#DailyNews
Published _ 6 September 2022
၁။ သြဂုတ်လအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၅၀၀၀၀ ကျော်တင်ပို့ခဲ့
၂။ အမြန်လမ်း နေရာ ၅ ခုတွင် လျှပ်စစ်ယာဉ်သုံး Charging Station များ လပိုင်းအတွင်း တည်ဆောက်မည်
၃။ တနင်္သာရီပြတိုက်တွင် အဖိုးတန်ပစ္စည်းများ ပြသနိုင်အောင် ဆောင်ရွက်ပေးရန်လိုဟုဆို
၄။ ရေရပိုင်ခွင့်ကို ပုဂ္ဂလိကလုပ်ငန်းများလက်ကနေ လူ့အခွင့်အရေးထံ ရောက်ရှိစေမည့် အခြေခံဥပဒေမူကြမ်းအသစ်အား ချီလီတွင်တင်သွင်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 6 Sept 2022
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ စာချွန်လွှာတစ်ခုကို စက်တင်ဘာ (၆)ရက် အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporationတို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဲဒီစာချွန်လွှာလက်မှတ်ရေးထိုးပွဲမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ရှေ့မှောက်တွင် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့နှင့် Rosatom State Corporation ရဲ့အမှုဆောင်အရာရှိချုပ် မစ္စတာ အဲလက်ဇီအက်ဗ်ဂျင်နီဗစ်လီခါရှက်ဖ် ( Mr. Alexey Evgenievich Likhachevi) တို့က လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
လက်မှတ်မရေးထိုးခင် နစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တွေဟာ Rosatom State Corporation အမှုဆောင်အရာရှိချုပ်နှင့်အဖွဲ့ဝင်တွေနှင့် နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေမှာ အတွေ့အကြုံနှင့် နည်းပညာတွေ လေ့လာခွင့်ရရှိနိုင်မည့် အခြေအနေတွေနှင့် နှစ်နိုင်ငံပြည်သူလူထုအကျိုးရှိစေမည့် ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေတွေ၊ နျူကလီးယားစွမ်းအင်ကို နိုင်ငံသူ နိုင်ငံသားများရဲ့ လူမှုဘဝ စီးပွားဖွံ့ဖြိုးတိုးတက်ရေအတွက် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်မည့် အစီအစဉ်တွေ၊ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဲ့သို့သော လုပ်ငန်းအပါအဝင် သိပ္ပံနှင့် သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိရှိ အသုံးပြုနိုင်ရေးတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေဟာ အင်္ဂါနေ့မနက်ပိုင်းမှာ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ခင်းကျင်းပြသထားတဲ့ပြခန်းတွေကိုလည်း ကြည့်ရှုလေ့လာခဲ့ကြတယ်လို့သိရပါတယ်။ အဲဒီပြခန်းတွေထဲမှာ RZD Russian Railways ကုမ္ပဏီရဲ့ ရထားလုပ်ငန်းဆိုင်ရာပြခန်း၊ Rus Hydroelectric Power Generationကုမ္ပဏီပြခန်း၊VEB.RF Investment ကုမ္ပဏီပြခန်း၊Aeroflot Airline ပြခန်းတွေပါဝင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: SAC’s Information
#Russia_Myanmar
#Rosatom_State_Corporation
#EEF_Russia





#Local_News
Published - 6 September 2022
သင်္ဘောသား အလုပ်သမားတွေရင်ဆိုင်နေရတဲ့ အမှုအခင်းတွေနည်းပါးသွားစေဖို့ ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲတွေ အပတ်စဉ်ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးအလုပ်သမားများ အဖွဲ့ချုပ် MSF ဥက္ကဌဦးစိုးမင်းအောင်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 6 September 2022
