၁၅ ဩဂုတ် ၂၀၂၄
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ပြည်ပ မှ ဝင်ရောက်စွက်ဖက်နေခြင်းကို ပြင်းထန်စွာဆန့်ကျင်ပြီး အခြေခံဥပဒေ မူဘောင်အောက်တွင် ပြည်တွင်းနိုင်ငံရေးသင့်မြတ်မှုအတွက် မြန်မာ၏ ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်က ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ ခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောကြားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်ယိဟာ ယမန်နေ့ ဩဂုတ် ၁၄ရက်က မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံစဉ်အတွင်း ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ပြည်ပ မှ ဝင်ရောက်စွက်ဖက်မှုတွေနှင့် စိမ့်ဝင်မှုတွေကို ဆန့်ကျင်တယ်။ပြီးတော့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားတဲ့ မည်သည့် အပြော မည်သည့်အလုပ်တွေကိုမဆိုလည်း ဆန့်ကျင်တယ်လို့ ဆက်ပြောပါတယ်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာလွတ်လပ်ရေး၊အချုပ်အခြာအာဏာ၏၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတွေ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနေတာတွေကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ ဝမ်က ပြောပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်ကနေ ပြည်တွင်း နိုင်ငံရေးအရပြန်လည်သင့်မြတ်ရေး၊ ရွေးကောက်ပွဲကျင်းပရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေမှာ မြန်မာနိုင်ငံရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုလည်း တရုတ်က ထောက်ခံအားပေးကြောင်း ထပ်လောင်းအတည်ပြုတယ်လို့ လည်းသူကဆက်ပြောပါတယ်။
တွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက ဘက်စုံ ရေရှည် ကိုယ်ကျိုးမငဲ့ ကူညီဆောင်ရွက်ပေးနေမှုတွေကို ကျေးဇူးတင်တယ်လို့ ဝမ်ယိကိုပြန်လည်ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပေါက်ဖော်ဖြစ်ပြီး အိမ်နီးချင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဟာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရေးအခြေခံပြီးအမြဲဆက်ဆံခဲ့ကြတယ်၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ ရှေရှည်အတူယှဉ်တွဲနေထိုင်ရေးဟာ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးကဆက်လက် ပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
သူ့အနေနှင့် မြန်မာနိုင်ငံကို တရုတ်ကဆက်လက်ထောက်ခံအားပေးလိမ့်မယ်လို့ယုံကြည်ပြီး ပြင်ပဝင်ရောက်စွက်ဖက်မှုကို စောင့်ကြပ်ရာမှာနှင့် ပြည်တွင်းတည်ငြိမ်ရေးထိန်းသိမ်းရာမှာ မြန်မာကိုကူညီလိမ့်မယ်လို့လည်းယုံကြပါတယ်လို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် နိုင်ငံတကာမျက်နှာစာမှာ လောကဓံကိုကြံကြံ့ခိုင်နိုင်ခဲ့ပြီး အချိန်နှင့်အမျှ ပိုပြီးခိုင်မာတောင့်တင်းလာပါတယ်လို့ ဝမ်ယိက ပြန်လည်ပြောကြားပါတယ်။
တရုတ်နိုင်ငံဟာ ယင်းရဲ့ အိမ်နီးချင်းသံတမန်ရေးရာမှာ တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေး ကို အရေးကြီး အနေအထားအဖြစ် အမြဲထားရှိတယ်လို့လည်းဝမ်ကပြောပါတယ်။
