#LocalNews
Published_30 May 2022
ထိုင်းနိုင်ငံသို့ နယ်စပ်ဂိတ်ပေါက်များမှဖြစ်စေ၊ လေကြောင်းလိုင်းများဖြင့်ဖြစ်စေ သွားရောက်သူများအနေဖြင့် ဇွန်လ တစ်ရက်ကစ၍ ကွာရန်တင်း ဝင်ရန်မလိုတော့ကြောင်း သိရသည်။
နယ်စပ်ဂိတ်များမှ Thailand Pass ဖြင့် နဂိုအတိုင်း မှတ်ပုံတင်ရန်၊ ကိုဗစ်ကာကွယ်ဆေးရရှိထားသူများ အထောက်ထားတင်ပြ၍ ကျန်းမာရေး (အာမခံ) ငွေ သတ်မှတ်အမေရိကန်ဒေါ်လာတင်ပြရန်၊ ကိုဗစ်ကာကွယ်ဆေး မထိုးနှံထားသူ (သိုမဟုတ်) အကြိမ်ပြည့် မထိုးနှံထားသူများအနေဖြင့် Professinal ATK (သိုမဟုတ်) RT-PCR ဖြင့် ၇၂ နာရီအတွင်း မဝင်ရောက်မီ အထောက်ထား တင်ပြရန် လိုအပ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအနေဖြင့် လာမည့် ဇွန်လမှ စက်တင်ဘာလအတွင်း နိုင်ငံတကာခရီးသွား တစ်လလျင် ငါးသိန်း၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း တစ်လလျင် နိုင်ငံတကာ ခရီးသွား တစ်သန်းထိ ဝင်ရောက်မည်ဟု ခန့်မှန်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 30 May 2022
လက်ရှိပြည်တွင်းပဲစျေးကွက်မှာ နိုင်ငံတကာကဝယ်သည့်စျေးနှုန်းနှင့် ကိုက်ညီမှုမရှိသည့်အတွက် ပဲစျေးကွက်အရောင်းအဝယ်အေးနေကြောင်း ပဲကုန်သည် ဦးကိုကိုမြင့်က ပြောသည်။
လက်ရှိတွင် သယ်ယူပို့ဆောင်ရေးစရိတ်အပါအဝင် အထွေထွေစရိတ် ကြီးမြင့်ခြင်း၊ ရရှိလာသည့် ပို့ကုန်ဝင်ငွေကို ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် နှုန်းထားနှင့်သာ ကျပ်ငွေပြန်လည်ရရှိသည့်အတွက် အခက်အခဲကြုံတွေ့ခြင်းဖြစ်ကြောင်း သိရသည်။
"သိပ်ပြီးတော့မကိုက်ဘူး။ လက်တွေ့မှာဖြစ်တဲ့စျေးနဲ့ နိုင်ငံတကာကဝယ်တဲ့စျေးနဲ့မကိုက်ကြဘူး။ ဝယ်စျေး တစ်ဒေါ်လာကို ၁,၈၅၀ ကျပ်နဲ့အရောင်းအဝယ်လုပ်လိုမရဘူး။ အိန္ဒိယကကန့်သတ်ထားတာမရှိဘူး။ ပို့ချင်တာပို့လို့ရတယ်။ အဝယ်ကကိုအေးနေတာ။ ပဲတီစိမ်းကတော့ ကန့်သတ်ထားတယ်။ အရောင်းအဝယ်အေးတယ်လို့ပြောလို့ရမယ်"ဟု ဦးကိုကိုမြင့်က ပြောသည်။
ဗဟိုဘဏ်မှ ကန့်သတ်ထားသည့် ဒေါ်လာစျေးများကြောင့် ကုန်သည်များအနေဖြင့် အခက်အခဲများရှိနေကြောင်း၊ လက်ရှိတွင် ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် မြေပဲနှင့် နှမ်း ပြည်ပသို့ တင်ပို့မှုကို မေ ၉ ရက်မှစ၍ ယာယီဆိုင်းငံ့ထားပြီး နယ်စပ်ကုန်သွယ်ရေးဇုန်များမှ တစ်ဖက်နိုင်ငံသို့တင်ပို့နေသည့် လယ်ယာထွက်ကုန်ပစ္စည်းများအနက် ဆီထွက်သီးနှံ နှမ်းနက်မှအပ မြေပဲနှင့် နှမ်းတင်ပို့မှုများကို ဆိုင်းငံ့ထားကြောင်း သိရသည်။
လက်ရှိအချိန်သည် မြေပဲနှင့် နှမ်းရှားပါးချိန်ဖြစ်ပြီး စျေးကွက်အတွင်း၌ တက်ဈေးကိုစောင့်၍ လှောင်ထားသူများသာရှိကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published -30 May 2022
မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ်ကြီးမှူးကျင်းပမယ့် (၁၀)ကြိမ်မြောက်အာဆီယံဥာဏ်စမ်းပဟေဠိပြိုင်ပွဲ ASEAN Quiz ပြိုင်ပွဲအတွက် မြန်မာအပါအဝင်အာဆီနိုင်ငံအသီးသီးမှာ နိုင်ငံကိုယ်စားပြု ယှဥ်ပြိုင်မယ့်ကျောင်းသားလူငယ်တွေကို ရွေးချယ်နေပါတယ်၊၊
(၁၀)ကြိမ်မြောက်ASEAN Quiz ပြိုင်ပွဲကိုဒီဇင်ဘာလမှာ မြန်မာနိုင်ငံမှာကျင်းပသွားမှာဖြစ်ပြီး လတ်တလောမှာတော့ အာဆီယံနိုင်ငံတွေမှာ နိုင်ငံတွင်းပြိုင်ပွဲတွေပြုလုပ်ပြီး နိုင်ငံကိုယ်စားပြု ယှဥ်ပြိုင်မယ့်ကျောင်းသားလူငယ်တွေကို ရွေးချယ်နေတာဖြစ်ပါတယ်၊၊
အဲဒီ့ပြိုင်ပွဲကို အသက်(၁၅)နှစ်မှ(၁၇)နှစ်ကြား ကျောင်းသားလူငယ်တွေ ပါဝင်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်၊၊
မြန်မာနိုင်ငံမှာလည်း မေလ(၃၀)ရက်မှာ ရေးဖြေစစ်ဆေးမှုတွေနဲ့ လူတွေ့စစ်ဆေးမှုလုပ်ခဲ့ပြီး ဇွန်(၁)ရက်မှာပဏာမအနေနဲ့(၁၀)ဦးရွေးချယ်မှာဖြစ်ပါတယ်၊၊
ရွေးချယ်ခံရတဲ့ကျောင်းသားလူငယ်(၁၀)ဦးဟာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရဲ့ရိုက်ကူးရေး အစီအစဥ်နဲ့ ကျင်းပပြုလုပ်မယ့် 10th ASEAN Quiz National Level ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ကြရမှာဖြစ်ပြီး နိုင်ငံကိုယ်စားပြုအနေနဲ့ ကျောင်းသားလူငယ် (၅)ဦးရွေးချယ်ကာ အာဆီယံနိုင်ငံတွေကကျောင်းသားလူငယ်တွေနဲ့ မြန်မာနိုင်ငံမှာယှဥ်ပြိုင်ကြရမှာဖြစ်ပါတယ်၊၊
အာဆီယံနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာလည်း နိုင်ငံအဆင့် ကိုယ်စားပြုရွေးချယ်မှုအတွက် ယှဉ်ပြိုင်မှုတွေကို ရိုက်ကူးထုတ်လွှင့်လျက်ရှိပါတယ်၊၊
မလေးရှားနိုင်ငံမှာလည်း (၁၀)ကြိမ်မြောက်ASEAN Quiz ပြိုင်ပွဲအတွက်နိုင်ငံတွင်း ရွေးချယ်မှုတွေမှာ ပါဝင်ကြဖို့ နှိုးဆော်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_30 May 2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်း မီးပွိုင့်အနီးတွင် ယနေ့ မေလ ၃၀ ရက် နံနက် ၄ နာရီခွဲခန့်အချိန်က ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရသည့်အတွက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
နယ်မြေပြောင်းရွှေ့မည့် ရဲတပ်ဖွဲ့ဝင်များအား ယာဉ်တန်းဖြင့်ပို့ဆောင်စဉ် စော်ဘွားကြီးကုန်း မီးပွိုင့်အနီး လမ်းဘေးမှ သေနတ်ဖြင့်ပစ်ခတ်သဖြင့်ယာဉ်တန်းနောက်ဆုံးမှ ဆိုင်ကယ်ဖြင့်လိုက်ပါလာသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး၏ လက်ယာလက်မောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 30 May 2022