ရန်ကုန်ဆိပ်ကမ်းများ၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတကာသင်္ဘောလိုင်း ၁၄ လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း ဆိုက်ကပ်မှာဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲတဲ့ ဇန်နဝါရီမှ သြဂုတ်လကုန်အထိ ရှစ်လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင် သင်္ဘော ၄၁၀ စင်းဆိုက်ကပ်ခဲ့ပါတယ်။
ရန်ကုန်ဆိပ်ကမ်းများ၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ လိုင်းမှ ၄၈ စင်း၊ မတ်လတွင် ၅၀ စင်း၊ ဧပြီလတွင် သင်္ဘောလိုင်း ၁၄ လိုင်းမှ ၅၂ စင်း၊ မေလတွင် ၁၂ လိုင်းမှ ၅၄ စင်း၊ ဇွန်လတွင် ၁၅ လိုင်းမှ ၅၃ စင်း ၊ ဇူလိုင်လတွင် ၁၅ လိုင်းမှ ၄၉ စင်း၊ သြဂုတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း ဆိုက်ကပ်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ယခုအခါ ရန်ကုန်ဆိပ်ကမ်း၏ ရေလမ်းကြောင်းတိုးတက်ကောင်းမွန်မှုကြောင့် ရေစူး ၁၀ မီတာနှင့် တန်ချိန် ၃၀,၀၀၀ အထိတင်နိုင်သော ကုန်သေတ္တာတင် သင်္ဘောကြီး များ၊ စက်သုံးဆီသင်္ဘောကြီးများနှင့် အထွေထွေကုန်စည်တင်သင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလျှက်ရှိကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 6 September 2022
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က သက်မှတ်ထားသည့် နိုင်ငံတကာခြေစမ်းပွဲများ ကစားမည့်ရက် (International “ A” Friendly Match Day)တွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် ဟောင်ကောင်လက်ရွေးစင် အသင်းတို့ ခြေစမ်းပွဲ (၂)ပွဲ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရသည်။
မြန်မာ (FIFA Ranking-158) နှင့် ဟောင်ကောင်လက်ရွေးစင် (FIFA Ranking- 147) အသင်းတို့အနေဖြင့် စက်တင်ဘာ ၂၁ ရက်တွင် ပရိသတ်မပါဘဲ (Behind Closed Door) အဖြစ်လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်တွင် ပရိသတ် ဝင်ရောက်ကြည့်ရှုခွင့်ရှိမည့် (Open to Spectators) အဖြစ် လည်းကောင်း ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် မြန်မာ့လက်ရွေးစင် အသင်းက စက်တင်ဘာလ ၁၅ ရက်တွင် သုဝဏ္ဏအားကစားကွင်း၌ စတင်၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ရာ နည်းပြချုပ် အန်တွမ်နီဟေးလ်က ပဏာမ ကစားသမား စာရင်းကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ် ဒီဇင်ဘာလအတွင်း အာဆီယံချန်ပီယံရှစ် (AFF Mitsubishi Electronic Cup 2022) ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စု(ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအို အသင်းများနှင့်အတူ ကျရောက်လျက်ရှိကြောင်းလည်း သိရသည်။

Hong Kong National Football Team (Photo-HKFA)
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 6 September
ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံပေးလျက်ရှိရာ စက်တင်ဘာ ၃ ရက်တွင် ၂၉၈ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ် ထားရှိကာ ပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၂၁၀ ဦး၊ အမျိုးသမီး ၈၈ ဦး စုစုပေါင်း ၂၉၈ ဦး ဖြစ်ကြောင်း သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 6 September 2022
