#Asia_ReslEstate
Published 2 February 2023
ကိုဗစ်ကပ်ဘေးကြောင့် ရပ်တန့်နေခဲ့တဲ့ ထိုင်းနိုင်ငံအိမ်ခြံမြေဈေးကွက်ဟာ တရုတ်မှရင်းနှီးမြှုပ်နှံသူများ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် ပြန်လည်အသက်ဝင်လာမယ်လို့ ထိုင်းနိုင်ငံမှ အိမ်ခြံမြေလုပ်ငန်းရှင်များ ယုံကြည်နေကြပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 2 February 2023
၁။ ပြည်တွင်းစက်သုံးဆီဈေးနှုန်း အတက်အကျ မမှန်မှုကြောင့် ယာဉ်မောင်းများအခက်ကြုံ
၂။ ဗယ်လင်တိုင်းဒေးတွင် သိသိရက်နှင့်မိုက်ပြီး အကာအကွယ်မဲ့လိင်ပျော်ရွှင်မှု မလုပ်ရန်လို
၃။ ကိုးလကျော်ကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းကျော်တင်ပို့ထား
၄။ တရုတ်ဝယ်လက်များ ပြန်လည်ဝင်ရောက်လာ၍ ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်ပြန်လည် စည်ကားလာရန်မျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Military
Published 2 February 2023
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ရည်မှန်းချက်များကြီးထွားလာခြင်းကို တန်ပြန်ရန်အတွက် အမေရိကန်က တောင်ကိုရီးယားနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ တိုးချဲ့ဆောင်ရွက်လာခြင်းအပေါ် မြောက်ကိုရီးယားက အမေရိကန်ကို ကြာသပတေးနေ့မှာ အပြင်းထန်ဆုံး တုန့်ပြန်လိုက်ပါတယ်။
ဒါဟာ မဟာမိတ်နိုင်ငံတွေက စည်းကျော်တဲ့အနေအထားရောက်အောင် ပြုလုပ်နေကြတယ်လို့ ဆိုလိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး 'လွိုက်အော်စတင်'က တောင်ကိုရီးယားနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို မြှင့်တင်ဆောင်ရွက်ထားကြောင်း၊ ကိုရီးယားကျွန်းဆွယ်မှာ တိုက်လေယာဉ်များ၊ လေယာဉ်တင်သင်္ဘောကြီးများအပါအဝင် အဆင့်မြင့်စစ်ရေးကိရိယာများ တိုးမြှင့်နေရာချသွားမှာဖြစ်ကြောင်း အင်္ဂါနေ့က ဆိုးလ်မြို့မှာရောက်ရှိစဉ် ပြောကြားသွားပါတယ်။
သူ့ရဲ့ပြောကြားချက်အပေါ် ပြုံယမ်းနိုင်ငံခြားရေးဝန်ကြီးက တုန့်ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်တို့က B-1B, F-22, F-35 တိုက်လေယာဉ်များကို တောင်ကိုရီးယားနဲ့အတူ တောင်ကိုရီးယားအနောက်ရေပြင်မှာ ဗုဒ္ဓဟူးနေ့က ပျံသန်းလေ့ကျင့်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။
မြောက်ကိုရီးယားတို့ နျူကလီးယားလက်နက်သုံးလာခဲ့ရင် ထိရောက်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရန် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ယခုလအတွင်း ပုံစံတူဖန်တီးထားတဲ့ လေ့ကျင့်မှုတွေပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့ ပြောကြားချက်အရ မဟာမိတ်နိုင်ငံတွေ စစ်ရေးတိုးချဲ့လေ့ကျင့်ခြင်းက ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်ပွားလာနိုင်တယ်လို့ ဆိုပါတယ်။
