာဖြစ်ဖြစ် ဝမ်းနည်းတာဖြစ်ဖြစ် စိတ်ဖိစီးတာဖြစ်ဖြစ် ခန္ဓာကိုယ်စိတ်အနေအထားပြောင်းလဲတဲ့အခါ ဓာတုဓာတ်ပြုတုန့်ပြုမှုတွေ ဖြစ်စေပါတယ်" လို့ အသက် ၂၇ နှစ်ရှိ'နာတာရှာကုတ်စ်'က အင်စတာဂရမ်နဲ့ တစ်တော့အကောင့်တွေမှာ ပြောကြားခဲ့ပါတယ်။
'ကုတ်စ်'ဟာ ဆဲလ်အများအပြား တုန့်ပြန်ခြင်း ဝေဒနာမျိုးခံစားရတာဖြစ်ပြီး အပြင်းအထန် ဓာတ်မတည့်ခြင်းမျိုး ထပ်ခါထပ်ခါဖြစ်ပွားလေ့ရှိကာ ခန္ဓာကိုယ်အနှံအပြားကို ထိခိုက်စေတတ်ကြောင်း အမေရိကန်တက္ကသိုလ်က ဖော်ပြထားပါတယ်။
'ကုတ်စ်'ဟာ ရယ်မောနေရင်းနဲ့ လည်ပင်းနဲ့လျှာရောင်ရမ်းလာပြီး အသက်ဆုံးရှုံးနိုင်လောက်တဲ့အထိ ဖြစ်ပွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဆဲလ်တွေက တုန့်ပြန်နိုင်စွမ်းအလွန်မြင့်မားပြီး မှားယွင်းစွာနဲ့ ဓာတုဓာတ်ပြုပစ္စည်းအများအပြားထုတ်လွှတ်လိုက်ကာ အရေပြား၊ အစာအိမ်အူလမ်းကြောင်း၊ နှလုံး၊ အသက်ရှူလမ်းကြောင်းနဲ့ အာရုံကြောစနစ်တို့မှာ ဓာတ်မတည့်တဲ့လက္ခဏာတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ အနည်းငယ်လေးအပြောင်းအလဲဖြစ်တာနဲ့ ဓာတုပစ္စည်းများအလွန်အကျွံထွက်ပေါ်လာပြီး သွေးပေါင်ချိန်အလွန်အမင်းကျဆင်းတဲ့ ရှော့ဖြစ်ကာ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အထိ ဖြစ်တတ်ပါတယ်။
'ကုတ်စ်'ဟာ အသက် ၁၈ နှစ်အရွယ်တုန်းက ပွဲတစ်ခုမှာ ပထမဆုံးအကြိမ်ပြင်းထန်စွာရှော့ဖြစ်ခဲ့ပြီး အသက်ရှူရခက်ခဲလာကာ ဆေးရုံတင်ပို့လိုက်ရပါတယ်။
ဒါပေမဲ့လည်း ဒါဟာသာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး ရှားရှားပါးပါးတုန့်ပြန်မှုမျိုးကြုံတွေ့ခဲ့ရတာဖြစ်ကြောင်း ဆရာဝန်တွေက ရှင်းပြခဲ့ကြပါတယ်။
၂ နှစ်အတွင်းမှာပဲ ဓာတ်မတည့်မှုမျိုး အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသမီးငယ်လေးဟာ အရေးပေါ်အခန်းသို့ ခဏခဏရောက်ရှိနေခဲ့ပါတယ်။
ဘဝမှာနေထိုင်ရတာအလွန်ခက်ခဲခဲ့ပြီး ရေမွှေးနံ့သာ၊ တစ်ကိုယ်ရည်သုံးပစ္စည်း၊ ဖယောင်းတိုင်တို့ကိုပါ ဓာတ်မတည့်တော့ဘဲ စားသောက်နေရတာပင် ကံစမ်းရသလို ဖြစ်ခဲ့ပါတယ်။
စားစရာတစ်ခုက ဒီနေ့စားလိုအဆင်ပြေပေမယ့် မနက်ဖြန်စားတဲ့အခါ ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။