ထောင်ဒဏ် အနှစ် ၂၀ ထိ ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်စစ်ဆေးရန် ကျန်ရှိနေသေးသည့် အမှုများထဲမှ ရဟတ်ယာဉ်ဝယ်ယူသည့် ကိစ္စအတွက် အမှုအမှတ် ၄၈ ကို ယနေ့ စက်တင်ဘာလ ၆ ရက်တွင် ဆက်လက် စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
စက်တင်ဘာလ ၅ ရက်ကလည်း ရဟတ်ယာဉ်ဝယ်ယူသည့်အမှုများထဲမှ အမှုအမှတ် ၄၆ နှင့် ၄၇ တို့ကို စစ်ဆေးခဲ့ကြောင်း၊ ယနေ့တွင် အမှုအမှတ် ၄၈ နှင့်ပတ်သက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်အား တရားလိုပြသက်သေအဖြစ် ဆက်လက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ဒီနေ့မနက်ပိုင်းမှာ ရဟတ်ယာဉ်အမှု ၄၈ ကို ဆက်ပြီးစစ်တယ်၊အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်ကိုပဲ စစ်တာပါ။ မပြီးသေးဘူး ၊ လာမယ့် စက်တင်ဘာလ ၁၂ ရက်မှာ ထပ်ပြီးတော့ စစ်ဆေးဖို့ ရှိပါတယ်"ဟု တရားရုံးနှင့် နီးစပ်သူက YMG ကို ပြောသည်။
ယနေ့ စက်တင်ဘာလ ၆ ရက်တွင် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နှင့် ပတ်သက်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေလှူဒါန်းမှုကိစ္စကိုပါ စစ်ဆေးရန် ရှိခဲ့သော်လည်း တရားလိုပြ သက်သေ ဒေါက်သန့်သော်ကောင်း မလာသည့်အတွက် ရဟတ်ယာဉ်အမှု စစ်ဆေးမည့် စက်တင်ဘာလ ၁၂ ရက်တွင် ပူးတွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါ နီးစပ်သူက ပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 6 September 2022
အိန္ဒိယနိုင်ငံ နယူးဒေလီ၌ကျင်းပသည့် Connecting East: Confluence of IPOI and AOIP Visions အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ညီလာခံကို Working session (၈) ခုဖြင့် ကျင်းပခဲ့တာဖြစ်ပြီး အာရှဒေသမှ Think Tank များ၊ တက္ကသိုလ်များနှင့် ဘာသာရပ်ပိုင်း သုတေသနနှင့် လေ့လာရေးစင်တာများမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မူဝါဒရေးရာလေ့လာသူ သုတေသီများနှင့် အစိုးရတာဝန်ရှိသူများမှ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် နယူးဒေလီမြို့တွင် ၁-၉-၂၀၂၂ ရက်မှ ၃-၉-၂၀၂၂ ရက်အတွင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် Association of Asian Scholars တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် “Connecting East: Confluence of IPOI and AOIP Visions” အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
(၃) ရက်ကြာ ကျင်းပသည့် အဆိုပါ ညီလာခံတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများမှ တက်ရောက်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါတယ်။
#ygm_mnn
#Yangon_Media_Group
Published 5 Sept 2022
အော်ရီဒူးမြန်မာကို စင်္ကပူမှာ ရုံးချုပ်ထားရှိတဲ့ နည်းပညာကုမ္ပဏီ The One Matrix Ventures (TOMV) ကို ရောင်းချဖို့ စီစဉ်နေတယ်လို့ အဲဒီအစီအစဉ်နှင့် တိုက်ရိုက်ပတ်သက်တဲ့ လူပုဂ္ဂိုလ်(၃)ဦးကို ကိုးကားပြီး ရိုက်တာက ရေးသားလိုက်ပါတယ်။