တရုတ်-မြန်မာ ရထားလမ်းနှင့်ကားလမ်း ပူးပေါင်းပို့ဆောင်ရေးလမ်းကြောင်း သစ်ဖြင့်ပို့ဆောင်လိုက်သော ပထမအသုတ် ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံနယ်စပ်သို့ ရောက်ရှိလာပြီဖြစ်ပါတယ်။
မေလ ၂၈ ရက်နေ့တွင် ပထမအသုတ် ကုန်ပစ္စည်းများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှတဆင့် ချင်းရွှေဟော် နယ်စပ်ဂိတ်ကိုဖြတ်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများမှာ စက်ယန္တရားများ၊ အီလက်ထရွန်နစ် အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ အပါအဝင် စုစုပေါင်း ကုန်သေတ္တာ ၆၀ ရှိကြောင်းသိရပါတယ်။
အဆိုပါ ကုန်ပစ္စည်းများအား နိုင်ငံတကာအထူးရထားဖြင့် မေ ၂၃ ရက်က တရုတ်နိုင်ငံ ချုံချင့်မြို့မှ စတင် ပို့ဆောင်ပြီး ယူနန်ပြည်နယ် လင်ဆောင်းမြို့သို့ ရောက်ရှိပြီးနောက် ကုန်းလမ်းဖြင့် ချိန်းပြောင်းပို့ဆောင်ကာ ဇွန်လရဲ့ ပထမ ၁၀ ရက်အတွင်း မန္တလေးမြို့သို့ အရောက်ပို့ဆောင်မယ်လို့ ဆိုပါတယ်။
ပုံမှန်လမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက ယခုပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြင့် ပို့ဆောင်ချိန် ရက်ပေါင်း ၂၀ သက်သာစေနိုင်ပြီး ပို့ဆောင်ရေးကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်း လျော့နည်းစေနိုင်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#DailyNews
Published - 28 May 2022
၁။ မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်နှုန်းလျှော့မသွားသလို ဆေးလိပ်ထုတ်ကုန်သစ်များလည်းထွက်ရှိနေဟုဆို
(ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်)
၂။ မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်၊ မြန်မာနိုင်ငံအလယ်ပိုင်းအထိ မုတ်သုန်ဝင်ရောက်ခဲ့ပြီးဖြစ်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်း
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ယူကေတွင်ဒရက်ကူလာပရိသတ်များစုဝေးပြီး ကမ္ဘာ့စံချိန်သစ်တင်...အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published_30 May 2022
ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့်ပြည်ထောင်စုစနစ်တည်ဆောက်ရေးတို့အတွက် နစက ဥက္ကဌ၏ ဆွေးနွေးချက်အပေါ်"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) က သဘောတူကြောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုတို့ ယနေ့မေလ(၃၀)ရက်က နေပြည်တော်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြရမှာ ဦးလော့ယာကုက ယခုလိုသဘောတူခဲ့တာဖြစ်ကြောင်း နစက,က သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
