Published_ 14 July 2023
(၁၁)ကြိမ်မြောက် U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲအတွက် လက်ရွေးစင် ယူ- ၁၂ လူရွေးပွဲကို ယနေ့ ဇူလိုင် (၁၄) ရက်မှစတင်ကာ ရွေးချယ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
အဆိုပါ လက်ရွေးစင်လူရွေးပွဲကို ဇူလိုင် (၁၄)ရက်နှင့် (၁၅)ရက် နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ရွေးချယ်ပွဲ (ရန်ကုန်ဇုန်)အား သုဝဏ္ဏကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်း(၁) တွင် မနက် (၇)နာရီမှစတင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လာရောက်ရွေးချယ်ခံမည့် ကစားသမားများအနေဖြင့် အားကစားဝတ်စုံ၊ ဘောကန်ဖိနပ် အသုံးအဆောင်များ၊ ကျောင်းထောက်ခံစာ၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်းတို့ကို ယူဆောင်လာရမည်ဖြစ် ကြောင်း သိရသည်။
ကစားသမားများ အသက်မှန်ကန်မှု အတွက် စနစ်တကျစစ်ဆေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးအဖွဲ့၏ စစ်ဆေးအတည်ပြုချက်ဖြင့်သာ ဆုံးဖြတ်မည်ဟု သိရသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ ကစားသမားကို အပြီးသတ်(၁၈)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး၊ ရွေးချယ်ခံရသော ကစားသမားများအနေဖြင့် ဂျပန်နိုင်ငံ ချီဘားမြို့တွင် ကလာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် ဉရောပကလပ်များဖြစ်သည့် ဘာစီလိုနာလူငယ်၊ ဂျူဗင်တပ်လူငယ်၊ ဘိုင်ယန်မြူးနစ်လူငယ်၊ ဂျေလိဂ်လူငယ်ကလပ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ ယူ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon-Times/MY
#Local_News
#YMG #Yangon_Times
Published-14 July2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ ရွှေတချောင်း မြောင်းအတွင်းသို့ ဇူလိုင်လ၁၃ရက်က ပြုတ်ကျပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှသိရသည်။
အဆိုပါအမျိုးသားမှာ အသက်၄၅နှစ်ဝန်းကျင်အရွယ်ရှိပြီးယမန်နေ့က ရွှေတချောင်းမြောင်းအတွင်းသို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်းသိရသည်။
"မိုးရွာနေချိန်မှာဖြတ်သွားတော့ မြောင်းကူးတံတားပေါ်ကနေ ချော်ပြီးပြုတ်ကျသွားတာပါ။ ည၁၀ နာရီအထိ ရေငုပ်ရှာဖွေတာတွေလုပ်ခဲ့ပေမဲ့ မတွေ့ရှိခဲ့တဲ့အတွက် ည၁၀ နာရီအချိန်မှာ ရှာဖွေတာတွေရပ်နားခဲ့ပါတယ်"ဟုလူမှုကူညီရေးအသင်းကသိရသည်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
(မန္တလေးတိုင်းရုံး)မှ ရေငုတ်ရှာဖွေမှုများ
ပြုလုပ်ခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times






Published_14 July 2023
အချိုဓာတ်ပစ္စည်း'အက်စ်ပါတိမ်း'ဟာ ကင်ဆာဖြစ်နိုင်ချေရှိတယ်ဆိုပေမယ့် သဘောတူလက်ခံထားတဲ့ ပမာဏအတိုင်းတော့ စားသုံးဖို့ဘေးကင်းကြောင်း WHO နဲ့ဆက်စပ်နေတဲ့ အဖွဲ့အစည်းနှစ်ခုက သောကြာနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီသတ်မှတ်ချက်တွေကို WHO သီးခြားကျွမ်းကျင်အဖွဲ့နှစ်ဖွဲ့က အကဲဖြတ်ထားတဲ့ရလဒ်ဖြစ်ပါတယ်။
အဖွဲ့တစ်ဖွဲ့ကတော့ ဒီပစ္စည်းကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထား ရှိမရှိ လေ့လာနေပြီး နောက်တစ်ဖွဲ့ကတော့ ထိုပစ္စည်းဟာ လက်တွေ့ဘဝမှာ အန္တရာယ်ဘယ်လောက်ရှိလဲဆိုတာကို အကဲဖြတ်နေတာ ဖြစ်ပါတယ်။