တယ်လီဖုန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေနှင့် နည်းပညာကို လုပ်ဆောင်တဲ့ အဲဒီ TOMV ကုမ္ပဏီကို မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်အုန်းက ပိုင်ဆိုတာဖြစ်ပြီး သူဟာ စင်္ကာပူ တယ်လီကွမ်း ကုမ္ပဏီ ကမ်ပါနာ အုပ်စု Campana Group ကိုလည်း ဦးဆောင်နေသူဖြစ်တယ်လို့ ရိုက်တာကဆိုပါတယ်။
ဒိုဟာအခြေစိုက် အော်ရီဒူးဟာ ဦးမျိုးမြင့်အုန်းကို လုပ်ငန်းရောင်းချဖို့ ရည်ရွယ်ထားတာကို မြန်မာနိုင်ငံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံ အကြောင်းကြားထားပြီးဖြစ်ပေမယ့် ခွင့်ပြုဖို တရားဝင်တောင်းဆိုထားတာတော့ မရှိဘူးလို့ အရင်းအမြစ်တစ်ခုက ရိုက်တာကိုပြောပါတယ်။
ဒီလိုရောင်းချရာမှာ အာဏာပိုင်ရဲ့ ခွင့်ပြုချက်အပေါ်မူတည်နေပါတယ်လို့ လည်း ဒီကိစ္စရင်းနှီးတဲ့သူတစ်ဦးက ပြောပါတယ်။
ရောင်းချမယ့် ဈေးနှုန်းကိုတော့ အဲဒီသူကပြောဆိုဖို့ငြင်းဆိုပါတယ်။
အိုရီဒူးကလည်း ဘာမှတုန့်ပြန်ချက်မပေးပါဘူး။
TOMV ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး အလန်ဆင်ဖီးလ်ကလည်း သူ့အနေနှင့် မှတ်ချက်ပေးနိုင်တဲ့ရာထူးမရှိဘူးလို့ ရိုက်တာကို ဖြေကြားပါတယ်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယအမြဲတန်းအတွင်းဝန် ဦးမိုးကျော်စိုးကလည်း ဒီကိစ္စသူမသိဘူးလို့ ရိုက်တာကို ပြောပါတယ်။
Source.Reuters
#Ooredoo_Myanmar
#The_One_Matrix_Vent
#Myo_Myint_Ohn
Published 6 Sept 2022
-မြန်မာ့အကျပ်အတည်း ရှင်းလင်းတဲ့လမ်းကြောင်းမရှိ
-လွယ်ကူတဲ့ဖြေရှင်းနည်း မရှိ
-နိုင်ငံရေးဖြေရှင်းမှုတွေကို ပြင်ပကသွတ်သွင်းယူလို့မရ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက သူမအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှသ မြန်မာနိုင်ငံကို နောက်တစ်ကြိမ်ထပ်လာမယ်လို့ပြောကြောင်း ရိုက်တာ သတင်းဌာနက သတင်းဖော်ပြပါတယ်။
စင်္ကာပူနိုင်ငံမှာ စက်တင်ဘာ ၅ ရက်က ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ သူမက ပြောကြားခဲ့တာဖြစ်ပြီး “တကယ့်လက်တွေ့အခြေအနေက ဒီအကျပ်အတည်းနှင့်ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်းမရှိဖြစ်နေတာဘဲ။ ပြီးတော့ လွယ်ကူတဲ့ဖြေရှင်းနည်းတွေလည်း ရှိလိမ့်မယ်မဟုတ်ဘူး” လို့လည်းသူမကပြောပါတယ်။
“မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အနေအထားတွေကလည်း ဆက်လက်ပြီး ခြားနားကွဲပြားနေကြတယ်။ နောက်ဆုံးမတော့ နိုင်ငံရေးဖြေရှင်းမှုတွေဟာ ပြင်ပက သွတ်သွင်းလို့မရနိုင်ဘူး”လို့လည်း သူမရဲ့ပြောကြားချက်ကို သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားတယ်လို့ ရိုက်တာက ရေးသားပါတယ်။
သူမရဲ့မြန်မာနိုင်ငံကို ခရီးအတွင်း နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖိုနှင့် သေဒဏ်ပေးတာတွေရပ်တန့်ဖို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို သူမကတောင်းဆိုခဲ့တယ်လို့လည်း နိုလင်းဟေဇာက ဆက်ပြောပါတယ်။
