#World_Health
Published 24 October 2022
အသားတွေက စားလို့ကောင်းပေမယ့် နေ့စဉ်စားသုံးဖို့တော့ မသင့်ပါဘူး။
ဒါပေမဲ့ မစားပြန်ရင်လည်း အသက်ရှင်သန်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် အသားအစားထိုးစားသုံးနိုင်မယ့် စားစရာတွေရှိနေပါသေးတယ်။
အသားတွေက သံဓာတ်ကြွယ်ဝပြီး အများအပြားစားသုံးပါက သွေးထဲမှာသံဓာတ်လွန်ကဲလာနိုင်ပါတယ်။
သွေးကြောနံရံတွေ ပြောင်းလဲပြီး နှလုံးသွေးကြောရောဂါများ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် အလွန်အကျွံအသားစားသုံးပါက အူမကြီးကင်ဆာဖြစ်နိုင်ချေများပါတယ်။
အသားတွေ မကြာခဏစားသုံးရင် ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းဓာတ်ပြုခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
အသားပိုစားလေ အရွက်ပရိုတိန်းပိုနည်းလေဖြစ်ပြီး အမျှင်ဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ချို့တဲ့လာနိုင်ပါတယ်။
ဒါကြောင့် အသားအစားထိုး နည်းလမ်းတွေကတော့...
(၁) ကြက်ဥ
ကြက်ဥက ပရိုတိန်းသဘာဝအရင်းအမြစ်တစ်ခုပါ။
ကြက်ဥကြီးတစ်လုံးမှာ ၇၀ ကယ်လိုရီပါဝင်ပြီး ကြက်ဥတစ်မျိုးတည်းနဲ့တင် အဟာရလိုအပ်ချက်အများစုကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ပြီး ကြွက်သားသန်မာစေပါတယ်။
(၂) ငါး
အသားစားမယ့်နေရာမှာ ငါးနဲ့အစားထိုးနိုင်တဲ့အဓိက အကြောင်းအရင်းက အဆီဓာတ်နည်းပါးတာပါပဲ။
ဗိုက်တာမင် အေ၊ ဘီ၊ ဒီနဲ့ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝကာ ကျန်းမာရေးညီညွတ်တဲ့ အစားအစာအတွက်ဆိုရင်လည်း ငါးက အသင့်တော်ဆုံးဖြစ်ပါတယ်။
ဒါ့အပြင် အိုမီဂါ ၃ ဖက်တီးအက်ဆစ်လည်း ကြွယ်ဝပါတယ်။
(၃) တောင်အမေရိကထွက်အစေ့တစ်မျိုး
အဆိုပါအစေ့တွေကလည်း အဟာရဓာတ်များပေါကြွယ်ဝကာ ဗိုက်ပြည့်ဝစေပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး ကျန်းမာရေးကောင်းစေကာ ဆီးချိုရောဂါတိုက်ဖျက်ပေးနိုင်ပါတယ်။
Source: Soo Healthy
#Yangon_Media_Group
#World_Health
Published 24 October 2022
စိတ်ညစ်နေတဲ့အခါမျိုးမှာ သွားဖြဲပြီး ဟန်ပြပြုံးပြတာမျိုး လုပ်ဖူးကြမှာပါ။
ဒါပေမဲ့ ဟန်ဆောင်ပြုံးပြရင် တကယ်စိတ်ခံစားရ သက်သာစေလားဆိုတာကို စိတ်ရောဂါဆိုင်ရာ သုတေသီများကြား အငြင်းပွားနေကြပါတယ်။
