#Local_News
Published_ 12 May 2023
မုန်တိုင်းမဖြတ်ကျော်ခင်အချိန်တွင် ရခိုင်ပြည်နယ်နေပြည်သူများဖုန်း၊ ဓာတ်မီး၊ ဘက်ထရီ၊ မီးသီးစသည်များ အားသွင်းထားကြပါရန် ရခိုင်ပြည်နယ်ရှိ EPC မှ နှိုးဆော်ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊
ထုတ်ပြန်ချက်တွင် "မုန်တိုင်းဖြတ်ကျော်မည်ဟု ခန့်မှန်းထားသည့်မြို့များကို ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် တက်နိုင်သလောက် ဓာတ်အားမပြတ်ရေး ကြိုးစားဆောင်ရွက်ပေးထားကြောင်း၊ ဖုန်း၊ ဓာတ်မီး၊ ဘက်ထရီ၊ မီးသီး....စသည်များ အားသွင်းထားကြပါရန် ပထမအကြိမ် နှိုးဆော်ကြောင်း ဖော်ပြထားသည်၊၊
သဘာဝဘေးကြုံရချိန်တွင် ဆေးရုံစသည့် အရေးကြီးနေရာများတွင်လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိအောင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မီးစက်များဖြင့်စီစဉ်ဆောင်ရွက်ထားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်၊၊
မေလ(၁၄) ရက်တွင် အားအလွန်ကောင်းသည့် ဆိုက်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နှင့် စစ်တွေမြို့အနီးမှဖြတ်ကျော်ဝင်ရောက်ရန်ရှိသောကြောင့် ကြိုတင်ပြင်ဆင်မှုဆောင်ရွက်ထားရန် လိုအပ်ကြောင်းသိရသည်၊၊
#ymg/tthl #Local_News #ဖုန်း၊ ဓာတ်မီး၊ ဘက်ထရီ၊ မီးသီး #EPC မှ နှိုးဆော်
#YMG #Yangon_Media_Group
#World_Science
Published 13 May 2023
ဗြိတိန်မှာ အံ့ဩဖွယ်ကောင်းလောက်တဲ့ ဖန်ပြွန်သန္ဓေသားနည်းလမ်းဖြင့် မိဘ ၃ ဦးမှပထမဆုံးကလေးကို မွေးဖွားခဲ့ပါတယ်။
ဒီနည်းပညာကို မိုင်တိုခွန်ဒရီယယ်ပေးလှူကုသခြင်း(MDT)လို့ ခေါ်ဝေါ်ကာ မိုင်တိုခွန်ဒရီယယ်ပုံစံမမှန်တဲ့အနေအထားတွေဖြစ်တဲ့ ကြွက်သားကျုံ့ခြင်း၊ အားနည်းခြင်း၊ သင်ယူနိုင်စွမ်းမရှိခြင်း၊ စောစီးစွာအသက်ဆုံးရှုံးနိုင်ခြင်းစတာတွေကို ကာကွယ်ပေးပါတယ်။
ဒီလိုပုံမှန်မဟုတ်တဲ့ အနေအထားတွေက ဆဲလ်တွေကိုအင်အားပေးတဲ့ မိခင်မိုင်တိုခွန်ဒရီယယ်တွေမှာ မှားယွင်းဖြစ်ပေါ်တာကနေ ဆင့်ကဲလာတာဖြစ်ပါတယ်။
MDT နည်းပညာက မိခင်ရင်းရဲ့ မကျန်းမာတဲ့မိုင်တိုခွန်ဒရီယာကို နောက်ထပ်အမျိုးသမီးတစ်ဦးရဲ့မျိုးဥမှ ကျန်းမာသန်စွမ်းတဲ့ မိုင်တိုခွန်ဒရီယာတွေနဲ့ လဲလှယ်နိုင်တာဖြစ်ပါတယ်။
မိခင်က ၂ ဦးဖြစ်သွားပေမယ့် ဒုတိယမြောက်မိခင်ကတော့ ကလေးနဲ့ မျိုးရိုးဗီဇဆက်စပ်ခြင်းမရှိကာ DNA ရဲ့ ၀.၁ ရာခိုင်နှုန်းသာ ပတ်သက်ပါတယ်။
ဒါပေမဲ့ မိုင်တိုခွန်ဒရီယယ်လှူဒါန်းခြင်းဖြင့် အန္တရာယ်ရှိရောဂါတွေပါ ပါဝင်လာနိုင်ကြောင်း ဝေဖန်မှုများရှိနေပါတယ်။
MDT ဖြင့်မွေးဖွားတဲ့ကလေးအနည်းငယ်ဟာ ပုံမှန်ထက်သေးနေကြောင်း တွေ့ရှိထားပါတယ်။
နည်းပညာအသစ်ဖြင့် မွေးဖွားနိုင်ခဲ့တဲ့ ပထမဆုံးကလေးကိုကြားရတာ သတင်းကောင်းဖြစ်ပေမယ့် သတိထားစရာကိစ္စလည်းရှိနေပါတယ်။