ယနေ့ မေလ ၃၀ ရက် ဆွေးနွေးပွဲတွင် နစက ဥက္ကဌက ငြိမ်းချမ်းမှုရှိမှသာဒေသတည်ဆောက်ရေး တိုင်းပြည်တည်ဆောက်ရေးကို ပိုမိုသွက်လက်စွာဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် တိုင်းပြည်၏လိုအပ်ချက်များ၊ဒေသခံတိုင်းရင်းသားများ၏လိုအပ်ချက်များနှက့်မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးမှစ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားလုပ်ဆောင်သွယးရန်လိုအပ်သည့်အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ပညာရေး၊ကျန်းမာရေးတို့ကို ပူးပေါင်းဆောင်ရွက်ပြီးဒေသခံများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူဖြစ်စေနိုင်မည့်အခြေအနေများ ၊ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသောပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးဆိုင်ရာကိစ္စ၊ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့်ပြည်ထောင်စုစနစ်တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ယင်းအပေါ် သဘောတူကြောင်း UWSA က ထောက်ခံဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။
"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ဖက်မှ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့်ပြည်ထောင်စုစနစ်တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောတူကြောင်းဆွေးနွေးသည့် အပြင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုတင်ပြခဲ့ကြကြောင်း သိရသည်။
ယနေ့ဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်တွေဖြစ်ကြတဲ့ ဗိုလ်ချူပ်ကြီးမြထွန်းဦး၊ဒုတိယဗိုလ်ချူပ်ကြီးမိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ခဲ့ကြပါတယ်။ UWSA ဘက်က ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုနှင့်အတူ ပြင်ပဆက်ဆံရေးဌာနကြီးမှဓး ဦးပေါက်အိုက်ကော်နှင့် ပြင်ပဆက်ဆံရေးဌာန၊လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းတို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်မရေးထိုးရသေးသော အဖွဲ့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့အနေဖြင့် နစက မှ ဖွဲ့စည်းပေးထားသော ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ဆက်လက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရပါတယ်
ymg/mt
Yangon_Media_Group
#LocalNews
Published - 30 May 2022
ပြည်ပဆန်တင်ပို့မှုတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် ဘဏ်များ၊ အစိုးရဌာနများနှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးမှ ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။