အေးအတူပူအမျှ တရုတ်-မြန်မာအသိုက်အဝန်းတည်ဆောက်ရာမှာ သိသာထင်ရှားတဲ့ရလာဒ်တွေပိုမိုရရှိစေဖို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနှင့်လက်တွဲဆောင်ရွက်လိုတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ဝမ်ယိဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာရောက်ရှိခဲ့ပြီးနောက် ကိုးကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတက်ဖို့ထိုင်းနိုင်ငံကိုဆက်လက်သွားရောက်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တရုတ်၊ လာအို၊မြန်မာနှင့်ထိုင်း နိင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြဖို့လည်းရှိနေပါတယ်။
Ref: Xinhua
၁၅ ဩဂုတ် ၂၀၂၄
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အာဖရိကမှာပျံ့နှံ့နေတဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ အဖြစ် ဩဂုတ် ၁၄ ရက်က ကြေညာလိုက်ပါတယ်။ ဒါဟာ အခြေအနေအဆိုးရွားဆုံးဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်တာပါ။
“ ယနေ့မှာ အရေးပေါ်ကော်မတီအစည်းအဝေးလုပ်ပါတယ်။ သူတို့က အခြေအနေကို နိုင်ငံတကာဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်တင်ပြပါတယ်။ ကျွန်တော်သူတို့အကြံပေးချက်ကိုလက်ခံခဲ့ပါတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို အက်ဟန်နွမ် ဂီဘရေရက်ဆတ်စ်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
အာဖရိက ကွန်ဂိုနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှုတွေမြင့်တက်လာပြီးနောက် အနီးအနားနိုင်ငံတွေအထိပျံ့နှံ့ကူးစက်လာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာရှင်တွေ အစည်းအဝေးကျင်းပပြီး အခြေအနေကို သုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။
ပြည်သူ့အရေးပေါ်အခြေအနေကြေညာချက်ဟာ နိုင်ငံတကာကျန်းမာရေးစည်းမျည်းတွေအရ အမြင့်ဆုံးသတိပေးချက်ဖြစ်ပြီး နိုင်ငံပေါင်း ၁၉၆နိုင်ငံက ဥပဒေအရကိုလိုက်နာကျရတာဖြစ်ပါတယ်။
ကွန်ဂိုမှာ ယခုနှစ်အတွင်း မျောက်ကျောက်ရောဂါကူးစက်ခံရသူပေါင်း တစ်သောင်းလေးထောင်ရှိပြီး အဲဒီအထဲက ၅၂၄ ဦးသေဆုံးခဲ့ရပါတယ်။ ကူးစက်ခံရမှုမှ အဓိကအားဖြင့် လိင်မှုဆိုင်ရာ ကွန်ယက်တွေကတစ်ဆင့်ဖြစ်ပါတယ်လို့ တက်ဒရော့စ်က ပြောပါတယ်။
မျောက်ကျောက်ရောဂါဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ တိရိစ္ဆာန်တွေမှတစ်ဆင့် လူတွေကို ကူးစက်တာဖြစ်ပြီး လူချင်းထိတွေ့ဆက်ဆံရာမှလည်းကူးစက်ပါတယ်။
မျောက်ကျောက်ရောဂါလက္ခဏာတွေက ဖျားနာခြင်း၊ ကြွက်သားကိုက်ခဲခြင်းနှင့် အရေပြားမှာ အနာစိမ်းလို့ အနာကြီးတွေ ထွက်ခြင်းဖြစ်ကြောင်းသိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ၂၀၂၂ ဇူလိုင်မှ ၂၀၂၃ မေအထိ ကြေညာဖူးပါတယ်။ ၂၀၂၂ မေလတုန်းက မျောက်ကျောက်ရောဂါကမ္ဘာအနှံ့ကူးစက်ခဲ့ပြီး အများစုမှာ ဂေးများနှင့် နှစ်ဖက်ချွန်အမျိုးသား များဖြစ်ကြပါတယ်။