ဗြိတိန်ဟာ ၂၀၁၅ မှာ မိဘ ၃ ဦးမှကလေးမွေးဖွားခွင့်ကို ပထမဆုံးခွင့်ပြုတဲ့နိုင်ငံဖြစ်လာပါတယ်။
မိဘ ၃ ဦးကနေ မွေးဖွားတဲ့နည်းပညာကို အနည်းငယ်ကွဲလွဲတဲ့နည်းလမ်းဖြင့် မက္ကဆီကို၊ ယူကရိန်းတို့မှာ မွေးဖွားပြီးဖြစ်ပါတယ်။
ဒီနည်းပညာဟာ မိုင်တိုခွန်ဒရီယယ်နဲ့သက်ဆိုင်တဲ့ ရောဂါဘယတွေကူးစက်ခြင်းမှ ကာကွယ်ရန်သာမက မျိုးမပွားနိုင်တဲ့အမျိုးသမီးထဲမှာ နောက်တစ်ဦးရဲ့ DNA အသုံးပြုပြီး ကူညီဖို့လည်း ရည်ရွယ်ထားပါတယ်။
မျိုးရိုးဗီဇတွေကို ဝင်ရောက်နှောင့်ယှက်တာဟာ ကလေးဘဝရဲ့နောက်ပိုင်းမှာ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ချေရှိနေပါတယ်။
ယူကေကတော့ မိုင်တိုခွန်ဒရီယယ်ပေးလှူကုသနည်းကို ခွင့်ပြုထားတဲ့ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။
HFEA က မိုင်တိုခွန်ဒရီယယ်ပေးလှူခြင်းကို ဘေးကင်းပြီး ကျင့်ဝတ်ဖြင့်ပံ့ပိုးပေးနိုင်တဲ့ မူဘောင်တစ်ခုကို ကြီးကြပ်ပေးထားပါတယ်။
Source: Daily Mail #World_Science #ယူကေ #ဖန်ပြွန်သန္ဓေသား #မိဘ(၃)ဦးမှ ပထမဆုံးကလေးငယ်မွေးဖွား #YMG #Yangon_Media_Group
#Local_News
Published_ 12 May 2023
သဘာဝဘေးကြုံနိုင်သည့် ရခိုင်ပြည်နယ်သို့ ရွေ့လျားရေသန့်စင်စက်၊ ဆေးဝါးနှင့်ရေသန့်ဆေးပြားများ၊ မိုးကာတဲများ၊ တာပေါ်လင်စများနှင့်လိုအပ်သောပစ္စည်းများ ပို့ဆောင်ထားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှသိရသည်၊၊
ယင်းကဲ့သို့ ပို့ဆောင်ထားခြင်းကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre-DMC) လုပ်ငန်းဆောင် ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးတွင်လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ၏ ထည့်သွင်းဆွေးနွေးချက်အရသိရခြင်းဖြစ်သည်၊၊
လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)၏ လက်ရှိအခြေအနေ၊ မုန်တိုင်းဦးတည်ရာလမ်းကြောင်း၊ မုန်တိုင်းပြင်းအားနှင့် မုန်တိုင်းဖြတ်သန်းဝင်ရောက်မည့် အခြေအနေ၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မုန်တိုင်းဖြတ်သန်း ဝင်ရောက်နိုင်သည့် မြို့နယ်များတွင် လုံခြုံရေးပိုင်းဆိုင်ရာ အသင့်ပြင်ဆင်ထားရှိမှု၊ အရေးပေါ် ဆက်သွယ်ရေးအတွက် ပြင်ဆင်ထားရှိမှု၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား၊ ယာဉ်အင်အား၊ စက်ပစ္စည်း ကိရိယာအင်အားများ စုဖွဲ့ထားရှိမှု၊ Cyclone Shelter နှင့် ဘေးလွတ် ရာနေရာများသို့ ပြောင်းရွှေ့ပြီးစီးမှုနှင့် ဆက်လက်ပြောင်းရွှေ့ရန် စီစဉ်ထားရှိမှု၊ ဆက်သွယ်မှု ကောင်းမွန်စေရေး ဆက်သွယ်ရေးစက်နှင့် Satellite Phone များ တပ်ဆင်ထားရှိမှု၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိမှု၊ ရခိုင်ပြည်နယ်သို့ ရွေ့လျားရေသန့်စင်စက်ပေးပို့ပြီးစီးမှု၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ စေလွှတ်ပြီးစီးမှုနှင့် ဆက်လက်စေလွှတ်ရန် စီစဉ်ထားရှိမှု၊ လူနာတင်ယာဉ်နှင့် ဆေးရုံများ အသင့်ပြင်ဆင်ထားရှိမှု၊ ဆေးဝါးများနှင့် ရေသန့်ဆေးပြားများ ပို့ဆောင်ထားရှိမှု၊ ဘေလီတံတားနှင့် လူအင်အားစုဖွဲ့ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာတဲများ၊ တာပေါ်လင်စများ အသင့်ပြင်ဆင်ထားရှိမှု စသည်ဖြင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ထားရှိမှုများကို အစည်းအဝေး၌ ဆွေးနွေးတင်ပြခဲ့ကြသည်၊၊
ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပြည်ထောင် စုဝန်ကြီးကလည်း အရေးပေါ်တုံ့ပြန်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ အရန်ဆန်တန်ချိန် (၁)သောင်း ဝယ်ယူဖြန့်ခွဲမည့် အခြေအနေနှင့်DMC အဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားလှယ်က မုန်တိုင်းဒီရေ မြင့်တက်လာပါက ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြောင်း သိရသည်၊၊
#ymg/tthl #Local_News #သဘာဝဘေးကြုံနိုင် #ရွေ့လျားရေသန့်စင်စက်၊ ဆေးဝါးနှင့်ရေသန့်ဆေးပြားများပို့ဆောင် #YMG #Yangon_Media_Group
#Local_News
Published_ 12 May 2023
လေကြောင်းလိုင်းမရှိ၍ ငပလီမှ ပြန်မရဖြစ်နေသော ဧည့်သည်များအား မုန်တိုင်းပြီးချိန်အထိ ဆက်လက်နားခိုနိုင်ရန်လုပ်ဆောင်ပေးထားကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွဋ်အောင် ကပြောသည်။
“လေကြောင်းလိုင်းတွေ ပိတ်ထားတယ်ဆိုတော့ ပြန်မယ့် ခရီးသွားတွေ မပြန်နိုင်သူတွေလည်း ရှိတယ်။ ကျန်ရှိတဲ့ သူတွေကို ဟိုတယ်တွေက ထိန်းသိမ်းစောင့်ရှောက်ထားဖို့ မှာကြားထားတယ်။ မေလ ၉ ရက်ကစပြီး မုန်တိုင်းငြိမ်သက်ချိန်အထိ မုန်တိုင်းကာလအဖြစ် သတ်မှတ်ထားတာကြောင့် ပင်လယ်ကမ်းခြေ ခရီးသွားတွေ ခရီးသွားလာမှု တွေကို ရပ်နားထားဖို့ တိုက်တွန်းထားတာရှိတယ်။ ဌာနအနေနဲ့ ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်ထားဖို့ ဝန်ထမ်းတွေကို လမ်းညွှန်ထားပါတယ်။ အထူးသဖြင့် ပင်လယ်ကမ်းခြေ ဟိုတယ်နှင့် တည်းခိုခန်းတွေကို မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင်အသိပေးထားပါတယ်” ဟု ယင်းက မီဒီယာများအား ပြောသည်။