“ကျွန်မ ထပ်ပြီးသွားရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့လို့ရမှသာ သွားမှာဖြစ်တယ်” လို့ ဟေဇာက ISEAS–Yusof Ishak Institute ကကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲမှာပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအပေါ်စိတ်ပူနေပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖို့ နောက်ဆုံးမှာ ဖြစ်လာနိုင်တဲ့ အကြောင်းတော့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ရိုးတိုးရိပ်တိပ်ပြောခဲ့တယ်လို့လည်း ဟေဇာကပြောတယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။
Source Reuters
#Noeleen_Heyzer_
#Senior_General_Min_Aung_Hlaing
#Daw_Aung_San_Suu_Kyi
#World_Disaster
Published 6 September 2022
'ဟင်နမ်နော' တိုင်ဖွန်းမုန်တိုင်းဟာ အင်္ဂါနေ့အစောပိုင်းက တောင်ကိုရီးယားနိုင်ငံကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ရာ ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ပြီး လူတစ်ဦးပျောက်ဆုံးနေကြောင်း သိရှိရပါတယ်။
ပျက်စီးဆုံးရှုံးမှုအနည်းငယ်ရှိခဲ့ပြီး ပင်လယ်ဘက်သို့ ပြန်ထွက်သွားပြီလို့ သတင်းပေးပို့လာကြပါတယ်။
ဒီတိုင်ဖွန်းမုန်တိုင်းဟာ ဆယ်စုနှစ်များအတွင်း တောင်ကိုရီးယားနိုင်ငံကို ရိုက်ခတ်လာတဲ့ အင်အားအကြီးဆုံးမုန်တိုင်းတွေထဲက တစ်ခုဖြစ်ကာ နိုင်ငံတောင်ပိုင်းရှိ ဂျယ်ဂျူကျွန်းကို ညပိုင်းမှာရိုက်ခတ်ပြီးနောက် ဘူဆန်ဆိပ်ကမ်းမြို့အနီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပါတယ်။
ဘူဆန်အနီးမှာ မိုးသည်းထန်စွာရွာသွန်းပြီး လှိုင်းလုံးကြီးများရိုက်ခတ်ကာ ကမ်းခြေရှေ့နားရှိ လမ်းတွေနဲ့ဆိုင်တွေကို ဖျက်ဆီးသွားပါတယ်။
မုန်တိုင်းက ကုန်းတွင်းသို့ရိုက်ခတ်စဉ်မှာ တစ်စက္ကန့်ကို ၄၃ မီတာနှုန်းရှိခဲ့ကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။
အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးက အူလ်ဆန်အရှေ့ကမ်းရိုးတန်းမြို့မှာ မိုးရေတွေထဲစီးမြောပါသွားပြီးနောက် ပျောက်ဆုံးနေခဲ့ကြောင်း ဗဟိုဘေးအန္တရာယ်နဲ့ ဘေးကင်းစီမံရေးဌာနချုပ်က ပြောပြခဲ့ပါတယ်။
အာဏာပိုင်များက ကြိုတင်ကာကွယ်တဲ့အနေနဲ့ နိုင်ငံတဝန်းရှိ ကျောင်း ၆၀၀ ကျော်နဲ့ ပြည်တွင်းလေကြောင်းခရီးစဉ် ၂၅၀ ကို အရေးပေါ်ပိတ်သိမ်းခဲ့ပေမယ့် မုန်တိုင်းက ဂျပန်ဘက်ကိုဦးတည်ထွက်ခွာသွားတာကြောင့် အင်္ဂါနေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
မြောက်ကိုရီးယားမှာလည်း မုန်တိုင်းဒဏ်ကိုကြံ့ကြံ့ခံနိုင်ရန် ခေါင်းဆောင်'ကင်မ်ဂျုံအန်း'က ပြုံယမ်းမှာ အစည်းအဝေးပြုလုပ်ကာ သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ ကြိုးပမ်းနေပါတယ်။
သဘာဝဘေးကို တုံ့ပြန်ထိန်းသိမ်းဖို့က အလွန်အရေးပါပြီး ပြည်သူတွေရဲ့ဘဝနဲ့ အသက်အိုးအိမ်ထက် တန်ဖိုးကြီးတာ ဘာမှမရှိဘူးလို့ 'ကင်မ်ဂျုံအန်း'က ဆိုခဲ့ကြောင်း ကိုရီးယားစင်ထရယ်သတင်းဌာနက ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယားက သစ်တောပြုန်းတီးပြီး စိုက်ပျိုးရေမကောင်းတာကြောင့် ရေကြီးမိုးကြီးခြင်းဒဏ် ပိုမိုခံရနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။
အင်္ဂါနေ့မနက်မှာ မုန်တိုင်းက ဂျပန်ပင်လယ်ပြင်ကနေဖြတ်သန်းကာ ဂျပန်အနောက်တောင်ပိုင်း နာဂါဆာကီစီရင်စုနယ်မှ ဆူရှီမာကျွန်း ၁၀၀ ကီလိုမီတာအကွာသို့ရောက်ရှိခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ကြေညာခဲ့ပါတယ်။
