#Local_News
Published 28 November 2026
■ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ထရန်စဖော်မာ ၇ လုံးသည် ခွင့်ပြုမိန့်တွင် ပါဝင်ခြင်းမရှိသည့် ဓာတ်အားလိုင်းများ တိုးချဲ့သွယ်တန်းကာ ပြင်ပမီတာများဖြင့် တရားမဝင်ဓာတ်အားဖြန့်ဖြူးသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းသိရသည်။
■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ နိုဝင်ဘာ ၂၀ ရက်တွင် ပုသိမ်ကြီးမြို့နယ်အတွင်း ကနဦးကွင်းဆင်းစစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ဓာတ်အားဆင့်ပွားသုံးစွဲနေမှုများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
■ ထို့အပြင် နိုဝင်ဘာ ၂၁ ရက်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ ပါဝင်သည့် ကော်မတီအဖွဲ့က ထပ်မံကွင်းဆင်းစစ်ဆေးခဲ့ရာ ငြိမ်းချမ်းသာစံကျေးရွာအုပ်စု၊ ဇီးချိုကုန်းကျေးရွာအုပ်စု၊ နန္ဒာကျေးရွာအုပ်စု၊ ရွှေကျင်ကွက်သစ်ကျေးရွာနှင့် နန်းဦးလွင်ကျေးရွာအုပ်စုတို့ရှိ လုပ်ငန်း ၇ ခုတွင် တရားမဝင်ဓာတ်အားသုံးစွဲနေမှုများကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်းသိရသည်။
■ အဆိုပါလုပ်ငန်း ၇ ခုမှာ စပါးတလင်းနှင့် စပါးဂိုဒေါင်လုပ်ငန်း၊ အလင်းရောင်နှင့် အထွေထွေသုံးလုပ်ငန်း၊ အဆင့်မြင့်စိုက်ပျိုးရေးလုပ်ငန်း၊ သီးနှံဂိုဒေါင်နှင့် ဓာတ်မြေဩဇာအရောင်းဆိုင်လုပ်ငန်း၊ အထည်ချုပ်စက်ရုံလုပ်ငန်းတို့ ပါဝင်ပြီး ကိုယ်ပိုင်ထရန်စဖော်မာ ၇ လုံးမှ ခွင့်ပြုမိန့်တွင် မပါဝင်သည့် ၄၀၀ ဗို့အား ဓာတ်အားလိုင်းများကို တိုးချဲ့သွယ်တန်းကာ ပြင်ပ Sub Meter များ အသုံးပြုပြီး ဓာတ်အားခိုးယူသုံးစွဲထားခြင်းကို တွေ့ရှိခဲ့ရကြောင်းသိရသည်။
■ ထို့ကြောင့် အဆိုပါ ကိုယ်ပိုင်ထရန်စဖော်မာ ၇ လုံးကို ဓာတ်အားဖြတ်တောက်ထားပြီး လျှပ်စစ်ဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်းသိရသည် ။
■ ထို့ပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ Control Center များ၏ နည်းပညာအဆင့်မြှင့်တင်မှုများကြောင့် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများကို ပိုမိုဖော်ထုတ်နိုင်လာပြီး လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ပြည်သူများထံ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။
■ ၎င်းအပြင် ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စည်းကမ်းတကျသုံးစွဲကြရန်၊ ဓာတ်အားခိုးယူသုံးစွဲမှုများ တွေ့ရှိပါက Call Center များသို့ ဆက်သွယ်သတင်းပေးပြီး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။
#YMG/NN #Yangon_Times