မဟာမိတ်တွေရဲ့ ဘယ်လိုစစ်ရေးအန္တရာယ်မျိုးကိုမဆို နျူကလီးယားတပ်ဖြင့် တုန့်ပြန်ဖို့အသင့်ပြင်ထားကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားက ကျူးကျော်နိုင်ချေရှိတယ်လို့ ကာလကြာရှည်စွာသတ်မှတ်ခဲ့ကြကာ မဟာမိတ်တွေကတော့ ထိုစစ်ရေးပြခြင်းက ကာကွယ်ရေးလေ့ကျင့်မှုသာဖြစ်ကြောင်း ပြောကြားထားပါတယ်။
မြောက်ကိုရီးယားက ပြီးခဲ့တဲ့နှစ်အတွင်း ဒုံးကျည်စမ်းသပ်မှု အမြောက်အများပြုလုပ်ခဲ့ပါတယ်။
အော်စတင်လာရောက်ခြင်းက အမေရိကန်အနေနဲ့ မြောက်ကိုရီးယားနျူကလီးယားရန်ကို ရင်ဆိုင်နေရတဲ့ မဟာမိတ်နိုင်ငံကို ထိရောက်ပြတ်သားစွာ ကာကွယ်ပေးဖို့ရာ ဖြစ်ပါတယ်။
Source: AP News
#Yangon_Media_Group
#World_Health
Published 2 February 2023
အိမ်နေနေရင်း ဒါမှမဟုတ် ညအိပ်ရင်းဝတ်ကြတဲ့ ညအိမ်ဝတ်စုံတွေကို ဘယ်လောက်ကြာရင် လျှော်သင့်သလဲဆိုတာကို သိထားသင့်ပါတယ်။
Pretty You London မှ ကျွမ်းကျင်ပညာရှင်တွေက ပြောကြားရာမှာ ညအိပ်ဝတ်စုံတွေဟာ ပိုးမွှားပေါက်ဖွားရာနေရာဖြစ်နေနိုင်တယ်လို့ ဆိုလိုက်ပါတယ်။
လူတွေက ညအိပ်ဝတ်စုံတွေကို အောက်ခံမပါဘဲ ပုံမှန်ဝတ်ကြလေ့ရှိပါတယ်။
ညအိပ်စဉ် ၆ နာရီကနေ ၈ နာရီလောက်အထိ ခန္ဓာကိုယ်အရေပြားနဲ့ ထိကပ်နေတာကြောင့် ဘက်တီးရီးယားနဲ့ အခြားပိုးမွှားတွေ ပေါက်ဖွားရာနေရာဖြစ်နေတယ်လို့ ပြောပြသွားပါတယ်။
ဘယ်နှကြိမ်ဝတ်ပြီးရင် လျှော်သင့်လဲဆိုတာ အခြေအနေပေါ်မူတည်ပေမယ့် ညအိပ်တဲ့အခါမှာပဲ ဝတ်တယ်ဆိုရင်တော့ ၃/၄ ညလောက်ဝတ်ပြီးတဲ့အခါ လျှော်သင့်ပါပြီ။
ရေချိုးခန်းထွက်တဲ့အခါမှာပဲ ဝတ်တယ်ဆိုရင်တော့ တစ်ပတ်လောက်အထိ မလျှော်ဘဲဝတ်နိုင်ပါတယ်။
ဘယ်လိုပဲ အသုံးပြုဝတ်ဆင်သည်ဖြစ်စေ တစ်ပတ်တစ်ခါတော့ အနည်းဆုံးလျှော်ပေးသင့်ပါတယ်။
ချွေးထွက်များတဲ့လူတွေဆိုရင် ညအိပ်ဝတ်စုံကို မကြာခဏပိုပြီးလျှော်ပေးဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် စားတဲ့အခါ၊ အိပ်တဲ့အခါ၊ အလုပ်လုပ်တဲ့အခါတွေမှာရော ထပ်ခါထပ်ခါဝတ်မယ်ဆိုရင် ပိုပြီးလျှော်ပေးသင့်ပါတယ်။
အဲဒီအခါမျိုးတွေမှာ ခန္ဓာကိုယ်ကထွက်တဲ့ ချွေးအဆီတွေ၊ ဘက်တီးရီးယားတွေ စုပြုံလာနိုင်ပါတယ်။
အိမ်ကနေ အလုပ်လုပ်ရတဲ့သူတွေမှာလည်း သက်တောင့်သက်သာဖြစ်စေရန် ညအိပ်ဝတ်စုံကို တစ်နေလုံးဝတ်တတ်တာကြောင့် ပုံမှန်ထက်ပိုပြီး လျှော်ပေးသင့်ပါတယ်။
Source: Metro
#Yangon_Media_Group
#World_Health
Published 2 February 2023
သားအိမ်ခေါင်းကင်ဆာဟာ HPV ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့်ဖြစ်တဲ့ ကင်ဆာအကျိတ်တစ်မျိုးဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်မှာ လိင်ပိုင်းဆိုင်ရာထိတွေ့မှုမှ ကူးစက်လေ့ရှိတဲ့ အဖြစ်အများဆုံးရောဂါပိုးအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဘယ်လိုလိင်ကူးစက်မှုမှမဆို ကူးစက်တတ်ပြီး လိင်အင်္ဂါမှာ ကင်ဆာမဖြစ်မီပြောင်းလဲမှုများ၊ သားအိမ်ခေါင်းကင်ဆာ၊ ဗိုင်းရပ်စ်ကြွက်နို့၊ အဖုများဖြစ်တတ်ပါတယ်။