အက်စ်ပါတိမ်းဟာ ကမ္ဘာ့အကျော်ကြားဆုံး အချိုဓာတ်ပစ္စည်းဖြစ်ပြီး ကိုကာကိုလာဒိုင်းယက်ဆိုဒါမှစလို့ မားစ်ပီကေအထိ ပါဝင်ပါတယ်။
အချိုရည်ယမကာ သောက်သုံးချင်သူတွေအနေနဲ့ အက်ပါတိမ်း ဒါမှမဟုတ် အချိုဓာတ်ပစ္စည်းပါဝင်တဲ့ အရာတွေကို ထည့်သွင်းမစဉ်းစားသင့်ကြောင်း WHO အာဟာရဆိုင်ရာ အကြီးအကဲ 'ဖရန်ဆက်စ်ကိုဘရန်ကာ'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
သောက်သုံးသူများအနေနဲ့ အချိုဓာတ်ပစ္စည်းပါတဲ့ ကိုလာကိုသောက်မလား သကြားပါတဲ့ ကိုလာကိုသောက်မလား ဆုံးဖြတ်ရမယ်ဆိုရင်တော့ ရေပဲသောက်ဖို့ အကြံပြုလိုကြောင်း ဘရန်ကာက ဆိုပါတယ်။
ပြင်သစ်နိုင်ငံ လိုင်ယွန်အခြေစိုက် နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ (IARC)က အက်စ်ပါတိမ်းဟာ ကင်ဆာဖြစ်နိုင်ချေရှိတယ်လို့ သောကြာနေ့အစောပိုင်းက ကြေညာခဲ့ပါတယ်။
ဒါဟာ ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ အထောက်အထားက အသေအချာမဟုတ်သေးတဲ့ သဘောသက်ရောက်နေပါတယ်။
အက်စ်ပါတိမ်းက ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ အထောက်အထားက မခိုင်လုံကြောင်း အခြားသိပ္ပံပညာရှင် အများအပြားက ဆိုနေကြပါတယ်။
အက်စ်ပါတိမ်းဟာ ဘေးကင်းစိတ်ချရပြီး သကြားလျှော့စားချင်သူတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ဆုံးဖြတ်ချက်များ တွေ့မြင်ရကြောင်း အစားအစာနဲ့ ယမကာစက်မှုလုပ်ငန်းများက ဆိုပါတယ်။
ကိုယ်အလေးချိန် ၆၀ - ၇၀ ကီလိုဂရမ်ကြားရှိသူဟာ အက်စ်ပါတိမ်းကန့်သတ်ပမာဏထက် ကျော်လွန်ဖို့ဆိုရင် တစ်နေ့ကို အချိုရည် ၉ ဗူးမှ ၁၄ ဗူးလောက်အထိ သောက်မှရမှာဖြစ်ကြောင်း WHO က ပြောကြားလိုက်ပါတယ်။
ဒါကြောင့် ရံဖန်ရံခါမှ သောက်သုံးသူတွေအတွက်တော့ အန္တရာယ်မဖြစ်စေနိုင်ဘူးလို့ တွေ့ရှိထားကြောင်း ဘရန်ကာကဆိုပါတယ်။
Source: Reuters
#World_Health
#YMG #Yangon_Times
မဲခေါင်ဒေသနိုင်ငံများဖြစ်တဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် (၆)နိုင်ငံက မီဒီယာများ တက်ရောက်ခဲ့သော တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ လန်ချန်း-မဲခေါင် (၁၀)ရက်ကြာ ခရီးစဥ်အတွင်း ဇူလိုင်(၄)ရက်မှာ ခရီးစဉ်နောက်ဆုံးနေ့အဖြစ် ယူနန်ပြည်နယ် ဖူယွမ်ခရိုင်ရှိ မဂ္ဂါဝပ် ၈၀၀ ထွက်ရှိသော တောင်ပေါ် လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။
အဆိုပါစီမံကိန်းမှာ တရုတ်နိုင်ငံအတွင်း တောင်ပေါ်ဒေသမှာ တည်ဆောက်ထားသော လေအားတာဘိုင် စီမံကိန်းများတွင် အကြီးဆုံးဖြစ်တယ်လို့သိရပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးဆဲတောင်ပေါ်ဒေသတွေ အမြန်ဆုံးဖွံ့ဖြိုးစေဖို့ လေတိုက်နှုန်းကောင်းတဲ့ တောင်ပေါ်ဒေသတွေမှာ အဆင့်မြင့်လေအားတာဘိုင်များကို အသုံးပြုကာ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေခြင်းပဲဖြစ်ပါတယ်။
ယူနန်ပြည်နယ် ဖူယွမ်ခရိုင်ရှိ မဂ္ဂါဝပ် ၈၀၀ ထွက်ရှိမယ့် တောင်ပေါ် လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းဟာဆိုရင် ၂၀၂၃ ခုနှစ် မေလ ၈ ရက်မှာ စီမံကိန်းကို အပြည့်အဝလည်ပတ်ခဲ့တာဖြစ်ပြီး ဒီစီမံကိန်းမှာဆိုရင် ၆ ဒသမ ၇ မဂ္ဂါဝပ်ထုတ်လုပ်နိုင်တဲ့ လေအားတာဘိုင်ပေါင်း ၁၃၅ ခု တည်ဆောက်ပြီးတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတာဖြစ်ပါတယ်။