မတည့်တဲ့စားစရာတွေကို ရွေးထုတ်ရင်း နောက်ဆုံးမှာတော့ ကြက်သား၊ အာလူး၊ ပန်းဂေါ်ဖီတို့သာကျန်တော့ပြီး အဟာရချို့တဲ့ခြင်း ဖြစ်လာပါတယ်။
ဒီဝေဒနာကြောင့် ဘယ်အချိန်ဘာဖြစ်မလဲဆိုတာ မိသားစုနဲ့အတူ စိုးထိတ်နေရကြောင်း၊ တစ်ချိန်ချိန်မှာ အသက်သေဆုံးနိုင်တယ်ဆိုတာကို လက်ခံထားရကြောင်း၊ အသက် ၂၀ အရွယ်မှာပင် အသုဘအတွက်ပြင်ဆင်ထားရကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ကျန်းမာရေး အခြေအနေအတွက် အနီးစပ်ဆုံးဆေးရုံကိုသိအောင် လုပ်ထားရပြီး အရေးပေါ်ဆေးနည်းတွေသိရှိအောင် လေ့လာထားရပါတယ်။
လေ့ကျင့်ခန်း အားကစားပြုလုပ်လို အရေးပေါ်အခြေအနေဖြစ်လာနိုင်တာကြောင့် ရပ်တန့်သင့်တယ်လို့ ပြောတဲ့သူတွေရှိပါတယ်။
'ကုတ်စ်'ကတော့ အိမ်မှာငြိမ်ငြိမ်နေရင်းတောင် ဓာတ်မတည့်ခြင်းက အချိန်မရွေးဖြစ်တတ်တာကြောင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာအောင်နေထိုင်လျက်ရှိပါတယ်။
Source: New York Post
#Yangon_Media_Group
#Local_News
Published - 7 July 2022
ပြည်တွင်း စက်သုံးဆီ စက်သုံးဆီ ၉၂ နှင့် ၉၅ တစ်လီတာဈေးနှုန်း၏ ယနေ့ပေါက်ဈေးမှာ တစ်လီတာလျှင် ကျပ် ၂၀၀၀ အောက်ထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ဇူလိုင်လ ၆ ရက်က ၉၂ တစ်လီတာလျှင် ၂၀၇၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၈၃၅ ကျပ်သို့လည်းကောင်း၊ ၉၅ တစ်လီတာဈေး ၂၁၉၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၉၅၅ ကျပ်သို့လည်းကောင်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ဇူလိုင်လ ၆ ရက်က ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၈၀ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၄၁၀ ကျပ် ရှိခဲ့ရာမှ ယနေ့ (ဇူလိုင်လ ၇ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၂၂၅ ကျပ် အထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။
ပြည်တွင်း စက်သုံးဆီဈေးနှုန်း အတက်အကျ ရှိနေခဲ့သည့်ကာလအတွင်း ပုံမှန်ထက် တစ်လီတာလျှင် ၁၀၀ ကျပ်ခန့် ကျဆင်းလာခဲ့ရာမှ ယခုအခါ တစ်လီတာကို ၁၀၀ ကျပ်ထက်ပို၍ ကျလာသည်ကိုလည်းတွေ့ရခြင်း ဖြစ်သည်။