အခုတော့ ခိုင်မာတဲ့ အထောက်အထားရရှိထားပါပြီ။
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များဦးဆောင်တဲ့ သုတေသနအဖွဲ့က နိုင်ငံ ၁၉ နိုင်ငံမှ စမ်းသပ်ခံသူ ၃,၈၇၈ ဦးထံမှ အချက်အလက်များရယူခဲ့ပါတယ်။
တစ်ဖွဲ့က ပါးစပ်ထဲမှာ ဘောလ်ပင်တစ်ချောင်းထိန်းခိုင်းထားကာ နောက်တစ်ဖွဲ့က ဓာတ်ပုံတွေထဲက သရုပ်ဆောင်များပြုံးတဲ့အတိုင်း လိုက်လံတုပစေပြီး ကျန်တဲ့တစ်ဖွဲ့ကိုတော့ ပါးပြင်ကကြွက်သားတွေဖြင့် နှုတ်ခမ်းအစပ်တွေကို နားရွက်နားအထိရောက်အောင် ရွေ့ခိုင်းခဲ့ပါတယ်။
ပြုလုပ်ခိုင်းပြီးနောက် သူတို့ဘယ်လောက်စိတ်ပျော်ရွှင်နေလဲဆိုတာကို အဆင့်သတ်မှတ်ခဲ့ကြပါတယ်။
ဓာတ်ပုံတွေကြည့်ပြီး ဟန်ဆောင်ပြုံးတဲ့သူတွေနဲ့ ပါးစပ်ကိုနားရွက်အထိ ရယ်ခဲ့ကြတဲ့သူတွေမှာ ပျော်ရွှင်မှုရလာတာကို တွေ့ရှိခဲ့ကြပါတယ်။
ဒီသက်ရောက်မှုက နည်းပါးပေမယ့် ပျော်ရွှင်စရာပုံတွေကို မျက်နှာတည်နဲ့ကြည့်ရတဲ့ ခံစားချက်မျိုးကရတဲ့ ပျော်ရွှင်မှုနဲ့ဆင်တူကြောင်း သိရှိရပါတယ်။
ပါးစပ်ထဲ ဘောလ်ပင်ထိန်းထားတဲ့သူတွေကတော့ ပြုံးပြတဲ့ပုံမပေါ်တာကြောင့် စိတ်ခံစားချက်ကြီးကြီးမားမားပြောင်းလဲတာမျိုး မရှိပါဘူး။
စိတ်ခံစားချက်မရှိရင် နာကျင်မှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အောင်မြင်မှုဆိုတာတွေကို မခံစားရတော့ပါဘူး။
စိတ်ခံစားချက်က ဘယ်လောက်အရေးပါလဲဆိုတာကို ဒီသုတေသနက သက်သေပြနေပါတယ်လို့ ဦးဆောင်စာတမ်းပြုစုသူ'နီကိုလတ်စ်ကိုးလ်စ်'က ပြောကြားခဲ့ပါတယ်။
ပြုံးပြရယ်ပြတာဟာ လူတွေကိုပျော်ရွှင်စေပြီး မျက်မှောင်ကျုံ့ခြင်းက စိတ်တိုစေကာ စိတ်ခံစားချက်က ခန္ဓာကိုယ်လှုပ်ရှားမှုအပေါ် အနည်းဆုံးမူတည်နေပါတယ်။
အဆိုပါ အချက်အလက်များအရ မျက်နှာဟန်ပန်နဲ့ မျက်နှာလှုပ်ရှားခြင်းတို့က ပျော်ရွှင်မှုခံစားချက်ကို အစဖော်ပေးနိုင်တယ်လို့ Nature Human Behaviour ဂျာနယ်က ဖော်ပြထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
Published: 24 October 2022
ကိုရီးယာလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စီးဟာ ဖိလစ်ပိုင်အလယ်ပိုင်းက လေဆိပ်တစ်ခုမှာ တနင်္ဂနွေညက ဆိုးရွားတဲ့ရာသီဥတုအတွင်းဆင်းသက်စဉ် ပြေးလမ်းချော်သွားခဲ့ရပါတယ်။ လေယာဉ်ပါသူ ၁၇၃ ဦးစလုံးကို အန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း အာဏာပိုင်တွေကပြောပါတယ်။
