#World_Health
Published 5 February 2023
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတဝှမ်းမှာ ကင်ဆာဖြစ်ပွားသူ သိန်းချီရှိနေရတဲ့အကြောင်းအရင်းတွေကို ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့က ဖော်ပြခဲ့ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခြင်း၊ လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်းတို့ဖြင့် ကင်ဆာဖြစ်ပွားနိုင်ချေကို ၄၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
PLOS ဂျာနယ်မှာ အင်္ဂလန်ရှိ ဆေးလိပ်ကြောင့်သေဆုံးသူစာရင်းဟာ ၂၇,၂၀၀ ကနေ ၁၆,၅၀၀ သို့ကျဆင်းလာကြောင်း ဖော်ပြပြီးနောက် အခုလိုကြေညာလာတာ ဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်းဖြင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာတို့ ဖြစ်နိုင်ပြီး လူအများဆေးလိပ်ဖြတ်လာကြမယ်ဆိုရင် အဆုတ်ကင်ဆာလည်း ဖြစ်ပွားနှုန်းကျဆင်းလာမှာဖြစ်ပါတယ်။
ဆေးလိပ်က သွေးကြောကျဉ်းစေပြီး သွေးခဲစေနိုင်တာကြောင့် နှလုံးရောဂါ၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ဒီမန်ရှာတို့ ဖြစ်နိုင်ချေများပါတယ်။
ဦးခေါင်းနဲ့လည်ပင်းမှာ လည်ချောင်းကင်ဆာက အဖြစ်အများဆုံးဖြစ်ပြီး အစ္စရေးလ်မှာ နှစ်စဉ်လူ ၂၀၀ ခန့်ဖြစ်ပွားနေကြပါတယ်။
ကင်ဆာအစောပိုင်းအဆင့်တွေမှာ စောစီးစွာသိရှိထားပါက ပြန်လည်သက်သာလာနိုင်ချေ ၉၅ ရာခိုင်နှုန်းအထိရှိပါတယ်။
လည်ချောင်းကင်ဆာဖြစ်ပွားသူအများစုက ဆေးလိပ်သောက်သူများဖြစ်ကာ စီးကရက်မှာပါတဲ့ ပစ္စည်းက သာမန်ဆဲလ်ကို မျိုးဗီဇပြောင်းလဲပြီး ကင်ဆာဆဲလ်ဖြစ်စေပါတယ်။
လူနာအများစုမှာ လည်ချောင်းကင်ဆာမဖြစ်ခင်အဆင့်မှာ လက္ခဏာရှာမတွေ့ဘဲ အကျိတ်က ကင်ဆာဖြစ်လာမှသာ သိရှိလေ့ရှိပါတယ်။
ဦးဆုံးလက္ခဏာတွေကတော့ အသံအနေအထားပြောင်းလာမယ်၊ တစ်ခါတရံအသက်ရှူရ ခက်ခဲလာပါမယ်။
ဒါ့အပြင် ၄ ပတ်ကနေ ၆ ပတ်ကြာတဲ့အထိ လည်ချောင်းနာပြီး မြိုချရခက်ခဲတာမျိုးရှိတတ်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Health
Published 4 February 2023
စတန်းဖို့ဒ်တက္ကသိုလ်မှ မျိုးဗီဇပညာရှင်'မိုက်ကယ်စနိုက်ဒါ'နဲ့အဖွဲ့က လက်ထိပ်သွေးဖောက်ခြင်းကရတဲ့ သွေးဖြင့် ပုံမှန်လက်မောင်းသွေးဖောက်ခြင်းကနေရတဲ့ သွေးကဲ့သို့ ရောဂါစစ်ဆေးနိုင်ကြောင်း ပြသနိုင်ခဲ့ပါတယ်။
ယခုလို လက်ထိပ်သွေးဖောက်ခြင်းက ဆေးရုံဆေးခန်းသွားစရာမလိုသလို အလွယ်တကူပြုလုပ်နိုင်ပါတယ်။