အဆိုပါ အခက်အခဲမှာ ပြည်ပတင်ပိုလိုရသည့်ဝင်ငွေကို ၁၈၅၀ ဖြင့်ရောင်းပေးသည့်အခါတွင် အချို့ပုဂ္ဂလိကဘဏ်များက အလုပ်ရက်တစ်ရက်အတွင်း ၁၈၅၀ ဖြင့် ချက်ခြင်းလဲ၍ရသော်လည်း နိုင်ငံခြားဘဏ်တွေနှင့် တချိုဘဏ်များမှာ မရတာရှိကြောင်း၊ ငွေသားထုတ်ဖို့စောင့်သည့် အခက်ခဲတွေရှိကြောင်း သိရသည်။
" ငွေသားရရှိဖို့အတွက် ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာဆိုရင် တစ်ရက်အတွင်းမှာ ဒါကို ၁၈၅၀ နဲ့လဲရမယ်၊ လဲပေးပြီးတယ့်အခါကျရင် မြန်မာငွေနဲ့ထည့်ပေးရမယ်ဆိုတာပါတယ်၊ အဲဒါကိုဘဏ်တိုင်းက လုပ်မပေးနိုင်သေးဘူး၊ ဘဏ်တွေမှာ အခက်ခဲရှိတာတွေ့ရတယ်၊ ဒုတိယတစ်ချက်က နိုင်ငံခြားကို ရောင်းတယ့်အခါမှာ သင်္ဘောတင်တယ့် စရိတ်စကတွေကို ကုမ္ပဏီတွေဘက်ကခံတယ်ဆိုလို့ရှိရင် သင်္ဘောတင်တယ့်စရိတ်စကတွေကို နိုင်ငံခြားကို ဒေါ်လာနဲ့ပြန်လွှဲပေးရတယ်၊ အခုကတော့ ညှိနှိုင်းပြီးတေ့ာ အစိုးရဘက်က လုပ်တော့လုပ်ပေးမယ်ဆိုတဲ့ အနေအထားရှိပါတယ်၊ ဒီအခက်အခဲလေးတွေကို ညှိနှိုင်းပြီးတော့ ဘဏ်တွေနဲ့ရော သက်ဆိုင်ရာဌာနနဲ့ရောညှိနှိုင်းပြီးတော့ လုပ်ဆောင်ရမယ့်သဘောဖြစ်ပါတယ်"ဟု ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုမှာ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၀ ခန့်၊ အာဖရိကနိုင်ငံများသို့ဆန်တန်ချိန် ၄၂၆၀၀ ခန့်တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ဧပြီလအတွက် စုစုပေါင်း ဆန်တန်ချိန် ၁၂၃၄၄၀ ကျော် တန်ဖိုးအား ဖြင့်ကန်ဒေါ်လာ ၄၂ ဒသမ ၇၀၈ သန်းရရှိခဲ့ကြောင်းသိရသည်။
ymg/sth
#Yangon_Media_Group
#WorldPolitics
Published 30 May 2022
ရုရှားတိုက်ခိုက်မှုရန်မှ ကာကွယ်ပြီး ယူကရိန်းကိုဆက်လက်ထောက်ပံ့ကူညီသွားဖို့အကြောင်း ထုတ်ပြန်ကြေညာရန် ဥရောပသမဂ္ဂ(အီးယူ)ခေါင်းဆောင်များက တနင်္လာနေ့မှာတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။
ရုရှားတို့ကျူးကျော်တာ ၄ လကြာလာတဲ့အချိန်မှာ ယူကရိန်းကိုအကောင်းဆုံးကူညီထောက်ပံ့မယ့်အရေး၊ စစ်ပွဲပဋိပက္ခရဲ့ဂယက်သက်ရောက်မှု၊ စွမ်းအင်ဈေးနှုန်းမြင့်တက်လာခြင်း၊ စားနပ်ရိက္ခာပြတ်လပ်လာနိုင်တဲ့အရေး၊ အီးယူကာကွယ်ရေးလိုအပ်များ စတဲ့ကိစ္စရပ်များကို ၂၇ နိုင်ငံပါဝင်တဲ့အဖွဲ့အစည်းမှ ခေါင်းဆောင်များက ၂ ရက်တာဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အစည်းအဝေးမူကြမ်းကောက်နုတ်ချက်နဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ထင်မြင်ချက်က အီးယူက ယူကရိန်းအစိုးရကို နှုတ်အားဖြင့်ရက်ရက်ရောရောကူညီမယ်လို့သိထားရပြီး အဓိကအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အသစ်တွေကတော့ အနည်းငယ်သာပါဝင်မှာဖြစ်ကြောင်း သိရှိရပါတယ်။