အဲဘတ်စ် အက်စ်အီး A330 အမျိုးအစားလေယာဉ် ခရီစဉ် KE361ဟာ တောင်ကိုးရီးယားနိုင်ငံဆိုးလ်မြို့တော် အင်ချွန်လေဆိပ်ကနေ ဖိလစ်ပိုင်နိုင်ငံ ဆီးဘူးကို ပျံသန်းတာ ဖြစ်ပြီး ရာသီဥတုဆိုးရွားနေတဲ့အတွက် နှစ်ကြိမ်တိုင်ကြိုးစားဆင်းသက်ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ည ၁၁နာရီ ၇မိနစ်မှာ တတိယအကြိမ်ထပ်မံကြိုးစားဆင်းသက်တဲ့အခါမှာ ပြေးလမ်းချော်ခဲ့ရတာဖြစ်ပါတယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ အဆိုပါ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆီဘူးပြည်နယ်က မက်တန်ကျွန်းလေဆိပ်ဟာ ပြေးလမ်းချော်တဲ့လေယာဉ်ကြီးပိတ်ဆို့နေမှုကြောင့် ပိတ်ထားရတယ်လို့ ဖိလစ်ပိုင်လေကြောင်း အာဏာပိုင်တွေကပြောပါတယ်။
ထုတ်ပြန်တဲ့ဓာတ်ပုံတွေထဲမှာ လေယာဉ်ရဲ့ ဝမ်းဗိုက်အောက်ပိုင်းရှေ့ပိုင်း အစိတ်အပိုင်းတွေ ကြီးကြီးမားမား စုတ်ပြဲ ပျက်စီးသွားတာ မြင်တွေ့ရပါတယ်။ ဒါပေမယ့် လေကြောင်းအာဏာပိုင်ကတော့ ပျက်စီးမှုအသေးစိတ်ကိုမထုတ်ပြန်ပါဘူး။ ဒါပေမယ့် ဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းဖော်ထုတ်မှာဖြစ်တယ်လို့တော့ ပြောပါတယ်။
ကိုးရီးယားလေကြောင်းလိုင်း ဥက္ကဋ္ဌ ကီဟွန်ဝိုးက မတော်တဆမှုအတွက် တောင်းပန်စာထုတ်ပြန်ကြေညာခဲ့ပါတယ်။
Source: Agencies
#Korean_Air_overshot_runway
#Cebu_Philippines
#Aviation_accident_Philippine
Published 23 Oct 2022
မိခင်နှင့်ကလေး ပန်ဒါဝက်ဝံသားအမိရဲ့ အစားအစာရှာဖွေတာ၊ပိုင်နက် အနံ့ခံမှတ်သားရှာဖွေတာတွေပါဝင်တဲ့ ရုပ်သံအပိုင်းအစကို တရုတ်နိုင်ငံအနောက်မြောက်ပိုင် ရှန်ရှီးပြည်နယ်က ချန်ချင်းအမျိုးသား သဘာဝ ကြိုးဝိုင်းက မကြာသေးမီက ထုတ်ပြန်ပေးခဲ့ပါတယ်။
မကြာသေးမီက ကင်းလှည့်ကြည့်ရှုခဲ့စဉ်အတွင်း စားကျက်ကွင်းစောင့်ကြည့်သူတွေက ကြိုးဝိုင်းထဲက အနီအောက်ရောင်ခြည် ကင်မရာတွေဆီကိုပြန်လည်သိမ်းယူခဲ့ပါတယ်။ အဲဒီမှာမှတ်တမ်းတင်ခဲ့တာတွေကို ပြန်ကြည့်ရင်း သူတို့ဟာ တန်ဖိုးရှိလှတဲ့ ဒီမှတ်တမ်းဗွီဒီယိုပုံရိပ်တွေကို တွေ့ရှိခဲ့တာပါ။