စနိုက်ဒါက သူတို့ရဲ့နည်းပညာဟာ Theranos ကုမ္ပဏီရဲ့နည်းလမ်းကို အကျယ်ချဲ့လိုက်တာဖြစ်ကြောင်း ပြောပြပါတယ်။
Theranos ရဲ့နည်းလမ်းကလည်း သွေးတစ်စက်ပဲအသုံးပြုပေမယ့် စနိုက်ဒါရဲ့နည်းလမ်းကတော့ သွေးကိုဓာတ်ခွဲခန်းသို့ပို့ပြီး မော်လီကျူးအလုပ်လုပ်စေတာဖြစ်ပါတယ်။
အခြားကုမ္ပဏီတွေလည်း သွေးတစ်စက်နဲ့ စစ်ဆေးနည်းလမ်းတွေ စမ်းသပ်နေပေမယ့် စနိုက်ဒါရဲ့နည်းပညာက ဆရာဝန်ဆီသွားစရာမလိုဘဲ အိမ်မှာတင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ထိုသွေးတစ်စက်ကနေ ဇီဝဖြစ်စဉ်၊ ကိုယ်ခံအား၊ သွေးတွင်းသကြားဓာတ်၊ အခြားကျန်းမာရေးအချက်အလက်များ အပါအဝင် အကြောင်းအရာအမျိုးမျိုးကို စစ်ဆေးခဲ့ကြပါတယ်။
ထိုအချက်အလက်တွေကနေ ခန္ဓာကိုယ်မှာဖြစ်နေတာတွေကို သိရှိဖို့ သတိထားဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာတွဲဖက်ပရော်ဖက်ဆာ 'ဝေဂေါင်'က ဒီနည်းပညာဟာ လူတွေရဲ့ဘဝမှာ လက်ထိပ်ကနေ အလွယ်တကူသွေးဖောက်ပြီး ကိုယ်တွင်းဖြစ်စဉ်တွေကို သိရှိနိုင်မယ့်နည်းလမ်းဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
စိတ်ဖိစီးမှုကို ခြေရာခံခြင်း၊ ရောဂါလက္ခဏာစောစီးစွာ သိရှိနိုင်ခြင်း၊ ဘယ်အစားအစာတွေက ပြဿနာဖြစ်စေခြင်း စတာတွေကိုလည်း သိရှိလာအောင် တဖြည်းဖြည်းအသုံးပြုသွားမှာဖြစ်တယ်လို့ စနိုက်ဒါကဆိုပါတယ်။
ဒါ့အပြင် ညစ်ညမ်းမှုများ၊ ဓာတုပစ္စည်းများ၊ ဘက်တီးရီးယား၊ ဝတ်မှုံများ၊ မှိုများကလည်း လူရဲ့သွေးထဲမှာ ဘယ်လိုသက်ရောက်စေလဲဆိုတာကို လေ့လာရန်ပြင်ဆင်နေကြပါပြီ။
သွေးစစ်ဆေးနည်းတွေကို အိမ်ကနေပဲပြုလုပ်နိုင်ဖို့ဆိုတာ တကယ်ဖြစ်လာနိုင်မှာပါလို့ ပြောပြသွားပါတယ်။
Source: South China Morning Post
#Yangon_Media_Group
#World_Classical
Published 4 February 2023
ပြင်သစ်နိုင်ငံ နန့်စ်မြိုမှာ ၂၉ ကြိမ်မြောက် လာဖိုလ်ဂျူနီဖွင့်ပွဲအဖြစ် စန္ဒယားပညာရှင် ၂ ဦးနဲ့ ဆက်ဆိုဖုန်းပညာရှင် ၄ ဦးတို့က အများပြည်သူပို့ဆောင်ရေးလိုင်း ၂ ခုမှာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက တီးမှုတ်ဖျော်ဖြေခဲ့ကြပါတယ်။
#Yangon_Media_Group
Published 4 Feb 2023
နှစ်ရက်တာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖေဖော်ဝါရီ(၄)ရက်စနေနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ပြီးဆုံးခဲ့ပြီး နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အည်းကို အဆုံးသတ်စေမယ့် လွန်ခဲ့တဲ့ (၂)နှစ်က သဘောတူထားခဲ့တဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ မြန်မာကို တိုက်တွန်းလိုက်တယ်လို့ အေအက်ဖ်ပီက သတင်းပေးပို့ပါတယ်။
အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားဟာ ၂၀၂၃ခုနှစ်အတွက် အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ဒီနှစ်အကုန်မှာ အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။
ဂျာကာတာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့အခြေအနေက လွှမ်းမိုးသွားခဲ့ပါတယ်။
Source AFP
#ASEAN_Foreing_Ministers_Meeting_Jakarta
#ASEAN_Chiar_Indonesia
#ASEAN_Myanmar
#DailyNews
Published_ 4 February 2023
၁။ ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့ခဲ့
၂။ City Taxi အဖြစ် အစီးရေ ၁၀၀ ကျော် လာရောက်မှတ်ပုံတင်ထား
၃။ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားသူများ၏ ဖြစ်စဉ်များကိုစာနာစိတ်ဖြင့် မျှဝေကြရန်လိုဟုဆို
၄။ လာဖိုလ်ဂျူနီဂန္တဝင်ဂီတပွဲအား ပြင်သစ်နိုင်ငံနန့်စ်မြို့ရှိ ရထားပေါ်တွင် ဖျော်ဖြေကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Asia_Politics
Published 4 February 2023
တောင်ကိုရီးယားမှ နာမည်ပျက်နိုင်ငံရေးသမားဟောင်း'ချိုကု'ဟာ သူ့ကလေးတွေရဲ့ ကျောင်းဝင်ခွင့်အတွက် စာရွက်စာတမ်း အတုပြုလုပ်ခဲ့တာကြောင့် သောကြာနေ့က ထောင်ဒဏ် ၂ နှစ်ချမှတ်ခံလိုက်ရပါတယ်။
သူ့ရဲ့လုပ်ရပ်ကြောင့် နိုင်ငံရေးကွဲလွဲမှုတွေ ဖြစ်လာစေပြီး လူငယ်မဲဆန္ဒရှင်တွေ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။
ဥပဒေရေးရာပရော်ဖက်ဆာလည်းဖြစ်တဲ့ ချိုကုက ရာထူးမှနှုတ်မထွက်ခင်မှာ သမ္မတဟောင်း'မွန်းဂျယ်အင်'ရဲ့ အဓိကလက်ထောက်ဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်က လာဘ်ပေးလာဘ်ယူမှု၊ စာရွက်စာတမ်းလိမ်လည်မှုအပါအဝင် အမှုတစ်ဒါဇင်ဖြင့် တရားစွဲခံခဲ့ရပါတယ်။
ယင်း၏သားနဲ့သမီးတို့ကို ဂုဏ်သိက္ခာရှိ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်များသို့ တက်ရောက်နိုင်ရန်အတွက် စာရွက်စာတမ်းအတု ပြုလုပ်မှု၊ မွန်းဂျယ်အင်ရဲ့လူယုံတစ်ဦးပါဝင်တဲ့ အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေးမှုအတွင်း ဩဇာအာဏာသုံး၍ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှုတို့ဖြင့် ဆိုးလ်ဗဟိုခရိုင်တရားရုံးက ချိုကုကို စွဲချက်တင်ခဲ့ပါတယ်။