ယနေ့ မေလ ၁၂ ရက် နံနက် ၉ နာရီခွဲ အချိန် တိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ(MOCHA)”သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားအလွန်ကောင်းသောဆိုင် ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ (MOCHA)”သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်တောင်ဘက် ရေမိုင်(၄၀၀)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယင်းအားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ(MOCHA)”၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်း သို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊“မိုခါ(MOCHA)”သည် မေလ ၁၄ ရက်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)တို့ကြား စစ်တွေမြို့(Sittwe)အနီးမှ ဖြတ် ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

#ymg/pl #Local_News #လေကြောင်းလိုင်းမရှိ #မုန်တိုင်းပြီးချိန်အထိနားခိုနိုင်ရန်လုပ်ဆောင်
#YMG #Yangon_Media_Group
#Local_News
Published_ 12 May 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၃/၄)နှင့် (၂၁၃/၅)ကြားတွင် မေလ ၁၂ရက်နေ့မနက် ၇ နာရီဝန်းကျော်ခန့်က EDUINOX အမျိုးအစား အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်ခုံအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦးအနက် ကျား(၂)ဦး မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ယာဉ်တိုက်မှုဖြစ်ပွားရာနေမှာပင် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကို ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရှိသူများကို အမြန်လမ်းမကြီး လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

#ymg/ynzw #Local_News #ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး #အမျိုးသားနှစ်ဦးဒဏ်ရာရ
#YMG #Yangon-Media-Group
#Local_News
Published - 12 May 2023
Volkswagen ID - 4 အမျိုးအစား EV ကားများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသောကြောင့် မေလ ၁၁ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းမှာ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Construction and Development Infrastructure Co., Ltd. မှ တင်သွင်းလာသော ကားများ ဖြစ်ကြောင်း သိရသည်။
ရောက်ရှိလာသော ကားများမှာ Volkswagen ID - 4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂၉) စီးဖြစ်ကြောင်း၊ အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
#ymg/pl #Local_News #Volkswagen ID - 4 #EVကားများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်
#YMG #Yangon_Media_Group
#Local_News
Published-12 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်တွင် ဝန်ထမ်းကြိုပို့ ဒိုင်နာယာဉ်ကို ဟိုက်ဂျက်စ်က နောက်မှဝင်တိုက်၍ အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့က သိရသည်။