HPV မှာ မျိုးကွဲပေါင်း ၁၅၀ ကျော်ရှိကာ အမျိုးအစား ၂၀ လောက်က အကျိတ်ပြောင်းလဲမှုများ၊ သားအိမ်ခေါင်းကင်ဆာ၊ ပါးစပ်မှလိင်ဆက်ဆံခြင်းကနေ ပါးစပ်နဲ့ လည်ချောင်းတို့မှာ အကျိတ်များဖြစ်လာစေပါတယ်။
အမျိုးသမီးအများစုနဲ့ အမျိုးသားတွေက လိင်ဆက်ဆံပြီး ဦးဆုံးနှစ်များအတွင်း HPV ကူးစက်တတ်ပါတယ်။
HPV ကူးစက်တဲ့အခါ ရောဂါလက္ခဏာမပြတတ်ဘဲ ပထမ ၁ နှစ် ၂ နှစ်အတွင်း ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ သဘာဝအတိုင်းကာကွယ်ပေးသွားပါတယ်။
ဒီဗိုင်းရပ်စ်က အဖြစ်များတာကြောင့် အမျိုးသမီးတစ်ဦးအနေနဲ့ ကူးစက်နိုင်ချေ ၈၀ ရာခိုင်နှုန်းရှိနေပါတယ်။
ကူးစက်သူအမျိုးသမီးအနည်းငယ်မှာ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာနေပြီး သားအိမ်ခေါင်းဆဲလ်တွေထဲမှာ တသက်လုံးတည်ရှိနေပါတယ်။
ကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေ ကူးစက်တဲ့အခါမှာတော့ ရောဂါလက္ခဏာပြလာကြပါတယ်။
ဗိုင်းရပ်စ်အဆက်မပြတ်ထိတွေ့ပြီး ဆေးလိပ်သောက်၊ သားဆက်ခြားဆေးသုံးတဲ့သူတွေမှာ အကျိတ်ကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။
ကူးစက်သူ ၉၀ ရာခိုင်နှုန်းလောက်က လက္ခဏာမပြကြသလို ကင်ဆာမဖြစ်မီပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရင်တောင် အများစုက လက္ခဏာမပြကြပါဘူး။
ဒါကြောင့် သားအိမ်ခေါင်းကင်ဆာစစ်ဆေးဖို့က အရေးကြီးနေပါတယ်။
Pap test နဲ့ HPV test တို့ဖြင့် ကင်ဆာအကျိတ်ပြောင်းလဲမှုတွေကို စောစီးစွာတွေ့ရှိနိုင်ကာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေနဲ့ အသက်သေဆုံးမှုတို့ကို ထိရောက်စွာလျှော့ချနိုင်မှာဖြစ်ပါတယ်။
ကင်ဆာဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေကို ထိရောက်စွာကာကွယ်ပေးနိုင်တဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ရှိနေပါပြီ။
မိန်းကလေးများအနေနဲ့ ပထမဦးဆုံးလိင်မှုအတွေ့အကြုံမရမီ ကာကွယ်ဆေးထိုးသင့်ပြီး သားအိမ်ခေါင်းမှာ ကင်ဆာဖြစ်နိုင်ချေကို သိသိသာသာလျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာက ကာကွယ်လို့ရတဲ့ ကင်ဆာအမျိုးအစားဖြစ်ပြီး မိန်းကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးကာ ပုံမှန်စစ်ဆေးသင့်ပါတယ်။
ဒီလို ၂၁ ရာစုမှာ သားအိမ်ခေါင်းကင်ဆာ ဆိုးရွားလာခြင်းမျိုးနဲ့ သေဆုံးရခြင်းမျိုး မကြုံတွေ့သင့်တော့ပါဘူး။
Source: The Jerusalem Post
#Yangon_Media_Group
#DailyNews
Published_ 1 February 2023
၁။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းပြန်ဖြစ်ပြီဟုဆို
၂။ ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းပြည်ပတင်ပို့မှ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၇ သန်းရရှိထား
၃။ ကလေးများနေ့အထိမ်းအမှတ် နားမကြားသော ကလေးငယ်(၅၀)ခန့် ကွန်ပျူတာဖြင့် ပြိုင်ပွဲဝင်မည်
၄။ ဆော်ဒီအမြန်ရထားလိုင်းတွင် အမျိုးသမီးရထားမောင်းသူများအားအလုပ်အကိုင်နေရာပေးလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Military