လေအားတာဘိုင်တစ်ခုကနေ လျှပ်စစ်ဓာတ်အား ၆ ဒသမ ၇ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ဖို့ တာဘိုင်တစ်ခုရဲ့ ဗဟိုချက်အမြင့် (ပင်မတိုင်)ကို ၁၁၀ မီတာ၊ မော်တာအချင်း ၁၉၁ မီတာနဲ့ အမြင့်ဆုံးအလေးချိန် တန် ၁၅၀ အထိ တည်ဆောက်ခဲ့ရတာဖြစ်ပြီး တရုတ်နိုင်ငံမှာ လေရဟတ်တာဘိုင်များ ဆောက်လုပ်မှုစံချိန်သစ် ရေးထိုးနိုင်ခဲ့တာဖြစ်တယ်လို့လည်း လေ့လာခွင့်ရရှိခဲ့ပါတယ်။
အဆိုပါစီမံကိန်းကနေ တရုတ်နိုင်ငံရဲ့ မဟာဓာတ်အားလိုင်းသို့ နှစ်စဥ် လျှပ်စစ်ဓာတ်အား ၂,၀၆၀ ဂစ်ဂါဝပ်နာရီ(GWh) ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး အခွန်ငွေ ယွမ်သန်း ၁၀၀ ကျော်ရရှိမယ်လို့ မျှော်မှန်းထားတာပါ။ ဒါ့အပြင် စံကျောက်မီးသွေးတန်ချိန် ၆၄၁,၀၀၀ ကို ကယ်တင်နိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁ ဒသမ ၇ သန်းကျော်နှင့် ဆာဖာဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁,၁၀၀ ကျော် လျော့ကျစေမှာဖြစ်တယ်လို့ ဖော်ပြထားတဲ့ အချက်အလက်များအရ သိရပါတယ်။
ဒီလိုစံချိန်အသစ်တွေ ရေးထိုးနိုင်ခဲ့တဲ့ လေအားလျှပ်စစ်စီမံကိန်းကိုတော့ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတစ်ခုဖြစ်သော နိုင်ငံတော်လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းလီမိတက်(SPIC)ရဲ့ SPIC Yunnan International Power Investment Co., Ltd (SPICYN)က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
SPIC က PV စွမ်းအင်၊ လေအားလျှပ်စစ်၊ နျူကလီးယားစွမ်းအင်၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေးစွမ်းအင်၊ သဘာဝဓါတ်ငွေ့စွမ်းအင်နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စတဲ့စွမ်းအင်မျိုးဆက်နဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
လန်ချန်း-မဲခေါင် စီမံကိန်းတွေထဲက တစ်ခုအဖြစ် SPICYN ကနေ မြန်မာပြည်မြောက်ပိုင်း ချီဖွေမြို့နယ်အတွင်း ဧရာဝတီမြစ်အဖျားပိုင်းတွင် အဓိကစတင်မြစ်ဖျားခံရာမေခမြစ်ရဲ့ မြစ်လက်တက်ဖြစ်သော ချီဖွေမြစ်ပေါ်မှာ ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းကတော့ ၉၉ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သော စက်တပ်ဆင်ထားပြီး စက်ရုံကနေထွက်ရှိသော လျှပ်စစ်ဓာတ်အားရဲ့ ၆၉ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ ထောက်ပံ့ပေးထားတာဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်အကုန်အထိ မြန်မာနိုင်ငံမြောက်ပိုင်း ဓာတ်အားကွန်ယက်စနစ်အတွင်းသို့ ၁၉,၀၀၀ ဂစ်ဂါဝပ်နာရီ (GWh) ပို့လွှတ်ပေးနိုင်ခဲ့တယ်လို့ လေ့လာသိရှိခဲ့ရပါတယ်။
ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းက ပန်းဝါစစ်ဆေးရေးဂိတ်မှ ကီလိုမီတာ ၈၀ နဲ့ မြစ်ကြီးနားမြို့မှ ကီလိုမီတာ ၁၂၀ ကွာဝေးပြီး ကချင်ပြည်နယ်အတွင်း အဓိကရေထောက်ပံ့ရာစီမံကိန်းဖြစ်တာကြောင့် မြစ်ကြီးနားမြို့ရဲ့ မြို့ပြဧရိယာ၊ မိုးကောင်း၊ မိုးညှင်းနဲ့ ဖားကန့်နယ်မြေများကိုပါ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်ခဲ့တာပါ။