မွန်းဂျယ်အင်အစိုးရအဖွဲ့နဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ဘက်မမျှတခြင်းနဲ့ အရေခြုံခြင်းတို့ကို မဲဆန္ဒရှင်တွေ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အချိန်မှာ ချိုကုကျဆုံးလာခြင်းကလည်း မွန်းဂျယ်အင်အတွက် ထိုးနှက်ချက်ဖြစ်စေခဲ့ကာ တရားမျှတမှုနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုလာကြပါတယ်။
ထိုအချိန်က ချိုကုနဲ့ အခြားအကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေကို အစိုးရရှေ့နေချုပ်အဖြစ် စုံစမ်းစစ်ဆေးခဲ့တဲ့ 'ယွန်းဆော့ယောလ်'က အခုလက်ရှိသမ္မတဖြစ်လာခဲ့ပါတယ်။
ချိုကုက သူအမှားမလုပ်ဘူးလို့ ငြင်းဆိုလိုက်ကာ အယူခံဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ချိုကုရဲ့ဇနီးဖြစ်ပြီး တက္ကသိုလ်ပရော်ဖက်ဆာဖြစ်တဲ့ 'ချန်ကျန်ရှင်မ်'ဟာလည်း သားဖြစ်သူကို ဥပဒေကျောင်းတက်ရောက်နိုင်စေရန်နဲ့ သမီးဖြစ်သူကို 'ဆေးကျောင်းတက်စေနိုင်ရန် ချိုကုနဲ့ပူးပေါင်းကာ စာရွက်စာတမ်းများအသုံးချခဲ့ကြောင်း တရားရုံးက ပြောကြားလိုက်ပါတယ်။
ချန်ကျန်ရှင်မ်ကတော့ မိသားစုရေးရာအပေါ် မမှန်မကန်ပြုမှုများအတွက် ထောင်ဒဏ် ၄ နှစ်ကျခံထားပြီးဖြစ်ကာ သမီးဖြစ်သူကို ဆေးကျောင်းတက္ကသိုလ်က ဝင်ခွင့်ဖျက်သိမ်းခဲ့ပါတယ်။
ဒါ့အပြင်က ချိုကုက ဆေးကျောင်းထံမှ ပညာသင်ဆုအနေနဲ့ လာဘ်ယူခဲ့တာကြောင့် တရားရုံးက ဒဏ်ငွေဝမ် ၆ သန်းချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ တောင်းဆိုချက်အရ သံသယဖြစ်ဖွယ်ကိစ္စရပ်များအား ပုံမှန်စစ်ဆေးပြုလုပ်ချက်မှာ ချိုကုက အာဏာအလွဲသုံးစားလုပ်ကာ ပိတ်ပင်ခဲ့တဲ့အတွက်လည်း တာဝန်အကျိုးဆက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ချိုကုကို သမ္မတရွေးကောက်ခံတစ်ဦးအနေနဲ့ ယူဆခဲ့ကြပေမယ့် အဆိုပါဖြစ်ရပ်များကြောင့် တိုင်းပြည်အတွင်း အစွန်းနှစ်ဖက်ကွဲပြားစေခဲ့ကာ လူငယ်အများစုက သူ့ကိုထုတ်ပစ်ဖို့ တောင်းဆိုကြသလို ထောက်ခံသူတွေကတော့ ရှေ့နေတွေကို စွပ်စွဲခဲ့ကြပါတယ်။
သောကြာနေ့က တရားရုံးအပြင်ဘက်မှာ ဆန္ဒပြသူဒါဇင်ခန့်စုဝေးခဲ့ကြပြီး အချို့က ချိုကုကို ရှုတ်ချကြကာ အချို့ကတော့ ကာကွယ်ထောက်ခံခဲ့ကြပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 4 February 2023
အမေရိကန်မှာ အသက်အန္တရာယ်ရှိ မှိုရောဂါတစ်မျိုးပျံ့ပွားနေပြီး ဒါဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်နေကြပါတယ်။