"နဂိုကဆိုရင် ဈေးက တစ်လီတာကို တစ်ရာလောက် ကျတာရှိတယ်။ အခုက ဥပမာပြရရင် ဒီဇယ်ဈေးဆိုရင် တစ်လီတာကို မနေ့က ၂၃၈၀ ကျပ် ရှိခဲ့ပေမဲ့ ဒီနေ့ ၂၁၉၅ ကျပ် ထိ ကျလာပြီးတော့ ပရီမီယံဒီဇယ်ဆိုရင် တစ်လီတာကို ၂၄၁၀ ကျပ် ဖြစ်နေရာကနေ ဒီနေ့ ၂၂၂၅ ကျပ်ထိ ဖြစ်လာတယ်။ ရိုးရိုးဒီဇယ်နဲ့ ပရီမီယံဒီဇယ် ဈေးက တစ်လီတာကို ၁၈၅ ကျပ်ထိ ကျသွားတဲ့သဘောပေါ့။ ဒါပေမဲ့လည်း ဈေးကတော့ အတက်အကျရှိတယ်။ စောင့်ကြည့်ရအုံးမှာပါ"ဟု စက်သုံးဆီ အရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တိုတွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
ymg/sth
#Yangon_Media_Group
#WorldHealth
Published 7 July 2022
အရက်သောက်ခြင်းက ယောက်ျားများနဲ့ မိန်းမများရဲ့ဦးနှောက်ဆောင်ရွက်ပုံကို ကွဲပြားစွာ သက်ရောက်လျက်ရှိကြောင်း ကြွက်တွေနဲ့လေ့လာမှု ပြုလုပ်ခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အယ်လ်ကိုဟောက ကမ္ဘာပေါ်မှာ စွဲမြဲသောက်သုံးလေ့အရှိဆုံးအရာ တစ်မျိုးဖြစ်ပြီး စိတ်ကျန်းမာရေး ပြဿနာအများအပြားဖြစ်လာကြတဲ့အပြင် ဦးနှောက်ဆောင်ရွက်မှုကိုလည်း သက်ရောက်မှုရှိနေပါတယ်။
ဒါပေမဲ့ eNeuro ဂျာနယ်မှာဖော်ပြချက်အရ အယ်လ်ကိုဟောက ယောက်ျားတွေနဲ့မိန်းမတွေရဲ့ဦးနှောက်တွေအပေါ် သက်ရောက်မှုကွဲပြားစွာရှိကြောင်း ဖော်ပြထားပါတယ်။
အယ်လ်ကိုဟောသက်ရောက်တဲ့ အဓိကအချက် ၂ ချက်က စိတ်ပိုင်းဆိုင်ရာပြဿနာများနဲ့ အရက်စွဲခြင်းတို့ဖြစ်ပေါ်နိုင်ပြီး တစ်မျိုးနဲ့တစ်မျိုးလှည့်လည်ဖြစ်ပွားနေတတ်ပါတယ်။
အရက်စွဲခြင်းဖြင့် စိတ်စိုးရိမ်ပူပန်ခြင်းဖြစ်တတ်ပြီး စိတ်ပူပန်ခြင်းဖြင့် အရက်စွဲသောက်ခြင်းဖြစ်ပေါ်နိုင်ပါတယ်။
ဦးနှောက်အစိတ်အပိုင်းတွေမှာ အပြောင်းအလဲဖြစ်ပေါ်ပြီး စိုးရိမ်ပူပန်ခြင်းများနဲ့ အပြုအမူခံစားချက်တွေအပေါ် သက်ရောက်မှုရှိနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အတိအကျသိရဖို့အတွက် သုတေသီတွေက ကြွက်များဖြင့် စမ်းသပ်ခဲ့ကြရာ အရက်က ကြွက်တွေရဲ့ဦးနှောက်ဆောင်ရွက်ချက် အပြောင်းအလဲများကို ဖြစ်ပေါ်စေကြောင်း အတည်ပြုနိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ကြွက်ထီးနဲ့ကြွက်မဆိုပြီး ခွဲခြားလေ့လာခဲ့ကြတာဖြစ်ပါတယ်။
အယ်လ်ကိုဟောကြောင့် ကြွက်ထီးတွေမှာ ဦးနှောက်နဲ့အပြုအမူပြောင်းလဲတာမျိုးဖြစ်ခဲ့ပေမယ့် ကြွက်မတွေမှာတော့ အဲဒီလိုအပြောင်းအလဲတွေ မတွေ့ခဲ့ရပါဘူး။