ထို့အတူ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာလည်း တရုတ်-မြန်မာ ပူးပေါင်းပြီးတော့ လေအားလျှပ်စစ်စီမံကိန်းတွေ တည်ဆောက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ဒီလိုပူးပေါင်းမှု ခြေလှမ်းအဖြစ် ရခိုင်ပြည်နယ်အတွင်း အမ်းမြို့၊ ဂွမြို့နဲ့ သံတွဲမြို့တို့မှာ စုစုပေါင်းမဂ္ဂါဝပ် ၃၆၀ ထွက်ရှိမယ့် လေအားလျှပ်စစ် စီမံကိန်းသုံးခုအတွက် သဘောတူညီမှုစာချွန်လွှာ (MOA)ကို ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အဆိုပါ သဘောတူညီမှုစာချွန်လွှာ (MOA)အရ အမ်းလေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွလေအားလျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်၊ သံတွဲလေအားလျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ဂွစီမံကိန်းရဲ့ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို စတင်ဆောင်ရွက်မှာဖြစ်ပြီးတော့ စီမံကိန်းသုံးခုလုံးကို လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ ရရှိတဲ့အချက်အလက်များအရ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာတော့ သဘာဝဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်း၊ ရေအားမှ ရာခိုင်နှုန်း ၄၀ ၊ ကျောက်မီးသွေးမှ သုံးရာခိုင်နှုန်း၊ ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များမှ တစ်ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအနေဖြင့် လာမယ့် ၂၀၃၀ ပြည့်နှစ်မှာတော့ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် ဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရဲ့ ကိုးရာခိုင်နှုန်းကို နေစွမ်းအင် (Solar Energy)၊ လေအားလျှပ်စစ် (Wind Energy) စတဲ့ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ရည်မှန်းထားတာဖြစ်ပါတယ်။
ဒီလို တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မယ့် လေအားလျှပ်စစ်စီမံကိန်းတွေကနေ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်မှုအပေါ် ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပါဝင်နိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဇယျေ ရေးသားသည်

Published_ 14 July 2023
ခေတ်အဆက်ဆက်မှာ တေးသီချင်းများဖြင့် ခံစားရသက်သာအောင် ပြုလုပ်ကြပါတယ်။
မကြာသေးမီ သုတေသနပြုချက်များအရ တေးဂီတဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းကို ကူညီကိုင်တွယ်နိုင်ပြီး ကင်ဆာရောဂါဖြေရှင်းသည်အထိ ကုထုံးကျယ်ကျယ်ပြန့်ပြန့်မှာ ပါဝင်နိုင်ကြောင်း သိရှိရပါတယ်။
တေးဂီတကြောင့် လူငယ်တွေ သင်ယူလေ့လာနိုင်ပြီး ပိုမိုကောင်းမွန်စွာ ပြုမူနေထိုင်နိုင်စေကြောင်း ကယ်လီဖိုးနီးယားတောင်ပိုင်း ဦးနှောက်နှင့်ဖန်တီးနိုင်စွမ်းတက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။
ထိုတက္ကသိုလ်မှ တေးဂီတသင်ကြားရေးပရော်ဖက်ဆာ 'ဘိထရစ်ဇ်အီလာရီ'က စမ်းသပ်လေ့လာခဲ့ရာမှာ ဂီတကို စတင်သင်ယူနေတဲ့ အသက် ၆ နှစ်နဲ့ ၇ နှစ်ကလေးတွေ ပါဝင်ခဲ့ကာ သူတို့ရဲ့ ဂီတ၊ လူမှုရေး၊ သိမြင်နိုင်စွမ်း၊ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဓာတ်မှန်ရိုက်ပြီး စမ်းသပ်ခဲ့ကြပါတယ်။
ဂီတဖြင့် စိတ်ခံစားမှုတွေကို အကူအညီပေးနိုင်ပြီး စိတ်ပျက်အားငယ်မှုတွေကို ပြေပျောက်စေရာမှာ ကူညီပေးကြောင်း ဒိုရေမီဂီတကုထုံးစင်တာတည်ထောင်သူ 'ယောင်ဝမ်'က ဆိုပါတယ်။
ကိုဗစ်ကာလအတွင်းမှာ အထူးဂရုစိုက်မှုလိုအပ်တဲ့ မိသားစုတွေဟာ ဖိစီးမှုများ အတော်လေးခံစားနေကြရပြီး ဝမ်က ဒါတွေကို ဂီတကုထုံးဖြင့် ဖြေရှင်းဖို့ ရည်ရွယ်ခဲ့ပါတယ်။
အမေရိကန်လုပ်ငန်းခွင့် ကုထုံးပညာရှင် ကယ်လီမက်လာ' မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုများအရ အော်တစ်ဇင်၊ စိတ်ဒဏ်ရာ၊ စိတ်ကျရောဂါရှိသူအချို့မှာ ကြားခံအာရုံခံစွမ်းရည်များ မကောင်းဘူးလို့ ပြောကြားခဲ့ပါတယ်။