၁၄ ဩဂုတ် ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် EAO အဖွဲ့များအနေဖြင့် မြို့ရွာများအပေါ် တိုက်ခိုက်မှု ဖြစ်စဉ်များကို ဆန့်ကျင်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငရေး ဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ပြောကြားပါတယ်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမတွင် နေပြည်တော်သို့ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငရေး ဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့်အဖွဲ့အား တွေ့ဆုံ၍ နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ ယင်းအချက်ကိုထည့်သွင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ယခုလိုတွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှုတ်ခွန်းဆက်စကားပြောကြားပါတယ်။
မစ္စတာဝမ်ယိက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏အိမ်နီးချင်းကောင်း ၊မိတ်ဆွေဟောင်း၊မိတ်ဆွေကောင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုကို အခိုင်အမာထောက်ခံတယ်လို့လည်း ဆက်လက် ပြောကြားပါတယ်။နစကရဲ့ ရှေ့လုပ်ငန်းစဉ်တွေနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုတွေကို ထောက်ခံတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကဆက်လက်ပြောကြားပါတယ်။
ယင်းနောက် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊အွန်လိုင်း လောင်းကစားမှုများ၊အွန်လိုင်းလိမ်လည်မှုများ၊အခြားငွေကြေးလိမ်လည်မှုများနှင့်တရားမဝင်လုပ်ငန်းများပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့်ကိစ္စရပ်များ၊တရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိတဲ့အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ၊ နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
မစ္စတာဝမ်ယီနှင့်အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်သည့် Ms Ma Jia မစ္စမာကျား၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong ၊အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijunမစ္စတာတိန့်ရှီကျွင်းနှင့်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
မစ္စတာဝမ်ယိ၏ ယခုမြန်မာနိုင်ငံခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိူးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနီးသော သံယောဇဉ်ကို ခိုင်ခဲ့စေကာ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေး မြှင့်တင်ဖို့ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးစဉ် မတိုင်ခင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
@ymg/knl
အမေရိကန်ဒေါ်လာနှင့်ယှဉ်၍ တရုတ်ယွမ်ငွေတန်ဖိုး ကာလအတော်ကြာသည်အထိ အားကောင်းနေမည်ဟုဆို
ဗဟိုဘဏ်က အတိုးနှုန်းစတင်လျှော့ချနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းလာကြပြီး တရုတ်ယွမ်ငွေက အမေရိကန်ဒေါ်လာနဲ့ ကာလကြာရှည်စွာ ယှဉ်ပြိုင်ဖို့ရာ အားကောင်းလာနိုင်ရန် မျှော်မှန်းလို့ရကြောင်း တရုတ်ကျွမ်းကျင်သူတစ်ဦးက CGTN နဲ့ အင်တာဗျူးမှာ ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
#World_Business
Published 14 August 2024
#အမေရိကန်ဒေါ်လာ #တရုတ်ယွမ်ငွေ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 14 August 2024
၁။ ကြေးခေတ်၊ သံခေတ်ပစ္စည်းများအပ်နှံ၍ ဂုဏ်ပြုဆုများချီးမြှင့်