ယနေ့ မေလ ၁၂ ရက် နံနက်၇နာရီ ၂၀ မိနစ်က အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် မိုးရွာသွန်းမှုကြောင့် ဝန်ထမ်းကြိုပို့ ဒိုင်နာယာဉ်ကို ဟိုက်ဂျက်က အရှိန်မထိန်းနိုင်ဘဲ နောက်က ဝင်တိုက် မိခဲ့ခြင်းဖြစ်သည်။
"အသင်းကို ဖုန်းဆက်အကြောင်းကြားလာတာကြောင့် အခင်းဖြစ်ရာနေရာကိုအရေးပေါ်လူနာတင်ယာဉ်ဖြင့်သွားရောက်ခဲ့ပါတယ်။ ဟိုက်ဂျက်စ်ပေါ်ပါလာသူ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မစိုးရိမ်ရပါဘူး"ဟု တွဲလက်လူမှုကူညီရေးအဖွဲ့ အင်းစိန်က သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ၂ဦးကို မြေပြင်ရှေးဦးပြုစု၍ အင်းစိန်ဆေးရုံသို့ အဆိုပါလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ymg/pl #Local_News #ဝန်ထမ်းကြိုပို့ဒိုင်နာယာဉ်ကိုဟိုက်ဂျက်စ်ကဝင်တိုက် #အမျိုးသား၂ဦးဒဏ်ရာရ#YMG #Yangon-Media-Group
#Local_News
Published_ 12 May 2023
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် ငါးဖမ်းရေယာဉ်၊ လှေ၊ သင်္ဘောများ အထူးအန္တရာယ်ရှိသည့်အတွက် လုံးဝ (လုံးဝ) မထွက်ရန်နှင့် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာမှ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ မုန်တိုင်းသည် ယနေ့မှစ၍ နောက်(၄၈)နာရီအတွင်း စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟုလည်း ခန့်မှန်းချက် ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် လက်ရှိအခြေအနေတွင် မုန်တိုင်းသည် လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီမိုင် (၁၁၀)အထိ ရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာလည်း (၁၃)ပေ မှ (၁၆)ပေအထိ ရောက်ရှိနိုင်မည်ဖြစ်၍ အထက်ပါအတိုင်း ညွှန်ကြားချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” #ငါးဖမ်းရေယာဉ်၊ လှေ၊ သင်္ဘော
#YMG #Yangon_Media_Group
#World_Politics
Published 12 May 2023
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'နဲ့ ထိပ်သီးလွှတ်တော်အမတ်တို့ သောကြာနေ့မှာပြုလုပ်ရန်စီစဉ်ထားတဲ့ ကြွေးမြီကန့်သတ်ချက်ဆိုင်ရာအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကာ လာမယ့်သီတင်းပတ်အစောပိုင်းမှာ တွေ့ဆုံရန်သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ကပ်ဘေးကြီးကိုရှောင်ရှားနိုင်ရန် အစိုးရရဲ့ ဒေါ်လာ ၃၁.၄ ထရီလီယံကြွေးမြီကန့်သတ်ရေးမြှင့်တင်ခြင်း ဆွေးနွေးပွဲများကျင်းပမှာဖြစ်ကာ ဖက်ဒရယ်အသုံးစရိတ်ကို ကန့်သတ်ရန်နည်းလမ်းများကို နှစ်ဖက်စလုံးမှတာဝန်ရှိသူများက စတင်ဆွေးနွေးနေပြီလို့ ဆွေးနွေးပွဲများနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