ပန်ဒါဝက်ဝံနှစ်ကောင်ရဲ့ အဲဒီပုံရိပ်တွေကို ယခုနှစ် မေလ (၃၀)ရက်နေ့ ည၇နာရီခန့်မှာ မှတ်တမ်းတင်နိုင် ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီဗွီဒီယိုထဲမှာ မိခင်ပန်ဒါမကြီးဟာ သစ်ပင်တစ်ပင်ပေါ်တက်ပြီး နှာရှုပ်ကြည့်တာ၊ခေါင်းနှင့် ခွေ့တာ၊ပြီးတော့ ပင်စည်ကို လည်ပင်းနှင့်ခွေ့တာတွေကို မြင်ကြရတာ။ အဲဒီနောက် သစ်ပင်ခြေရင်းမှာ ကျင်ငယ်စွန့်ပြီး သူမရဲ့ ပိုင်နက်ကို မှတ်သားပါတယ်။ မြင်ကွင်းကနေ ထွက်မသွာခင် သူမဟာ အပင်ကို ခဏတာမျှ ပျင်းရိစွာ မှီပြီးနေလိုက်ပါသေးတယ်။
ပန်ဒါကလေးကတော့ သူ့မိခင် မြင်ကွင်းကပျောက်သွားတာတောင်မှ စားဖို့ပဲ အလုပ်ရှုပ်တာပါ။
ဒီပန်ဒါဝက်ဝံတွေဟာ တစ်ကိုယ်တည်းနေလေ့ရှိကြပြီး ဒီလို ကလေးငယ်တွေနှင့် အတူသွားလာတာ မြင်ရခဲတယ်လို့ ကြိုးဝိုင်းအရာရှိတွေက ပြောပါတယ်။
ချန်ချင်း အမျိုးသားသဘာဝကြိုးဝိုင်းဟာ ချင်လင်းတောင်တန်းတွေအလယ် တောင်ဘက်ကုန်းလျောမှာ တည်ရှိပြီး ပန်ဒါဝက်ဝံကြီးတွေရဲ့ စားကျက်အတွက် ဟက်တာ သုံးသောင်းနီးပါး ကျယ်ဝန်းတဲ့ ဧရိယာရှိပါတယ်။
ယခုစတုတ္ထအကြိမ်မြောက် ကွင်းဆင်းလေ့လာမှုအရေ ကြိုးဝိုင်းထဲမှာ ပန်ဒါဝက်ဝံရိုင်းတွေရဲ့ အရေအတွက်ဟာ ၆၇ ကောင်အထိရှိလာပြီလို့သိရပါတယ်။
Source CCTV+
#Giant_pandas
#Changqing_National_Nature_Reserve
#China_Pandas
Published 23 October 2022
ဆော်ဒီအာရေဗျနိုင်ငံ က အသက် ၆၅နှစ်အရွယ် အမျိုးသားကြီးတစ်ဦးဟာ ဘဝတစ်လျောက်လုံး စိတ်တည်ငြိမ်မှုရရှိရေး ရှာဖွေရင်းနှင့် အမျိုးသမီး ၅၃ ဦးကို လက်ထပ်မိခဲ့သားဖြစ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းက တစ်မြို့လုံးပြောစရာတစ်ခု ဖြစ်နေတယ်လို့ ပင်လယ်ကွေ့သတင်း ဌာနက သတင်းရေးသားပါတယ်။
အဘူ အဘူဒူလာဆိုဟာ အသက် ၂၀အရွယ်မှာ ပထမဆုံးလက်ထပ်ခဲ့ပါတယ်။ အဲဒီတုန်းက သူ့ပထမဆုံးဇနီးက သူ့ထက် အသက်(၆)နှစ်ကြီးပါတယ်။ အဲဒီတုန်းကတော့ သူလိုတာအားလုံးက သူမတစ်ယောက်တည်းဖြစ်ခဲ့တာပါတဲ့။
သူတို့ဇနီးမောင်နှံမှာ သားသမီးထွန်းကားခဲ့ပြီး အစပိုင်းမှာ အရာရာ အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာတွေစတင်ခဲ့ ပြီးနောက် သူနောက်ထပ်တစ်ဦးကို လက်ထပ်ချင်လာခဲ့ပါတယ်။