၂။ စက်မှုဇုန်များနှင့် မြို့နယ်အချို့၌ လျှပ်စစ်မီး သုံးစွဲဝန်အားထက်လျော့ချပြီးပေးမည်
၃။ ဆီစက်လုပ်ငန်းရှင် ၃၀ ကျော်အား ကျပ်သန်း ၃,၅၀၀ကျော်ထုတ်ချေး
၄။ အမေရိကန်ဒေါ်လာနှင့်ယှဉ်၍ တရုတ်ယွမ်ငွေတန်ဖိုး ကာလအတော်ကြာသည်အထိ အားကောင်းနေမည်ဟုဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တေးသီချင်းမူပိုင်ခွင့်စနစ်သစ်ကျင့်သုံးတော့မှာဖြစ်တဲ့အတွက် တေးသီချင်းမူပိုင်ခွင့်ရှိမှ မူပိုင်ခွင့်ကို ဆင်ဆာတင်တဲ့ အခါတင်ပြပြီးမှ ဇာတ်ကား၊ ဇာတ်လမ်းတွဲတွေရိုက်ကူးထုတ်လုပ်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 14 August 2024
#ဇာတ်လမ်းတွဲများဆင်ဆာတင် #မူပိုင်ခွင့်ရကြောင်းတင်ရ
#YMG/tthl #Yangon_Times
၁၄ ဩဂုတ် ၂၀၂၄
ထိုင်းနိုင်ငံထဲ တရားမဝင် ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၁၅ ဦးနှင့် ကြံရာပါ ထိုင်းနိုင်ငံသား နှစ်ဦးတို့ကို မြောက်ပိုင်း နက်ခွန် ဆာဝန်ပြည်နယ် နောင်ဘွာခရိုင် အမြန်လမ်းမကြီးတစ်ခုပေါ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။ အဲဒီမြန်မာ ၁၅ ဦးဟာ ပစ်ကပ်ထရပ်ကားတစ်ဦးထဲလိုက်ပါလာတာဖြစ်ပါတယ်။
သူတို့ပါလာတဲ့ ပစ်ကပ်ကားဟာ အမြန်လမ်းမ၁၁ အပေါ်မောင်းနှင်နေစဉ် အင်္ဂါနေ့မွန်းလွဲပိုင်းမှာ အဲဒီကားကအရှိန်မြင့်ပြီး မောင်းသွားတာကို ပတ်တရောင်လှည့်တဲ့ရဲကားကတွေ့သွားပါတယ်။ ကားမှန်ပြတင်းတွေက စတစ်ကာအမည်း တွေကပ်ထားပါတယ်။ ပတ်တရောင်ရဲတွေက အဲဒီကားနောက်လိုက်ပြီးရပ်တန့်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲဒီအခါ ကားနောက်ခန်းမှာ ပုန်းပြီးလိုက်ပါလာတဲ့ မြန်မာ ၁၅ ဦးကို အထောက်အထားမဲ့တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သူတို့နှင့်အတူကြံရာပါထိုင်းလူမျိုးနှစ်ဦးဖြစ်တဲ့ ယာဉ်မောင်းနှင့်လက်ထောက်တို့ကိုလည်းဖမ်းမိပါတယ်။
ထိုင်းယာဉ်မောင်း ဆိုရာဆက်က ရဲတွေကိုပြောကြားရာမှာ အမည်မသိ ထိုင်းလူမျိုးတစ်ဦးက သူ့ကားကို ချင်းမိုင်ပြည်နယ် ဟော့ခရိုင်ကနေ ဆင်ဘူရီပြည်နယ် ဘူရီခရိုင်ကို မြန်မာ ၁၅ ဦးကိုပို့ခိုင်းတာဖြစ်ပြီး ပို့ခအဖြစ် တစ်ဦးကို ဘတ် ၁၅၀၀ ရရှိတယ်လို့ဆိုပါတယ်။
သူကလည်း စစ်ဆေးရေးဂိတ်တွေမှာ ရဲတွေကို ကြည့်ဖို့ လက်ထောက်တစ်ဦးကိုဘတ် ၂၀၀၀နှင့်ထပ်ငှားခဲ့ပါတယ်။သူ့အနေနှင့် ယခင်က ဒီလိုမျိုး ငါးကြိမ် ခြောက်ကြိမ်လောက် လူတွေပို့ပေခဲ့ကြောင်းနှင့် ငွေလိုလို့ လုပ်တာဖြစ်ကြောင်း ရဲကိုအစစ်ခံပါတယ်။
မြန်မာ ၁၅ဦးကို စကားပြန်မှတစ်ဆင့် စစ်ဆေးရာမှာ မြန်မာတွေက သူတို့ဟာ ထိုင်းနိုင်ငံကို သဘာဝနယ်ခြားနေရာ တစ်ခုကနေ ခြေလျင်လျှောက်ဝင်လာခဲ့တာလို့ပြောပါတယ်။ သူတို့ဟာ အလုပ်ရမယ်လို့ ပြောလို့ အလုပ်ပွဲစားကို တစ်ဦးလျှင် ဘတ်နှစ်သောင်းပေးပြီး ဝင်လာခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ ချင်းမိုင်က နေရာတစ်နေရာမှာ သူတို့ကို အလုပ်အတွက် လာခေါ်မယ့်ကား စောင့်ခဲ့ကြရတယ်လို့ပြောပါတယ်။ ထိုင်းနှစ်ဦးနှင့်မြန်မာ ၁၅ဦးကို နောင်ဘွာရဲစခန်းမှာ အမှုဖွင့် အရေးယူထားကြောင်းသိရပါတယ်။
Ref: BKK Post
#Local_News
Published 14 August 2024