"ဝန်ထမ်းတွေက ဆက်လက်အလုပ်လုပ်နေမှာဖြစ်ပြီး ခေါင်းဆောင်တွေအားလုံးက လာမယ့်သီတင်းပတ်အစောပိုင်းမှာ တွေ့ဆုံဖို့သဘောတူထားတယ်" လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
ဘိုင်ဒင်၊ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်ဥက္ကဌ 'ကီဗင်မက္ကာသီ'၊ ဒီမိုကရက်တစ်အထက်လွှတ်တော်လူများစုခေါင်းဆောင် 'ချက်ခ်ရှူမာ'၊ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်ထိပ်သီးအမတ် 'မစ်ချ်မက်ကွန်နယ်'၊ ဒီမိုကရက်တစ်အောက်လွှတ်တော်ထိပ်သီးအမတ် 'ဟာကင်မ်ဂျက်ဖရီစ်'တို့ရဲ့ လက်ထောက်များဟာ ကြွေးမြီကန့်သတ်ချက်မြှင့်တင်ရေး ဆွေးနွေးရန် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တို့မှာ တွေ့ခဲ့ကြောင်း အိမ်ဖြူတော်ကပြောကြားခဲ့ပါတယ်။
အခုလိုရွှေ့ဆိုင်းရတာဟာ ဆွေးနွေးပွဲမှာပြဿနာရှိတဲ့သဘောမဟုတ်ဘဲ ခေါင်းဆောင်တွေ ထပ်မံမတွေ့ဆုံခင် ညှိနှိုင်းရေးမှူးတွေအနေနဲ့ ဆက်လက်ဆွေးနွေးဖို့လိုအပ်တယ်လို့ ယုံကြည်ကြောင်း မက္ကာသီက သတင်းထောက်တွေကို ကပ်ပီတိုလ်မှာပြောကြားလိုက်ပါတယ်။
သဘောတူညီချက်တစ်ခု ရယူမယ်ဆိုပါက အသုံးစရိတ်ဖြတ်တောက်မှုအချို့ ဒါမှမဟုတ် အသုံးစရိတ်တင်းကျပ်တာတွေကို လက်ခံရမှာဖြစ်ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက သိရှိထားကြပါတယ်။
ကြွေးမြီကန့်သတ်ချက်ကို ဘယ်လောက်ကြာအောင် တွန်းအားပေးဖြေရှင်းရမလဲဆိုတာကို နှစ်ဖက်စလုံးက အခြေအတင်ဆွေးနွေးနေကြတယ်လို့ သတင်းအရစ်အမြစ်များကဆိုပါတယ်။
ဘိုင်ဒင်နဲ့ဒီမိုကရက်တစ်တွေအနေနဲ့ ရွေးကောက်ပွဲအတွက် အချိန်ပိုရအောင် အသုံးစရိတ်များဖြတ်တောက်လျှော့ချခြင်းကို လက်ခံရဖွယ်ရှိတယ်လို့ သိရပါတယ်။
အသုံးစရိတ်ဖြတ်တောက်ခြင်းနဲ့ ကန့်သတ်ခြင်း ဆွေးနွေးနေတဲ့ကိစ္စက ဒီမိုကရက်တစ်များ အချိန်ကာလကြာရှည်အောင် ကြွေးမြီကန့်သတ်ချက် ခြွင်းချက်မရှိရုတ်သိမ်းဖို့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတိုးတက်လာတဲ့သဘောဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်တွေကတော့ အသုံးစရိတ်ဖြတ်တောက်မှုအပြင် မူဝါဒအပြောင်းအလဲအချို့ကိုပါ တောင်းဆိုခဲ့ကြပါတယ်။
ဆွေးနွေးပွဲရွှေ့ဆိုင်းခြင်းကို အိမ်ဖြူတော်က အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအဖြစ် ပုံဖော်နေပါတယ်။
ကြွေးမြီကန့်သတ်ချက် မမြှင့်တင်နိုင်ဘူးဆိုရင် အမေရိကန်အစိုးရအနေနဲ့ ဘေလ်ပေးဆောင်ရန် ဘဏ္ဍာပြတ်လပ်သွားနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
Source: Reuters #World_Politics #သမ္မတဘိုင်ဒင် #အောက်လွှတ်တော်ဥက္ကဋ္ဌ #ကြွေးမြီကန့်သတ်ချက်
#YMG #Yangon_Media_Group
#World_Science
Published 12 May 2023