Published 1 February 2023
ယူကရိန်းအတွက် ပထမဆုံးအနေဖြင့် တာဝေးပစ်ဒုံးကျည်များအပါအဝင် အခြားလက်နက်ခဲယမ်းများပါဝင်မယ့် ဒေါ်လာ ၂ ဘီလီယံကျော်တန်ကြေးရှိ စစ်ရေးအကူအညီကို အမေရိကန်က အသင့်ပြင်ဆင်နေကြောင်း အမေရိကန်အရာရှိနှစ်ဦးက အင်္ဂါနေ့မှာ ရိုက်တာသတင်းဌာနကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါအကူအညီကိစ္စကို ယခုရက်သတ္တပတ်အတွင်း အတတ်နိုင်ဆုံးထုတ်ပြန်ကြေညာနိုင်ရန် မျှော်လင့်ထားကြောင်းဆိုပါတယ်။
ဒီအထောက်အပံ့ထဲမှာ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် ပံ့ပိုးရေးပစ္စည်းများ၊ တိကျနှုန်းမြင့်ခဲယမ်းများ၊ Javelin တင့်ကားဖျက်လက်နက်များ ပါဝင်ရန်လည်း မျှော်လင့်ထားပါတယ်။
ဒေါ်လာ ၁.၇၅ ဘီလီယံခန့်တန်ကြေးရှိတဲ့ အကူအညီတွေက ယူကရိန်းလုံခြုံရေးအထောက်အကူပြုအစီအစဉ်(USAI)လို့ ခေါ်တဲ့ ရန်ပုံငွေကနေ ရယူမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအစီအစဉ်အရ အမေရိကန်အစိုးရအဖွဲ့ဟာ အမေရိကန်လက်နက်တိုက်မှ ယူမယ့်အစား စက်ရုံကလက်နက်တွေ ယူဆောင်ခွင့်ရှိနေပါတယ်။
အကွာအဝေး ၉၄ မိုင်အထိရောက်နိုင်တဲ့ ဘိုးအင်းကုမ္ပဏီထုတ် GLSDB ဗုံး လက်နက်အသစ်တွေကို USAI ရန်ပုံငွေထဲကနေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
GLSDB ဗုံးဟာ ယူကရိန်းအတွက် လက်လှမ်းမမီတဲ့နေရာတွေကိုပါ ရောက်ရှိနိုင်ပြီး ရုရှားနောက်တန်းအထိရောက်အောင် ပစ်ခတ်နိုင်ပြီး တန်ပြန်တိုက်ခိုက်ရာမှာ ဆက်လက်တွန်းအားပေးနိုင်မှာဖြစ်ပါတယ်။
နိုဝင်ဘာလက ဘိုးအင်းကုမ္ပဏီဟာ ယူကရိန်းအတွက် GLSDB ထောက်ပံ့ပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း ရိုက်တာက ဦးစွာတင်ပြခဲ့ကာ နွေဦးကာလမှာ ရောက်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
GLSDB ဗုံးကို SAAB AB နဲ့ ဘိုးအင်းတို့က ပူးပေါင်းထုတ်လုပ်တာဖြစ်ပါတယ်။
အမေရိကန်ပစ္စည်းတွေထဲက GBU-39 ဗုံးနဲ့ M26 ဒုံးကျည်မော်တာတို့ကို ပေါင်းစပ်ထားတာပါ။
GLSDB ဗုံးက GPS လမ်းညွှန်ပါဝင်ပြီး စက်ပစ္စည်းချို့ယွင်းခြင်းများ၊ ရာသီဥတုအခြေအနေများမှာလည်း အသုံးပြုနိုင်ကာ သံချပ်ကာယာဉ်တွေကို ပစ်ခတ်နိုင်ပါတယ်။
ဒုံးကျည်ထိပ်ဖူး GBU-39 က လေယာဉ်ပေါ်က ပစ်ချတဲ့အခါ ကီလိုမီတာ ၁၀၀ ကျော်အထိရောက်ရှိနိုင်ပြီး ၃ ပေအချင်းရှိပစ်မှတ်ကို ထိခိုက်အောင် ပစ်ခတ်နိုင်ပါတယ်။
ဒါ့အပြင် ကွင်းဆင်းဆေးရုံး ၃ ခုစာအတွက် လုံလောက်တဲ့ ဆေးပစ္စည်းတွေကိုလည်း နောက်ထပ်မဟာမိတ်တစ်နိုင်ငံက လှူဒါန်းထားပါတယ်။
အကူအညီပါဝင်မှုက သမ္မတလက်မှတ် မရေးထိုးခင်အထိ ပြောင်းလဲနိုင်ပါသေးတယ်။
၂၀၂၂ ဖေဖော်ဝါရီလ ရုရှားကျူးကျော်စဉ်ကတည်းက အမေရိကန်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၂၇.၂ ဘီလီယံတန်ကြေးရှိ လုံခြုံရေးအကူအညီတွေ ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 598 of 950