ပုံမှန်အသိဉာဏ်ရှိသူတွေဟာ သူတို့ခံစားရတာတွေကို သိရှိပြီး တုန့်ပြန်နိုင်ပေမယ့် အော်တစ်ဇင်ကလေးတွေကတော့ ဒီလိုမျိုးပြုမူလေ့ မရှိကြဘူးလို့ ဝမ်က ဆိုပါတယ်။
ဂီတကိုနားထောင်တာပဲဖြစ်ဖြစ် တူရိယာတီးတာပဲဖြစ်ဖြစ် စိတ်ခံစားမှုအမျိုးမျိုးကို လှုံ့ဆော်ပေးနိုင်ပြီး အာရုံခံစွမ်းရည် ကောင်းကောင်းမရှိသူတွေမှာ သိရှိစေလာပါတယ်။
ကလေးတွေက သီချင်းသံ၊ ဒရမ်တီးသံတို့ကို ဘယ်လိုတုန့်ပြန်လဲဆိုတာကို ရှင်းပြသွားပါတယ်။
ယွမ်ဟောင်ယူဆိုတဲ့ အသက် ၆ နှစ်အရွယ်ကလေးဟာ အော်တစ်ဇင်ဖြစ်နေပြီး စိတ်ရှိသလို စကားမပြောနိုင်ဘဲ သူ့ကိုပြောတဲ့ စကားကိုသာ အကြိမ်ကြိမ်ပြောနေတတ်ပါတယ်။
ဒိုရေမီမှာ အတန်းအနည်းငယ်တက်ပြီးနောက်မှာတော့ မှတ်ဉာဏ်စွမ်းရည်တိုးတက်လာကာ ဂီတက သူ့အပေါ် အလွန်တည်ငြိမ်စေတာကို တွေ့ခဲ့ပါတယ်။
၁၅ နှစ်ကြာ လေ့လာသင်ယူပြီးနောက် ယွမ်ဟာ ၅ ကြိမ်မြောက် ဟောင်ကောင်ပစိဖိတ်စန္ဒရားအိုးပင်းပြိုင်ပွဲမှာ ပထမဆုရခဲ့တာဖြစ်ပါတယ်။
ငယ်ရွယ်စဉ်ကနေ စတင်သင်ကြားမယ်ဆိုရင် ဂီတက လူတိုင်းရဲ့ စိတ်အခြေအနေကို သက်ရောက်စေနိုင်တာ တွေ့ခဲ့ရပါတယ်။
အော်တစ်ဇင်ကလေးတွေက ပညာရေးပိုင်းမှာ နောက်ကောက်ကျကြပေမယ့် သင်္ချာနဲ့ ပုံသေပိုင်းမှာတော့ ထူးခြားထက်မြတ်တာကို တွေ့ခဲ့ပါတယ်။
Source: SCMP
#World_Health
#YMG #Yangon_Times
Published_14 July 2023
ပူပြင်းတဲ့နွေရာသီပြီးနောက် မုတ်သုံရာသီစတင်ခြင်းဖြင့် အပူသက်သာစေရုံမက ကူးစက်ရောဂါအမျိုးမျိုးကိုလည်း တိုးများလာစေပါတယ်။
လေထုထဲမှာ စိုထိုင်းဆမြင့်မားတဲ့အခါ ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ကာလဝမ်း၊ အူရောင်ငန်းဖျား၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များစေပါတယ်။
ရေကြောင့်ကူးစက်တဲ့ရောဂါတွေဟာလည်း အထူးသဖြင့် ကလေးတွေမှာ ကူးစက်နိုင်ချေ များလာပါတယ်။
ကလေးတွေ ရောဂါမဖြစ်စေရန် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားဖို့နဲ့ ကာကွယ်ရေး အတိုင်းအတာများ ချမှတ်ဖို့ အရေးကြီးပါတယ်။
ပတ်ဝန်းကျင်ရှိ ရေသေရေဝပ်နေရာများ မထားရှိခြင်းဖြင့် ခြင်များမပေါက်ဖွားအောင် ကာကွယ်နိုင်ကြောင်း ကလေးအထူးကုအကြံပေး ဒေါက်တာ'ဂျာယန့်ခန်ဒဲ'က ပြောပြသွားပါတယ်။
အင်္ကျီနဲ့ ဘောင်းဘီအရှည်၊ ခြေအိတ်များဝတ်ဆင်ပြီး ကာကွယ်နိုင်ပါတယ်။
ဒါ့အပြင် ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေ ကူးစက်နိုင်ချေနည်းပါးစေရန် ခြင်ပြေးဆေးများ ဆောင်ထားဖို့လည်း အရေးကြီးကြောင်း အကြံပြုသွားပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးကြီးပြီး ကလေးတွေ မကြာခဏလက်ဆေးခိုင်းဖို့နဲ့ မိုးရေမိပြီးနောက် ချက်ချင်းရေချိုးဖို့ သတိပြုသင့်ပါတယ်။
မိုးကာအင်္ကျီ၊ ထီးတို့ဖြင့် မိုးရေကာကွယ်ဖို့ အရေးကြီးသလို မိုးရေကြာရှည်စွာစိုမိတဲ့အခါ ကိုယ်ခံအားနည်းစေပြီး နာမကျန်းဖြစ်လွယ်စေကြောင်း ကျန်းမာရေးပညာရှင်က အကြံပြုထားပါတယ်။
မှန်ကန်သင့်လျော်တဲ့ အစားအစာများဖြင့် ကိုယ်ခံအားမြှင့်တင်နိုင်ပြီး ရောဂါကူးစက်မှုကို လျှော့ချနိုင်ပါတယ်။
အချဉ်ပါတဲ့အသီးများ၊ အစိမ်းရောင်ဟင်းရွက်များ၊ ဒိန်ချဉ်၊ မှို၊ ဘယ်ရီ၊ အသားဓာတ်များစားသုံးပြီး ကိုယ်ခံအားမြှင့်တင်နိုင်ပါတယ်။
ကလေးတစ်ယောက် အဖျားလက္ခဏာများ ခံစားရတဲ့အခါ အခြားကလေးများနဲ့ ဆရာများပါ မကူးစက်နိုင်အောင် အိမ်မှာသာ နေခိုင်းသင့်ပါတယ်။
Source: India Today.