သိပ္ပံပညာရှင်တွေက ရော့ခ်ဂီတကို ပြုလုပ်ကြမှာဖြစ်ပြီး ကမ္ဘာမြေကြီးကတော့ အနုပညာရှင်ဖြစ်ပါတယ်။
ဒီပွဲမှာ ငလျင်လှိုင်းတွေက တိုက်ရိုက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။
ဒီစမ်းသပ်မှုကို မေလ ၉ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ယူကေအန်ဂလီယာရက်စ်ကင်တက္ကသိုလ်မှ ဒေါက်တာ'ဒီမီနီကိုဗီစင်နန်ဇာ'က အချိန်နဲ့တပြေးညီငလျင်ဒေတာများကို ဂီတအစိတ်အပိုင်းများအဖြစ် ပြောင်းလဲရန် သူတီထွင်ထားတဲ့ ကွန်ပျူတာပရိုဂရမ်ကို အသုံးပြုမယ်လို့ သိရပါတယ်။
မှတ်တမ်းတင်အချက်အလက်များကို အမေရိကန်ရှိ ယဲလိုးစတုန်းအမျိုးသားဥယျာဉ်မှ ငလျင်တိုင်းတာချက်ကနေ ရယူသွားမှာဖြစ်ပါတယ်။
ငလျင်အချက်အလက်ကနေ ဂီတအမှတ်များအဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။
တုန်ခါမှုများနဲ့ ပုံမှန်လှုပ်ရှားမှုများကို အခြေခံအားဖြင့်ပုံဖော်နေတယ်လို့ ဂါးဒီးယန်းကိုပြောကြားခဲ့ပါတယ်။
ကွန်ပျူတာပရိုဂရမ်ဖြင့်ထုတ်လုပ်တဲ့ ဂီတအမှတ်တွေကို ဂီတပညာဆိုင်ရာလက်ထောက်ပါမောက္ခ ဒေါက်တာ'အယ်လစ်ဆာရွှာ့ဇ်'က စင်ပေါ်မှာ တိုက်ရိုက်ဖျော်ဖြေမှာဖြစ်ပါတယ်။
ယဲလိုးစတုန်းအမျိုးသားဥယျာဉ်ဟာ မီးတောင်နေရာတစ်ခုဖြစ်ပြီး မီးတောင်လှုပ်ရှားမှု တုန်ခါတဲ့ပမာဏတိုးလာတာနဲ့အမျှ ဂီတနုတ်စ်တွေလည်း ရရှိလာမှာဖြစ်ပါတယ်။
ငလျင်ဒေတာက သိသိသာသာတုန်လှုပ်သွားတယ်ဆိုရင် ဂီတသံစဉ်အနေနဲ့ ထင်ဟပ်နေမှာဖြစ်ပါတယ်။
ငလျင် ၅၀ ရာခိုင်နှုန်းလောက်ဟာ အစုလိုက်အပြုံလိုက်ဖြစ်ပွားတတ်ပြီး ငလျင်ဗေဒ၊ ဘူမိရူပဗေဒ၊ စက်ပြင်ပညာ၊ အချက်အလက်သိပ္ပံနဲ့ ဂီတကိုစိတ်ဝင်စားတဲ့ သိပ္ပံပညာရှင်တွေအတွက် ကစားကွင်းကောင်းတစ်ခုဖြစ်ပြီး အလွန်ထူးခြားကြောင်း ဗီစင်နန်ဇာက ဆိုပါတယ်။
သူကိုယ်တိုင်က တေးရေးဆရာ၊ ရူပဗေဒပညာရှင်၊ အသံပြသမှုတို့မှာ သုတေသီတစ်ဦးဖြစ်ပြီး ယခင်ကစမ်းသပ်မှုမှာလည်း ပါဝင်ခဲ့ပါတယ်။
Source: WION #World_Science #သိပ္ပံပညာရှင်များ #ရော့ခ်ဂီတအဖြစ်အမှန်တကယ်တီးခတ်ပြသ #YMG #Yangon_Media_Group
#Local_News
Published-11 May2023
ဆိုင်ကလုန်း မိုခါဝင်ရောက်လျှင် အရေးပေါ်တုံ့ပြန်ကူညီမှုလုပ်ငန်းများဆောလျင်စွာဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားကြောင်း UNHCRက အသိပေးထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွင်ဆိုင်ကလုံး မိုခါသည် ရခိုင်သို့ လာမည့် စနေ၊ တနင်္ဂနွေတွင် ဝင်ရောက် မည်ဟု ခန့်မှန်းထားပြီး UNHCR နှင့် မိတ်ဘက်အဖွဲ့များသည် လူထုအုပ်စုများ ဘေးကင်းလုံခြုံစေရေး အလေးပေးပြင်ဆင်ဆောင်ရွက်ချက် များကို မြေပြင်တွင် ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်းပါရှိသည်။
အကယ်၍ လိုအပ်ချက် များမြင့်မားလာခဲ့ပါက အရေးပေါ်တုံ့ပြန်ကူညီမှုများကို ဆောလျင်စွာဆောင်ရွက်နိုင်ရန် အရန်အစီအစဉ်ကိုလည်း လျာထားလျက်ရှိသည်ဟုပါရှိသည်။