အဲဒါကြောင့် သူ အသက် ၂၃နှစ်အရယ်မှာ သူနောက်မိန်းမတစ်ယောက်ထပ်ယူမယ့် အစီအစဉ်ကို သူ့မိန်းမကို ပြောလိုက်ပါတော့တယ်။ သူတို့သုံးဦးဟာ အတူတကွပေါင်းသင်းနေထိုင်ကြရင်းနှင့် မယားနှစ်ယောက်အကြား ပြဿနာတွေတက်လာလို့ သူဟာ တတိယမယားယူခဲ့ပါတယ်။ အဲဒီနောက် လေးယောက်မြောက်မယား..။
ဒါပေမယ့် အခြေအနေတွေက ပိုသာဆိုးလာပါတယ်။ အဲဒါကြောင့် သူဟာ ပထမနှင့် ဒုတိယမယားနှစ်ဦးကို ကွာရှင်း လိုက်ပါတယ်။ နောက်တော့ တတိယနှင့် စတုတ္ထမယားတွေကလည်း ရန်တွေဖြစ်နေကြလို့ သူတို့ကိုလည်း အဲသလိုပဲ ကွာရှင်းခဲ့ပါတယ်။ ဒါပေမယ့် သူဟာ တည်တည်ငြိမ်ငြိမ်ဖြစ်ရေးကို ဆက်လက်ရှာဖွေနေပါတော့တယ်။
အသက် ၆၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူက အာရပ်သတင်းစာ Sabq နှင့်တွေ့ဆုံပြီး သူဟာ အခုထက်ထိ မိန်းမ ၅၃ ယောက် လက်ထပ်ပြီးပြီလို့ပြောပါတယ်။ အတိုဆုံးအိမ်ထောင်ရေးကတော့ တစ်ညသာပဲဖြစ်တယ်လို့လည်းပြောပါတယ်။ ဒါပေမယ့် ဒါဟာ သူနောက်ပြောင်ပြောနေတာမဟုတ်။တကယ်အတည်ပြောခဲ့တာဖြစ်ပြီး အားလုံးကိုလည်း သူက ရိုးရာ ဓလေ့နှင့်အညီ လက်ထပ်ယူခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
သူက သူ့ဘဝမှာ သူ့ကိုပျော်ရွှင်အောင်ထားနိုင်မယ့် အမျိုးသမီးတစ်ဦးကို ကြိုစားရှာဖွေနေပုံရပါတယ်။ ဒါပေမယ့် သူ့ အိမ်ထောင်ရေးဟာ ကျရှုံးပြီးရင်း ကျရှုံးဖြစ်ခဲ့တာပါ။
ဒါပေမယ့် နောက်ဆုံးမှ သူစိတ်ကြိုက်တစ်ဦးတွေ့ပြီလားဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။ အဘူ အဘူဒူလာက သူ အခုဆို နောက်ထပ် မိန်းမတစ်ယောက်ထပ်ယူပြီးပြီ။ နောက်ထပ်ထပ်ယူဖို့ အစီအစဉ်မရှိဘူးလို့တော့ ပြောရှာပါတယ်။
သူ့မိန်းမတွေအားလုံးနီးပါးက ဆော်ဒီအမျိုးသမီးတွေဖြစ်ကြပြီး နိုင်ငံခြားခရီးသွားရင်းနှင့်နိုင်ငံခြားသူတစ်ဦးပဲ သူလက်ထပ်ဖူးပါတယ်။အဲဒီအိမ်ထောင်ရေးဟာလည်း လပိုင်းပဲကြာခဲ့ပါတယ်။
အဘူအဘူဒူလာရဲ့ ဇာတ်လမ်းဟာ တောင်အာရေဗျမှာ အတော်ပေါက်နေတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ သူရဲ့ ဘဝစွန့်စားခန်းကို ချီးမွမ်းထောပနာပြုကြသူတွေနှင့် သူလုပ်တာမှားပြီးသူဟာ ရာစုနှစ်ရဲ့ မယားပြိုင်သမားကြီး” ဆိုပြီး မှတ်ယူထားကြသူတွေ အကြားမှာလည်း ပြင်းထန်တဲ့ ငြင်းခုန်မှုတွေ ဖြစ်နေကြရပါတယ်လို့ သတင်းကရေးသားပါတယ်။
Source: Gulf-News
#Abu Abdullah
#the_polygamist_of_the century
#Saudi_man_and_53_wives