"ယူကရိန်းကို ရုရှားတိုက်ခိုက်ပြီးနောက် ဥရောပကစည်းလုံးညီညွတ်ရင် ဘာတွေလုပ်နိုင်လဲဆိုတာကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်၊ မနက်ဖြန်ထိပ်သီးအစည်းအဝေးပွဲကျရင် ဒီအတိုင်းရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ထပ်ပြီးပြိုလဲစပြုနေပြန်ပါပြီ" လို့ ဂျာမနီစီးပွားရေးဝန်ကြီး'ရောဘတ်ဟာဘတ်ခ်'က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
အမြင်သာဆုံးကိစ္စကတော့ အီးယူချေးငွေ ယူရို ၉ ဘီလီယံကို အတိုးတစ်စိတ်တစ်ပိုင်းကာမိစေရန် ထောက်ပံ့ကြေးအနည်းငယ်ဖြင့် ခေါင်းဆောင်များက နိုင်ငံရေးကျောက်ထောက်နောက်ခံပြုသွားဖို့ဖြစ်ပြီး ယူကရိန်းအနေနဲ့ အစိုးရကဆက်လက်ရှေ့ဆက်လုပ်ကိုင်နိုင်သလို နှစ်လလောက်အထိ လုပ်ခလစာများ ပေးဆောင်စေနိုင်မှာဖြစ်ပါတယ်။
ဒါတောင်မှ ဥရောပကော်မရှင်က ရန်ပုံငွေဘယ်လိုစုဆောင်းမလဲဆိုတာကို အတည်ပြုပြီးနောက်ပိုင်းမှသာ ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်။
မေလအစကတည်းက ကြိုးပမ်းနေကြပေမယ့် အီးယူအစိုးရက ရုရှားအပေါ် ဆဌမမြောက်ဒဏ်ခတ်ပိတ်ဆိုခြင်းအစီအစဉ်ကိုချမှတ်ဖို့ သဘောတူညီမှု မရရှိသေးပါဘူး။
ထိုအစီအစဉ်တွေထဲကတစ်ခုက ရုရှားရေနံဝယ်ယူမှုကိုတားမြစ်ပိတ်ပင်ဖို့ဖြစ်ပြီး ဒီပိတ်ပင်မှုကဟန်ဂေရီနိုင်ငံအတွက် လက်ခံနိုင်ဖွယ်မရှိတဲ့အပြင် ဆလိုဗေးကီးယားနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံအတွက်လည်း ပြဿနာကြီးတစ်ရပ်ဖြစ်နေပါတယ်။
အခြားဒဏ်ခတ်ခြင်းကိစ္စတွေထဲမှာ ရုရှားအကြီးဆုံးဘဏ် Sberbank ကို SWIFT စနစ်မှ ဖြတ်တောက်ဖယ်ရှားခြင်း၊ အီးယူရှိရုရှားရုပ်သံလွှင့်ဌာနများကို ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုစာရင်းရပ်ဆိုင်းခံရပြီး အီးယူနိုင်ငံများသို့ ဝင်ခွင့်မရှိတဲ့ပုဂ္ဂိုလ်များစာရင်းထဲသို့ ထပ်မံဖြည့်သွင်းခြင်း စတဲ့ကိစ္စရပ်တွေဟာ ရေနံဝယ်ယူမှုပိတ်ပင်ရေး သဘောတူညီချက်မရတာကြောင့် နှောင့်နှေးကြန့်ကြာနေရပါတယ်။
စစ်ပွဲအပြီး ယူကရိန်းပြန်လည်တည်ဆောက်ရေးအတွက် အီးယူခေါင်းဆောင်များက နိုင်ငံတကာရန်ပုံငွေရှာဖွေဖန်တီးမှုကို ထောက်ခံပြုလုပ်သွားမည်ဖြစ်ပြီး ရပ်ဆိုင်းပိတ်ပင်ခံထားရတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူသုံးစွဲခွင့်ရဖို့ကိစ္စကို စောင့်ကြည့်ချင်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကိစ္စကတရားဝင်ဖြစ်မြောက်ဖို့ခက်ခဲတာကြောင့် ဂရုတစိုက်ဖြစ်ဖို့လိုအပ်ကြောင်း တာဝန်ရှိသူများက ပြောပြပါတယ်။