လက်ရှိတွင်ဒေသနေလူထုများထံ အသိပေးချက်ဖြန့်ဝေနိုင်ရန်နှင့် လိုအပ်သော ကြိုတင်ဆောင်ရွက်ချက် များ စီစဉ်ထားနိုင်ရန် ကယ်ဆယ်ရေးစခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ကျေးရွာများ၌ ဆိုင်ကလုန်းနှင့် ရေကြီးရေလျှံမှုသတိပေးချက် များကို ဖြန့်ဝေပေးလျက်ရှိပြီး ကယ်ဆယ်ရေးစခန်းတစ်ခုစီ၊ တိုက်ပွဲရှောင်စခန်းတစ်ခုစီ၌ ပြင်ဆင်ထားရှိမှုအစီအစဉ်များကို ကယ်ဆယ်ရေးစခန်းစီမံခန့်ခွဲရေးအဖွဲ့များ၊ တိုက်ပွဲရှောင်စခန်းတာဝန်ခံအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။
ထိခိုက်နိုင်ခြေအမြင့်ဆုံးနေရာများကို အလေးပေးဦးတည်လျက် စောင့်ကြည့်ဆန်းစစ်ရေးအစီအစဉ် တစ်ခုကို ပြင်ဆင်ထားရှိကြောင်း၊ယင်းသို့ပြင်ဆင်ထားခြင်းအားဖြင့် လူထုအုပ်စုများနှင့် နီးကပ်စွာ ချိတ်ဆက်နိုင်မည်ဖြစ်ပြီး အရေးပေါ်အခြေအနေရှိလာလျှင် ဆောလျင်စွာတုံ့ပြန်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်းပါရှိသည်။
အရေးပေါ်ကူညီကယ်ဆယ်ရေး ပစ္စည်းများကို အရံသင့်ထားရှိထားပြီး အချိန်တိုအတွင်း ဖြန့်ဝေပေးနိုင်ရန် ဆိုင်ရာဂိုဒေါင်များတွင် လုံခြုံစွာသိမ်းဆည်းထားရှိကြောင်း၊ရေယာဉ်များ၊ ကားများကို လိုအပ်လျှင် လည်ပတ်အသုံးပြုနိုင်အောင် အရံသင့်ထားရှိထားရှိကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။


#ymg/pl #Local_News #ဆိုင်ကလုန်းမိုခါဝင်ရောက် #UNHCR
#YMG #Yangon-Media-Group
#Local_News
Published_ 12 May 2023
အားကောင်းသောဆိုက်ကလုန်းမုန်တိုင်းမိုခါသည်အားအလွန်ကောင်းလာပြီးနောက်နာရီ(၆၀)အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’s Bazar)နှင့်ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှဖြတ်ကျော်ဝင်ရောက်တော့မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်၊၊
မေလ(၁၁)ရက်နေ့လည်ပိုင်းကနေစပြီးနောက် နာရီ(၆၀)အတွင်းမေလ(၁၄)ရက်တွင် အားအလွန်ကောင်း သောဆိုက်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်ဖြတ်ကျော်မည်ဖြစ်သည်၊၊
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ (MOCHA)” ၏အရှိန်ကြောင့် နောက် (၂၄)နာရီအတွင်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်မည်၊၊
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မိုခါ (MOCHA)”၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီး ခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုထားကြောင်းသိရသည်၊၊
#ymg/tthl #Local_News #ဆိုက်ကလုန်းမုန်တိုင်းမိုခါ #စစ်တွေနှင့်ကျောက်ဖြူ
#YMG #Yangon_Media_Group
Page 1093 of 1855