၂၈ ဇူလိုင်၊၂၀၂၆
ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြုပ်နှံမှုများကို အစဉ်အမြဲ လက်ကမ်းကြိုဆိုလျက်ရှိ ကြောင်းနှင့်လိုအပ်သည့် ပံ့ပိုးကူညီမှုများကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဂျပန်စီးပွားရေးလုပ်ငန်းရှင်များကို ပြောကြားသည်။
ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ရန်ကုန်)၌ ကျင်းပပြုလုပ်သည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ယုံကြည် စိတ်ချစွာ ပါဝင်ရင်းနှီးမြှုပ်နှံကြရန်လည်း လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်လိုပါကြောင်း နိုင်ငံတော်သမ္မတက ထပ်လောင်းဖိတ်ခေါ်ခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုရှင်းလင်းခိုင်မာပြီးပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန်၊ လုပ်ထုံးလုပ်နည်းများကို လွယ်ကူချောမွေ့စေရေး ပြုပြင်ပြောင်းလဲရန်နှင့် သင့်တော်သည့်မူဝါဒဆိုင်ရာ ကူညီပံ့ပိုးမှုများပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်နေကြောင်းလည်း နိုင်ငံတော်သမ္မတက ဂျပန်ဧည့်သည်များကို အသိပေးပြောကြားခဲ့ သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှု အသင်းနှင့် ဂျပန်နိုင်ငံ Ingo Peace တို့ပူးပေါင်းကျင်းပသည့် အဆိုပါမြန်မာ-ဂျပန် စီးပွားရေးဖိုရမ်သို့ ဂျပန်စီးပွာရေးလုပ်ငန်းရှင် ၉၄ဦးနှင့် မြန်မာလုပ်ငန်းရှင် ၃၀၀ကျော်တက်ရောက်ခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးကပြောကြားသည်။
ဂျပန်နိုင်ငံသားတစ်ဦးအနေဖြင့် မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်တွင်နှစ်နိုင်ငံ၏ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအတူတကွ ဆွေးနွေးနိုင်မည့် အခွင့်အလမ်းကို ဖန်တီး ပေးနိုင်သည့်အတွက် အထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ဖိုရမ်ကို ပူးတွဲကျင်းပသည့် ဂျပန်နိုင်ငံIngo Peace ဥက္ကဋ္ဌ Mr.Nakazawa Hiroyuki ကပြောသည်။
မြန်မာနှင့်ဂျပန် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၂၃–၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁,၃၃၄ ဒဿမ ၇၉၅ သန်း၊ ၂၀၂၄–၂၀၂၅ ဘဏ္ဍာနှစ်တွင် ၁,၁၉၄ ဒဿမ ၃၉၄ သန်းနှင့် ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် ၁,၃၄၃ ဒဿမ ၆၆၅ သန်းရှိကြောင်းနှင့်မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ချုပ်ပြီးအထည်၊ ဖိနပ်၊ ပဲအမျိုးမျိုး၊ ပုလဲနှင့် လျှပ်စစ်ပစ္စည်းများ အဓိကတင်ပို့လျက်ရှိကြောင်းသိရသည်။
ထို့အပြင် ရန်ကုန်မြို့နှင့် အနီးဆုံးနေရာတွင်ရှိသည် အောင်မြင်နေသော သီလဝါအထူးစီးပွားရေးဇုန်၌ ဂျပန်ကုမ္ပဏီ ၅၀ ကျော်ဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နေကြောင်းသတင်းရရှိသည်။
