#World_Health
Published 16 October 2026
■ အများအားဖြင့် သွေးစစ်လိုက်လို့ ကော်လက်စထရော (Cholesterol) ပမာဏ ပုံမှန်ဖြစ်နေရင် နှလုံးကျန်းမာရေး စိတ်ချရပြီလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ နှလုံးကျန်းမာရေးဆိုတာ သွေးစစ်ဆေးမှုတစ်ခုတည်းနဲ့ဆုံးဖြတ်လို့ မရဘဲ ကော်လက်စထရော ပုံမှန်ဖြစ်နေရင်တောင် နှလုံးရောဂါဖြစ်နိုင်ခြေ ကင်းဝေးသွားတာ မဟုတ်ပါဘူး။
■ ဘာဖြစ်လို့လဲဆိုတော့ နှလုံးနဲ့ သွေးကြောတွေရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်တဲ့ တခြား "တိတ်တဆိတ် အန္တရာယ်ပေးတတ်တဲ့ အကြောင်းအရင်းတွေ" ရှိနေလို့ပါ။
■ ■ ၁။ သွေးတိုးနဲ့ သွေးချို/ဆီးချိုဟာ တိတ်တဆိတ် သွေးကြောတွေကို ပျက်စီးစေနိုင်တယ်
သွေးတိုးခြင်း - သွေးဖိအား အချိန်အကြာကြီး မြင့်တက်နေတဲ့အခါ နှလုံးကသွေးပိုညှစ်ထုတ်ရတာကြောင့် သွေးကြောတွေကိုဝန်ပိစေပြီးပျက်စီးစေပါတယ်။
■ သွေးချို/ဆီးချို - သွေးတွင်း သကြားဓာတ် မြင့်တက်တာဟာလည်း အချိန်ကြာလာရင် သွေးကြောတွေကို ပျက်စီးစေပြီး နှလုံးရောဂါ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
■ သတိထားရမည့်အချက် - သွေးတိုးနဲ့ သွေးချိုဟာ စတင်ဖြစ်ပွားစမှာ အပြင်ပန်းလက္ခဏာ မပြတတ်တာကြောင့် မိမိကိုယ်ကို ကျန်းမာတယ်လို့ ထင်နေချိန်မှာပင် သွေးကြောတွေ တိတ်တဆိတ် ပျက်စီးနေနိုင်ပါတယ်။
■ ■ ၂။ နေထိုင်မှုပုံစံနဲ့ မျိုးရိုးဗီဇ
■ အလေ့အကျင့်များ - လှုပ်ရှားမှုနည်းလွန်းတာ၊ ဆားနဲ့ အဆီဓာတ်များတာတွေ စားသုံးတာ၊ ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံ သောက်တာနဲ့ အိပ်ရေးပျက်တာတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာ မြင့်တက်စေပါတယ်။
■ မျိုးရိုးဗီဇ - မိသားစု သွေးနီးစပ်သူတွေထဲမှာ အသက်ငယ်ငယ်နဲ့ နှလုံးရောဂါဖြစ်ဖူးသူ ရှိရင်လည်း မိမိမှာ ရောဂါဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။
■ ■ ၃။ အသက် ၄၀ ကျော်ရင် ဘာတွေ စစ်ဆေးသင့်သလဲ။
■ သီးသန့် ကော်လက်စထရော စစ်ဆေးရုံနဲ့ မလုံလောက်ဘဲ အောက်ပါ စစ်ဆေးမှုတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး စုံစုံလင်လင် ပြုလုပ်သင့်ပါတယ် -
■ သွေးဖိအား တိုင်းတာခြင်း (Blood Pressure)
သွေးတွင်း သကြားဓာတ် စစ်ဆေးခြင်း (Blood Sugar)
သွေးတွင်း အဆီဓာတ် အပြည့်အစုံ စစ်ဆေးခြင်း (Full Lipid Profile)
လိုအပ်ပါက ကျောက်ကပ်၊ အသည်း၊ သိုင်းရွိုက်နဲ့ ECG စစ်ဆေးမှုများပြုလုပ်ခြင်း
ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ မူးဝေမေ့လဲခြင်းစတဲ့ လက္ခဏာတွေရှိလာရင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကို စောင့်မနေဘဲ ဆရာဝန်နဲ့ချက်ချင်းပြသသင့်ပါတယ်။
ကော်လက်စထရော ပုံမှန်ဖြစ်တာဟာ ဝမ်းသာစရာအချက်တစ်ခုဖြစ်ပေမယ့် နှလုံးကျန်းမာရေးအတွက် ရာနှုန်းပြည့်အာမခံချက်မဟုတ်ပါဘူး။
ဒါကြောင့် သွေးတိုး၊ သွေးချို၊ စားသောက်နေထိုင်မှုနဲ့ မျိုးရိုးဗီဇ စတဲ့ အချက်အားလုံးကို စနစ်တကျ ပုံမှန်စစ်ဆေး ထိန်းသိမ်းတာကသာ နှလုံးရောဂါ အန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
Source- India Today