#World_News
Published 11 June 2026

■ ငြိမ်းချမ်းရေး သဘောတူညီချက်မရရင် နောက်ထပ်တိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်ထားတဲ့အတိုင်း အီရန်ကို ညတွင်းချင်း ပစ်မှတ်အများအပြား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

■ ဒီတိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ ရန်စတဲ့လုပ်ရပ်တွေကြောင့် တုံ့ပြန်ရတာဖြစ်ပြီး အီရန်ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

■ အီရန်ခြိမ်းခြောက်ထားပြီး တင်းမာမှု မြင့်တက်နေပေမယ့် ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ ဖြတ်သန်းနိုင်ရေး လျှို့ဝှက်အစီအစဉ်တစ်ခု လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထရမ့်ကပြောပါတယ်။

■ အီရန်ကို ငြိမ်းချမ်းရေးသဘောတူညီချက် ယူစေရန် ဖိအားပေးဖို့နဲ့ သံတမန်ရေးအရ အသာစီးရဖို့ အခုလို တိုက်ခိုက်ရတာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီ့ဟက်ဂ်ဆက်သ်က အကြောင်းပြပါတယ်။

■ အခုဆိုရင် ဒီပဋိပက္ခဟာ ၄ လကြာမြင့်လာပြီဖြစ်ပြီး ဧပြီလက ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရခဲ့ပေမယ့် နှစ်ဖက်စလုံးဟာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေခဲ့ပါတယ်။

■ အမေရိကန်ဟာ ရေပေးဝေရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားပိုင်ပစ်မှတ်တွေကို တိုက်ခိုက်နေတာကြောင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ အီရန်က စွပ်စွဲနေပါတယ်။

■ ကာတာက အမေရိကန်နဲ့ အီရန်ကြား ကြားဝင်စေ့စပ်နေပြီး သံတမန်ရေး ကြိုးပမ်းမှုတွေ လုပ်နေပေမယ့် ထူးထူးခြားခြား တိုးတက်မှု မရှိသေးပါဘူး။

■ ဒီစစ်ပွဲကြောင့် ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ထောက်ပံ့မှုတွေကို ဆိုးဆိုးရွားရွား သက်ရောက်စေကာ ဈေးနှုန်းတွေ မြင့်တက်လာစေပြီး ထရမ့်အစိုးရအဖွဲ့အတွက်လည်း နိုင်ငံရေးစိန်ခေါ်မှု ကြီးမားလာပါတယ်။

Source: Reuters