#World_Health
#YMG #Yangon_Times
Published_ 14 July 2023
မွန်ပြည်နယ်တွင် (၆) လအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ (၅၀၀) ကျော်ရှိပြီး (၂) ဦးသေဆုံးခဲကြောင်းမွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်တွင် သွေးလုပ်တုပ်ကွေး ရောဂါအများဆုံးဖြစ်ပွားခဲ့ပြီး ပေါင်မြို့နယ်သည် ဒုတိယအများဆုံးဖြစ်ပွားခဲ့ကာ သေဆုံးသူ (၂)ဦးမှာ သံဖြူဇရပ်မြို့နယ်နှင့် ပေါင်မြို့နယ်ကဖြစ်သည်။
ယခုနှစ်အတွင်း အသက် (၁)နှစ်အောက်ကလေးများထဲက အသက် (၁)လ၊ (၄)လ ကလေးများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အထူးများပြီး ကလေးအငယ်လေးများတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားလာသည့်အတွက် သွေးလန့်နှုန်းများ အရမ်းများလာပြီး ကုသရခက်ခဲကြောင်းလည်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ယင်းအပြင် ၆ လအတွင်း ထူးခြားမှုအဖြစ် အသက်ကြီးသည့် (၁၇)၊ (၁၈) ကလေးများတွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ကို မြင်တွေ့ရသည်ဟု သိရသည်။
လက်ရှိတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်နေသည့်သူ (၄၃)ဦးသာရှိပြီး ကျန်သူများ ဆေးရုံက ဆင်းသွားပြီဖြစ်သည်။ ဆေးရုံးတက်ရောက်နေသည့် (၄၃)ဦးသည်လည်း အသက်အန္တရာယ်မရှိတော့ကြောင်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
၁၃ ဇူလိုင်၊၂၀၂၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ပေးလိုက်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌရဲ့လက်မှတ်နှင့် ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာအရ သိရပါတယ်။
“ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ပါသည်” လို့ ယနေ့ ဇူလိုင် ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာ အမှတ် ၁၅/၂၀၂၃ မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့်ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း (၅-၈-၂၀၂၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၂၂)ဖြင့် သတ်မှတ်ထားခြင်းကို ပြင်ဆင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
ဤအမိန့်ကြော်ငြာစာအား လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရအရေးယူခံရမယ်လို့လည်း အမိန့် မှာဖော်ပြထားပါတယ်။
#yangontimes/knl
#centralbankmyanmar
#exportearning
မီးတောင်ထိပ်ဝဆိုတာ ဘောလုံးပွဲပြုလုပ်ဖို့ နေရာတစ်ခုမဟုတ်သင့်ပေမယ့် မက္ကဆီကိုမြို့ဆင်ခြေဖုံးမှာတော့ စနေတနင်္ဂနွေနေ့တိုင်း ဘောလုံးပွဲများပြုလုပ်နေပါတယ်။
#World_Event
#Published_ 13 July 2023
#YMG #Yangon_Times
၁၃ ဇူလိုင်-၂၀၂၃
တရားမဝင်အလုပ်ပွဲစားတစ်ဦးက ပြည်သူ့ဆက်ဆံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ရမည်ဟု လိမ်လည်ပြောဆိုကာ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခံရသည့် ထိုင်းအမျိုးသမီး(၄)ဦးထဲမှ (၂)ဦးက သူတို့ကို ကူညီကြပါရန် တောင်းပန်နေကြောင်း ဘန်ကောက်ပို့စ်အွန်လိုင်းတွင်ယနေ့ဖော်ပြထားပါတယ်။