ရုရှားရေတပ်က ပုံမှန်သွားနေကျလမ်းကြောင်းတွေမှာ ပိတ်ဆိုထားတာကြောင့် ယူကရိန်းက သူတို့ရဲ့စပါးများကို ရထားနဲ့ကုန်တင်ကားတို့ဖြင့် ကမ္ဘာအနှံသို့ပို့ဆောင်နိုင်ဖို့အတွက် ခေါင်းဆောင်များက အရှိန်မြင့်ကူညီဖို့ကတိပြုထားကြပြီး ရုရှားစွမ်းအင်အပေါ်မှီခိုမှု မရှိအောင် အဆင့်ဆင့်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
စွမ်းအင်ဈေးနှုန်းမြင့်တက်လာခြင်းကို တားဆီးရန်နဲ့ နိုင်ငံအချင်းချင်းစွမ်းအင်ကွန်ရက်ချိတ်ဆက်မှုအပေါ် ရင်းနှီးမြှုပ်နှံဖို့ကိစ္စများအတွက် ခေါင်းဆောင်များက နည်းလမ်းရှာဖွေရန်အသင့်ဖြစ်နေကြပါပြီ။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 30 May 2022
ဆံပင်မပေါက်တဲ့ရောဂါခံစားနေရတဲ့သူတွေမှာ ဆေးအသစ်တစ်မျိုးဖြင့်စမ်းသပ်ခဲ့ပြီးနောက် အချို့လူတွေမှာ ဆံပင်တစ်ခေါင်းလုံးနီးပါးပြန်ထွက်လာခဲ့ကြောင်း လက်တွေ့စမ်းသပ်ချက်တစ်ခုကို တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။
Alopecia areata လို့ခေါ်တဲ့ရောဂါကိုခံစားနေရသူ လက်ရှိအမေရိကန်မှာ ၂ ရာခိုင်နှုန်းခန့်(လူပေါင်း ၆ သန်း)ရှိနေပါတယ်။
အဆိုပါရောဂါဟာ လူတစ်ယောက်ရဲ့ကိုယ်ခံအားစနစ်ကို ဆံပင်မွှေးညင်းပေါက်များအားတိုက်ခိုက်စေပြီး ဆံပင်တစ်ခေါင်းလုံးကျွတ်ခြင်း ဒါမှမဟုတ် ကွက်တိကွက်ကြားကျွတ်ခြင်းများ ဖြစ်ပေါ်စေပါတယ်။
မွှေးညင်းပေါက်တွေက နှစ်တွေလတွေကြာတဲ့အခါ သဘာဝအတိုင်းပြန်ပေါ်လာပေမယ့် ကိုယ်ခံအားစနစ်ချို့ယွင်းတာကိုတော့ ကုသလို့မရသေးပါဘူး။
Concert Pharmaceuticals ကထုတ်တဲ့ CTP-543 ဆေးဟာ တစ်နေ့နှစ်ကြိမ်သောက်သုံးရတာဖြစ်ပြီး တတိယအဆင့်စမ်းသပ်ချက် ၂ ခုအနက် ပထမတစ်မျိုးကိုစမ်းသပ်ရာမှာ ဆေးသောက်သုံးခဲ့တဲ့စမ်းသပ်ခံသူတွေထဲက ၃၀ - ၄၀ ရာခိုင်နှုန်းလောက်ဟာ သိသိသာသာဆံပင်ပြန်ပေါက်လာကြပါတယ်။
စမ်းသပ်ခံသူ ၄ ပုံ ၁ ပုံလောက်က ၂၄ ပတ်လေ့လာမှုအပြီးမှာ အနည်းဆုံးဆံပင် ၈၀ ရာခိုင်နှုန်းလောက်ပြန်ပေါက်ခဲ့တယ်လို့ Concert Pharmaceuticals ကဆိုပါတယ်။
Bald Girls Do Lunch တည်ထောင်သူ'သီယာချက်ဆင်'က "၈၀ ရာခိုင်နှုန်းဆိုတာ တော်တော်များတဲ့ပမာဏပါ၊ ဒီပမာဏလောက်ပြန်ပေါက်လာတာကို အသိအမှတ်ပြုရပါမယ်" လို့ Insider ကိုပြောပြသွားပါတယ်။
Concert ရဲ့ တတိယအဆင့်စမ်းသပ်မှု ဒုတိယအခေါက်မှာ ရလာဒ်ကောင်းမယ်ဆိုရင် ၂၀၂၃ မှာ FDA အသိအမှတ်ပြုရဖို့ လျှောက်ထားနိုင်မှာပါ။
ရောဂါပြင်းထန်တဲ့သူတွေမှာ ခန္ဓာကိုယ်၊ မျက်နှာတိုက မျက်တောင်တွေ နှာခေါင်းအမွှေးတွေအပြင် ဦးခေါင်းကဆံပင်တွေပါ ဆုံးရှုံးနိုင်ပါတယ်။
ဒါ့အပြင် လက်သည်းရှည်ထွက်ခြင်းကိုထိခိုက်စေပြီး လက်သည်းကွဲခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း 'ချက်ဆင်'ကဆိုပါတယ်။