▪️ လာမည့် ဩဂုတ်လတတိယအပတ်အတွင်း ရန်ကုန်မြစ်တွင်း၌ ထူးကဲဒီရေမြင့်တက်နိုင်သောကြောင့် မြစ်ကမ်းနားဒေသများအနီး နေထိုင်သူများ ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်ထားနိုင်ရန်မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးချက် ထုတ်ပြန်ထားသည်။
▪️ လာမည့် ဩဂုတ် ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက် အမြင့်ပေ ၂၀ ဒသမ ၄၄ ပေခန့်မှ ၂၁ ဒသမ ၆၅ ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေ တက်ဖွယ်ရှိကြောင်း ဆိုသည်။
▪️ အဆိုပါ ထူးကဲဒီရေနှင့်ပတ်သက်ပြီး ယခင် ၂၀၁၄နှင့် ၂၀၁၅ ခုနှစ်တွင် လည်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့် ၂၂ ပေခန့် အထိ တက်ခဲ့သည့်အတွက် စိုးရိမ်ဖွယ်မရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
▪️ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်းအထက်အမြင့်ပေ ၂၀ ကျော်လွန်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသည့် လုပ်သားပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် သတိပေးထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
စက်သုံးဆီတွေ စက်သုံးဆီဆိုင်မှာ ပြတ်လတ်ရှားပါးလာတဲ့အတွက် တက်စီယာဉ်မောင်းတွေ၊ဆိုက်တွဲမောင်းသူတွေ၊ အိမ်စီးကားတွေ၊ ဖယ်ရီတွေအခက်ကြုံနေတယ်လို့ သိရပါတယ်။
#Local_News
Published 14 August 2024
#စက်သုံးဆီရှားပါး #ဖယ်ရီတွေအခက်ကြုံ
#YMG/NN #Yangon_Times
#Local_News
Published 14 August 2024
▪️ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းဘုရားများရှိ ချုံနွယ်ပိတ်ပေါင်းများကို ဧရိယာ ၁၁ ပိုင်း ပိုင်းခြား၍ ရှင်းလင်းဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ ရှင်းလင်းဆောင်ရွက်နေသည့်အခြေအနေများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့နံနက်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့စစ်ဆေးရာတွင် ရှေးဟောင်းအဆောက်အအုံ အမှတ် (၁) ရွှေစည်းခုံဘုရားတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရွှေသင်္ကန်းကပ်လှူမှုအခြေအနေ၊ ကျောက်သပိတ်များ သန့်စင်၍ ကြံ့ခိုင်မှုထိန်းသိမ်းခြင်း၊ ရှေးဟောင်း သဲကျောက်ကြမ်းခင်းများပေါ်လွင်စေရန် ဆောင်ရွက်ခြင်း၊ ကျန်စစ်သားမင်း အတ္ထုပ္ပတ္တိ ကျောက်စာတိုက်ဆေးပြန်သုတ်ခြင်း၊ ကြေးကူတိုက်လေးလုံး၏ အပြင်ပတ်လည်တွင် စကျင်ကျောက်ခင်းခြင်းစသည့် ပြုပြင်ထိန်းသိမ်းမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
▪️ ယင်းနောက် ရှေးဟောင်းအဆောက်အအုံ အမှတ် (၂၃၅) သိကြားပုန်းဘုရားသို့ရောက်ရှိပြီး ဘုရားလိုဏ်အတွင်းရှိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဘုရားချဉ်းကပ်လမ်း (ဂျင်းရောမြေ) ဖောက်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားမှုနှင့် အိန္ဒိယနိုင်ငံအစိုးရ အကူအညီဖြင့် Archaeological Survey of INDIA (ASI) ပြုပြင်ထိန်းသိမ်းခဲ့သည့် လုပ်ငန်းများကို လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ပုဂံမြို့လောကနန္ဒာစာသင်တိုက်သို့သွားရောက်ပြီး လောကနန္ဒာ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တမေဃိယအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆက်လက်၍ သဗ္ဗညုဘုရားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းအဆောက်အအုံ အမှတ် (၁၅၉၇) သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်းနှင့် တူးဖော်သုတေသနပြုခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ယင်းနောက် လောကဥသျှောင်ဘုရားတွင် သံပန်း၊ သံတံခါး၊ သံဆန်ခါ တပ်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နံရံဆေးရေး ပန်းချီများသည် တန်ဖိုးကြီးမားပြီး ရှားပါးသော ယဉ်ကျေးမှုအမွေအနှစ်များဖြစ်ပါကြောင်း၊ ခို၊ လင်းနို့ငှက်များကြောင့် နံရံဆေးရေးပန်းချီများ ပျက်စီးစေ နိုင်သည့်အတွက် ဘုရားလိုဏ်အတွင်းသို့ ဝင်ရောက်ခိုလှုံ့ခြင်းမရှိရန် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းမှာကြားပြီး ဧရိယာအလိုက် သန့်ရှင်းရေးဆောင်ရွက်မှုနှင့် ကန္တာရဆူးပင်ငုတ်များ ရှင်းလင်းဖယ်ရှား ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
▪️ ထို့နောက် ရှေးဟောင်းအဆောက်အအုံ အမှတ် (၁၈၁၂) ထီးလိုမင်းလိုဘုရားတွင် နိုင်ငံတော်အကြီးအကဲလှူဒါန်းမှုဖြင့် ဆောင်ရွက်နေသော အာရုံခံအရပ်လေးမျက်နှာနှင့် အပေါ်ထပ်ရှိ ဆင်းတုတော်ကိုးဆူ ရွှေသင်္ကန်းပြန်လည်ကပ်လှူ ဆောင်ရွက်မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ရုပ်ပွားတော်မြတ်ကြီးများကို ရေရှည်တည်တံ့နိုင်ရန် လိုအပ်သည့်အကာအရံများ၊ အသိပေး ဆိုင်းဘုတ်များ၊ ငှက်တိရစ္ဆာန်များ ဝင်ရောက်မှုမရှိစေရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့ ကြောင်း ၊ထီးလိုမင်းလို ဘုရားပရဝဏ်အတွင်း ရင်ပြင်တော် အုတ်ခုံနှင့် စေတီပတ် လျှောက်လမ်းအကြား သဲကျောက်ပြား လျှောက်လမ်းခင်းခြင်းနှင့် ဘုရားချဉ်းကပ်လမ်း(ဂျင်းရောမြေ) ဖောက်လုပ်နိုင်ရေး စီစဉ်ထားမှုတို့ကို ကြည့်ရှုစစ်ဆေး၍ ဘုရားဖူးအများပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး မိုးရွာသွန်းမှုမများမီ လမ်းပြုပြင်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန်၊ ရေရှည်ကြံ့ခိုင်စေရေး စနစ်တကျဆောင်ရွက်သွားရန် မှာကြားကြောင်း သိရသည်။
#YMG/NN #Yangon_Times
ပြည်တွင်းရှိ ဆီစက်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီစက်လုပ်ငန်းရှင် ၃၀ကျော်ကို ကျပ်သန်း ၃၅၀၀ ကျော်ထုတ်ချေးပေးထားတယ်လို့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှု အဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 14 August 2024
#ဆီစက်လုပ်ငန်းရှင်၃၀ကျော် #ချေးငွေစီမံခန့်ခွဲမှု
#YMG/NN #Yangon_Times
Sembcorp သဘာဝဓာတ်အားသုံးစက်ရုံ (မြင်းခြံ)နဲ့ V- Power သဘာ၀ ဓာတ်ငွေ့သုံးစက်ရုံတွေကို အရေးပေါ်ရပ်တန့်ခဲ့ရတာကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ လျှပ်စစ်မီး သုံးစွဲဝန်အားထက် လျော့ချတာ၊ စက်မှုဇုန်တွေမှာတော့ ညပိုင်းမှာ လျှော့ချပြီး ဓာတ်အားဖြန့်ဖြူးပေးမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 14 August 2024
#စက်မှုဇုန်များနှင့် မြို့နယ်အချို့ #ဓာတ်အားဖြန့်ဖြူးလျော့ချ
#YMG/NN #Yangon_Times
Page 99 of 1465