Published 23 October 2022
ရှီကျင့်ဖျင်ဟာ တနင်္ဂနွေနေ့ အောက်တိုဘာ ၂၃ ရက်မှာကျင်းပတဲ့ (၂၀)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးမှာ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရပါတယ်။
ရှီက သဘာပတိအဖြစ်ဆောင်ရွက်တဲ့ အဆိုပါ အစည်းအဝေးကို ဗဟိုကော်မတီဝင် (၂၀၃)ဦးနှင့် အလှည့်ကျကော်မတီဝင် ၁၆၈ ဦး တက်ရောက်ခဲ့ကြပါတယ်။
ရှီကျင့်ဖျင်ကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ စစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း အစည်းအဝေးက ရွေးချယ်ခဲ့ကြပါတယ်။
ဗဟိုကော်မတီ ပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင်တွေအဖြစ် ရှီကျင့်ဖျင်၊ လီချန်း၊ကျောက်လဲကျီး၊ ဝမ်ဟူနင်း၊ ချိုင်းချီ၊ဒင်၊တင်ရွှဲရှန်းနှင့် လီရှီ တို့ ဖြစ်ကြပါတယ်။
အဲဒီအပြင် ပေါလစ်ဗျူရိုနှင့် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်တွေကိုလည်း ရွေးချယ်ပေးခဲ့ပါပြီး ဗဟိုကော်မတီအတွင်းရေးမှူးများအဖွဲ့ဝင်တွေကိုလည်း ရွေးချယ်တင်မြှောက်ပေးခဲ့ကြပါတယ်။
Source Global Times
#Xi_Jinping
#Political_Bureau
#CPC_China
Published 23 Oct 2022
အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာပြည်နယ်မှာရှိတဲ့ အပ်ပလာလို့ခေါ်တဲ့ ရွာကလေးတစ်ရွာမှာ ဒေသ မျောက်အကောင်ရေ ဟာ အင်မတန်မြင့်မားနေတဲ့အတွက် မျောက်တွေရဲ့ နာမည်နှင့်တောင် မြေကိုမှတ်ပုံတင်ပေးထားရတဲ့ အနေအထားဖြစ်နေပါတယ်။
အိန္ဒိယနိုင်ငံမှာ လယ်ယာဆိုတာ သိပ်တန်ဖိုးရှိပါတယ်။ အဲဒါကြောင့် မြေယာကိစ္စ လူသားအချင်းချင်း အငြင်းပွားကြတယ်ဆိုတာ အိန္ဒိယမှာ ဖြစ်ရိုးဖြစ်စဉ်လိုတည်ရှိနေပါတယ်။
အပ်ပလာရွာကလေးမှာတော့ လူဦးရေ ၁၆၀၀ရှိပြီး မျောက်ဖင်နီအကောင်ရေက ၁၀၀ ရှိနေတာက အတော့်ကို ဆန်းကြယ်သလိုဖြစ်နေပါတယ်။ အိန္ဒိယလူမျိုးတွေဟာ မျောက်တွေကို အလေးထားကြပါတယ်။ သူတို့ကို အစာကျွေးကြတယ်။ ဓလေ့ထုံးတမ်းပွဲအမျိုးမျိုးမှာ မျောက်တွေပါကြပါတယ်။ ဒါပေမယ့် အပ်ပလာရွာသားတွေကတော့ အဲဒါတွေထက်ပိုပါတယ်။ သူတို့ဟာ မြေ ၃၂ ဧကကို မျောက်တွေရဲ့နာမည်နှင့် မှတ်ပုံတင်ပေးထားကြတာဖြစ်ပါတယ်လို့ ရွာသူကြီးကပြောပါတယ်။