ကုသမှုရဲ့အကျိုးဆက်က ဆံပင်ကျွတ်ခြင်းကြောင့်ဖြစ်တတ်တဲ့ စိတ်ထိခိုက်မှုကိုပါ ဖြေလျှော့ပေးနိုင်တယ်လို့ အကြံပြုထားပါတယ်။
ပိုဆိုးစေတာကတော့ အရေပြားကုဆရာဝန်က "ဘာမှလုပ်ပေးလို့မရဘူး၊ မျှော်လင့်ချက်မရှိဘူး"လို့ ပြောတာမျိုးပဲဖြစ်ပါတယ်။
ဆံပင်ကျွတ်ခြင်းဝေဒနာကုသပေးတဲ့ 'မယ်ရီအန်းဆန်နာ'က ကုသနည်းအသစ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုနဲ့ လူမှုဆိုင်ရာသက်ရောက်မှုတို့ကို လျှော့တွက်လို့မရကြောင်း ပြောပြခဲ့ပါတယ်။
"ကုသလိုက်လို့ဆံပင်ပြန်ပေါက်လာတဲ့လူနာတွေဆိုရင် ပြုံးပျော်ရွှင်နေကြပါတယ်၊ ကိုယ့်ဘဝကိုယ်ပြန်လည်ပိုင်ဆိုင်ရပြီဆိုတဲ့အနေအထားမျိုး မြင်တွေ့ရပါတယ်" လို့ ဆိုပါတယ်။
Source: Insider
#Yangon_Media_Group
#LocalNews
Published_30 May 2022
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဒု(UWSA)ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နစကဥက္ကဌနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ မေလ ၃၀ ရက်တွင်နေပြည်တော်၌ တွေ့ဆုံရန် မနေ့က မေလ ၂၉ ရက်တွင် ရောက်ရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သူကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဖိတ်ခေါ်ခဲ့ခြင်းလည်း ဖြစ် သည်။
UWSA အဖွဲ့အနေဖြင့် ထို့နောက် မေလ ၃၁ ရက်တွင် နစက အဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း လည်း သိရသည်။
လက်ရှိတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ဥက္ကဋ္ဌ စောထော့လေး တို့နှင့် တွေ့ဆုံဆွေးနွေးထားပြီးလည်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 30 May 2022
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေး ပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြပါတယ်။
ယင်းနောက် ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်စနစ်အပေါ် လေ့လာတွေ့ရှိချက်များအား ညှိနှိုင်းရေးကော်မတီမှ ရှင်းလင်းဆွေးနွေးကြပါတယ်။ ဆက်လက်၍ နိုင်ငံရေး ပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသည့် အချက် ၉ ချက်အား အဆိုပြုဆွေးနွေးပြီး တက်ရောက်လာသူများက အလွတ်သဘောဆွေးနွေးညှိနှိုင်းကြပါတယ်။
အထွေထွေဆွေးနွေးခြင်းတွင် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ပါ ဆွေးနွေးရန်အချက်များနှင့်ပတ်သက်၍လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ်ဖော်ထုတ် စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ထို့နောက် ဦးစိုင်းအိုက်ပေါင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြကြောင်း သိရှိရပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1280 of 1466