တစ်တော့ခ် TikTok မှ တရားမဝင်အလုပ်ပွဲစားတစ်ဦးက သူတို့ကို ပြည်သူ့ဆက်ဆံရေး(PR) ဝန်ထမ်းများအဖြစ် အလုပ်လုပ်ကိုင်ရမည်ဟု လိမ်လည်ခေါ်ယူကာ ပြည့်တန်ဆာအဖြစ် အတင်းအကြပ် ခိုင်းစေခံရသည့်အတွက် ထိုင်းအမျိုး သမီး(၄)ဦးက သူတို့ကို ထိုင်းနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ပေးကြပါရန် တောင်းဆိုနေကြတာဖြစ်ပါတယ်။
ဇူလိုင်၁၂ ရက် ဗုဒ္ဓဟူးနေ့က နင်ဂျာတူဒေး ဖေ့စ်ဘုတ်ခ် fan page တွင် ထိုအမျိုးသမီး(၂)ဦးက အိမ်သို့ပြန်ခေါ်ပေးကြဖို့ မေတ္တာရပ်ခံအကူအညီတောင်းသည့် ဗွီဒီယိုတင်ထားပြီးနောက် ယခုဇာတ်လမ်း လူသိလာခဲ့ပါတယ်။
“ကျွန်မတို့ကိုကူညီကြပါ။ ကျွန်မတို့အိမ်ပြန်ချင်ပါတယ်၊ မြန်မာနိုင်ငံမှာ ကျွန်မတို့ကို အလုပ်လုပ်ဖို့ လိမ်လည်ခေါ်တာ ခံခဲ့ရတာပါ” လို့ အမျိုးသမီးတစ်ဦးက မျက်ရည်တွေစီးကျရင်း ပြောပါတယ်။ “ ကျွန်မတို့ ကျွန်မတို့သိတဲ့ ထိုင်းအစိုးရ အေဂျင်စီတိုင်းကို ဆက်သွယ်ခဲ့ပေမယ့် ဘယ်သူမှမကူညီကြပါဘူး။ စောင့်ပေးပါလို့ပဲပြောကြတယ်။ ကျွန်မတို့ကိုကူညီပေး ကြပါရှင်” လို့ သူမကပြောပါတယ်။
ဗွီဒီယိုမှာပါတဲ့ အကြောင်းအရာတွေအရညသူမဟာ ယူဘွန်ရက်ချာသနီကဖြစ်ပြီး သူမနှင့်သူမရဲ့ သူငယ်ချင်း (၃)ဦးတို့ဟာ မယ်ဆိုင်ခရိုင် ချင်းရိုင်ရဲ့တစ်ဘက်က နယ်စပ်မြို့ တာချီလိတ်မှာ အလုပ်ရမယ်ဆိုတဲ့ကတိကြောင့် ဇွန်လမှာရောက် လာခဲ့ကြတာဖြစ်ပြီး သူတို့လေးဦးကို မိုင်းပေါက် Mong Pauk သို့ ပို့ပြီး ပြည့်တန်ဆာလုပ်ခိုင်းကြောင်းသိရပါတယ်။ မိုင်းပေါက်ဟာ “ဝ” ဒေသမှာရှိပြီး တရုတ်နယ်စပ်နှင့် ၁၀ကီလိုမီတာခန့်သာဝေးကွာပါတယ်။ အဲဒီနေရာဟာ တရုတ်ဧည့်သည်တွေအတွက် ဖျော်ဖြေရေးလုပ်ငန်းတွေနှင့်စည်ကားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
အမျိုးသမီးလေးဦးအနက် ယူဘွန်ရက်ချာသနီက ကေဆိုပြီး အမည်ပေးထားတဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသမီးက သူမကို အလုပ်ခန့်သူက လစာကောင်းကောင်းပေးမယ် ၊စားစရာ နေစရာ အခမဲ့ရတယ်။ ထိုင်းကနေ တာချီလိတ်အထိ ခရီးစရိတ်လည်းပေးမယ်လို့ ကတိပေးခဲ့တယ်လို့ပြောပါတယ်။
သူမက အလုပ်လျှောက်လိုက်တဲ့အခါ ခရီးစရိတ်အတွက်ဆိုပြီး ဘတ်တစ်သောင်းရပါတယ်။ အဲဒီနောက် မယ်ဆိုင်အထိ ရောက်လာခဲ့ပါတယ်။ အဲဒီနောက် “ကေ”ကို အမျိုးသားတစ်ဦးက တာချီလိတ်အထိ နယ်စပ်ကိုဖြတ်ခေါ်လာခဲ့ပါတယ်။ အဲဒီနောက် နောက်မြို့တစ်မြို့အထိ ခြောက်နာရီခရီးဆက်သွားရပါတယ်။ အဲဒီတော့မှ သူတို့ဟာ အလုပ်လိမ်ခေါ်ခံ လိုက်ရပြီလို့ သိတော့တယ်လို့ဆိုပါတယ်။
မိုင်းပေါက်ကိုရောက်ပြီးနောက် သူနှင့်သူ့သူငယ်ချင်းတွေကို ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ခိုင်းတယ်လို့သိရပါတယ်။ အဲသလိုမှမလုပ်ရင် သူတို့ ညှင်းပန်းနှိပ်စက်ခံရမှာဖြစ်တယ်လို့ ကေ ကပြောပါတယ်။ ကံကောင်းသေးတာက သူတို့ဟာ မိုဘိုင်းဖုန်းသုံးနိုင်ပြီး အကူအညီတောင်းလို့ရနေသေးတာပဲဖြစ်ပါတယ်။