“ စာရွက်စာတမ်းတွေမှာ ဒီမြေတွေကို မျောက်တွေပိုင်ဆိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြထားတာပါ။ ဒါကို ဘယ်သူကစခဲ့သလဲတော့မသိပါဘူး။ ဒါပေမယ့် အခုထက်ထိပဲ” လို့ ရွာသူကြီး ဘာပါ ပက်ဝါကပြောပါတယ်။
“ ဒီရွာဟာ မျောက်အကောင်၁၀၀လောက်ရဲ့ ဇာတိမြေပါ။ ဒါပေမယ့် နှစ်ကြာလာတာနှင့်အမျှ မျောက်ကောင်ရေက လျော့လျော့လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိရိစ္ဆာန်တွေက တစ်နေရာတည်းမှာ ကြာကြာမနေကြလို့ဖြစ်ပါတယ်” လို့ သူကဆက်ပြောပါတယ်။
“မျောက်တွေရဲ့မြေဖြစ်တဲ့အတွက် ဘယ်သူကမှ ပိုင်ရှင်တွေနှင့်ပတ်သက်လို့ အကြံမပေးနိုင်ကြဘူး။ အဲဒါကြောင့် သစ်တောဌာနက ဒီနေရာမှာ သစ်ပင်တွေ လာစိုက်ပေးထားတယ်။ မျောက်တွေကလည်း ဒါကို သဘောတူကြမှာ အသေ အချာပါ” လို့ သူကပြောပါတယ်။
တိုင်းအော့ဖ် အိန္ဒိယရဲ့အဆိုအရ ရွာသားတွေဟာ သူတို့ရဲ့အိမ်ဝရောက်လာတာနှင့် မျောက်တွေကို အစာကျွေးကြတယ်။ မင်္ဂလာဆောင်မှာ မျောက်တွေကို အရင်ဆုံးလက်ဆောင်ပေးပြီးမှ အခမ်းအနားကို ဆက်ကျင်းပရတဲ့ ဓလေ့ထုံးတမ်းကို အချို့ရွာသားတွေက ဆက်ပြီးလိုက်နာ ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်လို့ သိရပါတယ်။
အပ်ပလာမှာ မျောက်တွေဟာ ကိုးကွယ်ခံရလုနီးပါး ဒါမှမဟုတ် အနည်းဆုံးတော့ အလေးစားခံရတာရှိနေပါတယ်။ ဒါပေ မယ့် လွန်ခဲ့တဲ့နှစ်အနည်ငယ်ကတော့ ဒေသခံတွေက တစ်မျိုးပြောကြပါတယ်။ အဲဒီအချိန်တုန်းက မျောက်အကောင်ရေ ၃၀၀ ခန့်ဟာ ဒေသခံတွေဆီက အစားအစာတွေခိုးယူတာ၊ အိမ်တွေကို အတင်းဝင်လာတာနှင့် တိုက်ခိုက်တာတွေအထိ အကြမ်းဖက်မှုတွေရှိခဲ့တယ်ဆိုပြီး ဒေသမီဒီယာတွေက ရေးသားခဲ့ကြတာဖြစ်ပါတယ်။
“ မျောက်ဂိုဏ်းတစ်ဂိုဏ်းက လယ်သမားတော်တော်များများရဲ့ လယ်တွေကို လာဖျက်ဆီးခဲ့ကြတယ်။ အဲဒီမျောက်တွေဟာ အုပ်စုဖွဲ့ပြီး ဟိုသည်သွားလာနေကြတယ်။ အဲဒါကြောင့် လူတွေဟာ ရွာထဲမှာ လမ်းလျှောက်ရတာတောင် ကြောက်ကြ တယ်” လို့ ဒေသခံတစ်ဦးက သတင်းစာကိုပြောပါတယ်။ “ သူတို့ကိုမောင်းထုတ်ရင် သူတို့က ကျွန်တော်တို့ကို ပြန်တိုက် ခိုက်ကြတာ” လို့သူကပြောပါတယ်။
ဒါပေမယ့် အပ်ပလာမှာ အဲဒီနောက်ပိုင်းမှာ အပြောင်းလဲကြီး ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
Source: Time of India
#Upla_village
#Maharashtra_state_India
#Moneys_own_lands
Page 600 of 864