ဒါပေမဲ့ဒီသဘောက အမျိုးသမီးတွေရဲ့ဦးနှောက်က အယ်လ်ကိုဟောသက်ရောက်မှုကို ခံနိုင်ရည်ရှိတဲ့သဘောတော့ မဟုတ်ပါဘူး။
ဦးနှောက်ဆောင်ရွက်ချက်ကို ထိရောက်ဆဲဖြစ်ပြီး ကွဲပြားစွာသက်ရောက်နေတာသာဖြစ်ပါတယ်။
နောက်ထပ်စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က လူသားတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အယ်လ်ကိုဟောသောက်ချင်စိတ်ပိုများတာပါပဲ။
အမျိုးသမီးတွေအပေါ် အယ်လ်ကိုဟောက ကွဲပြားစွာသက်ရောက်စေတာဟာ မမျိုးဥစတီးရွိုက်ဟော်မုန်းကြောင့် အဓိကကျနေပါတယ်။
နောက်ထပ်လေ့လာမှုတွေပြုလုပ်ဖို့ လိုအပ်နေပေမယ့် အယ်လ်ကိုဟောဓာတ်ကို ခံနိုင်ရည်ရှိမှုတွေ တုန့်ပြန်မှုတွေစတဲ့အချက်တွေကိုလည်း ထည့်တွက်ဖို့လိုအပ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 6 July 2022
ထိုင်ဝမ်လေတပ်က ယင်းရဲ့ ပြည်တွင်းထုတ် ခေတ်မီလေ့ကျင့်ရေးဂျက်လေယာဉ် T-5 Brave Eagle ကို ပျံသန်းပြသခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ စစ်အင်အားကြီးထွားလာတာကို ဆန့်ကျင်နိုင်ဖို့ ထိုင်ဝမ်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ ကာကွယ်ရေးအင်အားကို မြှင့်တင်နေတာဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ ဆယ်စုနှစ်များစွာသက်တမ်းရှိနေတဲ့ AT-3 လေ့ကျင့်ရေးလေယာဉ်နှင့် ဗီယက်နမ်စစ်ပွဲကာလသုံးခဲ့တဲ့ F-5 တိုက်ခိုက်ရေး လေ့ကျင့်ရေးလေယာဉ်တွေနေရာကို အစားထိုးမှာဖြစ်ပါတယ်။
အခုလေယာဉ်ဟာ ယခင်ရှိပြီး ချင်းကူးတိုက်ဂျက်လေယာဉ်ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ထိုင်ခုံနှစ်ခုံတပ် Brave Eagle ဟာ လေယာဉ်ပုံစံပြုလုပ်မှု အီလက်ထရွန်နစ်နည်းပညာအသစ်တပ်ဆင်ထားပြီး လောင်စာဆီပိုသိုလှောင်နိုင်က ဒုံးကျည်တွေနှင့် ဗုံးတွေသယ်ဆောင်နိုင်ပါတယ်။
ခေတ်မီလေ့ကျင့်ရေးလေယာဉ်တွေကို ထိုင်ဝမ်ရဲ့ လေကြောင်းစက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းက ထုတ်လုပ်တာဖြစ်ပြီး ၂၀၂၆ခုနှစ်မှာ Brave Eagles ၆၆ စင်းအထိ ထိုင်ဝမ်လေတပ်အတွက် ထုတ်လုပ်ပေးဖို့ ရည်မှန်းထားပါတယ်။
သက်တမ်း ၂၃နှစ်ရှိပြီဖြစ်တဲ့ AT-3 လေ့ကျင့်ရေးလေယာဉ်ဟာ ဒီနှစ်မေလတုန်းကပျက်ကျခဲ့တဲ့အတွက် အိုမင်းနေတဲ့ တိုက်လေယာဉ်တွေအပေါ် စိတ်ပူပန်မိတွေရှိခဲ့ကြပါတယ်။
Source: AFP
Page 1543 of 1803