ဂျပန်အနောက်တောင်ဘက် ကျူရှူဒေသမှာ အိမ်ခြေ ၃၅,၀၀၀ ကျော်ဓာတ်အားပြတ်တောက်နေရပါတယ်။
တစ်နာရီကို ၄၅ ကီလိုမီတာနှုန်းဖြင့် အရှေ့မြောက်ဘက်သို့ ရွေ့လျားနေပြီး ဂျပန်အနောက်ဘက်သို့ အင်္ဂါနေ့မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။
လေပြင်းမိုးပြင်းတိုက်ခတ်မှုကြောင့် ဂျပန်ကျည်ဆံရထားအချို့ ရပ်ဆိုင်းထားပြီး ဒေသတွင်းရထားအတော်များများလည်း ရပ်နားထားရပါတယ်။
ကျူရှူလေဆိပ်သို့ အဝင်အထွက်ပြုလုပ်မယ့် လေကြောင်းခရီးစဉ်အနည်းဆုံး ၁၂၀ ခန့် ဖျက်သိမ်းလိုက်ရကြောင်း NHK သတင်းဌာနက တင်ပြခဲ့ပါတယ်။




Source: rfi
#Yangon_Media_Group
#Local_News
Published _ 6 september 2022
ပြည်ပနိုင်ငံရောက် မြန်မာလုပ်သားများ၏ ငွေလွှဲပေးပို့မှုနှုန်းဟာ ၈ နှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၆၁၅၂.၀၄၄ သန်းရှိကြောင်း အလုပ်သမားဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။
မြန်မာနိုင်ငံကို လွှဲပို့နေလျက်ရှိသည့် မိသားစုလွှဲပို့ ငွေစာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၄ ခုနှစ်မှ စတင်ပြီး မလေးရှား၊ ထိုင်း၊ စင်ကာပူနဲ့ အခြားနိုင်ငံဆိုပြီး ခွဲခြားပေးပို့ခဲ့ရာ ၂၀၂၂ ခုနှစ် ၇ လပိုင်းအထိ ဒေါ်လာ ၆.၁ ဘီလီယံကျော် ရှိခဲ့ခြင်း ဖြစ်သည်။
ပြည်ပသို့ သွားရောက်လုပ်ကိုင်နေသူများထံမှ မိသားစုလွှဲပို့ငွေ၊ မိခင်နိုင်ငံထံ ပြန်လွှဲငွေများဟာ တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် နိုင်ငံခြားငွေ ရှာဖွေရေးများအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေလျက်ရှိကြောင်း ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့သည်။
ပြီးခဲ့သော ရက်ပိုင်းတွင် ဗဟိုဘဏ်အနေနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ နိုင်ငံခြားငွေနှင့် ရရှိသည့် လုပ်ခလစာတွေကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် လွှဲပြောင်းပေးသည့် ဝင်ငွေများကို လွတ်လပ်စွာ သုံးစွဲခွင့်ပြုမည်ဟု အသိပေးထားသည်။
အဆိုပါ ကြေညာချက်က တရားမဝင် ဈေးကွက်အတွင်း ကန်(၁) ဒေါ်လာပေါက်ဈေးက ကျပ် ၃၀၀၀ အထက် ရောက်ရှိနေချိန် ဒေါ်လာရှားပါးလာသည့် ပြည်တွင်း၌ နိုင်ငံခြားငွေ ဝင်ရောက်လာရန် ကြိုးပမ်းမှုဖြစ်ကြောင်း စီးပွားရေးအကဲခတ်သူများက သုံးသပ်ခဲ့ကြသည်။
မကြာခင် ရက်ပိုင်းအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနအနေနှင့် ပြည်ပရောက် မြန်မာအချို့၏ လစာခါင်းစဉ်အောက်က ဝင်ငွေများကို မော်တော်ယာဉ်ဝယ်ယူခြင်း၊ အခြေပစ္စည်းတွေ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်းများအတွက် သုံးစွဲကြတာကြောင့် တရားဝင်လမ်းကြောင်းတွေကနေ ငွေလွှဲပေးပို့မည်ဆိုလျှင် အခွန်ဆိုင်ရာ အကျိုးခံစားခွင့်တွေ ရရှိမည်ဖြစ်ကြောင်း ကြေညာထားသည်။
ယခင်က ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ငွေလွဲပေးပို့ရာတွင် တရားဝင်နည်းလမ်းနှင့်ပေးပို့မှု အထိုက်အလျောက်ရှိခဲ့သော်လည်း လက်ရှိနိုင်ငံခြားငွေမူဝါဒ အပြောင်းအလဲကြောင့် တရားဝင်ပေးပို့မှု အလွန်နည်းသွားခြင်းကို ပြန်လည်ကုစားရန် ရည်ရွယ်ပုံရကြောင်း ဘဏ္ဍာရေးအတိုင်ပင်ခံလုပ်ငန်း MES က သုံးသပ်ထားသည်။
#ymg/NN
#Yangon_Media_Group
Page 1546 of 1918