#Local_News
Published_ 24 November 2023

ပုဂံရှေးဟောင်းဘုရား(၈၉)ဆူရှိ အပင် ၁၂၇၆ ပင်ကို ရှင်းလင်းနိုင်ခဲ့သလို ပုဂံဘုရား(၁၁‌)ဆူ၌ မိုးကြိုးလွှဲတပ်ဆင်ရန်စီစဉ်နေ‌ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

 

ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှတာဝန်ရှိသူက ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

 

စက်တင်ဘာ၆ရက်မှအောက်တိုဘာ၂၂ ရက်အထိ ပုဂံရှေးဟောင်းအဆောက်အအုံ ၈၉ ဆူတွင် ပေါက်ရောက်နေသည့်  ညောင်ပင်နှင့် အခြားအပင် စုစုပေါင်း ၁၂၇၆ ပင်ကို ဓာတုဗေဒဆေးနှင့် ရှင်းလင်း နှိမ်နင်းခြင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ 

 

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ ဘုရား၊ ပုထိုးစေတီအချို့တွင် မိုးကြိုးစက်ကွင်း“ခ” မှုများဖြစ်ပေါ်ခဲ့သဖြင့် ရှေးဟောင်းအဆောက်အအုံ ၁၁ ဆူတွင် မိုးကြိုးလွှဲ တပ်ဆင်နိုင်ရန် ဆက်စပ်ဌာနများ၊ ဂေါပကအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း  ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ၊ ညွှန်ကြားရေးမှူးကပြောကြားခဲ့သည်။

 

ယင်းအပြင်မိုခါမုန်တိုင်းကာလတွင် ရှေးဟောင်းအဆောက်အအုံ(၅၉)ဆူ ထိခိုက်မှုရှိသည့်အနက် အဆောက်အအုံ ပိုင်းဆိုင်ရာ ထိခိုက်မှု (၅၃)ဆူ၊ နံရံပန်းချီနှင့် အင်္ဂတေပန်းဆိုင်ရာထိခိုက်မှု (၆)ဆူဖြစ်ပြီး ဌာနက အချိန်နှင့်တပြေးညီ ပြုပြင် ထိန်းသိမ်းခြင်းနှင့်    ကြံ့ခိုင်ထိန်းသိမ်းခြင်းတို့ကို  ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း၊ မိုခါမုန်တိုင်းကြောင့် ရေဝပ်မှုဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းအဆောက်အအုံ ၁၅ ဆူကို   မြေပြင်ကွင်းဆင်း သုတေသနပြုလုပ်ပြီး ထပ်မံရေဝပ်ခြင်းများ မဖြစ်ပေါ်စေရန် လိုအပ်သည့် ကာကွယ်ရေးလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးများကို ဆောင်ရွက်လျက်ရှိကြောင်းလည်းပြောကြားခဲ့ကြောင်း သိရသည်။

 

#Local_News #ပုဂံဘုရား(၈၉)ဆူ #မိုးကြိုးလွှဲတပ်ဆင်ရန်စီစဉ်နေ #tthl #Yangon_Times