သူတို့ဟာ ဓာတ်ပုံတွေနှင့် ဗွီဒီယိုတွေကို ဖေ့စ်ဘုတ်ပေ့ချ် CSI LA ကိုပို့ခဲ့ပါတယ်။ အဲဒီကမှ ယူဘွန်ရက်ချာသနီအခြေစိုက် အားနည်းသူတွေကို အကူအညီပေးနေတဲ့ ဘန်ဟိုင်ချမ်နှင့် နောက်ပိုင်းအဆက်အသွယ်ရခဲ့ပါတယ်။ ဘန်ဟိုင်ချမ်ရဲ့ ကိုယ်စားလှယ်တွေဟာ ပြည်နယ်ရဲချုပ် ရဲမှူးကြီး ခန်နိုဂရစ်ဒါရာ၊ဒေသနိုင်ငံရေးသမားတွေ၊ နင်ဂျားတူဒေးပေ့ချ်တို့နှင့် ဆက်သွယ်အကူအညီ တောင်းခံခဲ့ပါတယ်။
သူတို့လေးဦး ပြန်လည်လွတ်မြောက်ဖို့ ဘတ်ငွေ ၁.၂ သန်းပေးဖို့ လိုအပ်တယ်လို့ CSI LAက ပြောပါတယ်။
အဲဒီထိုင်းအမျိုးသမီးလေးဦးကိစ္စကို ရဲမှူးကြီး ခန်နိုဂရစ်ဒါရာက သူ့အကြီးအကဲထံ သတင်းပို့ အမှုဖွင့်ထားပြီးသူတို့ ထိုင်းကို ပြန်ရောက်တဲ့အခါ ယူဘွန်ရက်ချန်သနီမှာ သူတို့ကို ကူညီပေးနိုင်မှာဖြစ်တယ်လို့ ရဲမှူးကြီးကပြောပါတယ်။
Source Bangkok Post
#Mong_Pauk
#Illegal_Job_broker
#Daily_News
Published_ 13 July 2023
၁။ နိုင်ငံခြားငွေလဲလှယ်ခွင့်ရ ကုမ္ပဏီ(၁၀)ခုကို လိုင်စင်ထပ်မံရုပ်သိမ်း
၂။ ဩဂုတ်လအတွင်း စာသင်ကျောင်းများ၌ ကလေးငယ်များကို နိုနှင့်နိုထွက်ပစ္စည်းအာဟာရများ တိုက်ကျွေးမည်
၃။ ပါချုပ်ဆရာတော်ကြီး၏ ပုံစံတူ ဆီလီကွန်ရုပ်တု စတင်ထုလုပ်နေ
၄။ မက္ကဆီကိုမီးတောင်ထိပ်ဝတွင် တည်ရှိနေသည့်ဘောလုံးကွင်း .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
ဇူလိုင် ၁၃-၂၀၂၃
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်ဖြစ်လာဖို့ ပါလီမန်က လုံလောက်တဲ့ထောက်ခံမဲမရရှိတဲ့အတွက် ပီတာလင်ဂျာရိုရတ်ဟာ ပထမအကျော့အဖြစ် ယနေ့ ဇူလိုင်၁၃ရက်က ဝန်ကြီးချုပ်နေရာ မဲပေးရွေးချယ်ရာ မှာ ရှုံးနိမ့်သွားခဲ့ပါတယ်။
ယနေ့ပူးတွဲပါလီမန်အစည်းအဝေးတက်ရောက်လာတဲ့ လွှတ်တော်နှစ်ရပ်ကအမတ် ၇၀၅ ဦးထဲမှာ သူ့ကိုထောက်ခံမဲပေးသူ ၃၂၄ ဦး၊ ကန့်ကွက်သူ ၁၈၂ ဦးနှင့် မဲမပေးဘဲနေသူ ၁၉၉ ဦးတို့ရှိခဲ့ပါတယ်။ The Move Forward Party (MFP) ရှေ့သို့ပါတီခေါင်းဆောင် ပီတာဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ အနည်းဆုံးထောက်ခံမဲ ၃၇၅မဲရရှိဖို့လိုအပ်တာဖြစ်ပါတယ်၊
သူဟာ အောက်လွှတ်တော်အမတ် ၃၁၁ ဦးရဲ့ထောက်ခံမဲရရှိပြီး ၁၄၈ ဦးက သူ့ကိုကန့်ကွက်ခဲ့ကာ ၃၉ ဦးက မဲမပေးဘဲ နေခဲ့ကြပါတယ်။ အထက်လွှတ်တော်ဆီးနိတ်က သူ့ကိုထောက်ခံမဲ ၁၃ မဲ၊ကန့်ကွက်မဲ ၃၄မဲနှင့်မဲမပေးဘဲနေသူ ၁၅၉ ဦးရှိခဲ့တာဖြစ်ပါတယ်။
အစောပိုင်းမှာတော့ ပါလီမန်ဥက္ကဋ္ဌ ဝန်မိုဟာမက်နိုမာသာက ဒုတိယအကျော့နှင့်တတိယအကျော့ မဲပေးမှုကို ဇူလိုင် ၁၉ ရက်နှင့် ၂၀ရက်တွေမှာ ထပ်မံကျင်းပမယ်လို့ကြေညာထားပါတယ်။ အဲဒီအကျော့တစ်ခုခု ဒါမှမဟုတ်နှစ်ခုစလုံးမှာ သူ့ကိုပဲ ပြန်ပြီး ဝန်ကြီးချုပ်လောင်းအဖြစ် ပြန်အဆိုပြုဦးမှာလားဆိုတာတော့ သိပ်မရှင်းလင်းလှပါဘူး။
အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ပူးတွဲ အစည်းအဝေးမှာ မစ္စတာပီတာနှင့်ပတ်သက်လို့ သူ့ရဲ့ လွှတ်တော် ကိုယ်စားလှယ်အရည်အချင်းကိစ္စကို ခြောက်နာရီကြာ ငြင်းခုန်ကြပြီးနောက် ဝန်ကြီးချုပ်နေရာအတွက် မဲပေးခဲ့ ကြတာဖြစ်ပါတယ်။
Source Bangkok Post
#Thailand_Politics
#Pita+Limjaroenrat
#The_Move_Forward_Party
Page 1099 of 1941