တုပ်ကွေးထက် ဆယ်ဆပိုပြီး အသက်အန္တရာယ်ရှိတဲ့ ဗယ်လီဖီဗာရောဂါဖြစ်ပွားမှုနှုန်းက အဆ ၂၀ မြင့်တက်လာပါတယ်။
Coccidioides လို့ခေါ်တဲ့ မှိုကြောင့် ရောဂါဖြစ်ပွားတာဖြစ်ပြီး မြေကြီးနှိုးဆွမိတဲ့အခါ လေထဲသို့ ပေါက်ဖွားနိုင်တဲ့အမှုန်တွေ လွင့်ထွက်လာပါတယ်။
ဒီအမှုန်တွေကို များသောအားဖြင့် ဆောက်လုပ်ရေးလုပ်သားတွေ ရှူရှိုက်မိကြပါတယ်။
ဒီမှိုက ပူနွေးခြောက်သွေ့တဲ့နေရာတွေမှာ ပေါက်ရောက်လေ့ရှိပြီး ကူးစက်မှု ၉၇ ရာခိုင်နှုန်းက အရီဇိုးနားနဲ့ ကယ်လီဖိုးနီးယားတို့မှာဖြစ်ခဲ့ပေမယ့် အခုဆိုရင် အခြားဒေသတွေကိုပါ စတင်ကူးစက်နေပြီဖြစ်ကာ ၂၁၀၀ ခုနှစ်မှာ ပြည်နယ် ၁၇ ခုအထိ ကူးစက်သွားမယ်လို့ မျှော်မှန်းထားပါတယ်။
HBO မှပြသတဲ့ The Last of Us ဇာတ်ကားမှာ မှိုတစ်မျိုးက ကူးစက်ခံရတဲ့လူတွေကို သွေးစုပ်ဖုတ်ကောင်ဇွန်ဘီတွေအဖြစ် ပြောင်းလဲစေခဲ့တာကြောင့် လူအများစိတ်ဝင်စားနေချိန်မှာ အခုလိုကူးစက်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။
ဗယ်လီဖီဗာကတော့ ဇွန်ဘီအဖြစ် မပြောင်းလဲစေပေမယ့် အချို့လူတွေကို ဘေးအန္တရာယ်ဖြစ်စေကာ ကူးစက်သူ ၁၀၀ မှာ ၁ ယောက် သေဆုံးနိုင်ချေရှိပါတယ်။
မြေကြီးထဲကထွက်လာတဲ့ မှိုအမှုန်တွေကို လူတွေ သတ္တဝါတွေ ရှူရှိုက်မိတဲ့အခါ အသက်ရှူလမ်းကြောင်းကနေတဆင့် အဆုတ်ထဲကိုရောက်ရှိသွားကာ မျိုးပွားပြီး ရောဂါတွေဖြစ်လာစေပါတယ်။
ကူးစက်မှုအများစုကတော့ ရောဂါအပျော့စားသာခံစားရကာ ရက်ပိုင်းအတွင်း သက်သာသွားကြသလို သက်ရှိအချင်းချင်းမှ မကူးစက်နိုင်ပါဘူး။
တစ်ခါတရံမှာတော့ ညဘက်ချွေးပြန်ခြင်း၊ အဆစ်နာခြင်း၊ နီမြဲရောင်ရမ်းခြင်းတို့ ဖြစ်တတ်ပါတယ်။
၁၀ ရာခိုင်နှုန်းလောက်က ရောဂါပြင်းထန်တတ်ကာ သက်သာပျောက်ကင်းရန် လနဲ့ချီကြာတတ်ပါတယ်။
သွေးကြောထဲကနေ ဦးနှောက်၊ အရေပြား၊ အသည်းတို့ကို ရောက်သွားတတ်ပြီး ဦးနှောက်အမြှေးပါးနဲ့ အရည်တို့ကို ကူးစက်စေကာ ဦးနှောက်အမြှေးရောင်ရောဂါ ခံစားရတတ်ပါတယ်။
ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများကြောင့် ထိုမှိုက ခြောက်သွေ့ရာ မြောက်ပိုင်းသို့ ကူးစက်လာနိုင်ကြောင်း GeoHealth ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒီရောဂါက ကုသရခက်ခဲသလို ကာကွယ်ဆေးလည်း မရှိသေးပါဘူး။
ဗယ်လီဖီဗာကာကွယ်ဆေးကို ဆယ်စုနှစ်တိုင်အောင် တီထွင်ဖို့ကြိုးစားနေကြပေမယ့် ၁၉၈၀ ခုနှစ်တွေမှာ လူသားတွေနဲ့စမ်းသပ်ရာမှာ အဆင်မပြေခဲ့ပါဘူး။
Source: Daily Mail
#Yangon_Media_Group
Page 596 of 949