#World_News
Published 16 October 2026

■ ကုလသမဂ္ဂ (UN) ဟာ စွန့်စားရမှာကို အရမ်းကြောက်နေပြီး နောက်ထပ်တက်လာမယ့် ခေါင်းဆောင်ဟာ သံတမန်ရေးရာ ကျရှုံးမှု ဒဏ်တွေကို ခံယူရဲရမယ်၊ ပြီးရင် ထပ်ခါထပ်ခါ ကြိုးစားရဲရမယ်လို့ UN အကြီးအကဲနေရာအတွက် ရေပန်းစားနေသူ Rebeca Grynspan က ကြာသပတေးနေ့မှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

■ ဒုတိယအကြိမ် ငါးနှစ်သက်တမ်းဟာ ဒီဇင်ဘာလ ၃၁ ရက်မှာ ကုန်ဆုံးတော့မယ့် အန်တိုနီယို ဂူတာရက်စ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွင်းရေးမှူးချုပ်သစ်အတွက် ထောက်ခံမှုကို အကဲဖြတ်မယ့် လုံခြုံရေးကောင်စီရဲ့ သောကြာနေ့ မဲပေးပွဲမတိုင်ခင်မှာ သူမကခုလိုပြောလိုက်တာပါ။

■ Grynspan က UN အနေနဲ့ ဝန်ထမ်းအင်အား လျှော့ချတာ၊ ရုံးလုပ်ငန်းအဆင့်ဆင့် ရှုပ်ထွေးတာတွေကို လျှော့ချတာနဲ့ အဖွဲ့အစည်းတွေအကြား အလုပ်ထပ်နေတာတွေကို ရပ်တန့်ရမယ်လို့ ပြောပါတယ်။

■ အရင်းအမြစ်တွေ နည်းပါးလာပြီး နိုင်ငံရေးဩဇာကျဆင်းနေတဲ့ အဖွဲ့အစည်းတစ်ခုကို စိတ်ဓာတ်ပြန်နိုးကြားလာအောင် လုပ်ဖို့ဆိုရင် ကုန်ကျစရိတ်လျှော့ချရုံနဲ့ မလုံလောက်ဘူးလို့ သူမက ထောက်ပြခဲ့ပါတယ်။

■ အသက် ၇၀ အရွယ် ကော်စတာရီကာ ဒုတိယသမ္မတဟောင်း ဖြစ်သူ Grynspan က ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲတွေမှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါတဲ့ UN ဟာ ဘေးရောက်နေခဲ့ရသလို၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ရဲ့ စရိတ်စက လျှော့ချဖို့ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရချိန်မှာ ပိုပြီးတက်ကြွတဲ့ UN ဖြစ်လာဖို့တောင်းဆိုခဲ့ပါတယ်။

Source_Reuters